Monday, December 20, 2010

Merry Christmas


Christmas ရောက်တော့မယ်ဆိုတော့ ငယ်ငယ်တုန်းကအကြောင်းလေးကို ပြန်သတိရမိတယ်.. ကန်ဒီတို့ညီအမတွေက Christian တွေမဟုတ်ပေမယ့် Christmas ဆိုအရမ်းပျော်ခဲ့ရတယ်.. ဘာလို့လဲဆိုတော့ Christmas ဖိုးဖိုးကြီးက ကန်ဒီတို့လိမ္မာရင် Christmas လက်ဆောင်လေးတစ်ခုတော့ လာပေးမှာပဲ လို့ယုံကြည်နေခဲ့ကြတာလေ.. ငယ်ဘ၀တစ်လျှောက်လုံးပေါ့... တကယ်လည်း Christmasနေ့ရဲ့ မနက်တိုင်းလိုလို လက်ဆောင်တစ်ခုခုတော့ အမြဲရခဲ့တယ်.. အမေကအမြဲပြောတယ်.. လိမ္မာတဲ့ကလေးတွေဆို Christmasဖိုးဖိုးကြီးက လက်ဆောင်အမြဲချန်ခဲ့တယ်တဲ့.. Christmas မတိုင်ခင် ညဖက်ဆို ရင်ခုန်ခဲ့ရတာအမော..ငါလက်ဆောင်များရပါ့မလားဆိုပြီးတော့.. မနက်မိုးလင်းလို့ လက်ဆောင်လေး ခေါင်းအုံးဘေးမှာတွေ့ရင် အရမ်းပျော်ခဲ့ရတာ.. အမေ့ကိုကြွားရင်အမေက သမီးလိမ္မာလို့ လက်ဆောင်ရတာပေါ့... နောက်လည်းလိမ်လိမ်မာမာနေနော်တဲ့... တစ်နှစ်တော့ ကန်ဒီစဉ်းစားမိတယ်... Christmas ဖိုးဖိုးကြီးကိုစောင့်ကြည့်မယ်ပေါ့.. မအိပ်ဘဲနဲ့.. အမေကိုပြောတော့ အမေက အိပ်မှရောက်လာမှာတဲ့.. မအိပ်ရင်Christmasဖိုးဖိုးကြီးက ရောက်လာမှာ မဟုတ်ဘူးတဲ့လေ...

နည်းနည်းကြီးလာတော့မှ သိလိုက်ရတာက အားလုံးရဲ့ တရားခံကအမေဖြစ်နေတာလေ.. သူပဲ Christmas မတိုင်ခင်ညမှာ လက်ဆောင်တွေ ခေါင်းအုံးဘေးမှာ လာလာထားတာ... Christmasဖိုးဖိုးကြီးကလည်းတကယ်မရှိခဲ့ဘူးဆိုတာ သိလိုက်ရပေမယ့် အရမ်းပျော်ခဲ့ရတဲ့ ငယ်ဘ၀အမှတ်တရလေးအတွက် အမေ့ကို ကျေးဇူးတင်မိတယ်...

နောက်အမှတ်တရတစ်ခုက ကန်ဒီ့ကို အင်္ဂလိပ်စာ စသင်ပေးတဲ့... "Candy" ဆိုတဲ့နာမည်ကိုပေးခဲ့တဲ့ ကန်ဒီ့အင်္ဂလိပ်စာ ဆရာမက ကရင်လူမျိုး၊ Christian လေ... Teacher နာမည်က Teacher Mabel တဲ့.... Christmas ဆို Teacherတို့အိမ်မှာ မုန့်အမြဲကျွေးတော့ သူငယ်ချင်းတွေနဲ့ သွားစားကြ .. teacher ကို Christmasလက်ဆောင်ပေးကြနဲ့ အရမ်းပျော်ဖို့ကောင်းတယ်... သူများတွေလို ငယ်ဘ၀အမှတ်တရတွေ အများကြီးမရှိတတ်တဲ့ ကန်ဒီ့အတွက် Christmas ကတော့ တကယ့်အမှတ်တရပါ.....

အင်း.... ဒီလာမယ့် Christmas မနက်နိုးလာရင်လည်း ခေါင်းအုံးဘေးမှာ လက်ဆောင်လေးတစ်ခုခုများရောက်နေရင် သိပ်ကောင်းမှာပဲ..... =)

Friday, November 19, 2010

Holiday!!

Term 2 အတွက်စာမေးပွဲကတော့ အောင်မြင်စွာပြီးဆုံးသွားပါပြီရှင်... ဖြောင်း.. ဖြောင်း.. ဖြောင်း.. ကျောင်းကတော့ (၁)လပိတ်ပါတယ်... ကျောင်းပိတ်ရက်မှာ ဘာလုပ်မယ်ဆိုတာကို ခုချိန်ကစပြီး ကြေငြာပါတော့မယ်ရှင်...

အမေက ကျောင်း(၁)လတောင်ပိတ်တာ ပြန်လာဆိုတာနဲ့ မပြန်ချင် ပြန်ချင်နဲ့ ( :P ) ပြန်လိုက်ပါဦးမယ်.. ဟီးဟီး.. ကန်ဒီသိပါတယ်.. ဒီကောင်မလေး ဟိုတစ်ခေါက်ကပဲ ပြန်ထားတာ မကြာသေးတဲ့ဟာကို ဆိုပြီး တွေးနေကြတယ်မလား... ဟင်းဟင်း... သိနေတယ်နော်.. :P.. ခုချိန်ကစလို့ တကယ်ကြီး အတည်ကြီး ဆုံးဖြတ်လိုက်ပါပြီ... ဘာလဲဆိုတော့ ဒီတစ်ခေါက် ပြန်ပြီးရင် ကျောင်းပြီးတဲ့ထိ မပြန်တော့ပါဘူးလို့.... လေယာဉ်လက်မှတ်က တစ်ခေါက်တစ်ခေါက်ပြန်ရင် နည်းတာမှ မဟုတ်တာ.. ဟုတ်တယ်မလား... ကိုယ်ကလဲ ပိုက်ဆံမရှာနိုင်သေးဘူး ဆိုတော့... ဟီးဟီး... ဒီတစ်ကြိမ်ပြန်ပြီးရင် မပြန်တော့ဘူး.... ကတိ...^_^

အဓိကကတော့ ပြန်မယ့်အကြောင်းကို လာနှုတ်ဆက်တာပါ.... နောက်လ (၁၈)ရက်နေ့လောက်မှ ပြန်ရောက်မယ်... တကယ်လို့ အဆင်ပြေရင်တော့ blog လေးကို update လုပ်မှာပါ.. connection ကောင်းရင်ပေါ့... ကန်ဒီမရှိတုန်း blog လေးကို လာလည်ဖြစ်ရင်လည်း C-boxမှာ ခြေရာလေးဘာလေးချန်ခဲ့ကြပါဦး.... ခိုးခိုးပြီးပြန်သွားဖို့ မကြိုးစားပါနဲ့ .. ဟင်းဟင်း... ပြန်လာရင် အမောပြေလေး ဖတ်ရအောင်.. ဟီးဟီး... ကိုသော်ဇင်တို့.. ကိုပိုးဟပ်လေးတို့... မနှင်းဆီဖြူတို့လည်း post အသစ်တွေရေးထားပါ... ပြန်လာရင် ဖတ်မယ်... ဒါပဲ.... ဟဲဟဲ (ဆရာကြီးပုံစံနှင့် ပြောသည်။)

Saturday, November 13, 2010

Barbeque!!....


မနေ့က ကန်ဒီ့သူငယ်ချင်းတစ်ယောက် bonus ရလို့ဆိုပြီး east coast မှာ barbequeလုပ်ကြတယ်လေ... သူပဲကျွေးတာပေါ့... east coast ဆိုတော့ ကန်ဒီတို့မိန်းကလေးတွေက ကမ်းခြေကရှုခင်းနဲ့ ဓာတ်ပုံရိုက်ချင်တော့ သူတို့က (၇)နာရီရောက်မယ်ပြောပေမယ့် ကန်ဒီတို့ကစောပြီး မမှောင်ခင်သွားမယ်ပေါ့... ၆:၄၅ လောက်အရောက်သွားမယ်ပေါ့.. အဲ့လိုရည်ရွယ်ပြီး စောစောထွက်ကြကာမှ bedok mrt ရောက်တော့ ဘယ်လိုမှtaxi ငှားလို့မရဘူး... ရုံးဆင်းချိန်လည်းဖြစ်နေတော့ ပိုဆိုးတာပေါ့... နောက်ဆုံး east coast ကိုရောက်သွားတဲ့ အချိန်က ၇:၂၅.. မှောင်နေပြီ.... ဘာမှလည်းရိုက်လို့မရတော့ဘူး.... အဲဒါနဲ့ ဘာမှမရိုက်ခဲ့ရဘူး.. :(

နောက်တစ်ခုက ကန်ဒီတို့နောက်ကျတဲ့ ၇:၂၅ အချိန်မှာတောင် ဟို(၇)နာရီရောက်မယ်ပြောတဲ့ စားစရာပါလာမယ့်အဖွဲ့ကမရောက်သေးဘူး... ကန်ဒီ့သူငယ်ချင်းတွေက ဗိုက်ဆာနေပြီ.. ကန်ဒီကတော့ သူတို့အကြောင်းနည်းနည်းသိလို့ လမ်းမှာပေါင်မုန့်ဝယ်စားခဲ့တော့ အဲ့လောက်မဆာဘူး... အဲလိုနဲ့ စောင့်လိုက်တာ....... ဘယ်တော့မှ ရောက်တယ်မှတ်လဲ..... ၈:၂၅လောက်မှ ရောက်ကြတယ်.. ဒါတောင်taxiနဲ့လာကြတာနော်....လမ်းမှာကားပိတ်နေလို့ဆိုပဲ.... မီးမွှေးတာနဲ့ ဘာနဲ့ဆိုတော့ တကယ်စားကြရတာက ၉:၀၀ မှစားရတယ်... ကန်ဒီကတော့သိပ်မစားနိုင်ပါဘူး.. ဘာလို့လဲတော့မသိဘူး.. barbeque ဆိုအမြဲမစားနိုင်ဘူး.. နည်းနည်းပဲ... အဆာလွန်တာလည်းပါမှာပေါ့.... သူတို့ကတော့ punch ဆိုလား (စာလုံးပေါင်းမှားရင် ခွင့်လွှတ်ပါ.. ဟီး).. အဲ့ဒါဖျော်သောက်ကြတယ်... ကန်ဒီကတော့ မသောက်ပါဘူး.... ကန်ဒီက spyလောက်ပဲ သောက်ဖူးတာဆိုတော့... အဓိကကတော့ မသောက်ချင်တာပါ... (၁၀)နာရီကျော်လောက်ကြတော့ ကန်ဒီတို့မိန်းကလေးတစ်ချို့က ပြန်ခဲ့ပါတယ်... နောက်မှရောက်တဲ့လူတွေတော့ ကျန်နေခဲ့တယ်.. အိမ်ကို (၁၁)နာရီဝန်းကျင်လောက်မှပြန်ရောက်တယ်... တစ်ကိုယ်လုံးညောင်းကိုက်ပြီး.... :(

အဲဒီ barbeque နေ့ကတော့ အင်တင်တင်ကြီးပါပဲ... အားလုံးကလွဲချော်ပြီး... ဓာတ်ပုံရိုက်ချင်တာလည်းမရိုက်လိုက်ရ... အကြာကြီးလည်း စောင့်ရသေးတယ်... ဘာပဲဖြစ်ဖြစ် bonus ရတဲ့သူငယ်ချင်းကိုလည်းကျေးဇူးတင်ပါတယ်နော်... အားလုံးကိုကျွေးမွေးလို့... နောက်လည်းများများရပါစေနော်.. :P

ကဲ.... ခုချိန်ကစပြီး အပျော်အပါးတွေရပ်ပြီး စာလုပ်ဖို့ လုပ်ရတော့မယ်.... လာမယ့် သောကြာနေ့ (၁၉ ရက်နေ့)မှာ Pre-test ရှိပါတယ်... အဲဒါပြီးရင်တော့ term 2 ပြီးပြီ... ဒီ term တစ်ခုလုံးမှာ တကယ့်စာမေးပွဲ မရှိလို့ လုပ်ချင်တာတွေလုပ် စာလည်းတစက်မှ မလုပ်... ရှားရှားပါးပါးရှိတဲ့ ဒီ pre-test လေးအတွက် လုံးပန်းလိုက်ဦးမယ်... ဟီးဟီး... တာတာ့.. ^_^

Thursday, November 11, 2010

Happy Birthday to my friend...


ကန်ဒီတို့များ စားရကံ ကြုံလို့ မုတ်ဆိတ်ပျားစွဲ ဆိုတာ ဒါမျိုးထင်တယ်... ဟီးဟီး.. ဒီနေ့ ကန်ဒီနဲ့ကျောင်းတူတူတက်တဲ့ ဗမာသူငယ်ချင်းတစ်ယောက်ရဲ့မွေးနေ့... သူကမုန့်ကျွေးချင်ပါတယ်ဆိုလို့... ကန်ဒီကတော့ မလိုက်ချင်ပါဘူး.. :P .. အတင်းခေါ်တာနဲ့ ပါသွားတာလေ... bugis က Seoul garden ကို... နေ့လည်စာ ဘူဖေးစားဖို့ .. ဟီးဟီး.... အဲ့မှာက ကျောင်းသားကဒ်နဲ့ဆို ဈေးသက်သာတယ်လေ... S$11 +++ ပဲထင်တယ်.. အ၀စားဆိုတော့ သိတဲ့အတိုင်း လောဘကြီးပြီးယူကြတာပေါ့... စားနိုင်လား မနိုင်ဘူးလားမသိဘူး... အများကြီးတွေယူပြီး ကင်... နောက်မစားနိုင်တော့ ပိုကုန်ရော... ကန်ဒီကတော့ အဆိုးဆုံးပေါ့... ဘူဖေးစားရင် မတန်ဆုံးလူကို ပြောပါဆိုရင် ကန်ဒီကထိပ်ဆုံးကလေ... အဲလိုနဲ့ (၁)နာရီလောက်တည်းက စားလိုက်တာ.. ဖြည်းဖြည်း ဖြည်းဖြည်းပေါ့နော်... (၃)နာရီကျော်မှပြီးတယ်... ဗိုက်ကြီးတင်းပြီး... :D


စားပြီးတော့ သူငယ်ချင်းတွေက တရုတ်ဘုံကျောင်းသွားမယ်တဲ့... အရမ်းဆုတောင်းပြည့်တယ်တဲ့... bugis နားမှာပဲတဲ့.. အဲဒါနဲ့ ကန်ဒီလည်းတခါမှမရောက်ဖူးတော့ လိုက်သွားတာပေါ့.... အင်း... ကိုယ့်ဟာကိုယ် ပြန်တွက်ကြည့်မယ်ဆိုရင်... အဘွားက တရုတ်.. အဘိုးကဗမာ.. အဲတော့... အမေက ၅၀% တရုတ်... အဖေက ဗမာ(သေချာမသိပါ... သူမွေးတာတော့ ကချင်ပြည်နယ်မှာပါ၊ အို ဘာပဲဖြစ်ဖြစ် တရုတ်မဟုတ်တာတော့ သေချာတယ်... :P )... အဲ့တော့ ကန်ဒီတို့က ၂၅%ပဲ တရုတ်.. ဟီးဟီး.. အိမ်မှာတော့ တရုတ်နှစ်ကူးအမြဲလုပ်ပါတယ်... လေမရှည်တော့ဘူး.. ဆက်ပြီ.... အဲတော့ ဘုံကျောင်းတော့ သွားကြည့်ဦးမယ်ဆိုပြီး သူငယ်ချင်းတွေနဲ့ လိုက်သွားပါတယ်..( သူတို့က ၁၀၀% တရုတ်)... အဲဒီမှာ အမွှေးတိုင် သူတို့ယူသလိုယူတယ် .. ၃ ချောင်းပဲယူရတယ်တဲ့.... ယူပြီး အရင်ဆုံး ကိုယ်ဝင်လာတဲ့ အပေါက်ဖက်ကို လှည့်ပြီးကန့်တော့တယ်.. ဘာကိုကန်တော့မှန်းမသိဘူး.. စိတ်ထဲကတော့.. ဘုရားရဲ့ ဆန့်ကျင်ဘက်ကို ဘာလို့ကန်တော့တာလဲပေါ့... သူများလို လိုက်ကန်တော့လိုက်တယ်... ကန်တော့ပြီးတော့မှ သူငယ်ချင်းက အဲဒါ မိုးနတ်မင်းကို ကန်တော့တာတဲ့.... အော်.. ငါ့နှယ်.. ခုမှပြောရလား သူငယ်ချင်းရယ်... မိုးနတ်မင်းကို ကန့်တော့ပြီးတော့ ကိုင်ထားတဲ့ အမွှေးတိုင်ကို စိုက်၊ ပြီးတော့အထဲဝင်ပြီး ကွမ်ရင်မယ်တော်ကို ကန်တော့တယ်... ဒါပါပဲ... စာချချင်ရင်တော့ ချလို့ရတယ်... ဒါပေမယ့် မချခဲ့ပါဘူး.... ပြန်ထွက်ပြီး လမ်းပေါ်ရောက်တော့ တရုတ်ရုပ်ထုတွေရောင်းတဲ့ဆိုင်မှာ အန်းကုန်းဘိုးဘိုးရုပ်ထုကို ပွတ်ပြီးဆုတောင်းနေကြတာတွေ့တော့ ကိုယ်ပါရောသောပေါသော ဆုတောင်းလိုက်သေးတယ်... ကိုယ်နေမကောင်းတဲ့ နေရာကိုပွတ်ပြီးဆုတောင်းရတာဆိုတော့... ကန်ဒီခုတလော ဗိုက်သိပ်မကောင်းလို့ ဗိုက်ကိုပွတ်ပြီးဆုတောင်းခဲ့တယ်... :D

နောက်ဆုံးအစီအစဉ်အရ shopping ထွက်ပြီး ခြေကုန်လက်ပန်းကျကာပြန်ခဲ့ပါတယ်.. ကန်ဒီကတော့ window shoppingပါ.. ဟီးဟီး.. ချွေတာစုဆောင်းတော့ boss ဖြစ်မှာပေါ့နော်... ကန်ဒီတို့စားရကံကြုံပုံများ မုန့်ဆိတ်ကိုပဲ ပျားစွဲတာဟုတ်ဘူး... ဆံပင်ကိုပါ စွဲကုန်ပြီထင်တယ်... မနက်ဖြန် တစ်ပွဲရှိသေးတယ်... မနက်ဖြန်မှ ပြောပြမယ်... ^_^


Thursday, November 4, 2010

ဖြစ်ချင်ခဲ့တာတွေနဲ့... ဖြစ်လာတာတွေ...


ကလေးတွေကို လူကြီးတွေမေးနေကျမေးခွန်းဖြစ်တဲ့ “သမီးကြီးလာရင် ဘာလုပ်မလဲ” ဆိုတဲ့ မေးခွန်းအတွက် ကန်ဒီ့မှာအဖြေမရှိခဲ့ပါဘူး.. အဲဒီအချိန်တုန်းက ကိုယ့်ကိုကိုယ်ဘာလုပ်ချင်မှန်းလည်း ကန်ဒီသေချာမသိခဲ့ပါဘူး... ငယ်ငယ်တုန်းထဲက ကန်ဒီဝါသနာပါတာကတော့ ပုံဆွဲခြင်းနဲ့ စာသင်ခြင်းပေါ့... နွေရာသီကျောင်း(၃)လပိတ်ရင် အမေက ကန်ဒီတို့ညီအမတွေကို အမြဲတစ်ခုခုတက်စေခဲ့တယ်လေ.. တစ်နှစ်တော့ အမေကို ပန်းချီဆွဲသင်ချင်တယ်လို့ ပူဆာတော့ အမေကပန်းချီဆရာခေါ်ပြီး သင်ပေးခဲ့ပါတယ်... ဒါပေမယ့် (၃)လပဲသင်ခဲ့ရတော့ ဖြစ်ဖြစ်မြောက်မြောက်တော့ မတတ်ခဲ့ပါဘူး... နည်းနည်းပါးပါး ပုံတူဆွဲတာလောက်ပဲ ရတယ်လေ.. စိတ်ထဲရှိတာ၊ တွေ့ရာကိုပြောင်မြောက်စွာ ချဆွဲနိုင်တဲ့ ပန်းချီဆရာတစ်ယောက်တော့ ကန်ဒီခုချိန်ထိဖြစ်ချင်ဆဲပါ...

My Drawing... he he (so embarrassing.. =( )

ကန်ဒီငယ်ငယ်ကဆော့ရင် စာသင်တမ်းပဲအမြဲဆော့တတ်တယ်.. မြေဖြူဗူးတွေဆိုလည်း ၀ယ်လိုက်ရတာအမော.. တခါတလေကျတော့လည်း အမေ့ကို အားကျပြီးအင်ဂျင်နီယာပဲ ဖြစ်ချင်သလိုလို... (၇)တန်း၊ (၈)တန်းလောက်ရောက်တော့ အဖြုအစိမ်းဝတ်ပြီး မြေဖြူကိုင်တဲ့ ဆရာမတစ်ယောက်ဖြစ်ချင်မှန်း ကန်ဒီကိုယ့်ကိုကိုယ်သိလိုက်ပါတယ်... ဒီလိုနဲ့(၁၀)တန်းရောက်တော့ ဆရာဝန်သိပ်ဖြစ်စေချင်တဲ့အမေ့ကို သမီးဆရာမလုပ်ပါရစေလို့ ကန်ဒီမပြောရက်ခဲ့ဘူးလေ... ပြောလည်းမပြောရဲခဲ့ဘူး... တက္ကသိုလ်ဝင်ခွင့်လျှောက်တော့လည်း အမေ့စိတ်တိုင်းကျ နံပါတ်(၁)နေရာမှာ ဆေးတက္ကသိုလ်၊ နံပါတ်(၂)နေရာရောက်တော့ အမေကဆေးဝါးတက္ကသိုလ်တဲ့... တကယ်တမ်းတော့ ဆေးဝါးတက္ကသိုလ်ဆိုတာဘာမှန်း အမေလည်းသိပုံမရသလို ကန်ဒီကိုယ်တိုင်လည်းမသိခဲ့ပါဘူး... အမေက ဆေးတက္ကသိုလ်ပြီးရင် အမှတ်အမြင့်ဆုံးမို့ ထည့်တာတဲ့... နံပါတ်(၃)နေရာရောက်တော့ အမေကနည်းပညာတက္ကသိုလ်တဲ့... ဆရာမမလုပ်နိုင်တဲ့အတူတူတော့ အမေ့လို အင်ဂျင်နီယာလေးများဖြစ်လေနိုးနဲ့ နံပါတ်(၂)နေရာမှာ နည်းပညာတက္ကသိုလ်ထားချင်ပေမယ့် ကန်ဒီအမေ့ကိုမပြောရဲခဲ့ပါဘူး...

ဒီလိုနဲ့အမှတ်ထွက်လာတော့ ကန်ဒီဆေးကျောင်းဝင်ဖို့ (၇)မှတ်လိုတယ်လေ.. အမေကတော့ရင်ထုမနာပေါ့.. ကန်ဒီကတော့ သိပ်မခံစားရပါဘူး... ကန်ဒီ့ငယ်ငယ်က အိမ်မက်ထဲမှာလည်း ဆရာဝန်တစ်ယောက်မဖြစ်ချင်ခဲ့ဘူးလေ... ဒါပေမယ့် ဘာမှန်းမသိတဲ့ ဆေးဝါးတက္ကသိုလ် (University of Pharmacy) ဆိုတာကို တက်ဖို့တော့စိတ်ဓာတ်နည်းနည်းကျမိခဲ့တယ်... ကျောင်းနေဖက်သူငယ်ချင်းတွေကပဲဖြစ်ဖြစ်၊ ဆွေမျိုးအသိုင်းအ၀ိုင်းကပဲဖြစ်ဖြစ် “သမီးအခုဘာတက်နေလဲ”မေးလာရင် ဆေးဝါးတက္ကသိုလ်တစ်ခုတည်းဖြေရုံနှင့် မပြီးခဲ့ဘူး.. ဘာတွေသင်ရတယ် ဆိုတာပါရှင်းပြရပါသေးတယ်.. “ကျောင်းပြီးရင် ဘာဖြစ်မလဲ”မေးရင်လည်း အထင်တွေသာ ဖြေရတယ်၊ ရေရေရာရာ မသိခဲ့ဘူးလေ.. (၄)နှစ်တာပညာသင်ကြားပြီချိန်မှာတော့ ဆေးဝါးတက္ကသိုလ်ဆိုတာဘာမှန်း သိလာသလို ဘာသာရပ်တွေအပေါ်မှာလည်း စိတ်ဝင်စားလာတယ်... ဒီလိုနဲ့ပဲ ဘွဲ့တစ်ခုရခဲ့တယ်ပေါ့...

ကျောင်းပြီးဘွဲ့ရကြတော့ သူငယ်ချင်းအချို့က ဆေးကုမ္ပဏီတွေမှာ marketing တဲ့၊ တချို့ကတော့ private ဆေးခန်းတွေရဲ့ ဆေးcounterမှာ၊ တချို့ကလည်း “Fame” တို့လို ဆေးmanufacturing ပိုင်းမှာ အလုပ်လုပ်ကြတယ်... နိုင်ငံခြားမှာလို Pharmacist ရဲ့တာဝန်ကို မသိတဲ့ မြန်မာပြည်မှာ စာတွေဆေးကျောင်းတန်းတူကျက်ခဲ့ပြီး လူတိုင်းလုပ်လို့ရနေသော ဆေးရောင်းတဲ့အလုပ်တော့ မလုပ်ချင်ဘူးလေ.. ဆေး manufacturing ပိုင်းမှာ လုပ်ရတာကမှ တော်သေးတယ်... အဲဒါတွေကြောင့်ပဲ ကန်ဒီ့ရဲ့ အချစ်ဆုံးသူငယ်ချင်းကတော့ UK မှာ Pharmacist ဖြစ်ဖို့ဆက်တက်ပြီး ကန်ဒီကတော့ UK ထိမသွားချင်ဘူးလေ.. ညီမရှိတဲ့ Singapore ဆိုတော်သေးတယ်ဆိုပြီး Pharmacy နဲ့ ဆက်စပ်တဲ့ Pharmaceutical Management ဆက်တက်ပါတယ်... နောက်ဘာဆက်ဖြစ်လာမယ်ဆိုတာ မသိသေးပါဘူး... ဖြစ်သမျှအတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားဖို့ပဲ ရှိတယ်မဟုတ်လား...

Monday, November 1, 2010

အသိတစ်ခု

(၁၀)တန်းစာမေးပွဲဖြေပြီးတော့ ကန်ဒီ့အမေမေးတဲ့ စကားက “သမီး... နိုင်ငံခြားမှာ ကျောင်းဆက်တက်ပါလား၊ သမီးအစ်ကို(၀မ်းကွဲ)တွေလည်း ရှိတာပဲ..”.. ထိုစကားအတွက် ကန်ဒီ့တုံ့ပြန်မှုက “သမီးဒီမှာပဲ တက္ကသိုလ်တက်ချင်တယ် မာမီ... ဒီမှာကျောင်းပြီးမှ နိုင်ငံခြားသွားဖို့ စဉ်းစားမယ်နော်... ”. တကယ်တော့ ကန်ဒီနိုင်ငံခြားသွားချင်စိတ်မရှိလို့ရှောင်လွှဲခဲ့တဲ့ စကားပါ... အမေဘာမှမပြောခဲ့ပါဘူး... ကန်ဒီ့စိတ်တိုင်းကျ ရန်ကုန်မှာပဲ ကျောင်းတက်စေခဲ့ပါတယ်... ချစ်သူရလာတဲ့ အချိန်ရောက်တော့ ကန်ဒီ့အတွေးက နည်းနည်းပြောင်းလာတယ်.. အချစ်နဲ့ပက်သက်လာရင် ရူးသွပ်စွာ စွဲလမ်းတတ်တယ်ဆိုတာ ကန်ဒီကိုယ့်ကိုကိုယ် သိပါတယ်.. အဲ့ဒီအချိန်ရောက်တော့ တွေးတဲ့အတွေးက နှစ်ယောက်လုံးအလုပ်ရှိလျှင်၊ ပုံမှန်ဝင်ငွေလေးရှိလျှင် အတူတူနေနိုင်ပြီ ဆိုတဲ့အတွေး... လက်ထက်ပြီးချိန်ထိ မိဘဆီက လက်ဖြန့်မတောင်းချင်ဘူးလေ... ကန်ဒီအလုပ်ကောင်းကောင်းရပြီး ချစ်သူနဲ့တူတူနေနိုင်ဖို့အတွက် ဒီတစ်ခေါက် တက္ကသိုလ်ကဘွဲ့ရပြီးလို့ အမေ Singapore မှာကျောင်းဆက်တက်ဖို့ ပြောတော့ ကန်ဒီမငြင်းတော့ဘူး.. ကန်ဒီ့အတ္တတစ်ခုအတွက် အမေပြောတာကို လိုက်လျောခဲ့ခြင်းပါ..

ဟိုတလောကပဲ ပိုင်းလော့ဆရာတော်ဘုရားရဲ့တရားပွဲတစ်ခု ကန်ဒီရောက်ဖြစ်ခဲ့ပါတယ်.. ဆရာတော်ဟောတဲ့တရားထဲမှာပါတဲ့ စကားတစ်ခွန်းက “ မိဘကျေးဇူးဆိုတာ မချေကောင်းဘူး၊ ကြီးမားလွန်းလို့ ကျေအောင်ဆပ်လို့လည်း မရဘူး” .. ထိုစကားတစ်ခွန်းကနေ ဆက်ပြီးစဉ်းစားမိရာက ကန်ဒီ ကိုယ့်ကိုကိုယ် တော်တော်မိုက်တဲ့ သမီးတစ်ယောက် ဖြစ်မှန်းမသိဖြစ်နေတာ သိလိုက်ရတယ်... မိဘကျေးဇူးအကြောင်းဟောတဲ့တရားတွေ ကန်ဒီနာဖူးပါတယ်... ဒီတစ်ခေါက်လိုတော့ နယ်ချဲ့ပြီးမတွေးဖူးခဲ့ဘူး... ယေဘူယျအားဖြင့်တော့ မိဘတွေကို သူတို့အသက်ကြီးလာရင်လုပ်ကျွေးမယ် ဆိုတဲ့ အတွေးတော့ အမြဲရှိပါတယ်... ဒါပေမယ့် “ငါဘယ်လိုကျောင်းပြီးလို့ ဘယ်လိုအလုပ်ရအောင်လုပ်မယ်... ငါ့မိဘတွေကိုဘယ်လိုကျေးဇူးဆပ်ဖို့အတွက်.. ”ဆိုတဲ့ ရည်ရွယ်ချက်တစ်ခုနဲ့ တွေးပြီးလုပ်တဲ့အလုပ်မျိုး ခုချိန်ထိ မရှိခဲ့ပါဘူး... ရှက်စရာအကောင်းဆုံးကတော့ ကန်ဒီ ဒီမှာကျောင်းတက်ဖို့လာတဲ့ ရည်ရွယ်ချက်ကတောင် ချစ်သူနဲ့ အတူနေရဖို့တဲ့လေ.. ဘယ်လောက်ကြောက်ဖို့ကောင်းတဲ့အတ္တ၊ တကိုယ်ကောင်းဆန်တဲ့စိတ်လဲနော်.. ဒီထိတွေးမိချိန်မှာ ကန်ဒီအရမ်းမွန်းကျပ်နေပြီ..

ဆက်တွေးမိတာက... ဟုတ်ပြီ.. ကန်ဒီအမြဲတွေးနေကျ မိဘတွေအသက်ကြီးလာရင် လုပ်ကျွေးမယ်ဆိုတဲ့အတွေး... ဒီအချိန်မှာ ကိုယ့်အသက်ကိုပြန်တွက်တော့ (၂၂)နှစ် အလုပ်မရှိ၊ ကျောင်းတက်နေတုန်း... မိဘတွေအသက်ကိုပြန်တွက်ကြည့်မိတော့ (၆၀)ကျော်ပြီ... မိဘတွေက အသက်ကြီးနှင့် နေပြီ.. ဒါတောင် ခုချိန်ထိအလုပ်လုပ်ပြီး ကန်ဒီတို့ကို ကျောင်းထားနေရတုန်း... ကန်ဒီကျောင်းပြီးဖို့က (၁) နှစ်ခွဲလောက်လိုသေးတယ်.. ကျောင်းပြီးလို့ ချက်ချင်းအလုပ်ရရင်တောင် သူတို့ကို ကျေးဇူးဆပ်ဖို့ အချိန်ကသိပ်မကျန်တော့.. ဒါတွေကို မတွေးဘဲ ချစ်သူနဲ့တူတူနေနိုင်ဖို့ ဆိုတဲ့တကိုယ်ကောင်းဆန်တဲ့ရည်ရွယ်ချက်နဲ့ ဖြတ်သန်းနေတဲ့ ကိုယ်ကိုကိုယ်မုန်းမိတယ်.. တကယ်တွေးသင့်တာက “ငါ့မိဘတွေ အသက်ကြီးပြီ.. ငါမြန်မြန်ကျောင်းပြီးအောင် မြန်မြန်အလုပ်ရအောင်လုပ်ပြီး သူတို့ကိုကျေးဇူးဆပ်ရမယ်” .. ဒီလိုရည်ရွယ်ချက်ကောင်းလေးနဲ့ လုပ်ခဲ့သင့်တာ.. ကန်ဒီ(၁၀)တန်းဖြေပြီးတုန်းက အမေဒီမှာကျောင်းတက်ဖို့ပြောတုန်းကသာ လက်ခံလိုက်ရင် ကန်ဒီ့ညီမလို ကန်ဒီခုချိန်ဆို အလုပ်ရနေပြီ.. ကန်ဒီငြင်းခဲ့တာ မှားသွားပြီလား?? ခုချိန်မှာ ကန်ဒီအကြောက်ဆုံးအရာက အမေတို့ကို နည်းနည်းလေးပဲ လုပ်ပေးလိုက်နိုင်မှာလား?? နည်းနည်းလေးပဲ ကျေးဇူးဆပ်ခွင့်ရတော့မှာလား??.. အဲဒီအတွေးတွေကြားထဲမှာ ကန်ဒီ ရင်ဘတ်တစ်ခုလုံး ဆို့နစ်နေပြီ.. မွန်းကျပ်စွာရလာတဲ့ ဒီအသိတစ်ခုအတွက် ရင်ဖွင့်ရာက ကန်ဒီ့ချစ်သူနဲ့ ဒီblogလေးပါ... စိတ်ရှုပ်စရာတွေပေးမိရင် ကန်ဒီ့ကိုခွင့်လွှတ်ပါနော်...

Sunday, October 31, 2010

သွေးချို၊ ဆီးချိုရောဂါ (Diabetes Mellitus) အကြောင်းတစေ့တစောင်း

သွေးချို၊ ဆီးချိုရောဂါ (diabetes) သည် ယခုအချိန်အခါတွင် ကမ္ဘာပေါ်တွင် အဖြစ်အများဆုံးရောဂါတစ်ခုအဖြစ် မားမားမတ်မတ်စံချိန်တင်လျှက်ရှိပါသည်။ တခြားကြည့်စရာပင် မလိုပါ။ မိမိနှင့်အကျွမ်းတ၀င်ရှိသော သက်ကြီးပိုင်းမည်သူ့ကိုမဆိုမေးကြည့်လျှင် အနည်းဆုံး ၁၀ယောက်တွင် တစ်ယောက်နီးပါးတော့ ထိုရောဂါရှိပါသည်။ ကန်ဒီ့အဖေနှင့် အမေ (၂)ယောက်စလုံးတွင် ထိုရောဂါ ရှိသည်။ Diabetes ရောဂါကို အမြစ်ပြတ်ကုသရန်ဆေးမရှိပါ။ ပိုမဆိုးစေဖို့ ထိန်းထားရန်အတွက်သာ ဆေးကုနေကြခြင်းဖြစ်သည်။

သွေးချို၊ဆီးချိုဆိုသည့် အမည်နာမအတိုင်းပင် သွေးထဲ၊ ဆီးထဲတွင် သကြားပမာဏလိုသည်ထက်များပြားနေခြင်းကို ဆေးဝေါဟာရအရ Diabetes Mellitus ဟုခေါ်ပါသည်။ သွေးထဲရှိသကြားပမာဏလိုသည့်ထက်များလာပြီး ဆီးထဲထိပါလာခြင်းကို ဆီးချိုဟူခေါ်သည်။ ဆီးချိုရောဂါရှင်များ၏ဆီးသည် သကြားဓာတ်ကြောင့် ပုရွတ်ဆိတ်တောင် တက်သည်ဟု ကန်ဒီ ကြားဖူးပါသည်။ ရောဂါဖြစ်ရခြင်းအဓိကကြောင်းရင်းမှာ သွေးထဲရှိ သကြားဓာတ်ကို ထိန်းပေးသော insulin အမည်ရှိ ဟော်မုန်းချို့တဲ့မှုကြောင့် ဖြစ်ပါသည်။ Diabetes တွင် အဓိကအားဖြင့် အမျိုးအစား (၂)မျိုးရှိပါသည်။ စာလာဖတ်သူတွေ ပျင်းအောင် ရှည်ရှည်ဝေးဝေး ထိုအမျိုးအစား (၂) ခုအကြောင်းကို အသေးစိတ် မပြောလိုတော့ပါ။ အကျဉ်းချုပ်အားဖြင့် Type I သည် ကလေးအရွယ်ထဲကဖြစ်လေ့ရှိပြီး အမြဲ (တသက်လုံး) insulin ဟော်မုန်းဆေးထိုးနေရသည်။ Type II ကတော့ သက်ကြီးများတွင် ဖြစ်လေ့ရှိသော အမျိုးအစားဖြစ်ပါသည်။

ရောဂါလက္ခဏာများ

လူနာအများစုသည် သွေးချိုအဆင့်တွင် မိမိကိုယ်ကိုရောဂါရှိမှန်းမသိတတ်ကြပါ။ ပိုမိုဆိုးရွားသော ဆီးချိုအဆင့်ရောက်မှသာ သိကြတာများပါသည်။ သွေးချိုကလည်း သွေးစစ်ကြည့်မှသိနိုင်သည့် အခြေအနေမဟုတ်ပါလား။ အဓိကလက္ခဏာများကိုပဲ ကန်ဒီပြောလိုပါသည်။ ၎င်းတို့မှာ−
(၁) ဆီးခဏခဏသွားခြင်း
(၂) ရေဆာခြင်း
(၃) မောခြင်း
(၄) အနာကျက်နှေးခြင်း တို့ဖြစ်သည်။
နောက်ဆက်တွဲဆိုးကျိုးအနေနှင့် ကျောက်ကပ်ပျက်စီးခြင်း၊ နှလုံးရောဂါနှင့် နှလုံးသွေးကြောကျဉ်းရောဂါ တွေအထိဖြစ်နိုင်ပါသည်။

ဆောင်ရန်၊ ရှောင်ရန်အချက်များ


Diabetesရောဂါကြောင့် အဓိကထိခိုက်စေသည့် အင်္ဂါအစိတ်အပိုင်းများမှာ−မျက်လုံး၊ ကျောက်ကပ်နှင့် အာရုံကြောတို့ ဖြစ်ပါသည်။ အာရုံကြောထိခိုက်မှုမှာ အဖြစ်များပြီးသိသာထင်ရှားသော လက္ခဏာတစ်ခုဖြစ်သည်။ သွေးထဲရှိသကြားဓာတ်ကြောင့် အာရုံကြောထိခိုက်ပျက်စီးမှု ဖြစ်စေပါသည်။ အထူးသဖြင့် လက်ဖျား၊ ခြေဖျားရှိ အာရုံကြောများထိခိုက်ပျက်စီး၍ ထုံကျင်ခြင်းခံစားရတတ်သည်။ ရောဂါရှိသူများ အထူးဂရုစိုက်သင့်သည့် အချက်ဖြစ်သည်။ ထုံကျင်နေသော ခြေလက်ကို ထိခိုက်မိပါက ထိုထုံကျင်နေသည့်ခြေ၊လက်က ပုံမှန်ခြေလက်ကဲ့သို့ နာကျင်ခြင်းကို မသိနိုင်ပါ။ ပုံမှန်ခြေလက်သည် တစ်ခုခုနှင့် ဆူးမိပါက နာကျင်ခြင်းကြောင့် ချက်ချင်းသိနိုင်သော်လည်း ထိုရောဂါရှင်များကမူ ဆူးလို့ဆူးမှန်း၊ ပဲ့လို့ ပဲ့မှန်းမသိ နင်းမြဲ လျှောက်မြဲ သွားမြဲပင်။ ထိုကြောင့် နာကျင်ခြင်းက တခါတလေ မနာကျင်ဘဲ ထုံကျင်ခြင်းထက်ပိုကောင်းနေပြန်သည်။ ထိုမှတစ်ဆင့် ထိမိ၊ ခိုက်မိသော နေရာမှ ပြည်ဖြစ်လာသည့်အချိန်တွင် ထိုရောဂါရှင်တို့၏ ထုံးစံအတိုင်းအနာကျက်ခြင်းက နှေးသည့်အချက်ကြောင့် ထိခိုက်မိသည့်နေရာကို ဂရုမစိုက်ပါက ဆိုးသည်ထက်ဆိုးလာပြန်သည်။ နောက်ဆုံးတွင် ဖြတ်ပစ်ရသည့် အနေအထားအထိ ဖြစ်တတ်၍ သတိထားစေချင်သည်။

ကန်ဒီလက်တွေ့ဥပမာလေးတစ်ခု ကန်ဒီ့အမေနှင့် ပြလိုပါသည်။ အမေကတော့ ကံကောင်းစွာပင်ဖြတ်ပစ်ရသည့် အနေအထားထိမရောက်ပါ။ သို့သော်တော်တော်ခံစားလိုက်ရပါသည်။ ဖြစ်ပုံအစကတော့... ခြေမတွင် ခြေစွယ်ငုပ်ခြင်းမှ စပါသည်။ ပုံမှန်လူလို ခြေစွယ်ငုပ်၍ နာကျင်ခြင်းကို သူတော်ရုံနှင့် မခံစားမိပါ။ သူ့ခြေလက်တွေ ထုံကျင်နေတတ်၍ ကန်ဒီတို့ နှိပ်ပေးနေကြမြဲ။ အခြေအနေတော်တော်ဆိုးမှ သူသိသည်။ သိ၍ ဆေးခန်းပြတော့ အနာကပြည်တည်ကာတော်တော်ဆိုးနေပြီ။ ဆရာဝန်က ခြေမခြေသည်းကို နုတ်ပစ်ရမည်ဆို၍ နုတ်ပစ်လိုက်ရသည်။ ခြေမ မဖြတ်ရဘဲ ပြန်ပေါက်မည့် ခြေသည်းပဲ နုတ်လိုက်ရလို့တော်တော့သည်။ ထို့ကြောင့် Diabetesရှိသော မိဘများရှိပါက အမြဲ ခြေဖျား၊ လက်ဖျားကို ဂရုစိုက်ပေးပါ။ ခြေသည်းလက်သည်းကို သေချာဂရုစိုက်ညှပ်ပါ။ အရမ်းအဖြစ်များပြီးဆိုးရွားတဲ့ ဆိုးကျိုးတစ်ခုမို့ပါ။

ဆရာဝန်ညွန်ကြားသည့်ဆေးများအပြင် အစားအသောက်ဆင်ခြင်ခြင်းနှင့် ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းစသော ဘ၀နေထိုင်မှုပုံစံများကတော့ Diabetesရောဂါရှိသူများအတွက် အဓိကဆေးတစ်လက်ပင်ဖြစ်သည်။ ဆေးလိပ်သောက်ခြင်း၊ အရက်နှင့် စိတ်ဖိစီးမှုများကို တတ်နိုင်သမျှလျော့ချခြင်းဖြင့် သက်ရှည်ကျန်းမာစွာနေနိုင်မည် ဖြစ်သည်။ ထိုရောဂါအတွက်ကတော့ မိမိကျန်းမာရေးကို မိမိကိုယ်တိုင် ဘ၀နေထိုင်မှုပုံစံပြောင်းလဲခြင်းဖြင့် ကုသနိုင်မှသာတော်ရုံကျပေလိမ့်မည်။
Good luck ^_^

P.S...... ကန်ဒီဘာစာမှ မရေးနိုင်စဉ်ကာလအတွင်း ကန်ဒီ့blog လေးကို လာလည်ကြတဲ့ မောင်နှမတွေ အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်လို့....တစ်မျိုးပြီးတစ်မျိုးမရိုးရတဲ့၊ (၁)လကျော်နီးပါး ဗမာလိုရိုက်လို့မရခဲ့တဲ့ ကန်ဒီ့lappy လေး ဒီနေ့ ထူခြားစွာ ပြန်ရိုက်လို့ရတဲ့နေ့မှာပဲ ဒီpostလေးကို တင်လိုက်ပါတယ်.. အားလုံးပဲ ကျေနပ်နိုင်ကြပါစေလို့..... =)

Friday, August 27, 2010

သိစေချင်တာလေးတွေ

(၁) Eye drop (မျက်စဉ်းဆေးများ)

မျက်စိနာလို့ပဲဖြစ်ဖြစ်၊ မျက်ကပ်မှန်သုံးလို့ပဲဖြစ်ဖြစ် eye drop အသုံးပြုသူများ သိထားသင့်တဲ့အချက်လေးပါ။ eye drop များသည် မိမိဗူးကိုစဖွင့်သည့်နေ့မှ၍ ၁လ ပဲခံပါသည်။ ၁လထက်ပို၍ မသုံးသင့်ပါ။ အသုံးပြုသူများ မှားတတ်သည့်အချက်မှာ eye drop ဗူးတွင်ပါသည့် expire date ဖြစ်ပါသည်။ ၎င်းexpire date သည် ဗူးကို မဖွင့်လျှင် ထိုeye dropသည် ထိုdateအထိ ခံသည်ဟု ရည်ညွှန်းပါသည်။ ဗူးကို စဖွင့်လိုက်ပါက ထိုဖွင့်သည့်နေ့မှ စ၍ ၁လတိတိသည် ထို eye drop ၏ expire date ဖြစ်ပါသည်။ eye drop ဆေးဗူးများတွင်လည်းရေးထားပါသည်။ သို့သော် များသောအားဖြင့် သတိမထားမိကြပါ။ တချို့က မျက်စိနာစဉ် ၀ယ်ထားသော eye drop မကုန်လျှင် နောက်တစ်ကြိမ်ဖြစ်လျှင် သုံးမည်ဆိုသော ရည်ရွယ်ချက်ဖြင့် သိမ်းထားတတ်ကြသည်။ ထိုကဲ့သို့သုံး၍ မရခြင်းကို သိစေချင်ပါသည်။

(၂) Sleeping pill (အိပ်ဆေးများ)

အိပ်မပျော်၍ အိပ်ဆေးသောက်မည်ဆိုလျှင် သောက်ပါ။ သို့သော် သိထားသင့်သည်မှာ နေ့စဉ်ရက်ဆက်အိပ်မပျော်၍ အိပ်ဆေးကို ရက်ဆက်သောက်မည်ဆိုလျှင်တော့ ဆေးယဉ်ခြင်းဖြစ်နိုင်ပါသည်။ မူလ ၁ လုံးသောက်ရလျှင် နောက် ၂ လုံးသောက်မှ အိပ်ပျော်တော့မည်။ လူရဲ့ ဦးနှောက်က အလွန်ထူးဆန်းပါသည်။ တခုခုကို ပုံမှန်ရနေလျှင် နောက်အဲဒါရမှ အလုပ်လုပ်တော့မည်။ ဆေးလိပ်၊ အရက်စွဲခြင်းသည်လည်း ထိုနည်းတူပင်။ သို့သော် အိပ်ဆေးကတော့ ဆေးလိပ်လိုစွဲခြင်းမဟုတ်ပါ။ ဆေးယဉ်ခြင်းမျှသာ ဖြစ်သည်။ ထို့ကြောင့် အိပ်ဆေးကို ရက်ဆက် (၂)ပတ် ထက်ပို၍ မသောက်သုံးသင့်ပါ။

(၃) Shake the bottle before use

အရည်ပုံစံလာသောဆေးများကို သောက်တော့မည်ဆိုလျှင် ထိုအချက်ကို ဂရုစိုက်ပြီး ဖတ်စေချင်ပါသည်။ တကယ်လို့ မလှုပ်မိလျှင် ထိရောက်သောအာနိသင်ကို ရနိုင်မှာ မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် တချို့ပါဝင်ပစ္စည်းများသည် ရေထဲတွင်မပျော်ဝင်နိုင်သောကြောင့် ဖြစ်သည်။ ထိုကြောင့် ၎င်းတို့သည် ပုလင်းကိုကြာကြာထောင်ထားသည်နှင့်အမျှ အနည်ထိုင်နေပါသည်။ မလှုပ်မိပါက အာနိသင်ရှိသောအရာက မပါဘဲ ရေများသာသောက်နေသလိုဖြစ်နေခြင်းကြောင့် ထိရောက်မှုမရှိနိုင်ပါ။

(၄) Antacids (အစာအိမ်ဆေးများ)

အစာအိမ်ဆေးများကို ၀ါးပြီးမှ မျိုချသင့်ပါသည်။ ထိုမှသာ မြန်မြန်ဆေး၏ အကျိုးကိုရမှာဖြစ်ပါသည်။ ဒီတိုင်းမျိုချပါက သူ့အာနိသင်ရဖို့ အချိန်ကြာသည့်အပြင် ထိရောက်မှုသိပ်မရှိနိုင်ပါ။ ဆေးတစ်ခုကိုသောက်ပြီးလျှင် ထိုဆေးအရင်ဆုံးရောက်သောနေရာမှာ အစာအိမ်ဖြစ်ပါသည်။ တခြားဆေးများကို အစာအိမ်က ခန္ဓာကိုယ်ထဲရောက်အောင် ချေဖျက်ပေးပါသည်။ သို့သော် အစာအိမ်ဆေးလိုဆေးမျိုးကျတော့ ဆေးရဲ့အာနိသင်က သူ့ပေါ်တွင် သက်ရောက်ရမည်၊ သူကိုယ်တိုင်ကလည်း ချေဖျက်ရဦးမည်ဆိုလျှင် ဆေးအာနိသင်သက်ရောက်မှုလည်း ကြာမည်၊ အာနိသင် ကောင်းကောင်းလည်းမရနိုင်ပါ။ ၀ါးလိုက်သည့်ရည်ရွယ်ချက်မှာ အစာအိမ်အစား ဆေးအချို့ကို ချေဖျက်ပေးလိုက်သည့် သဘောပင်ဖြစ်သည်။
Good Luck.... ^_^

Wednesday, August 4, 2010

Going back to Yangon

ရေး...ကန်ဒီ့ စာမေးပွဲတွေလည်း ပြီးပြီ.... ရန်ကုန်ကို (၂)ပတ်ပြန်မယ်... :D
ရန်ကုန်မှာ...
(၁)ဆံပင်ညှပ်မယ်...
(၂)မျက်ကပ်မှန်လုပ်မယ်... (ကန်ဒီ့မျက်လုံးတစ်ဖက်က ကန်းသလောက်နီးပါးကို မမြင်တာ... :( )
(၃)ချောင်းသာသွားမယ်... ဟီးဟီး
(၄)မုန့်ဟင်းခါး၊ ရခိုင်မုန်တီသုပ်၊ အသုပ်စုံ၊ ဒံပေါက်... တွေ့သမျှအကုန်စားမယ်....

ကန်ဒီ့ရဲ့ laptop virus ၀င်သွားလို့ format ချလိုက်ရတယ်... burmese font install လုပ်ပြီး type လို့မပေါ်တာက (၁)ပတ်လောက် ကြာတယ်.. (ကန်ဒီက computer နဲ့ ပတ်သက်ရင် ဘာမှသိပ်မသိတဲ့လူပါ... ဟီး..)... ခုတောင် နှုတ်ဆက်တာ English လိုပဲ နှုတ်ဆက်ရမယ့် ဘ၀ ရောက်နေတာ.... အသေအလဲ ကြိုးစားလိုက်တာ ရသွားတယ်... ရေး.....
အားလုံးပဲ.... တာ့တာနော်.... see ya... ^_^

Monday, July 12, 2010

Beautiful imperfection


ကန်ဒီ့ကို ကြည့်ရင်း မျက်ရည်ဝဲအောင်လုပ်နိုင်တဲ့ video လေးပါ.... သူပြောသွားတဲ့ စကားအသုံးအနှုန်းလေးတွေကို အရမ်းကြိုက်တယ်... အရမ်းလည်းမှန်တာပဲ..... ကိုယ့်နားမှာ ရှိနေတဲ့လူတွေရဲ့ ဘာမဟုတ်တဲ့ အပြုအမူလေးတွေ၊ အကျင့်လေးတွေက သူရှိနေတုန်း မသိနိုင်ပေမယ့်... သူမရှိတော့တဲ့ အချိန်ကျရင်တော့ .... အဲ့ဒီ ဘာမဟုတ်တာလေးတွေက ကြီးမားတဲ့ အမှတ်တရတွေ ဖြစ်လာနိုင်တယ်လေ..... ကန်ဒီနဲ့အတူ ခံစားနိုင်အောင်လို့ တင်လိုက်တာပါ.... ကိုယ်နားမှာ ရှိနေသေးတဲ့ ကိုယ်ချစ်တဲ့လူတွေကို တန်ဖိုးထားနိုင်ကြပါစေလို့........

Tuesday, June 29, 2010

Present from my sis .. :D


ရေး....... ကန်ဒီ့ညီမ (နှင်းဆီဖြူ) ဆီက လက်ဆောင်တွေရတယ်ကွ... သူအလုပ်ရသွားလို့ ၀ယ်ပေးတာ... ညီမဆီကအချောင်ရတာပေါ့..... :D.... ecotool make up brush set ရယ်... St.Ives facial scrub ရယ်... Fasio eyeshadow palette ရယ်... ပျော်လွန်းလို့ မနေနိုင်လို့ blog ပေါ်မှာပါ လာတက်ပျော်တာ... :P
Fasio eyeshadow က ဂျပန်တံဆိပ်ဆိုတော့ လက်လက်အမှုန့်လေးတွေနဲ့ မျက်လုံးမှာ အရမ်းလက်တယ်.... ကျောင်းသွားကျောင်းလာ နေ့စဉ်အတွက်တော့ သိပ်အဆင်မပြေဘူး... ဒါပေမယ့် ပွဲလမ်းသဘင်အတွက်ဆိုရင်တော့ အရမ်းလှတယ်.... ecotool brush နဲ့ St.Ives scrub ကလိုချင်နေတာ ကြာလှပေါ့..... ကျေးဇူး sis.... ^_^အလုပ်လွယ်လွယ်နဲ့ မြန်မြန်ရလို့ရော (အမှန်အတိုင်း ပြောရရင် သူအလုပ်ရမယ့်သာရသွားတာ.. အလုပ်သေချာရှာတာလည်းမတွေ့မိဘူး... :P) ၊ နောက်ပြီး S pass လည်းမြန်မြန်ရလို့ရော Congradulation sis... အလုပ်မှာလည်းအဆင်ပြေပါစေ.... မျက်နှာက နေလောင်တာလည်းမြန်မြန်ပျောက်ပါစေ.... :) .... eyeshadow ကိုစမ်းသုံးပြီး ဓါတ်ပုံရိုက်ထားတယ်... Thanks for everything sis... he he... :D

အလွဲများ


လူတိုင်း အလွဲများနှင့် ကြုံဖူးကြမှာပါ... ကန်ဒီလည်းလူတစ်ယောက်ပဲလေ...
ငယ်ငယ်တုန်းက အမှတ်တရတစ်ခုက ခုထိအမှတ်ရနေသေးတယ်... ကန်ဒီ (၆)တန်းလောက်ကပါ... ကန်ဒီက အ.ထ.က (၂) စမ်းချောင်းကပါ... မိန်းကလေးကျောင်းပါ... ( ကြိုတင်စကားခံခြင်း... :P)..... ကန်ဒီမုန့်စားဆင်းချိန်မှာ ခုံပေါ်တက်ပြီး သူငယ်ချင်းတစ်ယောက်ကို စကားလှမ်းပြောနေတုန်း.... ကန်ဒီ့ဘေးမှာထိုင်တဲ့ ကန်ဒီ့ရဲ့ ချစ်လှစွာသော သူငယ်ချင်း ( ခုထိလည်း ပေါင်းနေသေးသော ကျေးဇူးရှင်မမ ) က ကန်ဒီ့ကို စချင်လို့ ထမီကို ဆွဲလိုက်ပါလေရော... ကန်ဒီငယ်ငယ်က စကပ်ထမီဝတ်တာများပါတယ်... သူလည်းသိပါတယ်... စကပ်ထမီဝတ်ထားတယ် ထင်လို့ဆွဲလိုက်တာ... ကန်ဒီကလည်းအဲဒီနေ့ကမှ ရိုးရိုးထမီဝတ်သွားမိပါတယ်... အရှက်က ကွဲပါလေရော..တော်ပါသေးတယ် အမှီဆွဲလိုက်နိုင်လို့... ဒါပေမယ့် ခုံပေါ်တက် ကမြင်းနေတာဆိုတော့ မြင်တဲ့လူလည်းမြင်မှာပေါ့လေ... မိန်းကလေးတွေကြီးပဲမို့ တော်သေးတယ်... ရှက်လိုက်တာ.... :blush

Singapore ရောက်ပြီးတော့ အရှက်ကွဲပုံက ဒီလို .... ကျောင်းကပြန်လာပြီး ကိုယ့်အတွေးနဲ့ကိုယ် bus ပေါ်တက်လာတာ... ဘာတွေတွေးမိနေမှန်းကို မသိဘူး.. tap လုပ်ဖို့မေ့သွားတယ်.. bus driver ကြီးက "hello.. hello" ခေါ်တာလည်းမကြားသေးဘူး.... bus ပေါ်က လူအချို့က ခေါ်မှကြားတယ်.. အဲတော့မှ tap လုပ်ဖို့ သတိရပြီး ရှက်ရှက်နဲ့ ပြန် tap လုပ်လိုက်ရတယ်... သူများတွေက မသိရင်တော့ bus အချောင်စီးချင်တယ် ထင်မှာ... :(

နောက်တစ်ခုကတော့ အရှက်လည်းကွဲ မျက်နှာလည်းငယ်ရတာပေါ့..... :( ... ကန်ဒီတို့အခု Singapore ကကျောင်းမှာပါ... practical လုပ်ဖို့ ပထမဦးဆုံးအကြိမ် lab ထဲဝင်တော့.. သူတို့သုံးတဲ့ ကိရိယာတွေက ရန်ကုန်ကနဲ့ ယှဉ်ရင် အဆင်မြင့်နေတော့... ရန်ကုန်ကျောင်းတုန်းက မသုံးဖူးခဲ့ဘူးလေ... ကြားပဲကြားဖူးခဲ့တယ်.. ကိုယ်တိုင်တွေ့လာတော့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဘူး.... pipette ဆိုတဲ့ အရည်ချိန်တဲ့ ကိရိယာတစ်ခု... အဲဒီဟာကို ရန်ကုန်မှာ သုံးဖူးတယ်.. .. ဒါပေမယ့် ရန်ကုန်ကဟာက ကိုယ်တိုင်မျက်လုံးနဲ့ 1 ml ဆို 1 ml ပြည့်မပြည့် ကြည့်ပြီး ချိန်ရတာ.. အခုသူတို့ဟာက 1 ml ဆို setting မှာ နှိပ်လိုက်... ပြီးရင်း မျက်လုံးနဲ့ ကြည့်စရာမလိုဘူး... ဘယ်လိုယူယူ 1ml ပဲပါတယ်.. လွယ်ကူလိုက်တာနော်... အဲဒီ လွယ်တာကိုမှ မှားဖြစ်အောင်မှားလို့ အစကပြန်လုပ်ခဲ့ရတယ်လေ.. ခလုတ်မှာ အဆင့် ၂ ဆင့် ရှိတယ်... ၁ဆင့်ပဲ နှိပ်ရမှာကို ၂ ဆင့်လုံး နှိပ်မိလို့လေ... သူများကိုလည်း အားနာရ... ဒါလေးတောင် မလုပ်တတ်ဘူးလား ဆိုပြီးလည်း တွေးမှာလေ... အဟင့်.. နောက်တစ်ခုက spectrophotometer ဆိုတာ... ကိုင်ကို မကိုင်ဘူးတာ.. အဲတော့ မလုပ်တတ်လို့ဆိုပြီး သူများဆီက ပြန်သင်ရတာပေါ့.. Singaporean တွေများ spectrophotometer ဆိုတာ... သူတို့နဲ့ သူငယ်ချင်းကျနေတာပဲ... ကျွမ်းလိုက်ပုံများ.... ရန်ကုန်မှာဆို အနားတောင်မကပ်ခဲ့ရဘူး.... ဈေးကြီးတယ်ဆိုပြီး ကျောင်းသားတွေကို...အဲလေ.. ကျောင်းသူတွေကို ပေးမလုပ်ဘူးလေ... (ကန်ဒီတို့နှစ် pharmacy တွင် ကျောင်းသား ၁ ယောက်သာရှိသည်)

ကန်ဒီစာမရေးဖြစ်တာကြာပြီ... ကျောင်းက report တွေနဲ့ ရှုပ်နေလို့ပါ.... ခုမှစိတ်ကူးလေးရလာလို့.... report မရေးဘဲ... blog လာရေးတာ... he he.... :P....နောက်လကုန်ဆိုလည်း exam ရှိတယ်.. အဟင့်... :(

Monday, May 24, 2010

ကန်ဒီ နှင့် 'သွား'ကျန်းမာရေး

ကန်ဒီအကြောက်ဆုံးလူတွေထဲမှာ သွားဆရာဝန်တွေက ထိပ်ဆုံးကပါ.... ဖြစ်ပုံကဒီလိုပါ... ကန်ဒီငယ်ငယ်တုန်းက သွားနုတ်ဖို့ သွားဆေးခန်းသွားပြတော့ ဆရာဝန်က နဲ့နေတဲ့ သွားမို့ ထုံဆေးလည်းမပေးဘဲ ပလာရာလိုသူတို့ ကိရိယာကြီးနဲ့ နုတ်တာကို ကြောက်ပြီး ခုချိန်ထိ မျက်စိထဲကကို မထွက်သေးဘူး..... :(.. အဲ့ဒီအချိန်ကစပြီး သွားဆေးခန်းသွားရမှာ ကြောက်တဲ့ရောဂါ စတာပါပဲ....

အဲ့လိုကြောက်တဲ့လူကိုမှ ဖြစ်လိုက်ရင်သွားရောဂါက ထိပ်ဆုံးကပါ..... ပထမဆုံး သွားနဲ့ပက်သက်ပြီး ဆိုးဆိုးရွားရွားစဖြစ်တာက ကျောက်ဖြစ်ပြီး သွားဖုံးတွေရောင်တာပါ.....သွားဖုံးတွေက အရမ်းရောင်ပြီး သွားနဲ့ သွားဖုံးက မကပ်ဘဲ ဖြစ်သွားတာပါ.....နည်းနည်းပါးပါးကျောက်ဆို ခြစ်လိုက်ရင် သွားဖုံးကပြန်ကပ်သွားပြီး အဆင်ပြေသွားမှာပါ.... ဒါပေမယ့် သွားဆေးခန်းကို ကြောက်တဲ့ ကန်ဒီ့အတွက်ကတော့ ကြီးကြီးကျယ်ကျယ်ကို ဖြစ်သွားတာပါ..... ကျောက်ခြစ်ပြီးတာတောင် သွားဖုံးကသွားနဲ့ မကပ်တော့ဘူးလေ... သွားဖုံးက fiber တွေကထူပြီး ပြန်မကပ်နိုင်ဖြစ်နေပြီ..... အဲဒါနဲ့ သွားဆရာဝန်က minor surgery လုပ်ရမယ်တဲ့.... fiber တက်နေတဲ့သွားဖုံးတွေကို ထုံဆေးပေးပြီး လှီးထုတ်ရပါတယ်.... ပထမဆုံး ခွဲစိတ်မှုပါ..... အဲဒီအချိန်ကစပြီး ကန်ဒီသွားဆေးခန်း တစ်နှစ်တစ်ခါတော့ အမြဲသွားပါတယ်..... မသွားလို့ ခံစားရတာက ပိုဆိုးလို့လေ..... :(

နောက်တစ်ကြိမ်ကတော့ ခုနကထက်ပိုဆိုးပါတယ်... ခုနကခွဲစိတ်မှုက သွားဆေးခန်းမှာပဲ လုပ်တာပါ... ဒီတခေါက်က ဆေးရုံပါ (၃)ရက်တက်လိုက်ရပါတယ်.... အကြောင်းကတော့ ကန်ဒီ့ရဲ့အောက်အံဆုံးသွား (၂)ချောင်းက စောင်းပေါက်နေလို့ပါ.... အဲ့ဒါနဲ့ ဆရာဝန်က တစ်ခါတည်း အပေါ်အံဆုံးသွားပါ နုတ်ဆိုလို့ အံဆုံးသွား (၄)ချောင်းကို နုတ်ရတော့တာပါပဲ... အံသွားအမြစ်တွေက အာရုံကြောနဲ့ မလွတ်လို့ဆိုပြီး မေ့ဆေးနဲ့ နုတ်ရလို့ ဆေးရုံ (၃) ရက်တက်လိုက်ရတာပါ.... အဲဒီ့ ဆေးရုံမတက်ခင် အချိန်အထိ ကန်ဒီဆေးတခါမှ မထိုးဖူးပါဘူး.... ဆေးရုံတက်မှ ထိုးလိုက်ရတဲ့ ဆေးတွေဆိုတာ အီစိမ့်နေတာပဲ... antibiotics တွေထိုးရင် ပိုဆိုးတယ်..... တဆစ်ဆစ်နဲ့ လက်မောင်းပေါ်တက်လာတာ.... တော်တော်ခံစားလိုက်ရပါတယ်.... :(

ဒီ post လေးကိုရေးရတဲ့ ရည်ရွယ်ချက်ကတော့ ကန်ဒီ့လိုကျောက်မခြစ်လို့ သွားဖုံးကfiberတွေထူပြီး ခွဲစိတ်ရတဲ့အထိ မဖြစ်အောင် မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်တဲ့အနေနဲ့ သွားဆေးခန်းကို တစ်နှစ်တစ်ကြိမ် (သို့) တစ်နှစ်ခွဲတစ်ကြိမ်တော့ ပုံမှန်သွားကြပါလို့.... နောက်ပြီး သွားကြားသန့်ရှင်းရေးလုပ်တဲ့ tape လေးတွေလည်း (၃)ရက်ခြားတစ်ခါဖြစ်ဖြစ် တစ်ပတ်တစ်ခါဖြစ်ဖြစ် သုံးကြပါလို့ တိုက်တွန်းချင်လို့ပါ.... (သွားကြားထဲမှာ သွားတိုက်လို့မစင်တဲ့ အညစ်အကြေးတွေ ကျန်နေနိုင်လို့ပါ... သွားကျောက်ဖြစ်စေတဲ့ အစပေါ့..)
Good luck... ^_^

Wednesday, May 12, 2010

Design my nail to a minnie mouse.... :)

ကန်ဒီ ဒီနေ့ cute nail art လေးတွေတင်တဲ့ you tube channel တစ်ခုကို share လုပ်ချင်လို့ပါ......
http://www.youtube.com/user/cutepolish ပါ.....
အဲဒီ့ Channel မှာ nail art တွေပဲ တင်ထားတာပါ... cute cute လေးတွေ နှစ်သက်တဲ့ သူငယ်ချင်းတွေ သွားကြည့်နိုင်အောင်လို့ပေါ့.... ကန်ဒီလည်း သူ့tutorial ထဲက ကန်ဒီအကြိုက်ဆုံး minnie mouse လေးကို ကြိုးစားပန်းစား try ကြည့်ထားတယ်... ^__^

Wednesday, May 5, 2010

Neutrogena Hydro Boost set


ဒီနေ့တော့.... ကန်ဒီ skin care set လေးအကြောင်း ပြောပြချင်ပါတယ်... Neutrogena Hydro Boost set လေးပါ....ကန်ဒီ(၄)မျိုး သုံးကြည့်နေတာပါ... ကန်ဒီကြိုက်တာလေးတွေလည်းရှိသလို မကြိုက်တာလေးတွေလည်း ရှိပါတယ်...သူငယ်ချင်းတို့ သုံးကြည့်ချင်ရင်ရအောင် ကန်ဒီ့အတွေ့အကြုံလေးကို မျှဝေရုံပါ... :)

Neutrogena Hydro Boost water gel (My Favourite)

ကန်ဒီ အကြိုက်ဆုံး moisturizer ပါ.... Gel type မို့လို့ ရေပါဝင်မှု ပမာဏက cream တွေထက်ပိုများတယ်လေ....အဆီပြန်သလိုဖြစ်မနေဘဲ လိမ်းပြီးတာနဲ့ အသားထဲကို စိမ့်ဝင်လွယ်တယ်....လိမ်းပြီးရင် လိမ်းထားမှန်းတောင် မသိသာဘဲ ချက်ချင်းစိမ့်ဝင်သွားတယ်..... dry skin အတွက်ပဲဖြစ်ဖြစ်... ကန်ဒီ့လို oily combination skin အတွက်ပဲ ဖြစ်ဖြစ် အဆင်ပြေပါတယ်....

Neutrogena Hydro Boost essence

ဒါလေးကလည်း moisturizer လေးပါပဲ... cream type တော့ မဟုတ်ဘူး.... စေးကပ်ကပ်လည်းမဖြစ်ဘူး... ဒါပေမယ့် water gel နဲ့ယှဉ်ရင် လိမ်းပြီးရင် အဆီနည်းနည်းပြန်နေသလိုပဲ... အရမ်းသိသိသာသာကြီးတော့မဟုတ်ပါဘူး.... dry skin အတွက်ပိုအဆင်ပြေပါတယ်... ကန်ဒီတို့လို oily combination skin အတွက်တော့ သိပ်အဆင်မပြေပါဘူး.... :)

Neutrogena Hydro Boost clear lotion

Clear lotion ကတော့ Toner သဘောမျိုးပါ... လိမ်းပြီးရင် တင်းသွားပြီး pores တွေကို ကျုံ့စေပါတယ်... နည်းနည်းတော့ strong ဖြစ်တယ်... sensitive skin ပိုင်ရှင်တွေ အတွက်တော့ လိမ်းပြီးရင် နည်းနည်းယားသလို ခံစားရတယ်... ဒါပေမယ့် မနေနိုင်လောက်အောင် ဖြစ်တာတော့ မဟုတ်ပါဘူး... တော်တော်များများအတွက် အဆင်ပြေမှာပါ...

Neutrogena Hydro Boost mousse cleanser

Mousse cleanser ကတော့ ဗူးထဲကနေ pump လုပ်လိုက်ရင် mousse ပုံစံထွက်လာပေမယ့် facial foam လိုအမြှပ်မထွက်ပါဘူး.... မျက်နှာသစ်ပြီးရင် soft ဖြစ်ပြီး moisturizer လိမ်းထားသလို ခံစားရတယ်... Cetaphil လိုပုံစံပါ (Cetaphil သုံးဖူးသူများ သိမှာပါ).... ^_^

နိဂုံးချုပ်ရရင်.... ကန်ဒီကတော့ water gel ကိုအကြိုက်ဆုံးပါ....... ကျန်တာကတော့ အဲလောက်ကြီး ကြိုက်တယ်လည်း မဟုတ်ပါဘူး.... ပုံမှန်ပါဘဲ.... Neutrogena Hydro Boost set
ကပဲ mask ရှိပါသေးတယ်.... ကန်ဒီကိုယ်တိုင်လည်း မသုံးဘူးသေးပါဘူး.... သုံးကြည့်ပြီးမှ ပြောပြမယ်နော်... Bye.... :)

Thursday, April 22, 2010

ဆေးဝါးများနှင့် အယူအမှားများ

(၁) Paracetamol နှင့် Biogesic

ကန်ဒီတွေ့ဖူးတဲ့ လူအများစုက ဖျားရင် Paracetamol နဲ့ Biogesic ဘာသောက်မလဲ မေးရင် Biogesic ပဲသောက်မယ် Biogesic ကပိုကောင်းတယ်... အဲလို အမြဲပြောတာ ကြားဖူးပါတယ်။ တကယ်တော့ Paracetamol နဲ့ Biogesic ကအတူတူပါပဲ.. သိတဲ့လူရှိသလို မသိတဲ့လူများလည်းရှိလို့ပါ။ Paracetamol ဆိုတာ ဆေးနာမည် (generic name) ဖြစ်ပြီး Biogesic ဆိုတာက company နာမည် (Brand name)ပါ။ ဆိုလိုတာက Biogesic ရဲ့အဓိက ပါဝင်ပစ္စည်း (active ingredient) က Paracetamol ဖြစ်ပါတယ်။ Biogesic မှ မဟုတ်ပါဘူး၊ တခြား Paracetamol ပါဝင်တဲ့ brand တွေအများကြီးရှိပါတယ်။ ဆေးတစ်ခု ဈေးကွက်တွင်းကိုရောက်ဖို့ "အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန"ကို ပို့ရပြီး လိုအပ်တဲ့ စံချိန်စံညွှန်းနဲ့ကိုက်ညီမှ ဖြန့်ချီခွင့် ရှိပါတယ်။ ဥပမာ − Paracetamol တစ်ခုအတွက် 100 mg active ingredients ပါရမယ်ဆိုရင် အဲ့ဒီပမာဏမပါဘဲ ဈေးကွက်ထဲ ရောင်းချခွင့် မရှိပါဘူး။ အဲ့ဒါကြောင့် Paracetamol ကို 100 mg active ingredients မပါဘဲရောင်းချခွင့် မရှိသလို Biogesic ကိုလည်း 100mg active ingredients မပါဘဲ ရောင်းချခွင့်မရှိပါဘူး။ (သို့သော် mg မတူလျှင်တော့ အာနိသင်ခြင်းမတူနိုင်ပါ) Biogesic က ရိုးရိုး Paracetamol ထက်ဈေးကြီးရတာကတော့ Companyရဲ့ brand name ကြောင့်ပါ။ နောက်ပြီး အရောင်လှဖို့ထည့်ရတဲ့ အပိုပစ္စည်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဘယ်သူမဆို အရောင်လေးနဲ့ ဆွဲဆောင်မှုရှိတာကို ကြိုက်ကြတာမလား... အဲ့တော့မှ ဆေးကပိုရောင်းကောင်းမှာလေ။

(၂) အစာ နှင့် ဆေး
ကန်ဒီကိုယ်တိုင်ငယ်ငယ်တုန်းကတည်းက စွဲနေတဲ့ ဖျားရင်အမေပြောနေကျ စကားလေးရှိပါတယ်။ "အစာလေးစားပြီးမှ ဆေးသောက်လေ၊ ဆေးဒဏ်မခံနိုင်ဘဲ နေမယ်" ဆိုတဲ့ စကားလေး။ ကန်ဒီကိုယ်တိုင် University of Pharmacy မတက်ခင်အထိ ဘယ်ဆေးသောက်သောက် အစာနဲ့ သောက်မှကောင်းတယ် လို့ ထင်ခဲ့ပါတယ်။ နောက်ပိုင်းမှ စာသင်ရင်းသိလာရတာက ဆေးတိုင်းအစာနဲ့သောက်လို့မရဘူးဆိုတာပါပဲ။ Antibiotics လိုဆေးမျိုးဆိုလျှင် အစာနှင့် သောက်လျှင် ဆေးအာနိသင် လျော့ကျတတ်ပါတယ်။ ဘာလို့လည်းဆိုတော့ အစာရှိလျှင် အူနံရံမှ ဆေးကိုစုပ်ယူမှုအား လျော့ကျစေတာကြောင့်ပါ။ အဲ့ဒါကြောင့်Antibiotics လိုဆေးမျိုးဟာ အစာနှင့် ဝေးဝေးသောက်နိုင်မှ ကောင်းပါတယ်။ ဆီးချို /သွေးချိုဆေးမျိုးဆိုရင်တော့ အစာနှင့် တွဲသောက်ရပါတယ်။ အဲ့တော့မှ အစာကြောင့်တက်လာတဲ့ သွေးထဲကသကြားပမာဏကို လျော့ချနိုင်မှာလေ။

(၃) Antibiotics များ

ကန်ဒီတို့ ရွှေမြန်မာပြည်မှာ Antibiotics တွေကို အလွယ်တကူဝယ်လို့ရနေတာ တော်တော်ဆိုးပါတယ်။ တုတ်ကွေးရာသီရောက်ပြီဆိုရင် ဆေးဆိုင် (သို့) ကွမ်းယာဆိုင်မှာ ဆေးသွားဝယ်ရင် ပလစ်စတစ်အိတ်အကြည်ရောင်လေးနဲ့ ဆေးရောင်စုံထုပ်ထားတဲ့ အိတ်ကလေးကိုရောင်းလိုက်ပါလိမ့်မယ်။ အဲ့လိုဆေးထုပ်မျိုး (၃) ထုပ်လောက်ကို သောက်ဖို့ညွှန်ကြားပါလိမ့်မယ်။ အဲ့ဒီဆေးအိတ်ထဲမှာ Paracetamol ၊နှာစေး ချောင်းဆိုးပျောက်ဆေး၊ အကိုက်အခဲပျောက်ဆေး နှင့် Antibiotics တစ်လုံး ပါပါတယ်။ အဲ့လိုဆေးအိတ်မျိုး (၃) ထုပ်လောက်သောက်ပြီးလို့ လူကအဖျားကျပြီး နေသာထိုင်သာရှိသွားရင် ဘယ်သူမှ ဆေးထပ်သောက်မှာမဟုတ်တော့ပါဘူး။ တခြားဆေးတွေကို ရပ်လိုက်လို့ ပြဿနာမရှိပါဘူး။ ဒါပေမယ့် Antibiotics က ရပ်လို့မရပါဘူး။ ဆေးပတ်လည်အောင်သောက်ရပါတယ်။ အဲ့လိုမသောက်ရင် ဆေးယဉ်သွားပြီး နောက်တစ်ခါဖြစ်ရင် သူ့ထက်အဆင့်မြင့်(ပိုပြင်းသော၊ ဘေးထွက်ဆိုးကျိုးပိုများသော) ဆေးကို သောက်ရပါလိမ့်မယ်။ Antiobiotics တော်တော်များများဟာ ဆေးအမျိုးအစား အလိုက် တနေ့(၃) ကြိမ် (သို့) (၄) ကြိမ် သောက်ရပြီး အနည်းဆုံး (၃) ရက်သောက်ရပါတယ်။

နောက်ပြီးဖျားတိုင်း Antibiotics သောက်ဖို့မလိုပါဘူး။ တစ်ချို့က (၂)ရက်လောက်ဖျားတာနဲ့ Antibiotics သောက်နေကြပါတယ်။ ရိုးရိုးဖျားတာလည်းဖြစ်နိုင်ပါတယ်။ ရောဂါပိုးကြောင့်ဖျားမှ Antibiotics (ပိုးသတ်ဆေး) သောက်ဖို့လိုပါတယ်။ ဆေးဆိုတာ သောက်တိုင်းလည်းမကောင်းပါဘူး။ Antibiotics လိုဆေးမျိုးကို အကောင်းဆုံးကတော့ ဆရာဝန်ညွှန်ကြားမှ သောက်တာ အကောင်းဆုံးပါ။ ကိုယ့်ဟာကိုယ်သောက်မယ်ဆိုရင်လည်း ဆေးပတ်လည်အောင် အနည်းဆုံး(၃)ရက်တော့ သောက်ကြပါလို့။

(၄) Metronidazole နှင့် အရက်

သွားနုတ်ပြီးလို့ ဆရာဝန်ဆေးပေးခဲ့ရင် metronidazole (သို့) paracetamol ဖြစ်နိုင်ပါတယ်။ Metronidazole ဆိုတာ antibiotics တစ်မျိုးဖြစ်ပြီး သွားနုတ်ထားတဲ့ နေရာကိုပိုးမ၀င်အောင် ပေးတာပါ။ အဲ့လိုပေးခဲ့ရင် အရက်မသောက်ပါနဲ့။ metronidazole က အရက်နဲ့ မတည့်လို့ပါ။

ကန်ဒီသိသမျှ အဖြစ်များတဲ့ ဆေးအမှားလေးတွေပါ။ ကန်ဒီလည်းလေ့လာနေဆဲမို့ အမှားများပါခဲ့လျှင် ထောက်ပြပါလို့..... Thz all..... ^_^

Thursday, April 15, 2010

ကြေးခွက်ပန်းကန်လေးတွေ ဘယ်လိုဆေးမလဲ...


ဘုရားသောက်တော်ရေကပ်သော ကြေးခွက်/ ကြေးပန်းကန်လေးများသည် ဆပ်ပြာနှင့် ဆေးလို့ မပြောင်တာ အားလုံးသိကြမှာပါ။ ဒါဆို ဘယ်လိုဆေးကြမလဲ.. :D....ဘာမှမခက်ပါဘူး.... လူသိများတဲ့ နည်းလမ်းလေးတစ်ခုကို share လုပ်ချင်လို့ပါ ( မသိသေးတဲ့ လူများအတွက်ပေါ့) .. ကန်ဒီနဲ့ တူတူဆေးကြည့်ကြမယ်လေ.. ပြောင်မလားလို့... ^__^



လိုအပ်သော အရာများ

(၁) မန်ကျည်းသီးခြောက်
(၂) သံပရာသီး (optional)
(၃) ရေနွေး

ဆေးကြောပုံ အဆင့်ဆင့်

မန်ကျည်းသီးကို ရေနွေးဖြင့် စိမ်ပါ။ မန်ကျည်းသီး ရေနွေးထဲတွင် ပျော်သွားပါက မိမိဆေးလိုသော ကြေးခွက်ကို ထိုမန်ကျည်းရည်ထဲတွင် စိမ်ထားပါ။ ၁ နာရီလောက် စိမ်ပြီးလျှင် မန်ကျည်းနှစ်ဖြင့် ကြေးခွက်ကို ဆေးပါ။ သိသိသာသာ ကြေးခွက်အရောင်ထွက်လာသည်ကို တွေ့ရမည်။ ပိုမိုတောက်ပြောင်လိုပါက သံပရာသီး ထည့်နိုင်ပါသည်။ အလွန်လွယ်ကူသော နည်းလေးမို့ စမ်းကြည့်ကြပါလို့... :D

မှတ်ချက်။ ။ မန်ကျည်းရည်ထဲကို သံပရာရည်ညှစ်ပြီးမှဆေးရင် ပိုထိရောက်ပါတယ်။

Wednesday, April 14, 2010

ဝက်ခြံအကြောင်းပြောရအောင်...^_^

ဝက်ခြံဆိုတာက အရေပြားပေါ်ရှိ အဆီနှင့် cell အသေတွေ ပေါင်းစပ်ပြီး မျက်နှာအရေပြားပေါ်ရှိ အပေါက်ငယ်လေးတွေ ပိတ်ဆို့ရာက ဖြစ်ရတာပါ။

ဝက်ခြံဖြစ်ရခြင်း အဓိကအကြောင်းရင်းများ
(၁) မွေးရာပါ genes ကြောင့်ဖြစ်ခြင်း
(၂) မိတ်ကပ်များ မစင်ခြင်းကြောင့်ဖြစ်ခြင်း
(၃) အသက်အရွယ်ကြောင့် ဖြစ်ခြင်း
(၄) စိတ်ဖိစီးမှုကြောင့် ဖြစ်ခြင်း
(၅) အစားအစာကြောင့် ဖြစ်ခြင်း
(၆) အိပ်ရေးမ၀ခြင်း

(၁) မွေးရာပါ genes ကြောင့်ဖြစ်ခြင်း
တချို့လူတွေမှာ ၀က်ခြံခဏခဏပေါက်လေ့ရှိပြီး တချို့လူတွေကျတော့ ၀က်ခြံအနည်းငယ်သာ ပေါက်လေ့ရှိတာကို ကြည့်ခြင်းအားဖြင့် ၀က်ခြံပေါက်ခြင်းဟာ မွေးရာပါ genes နှင့် သက်ဆိုင်တယ်ဆိုတာ သိသာပါတယ်။ မွေးရာပါ genes ဆိုတာကလည်း ပြင်လို့မရလေတော့ အမှန်တရားကို ပျော်ရွှင်စွာ လက်ခံလိုက်ပါနော်။ အဆီပြန်သောအသားအရေ (oily skin) ပိုင်ဆိုင်သူကို ခြောက်သွေ့သောအသားအရေပိုင်ဆိုင်သူ (dry skin) ဖြစ်လာအောင် လုပ်လို့လည်း မရဘူးလေ။ တခုရှိတာက တချို့လူတွေမှာ အသက်အရွယ်အလိုက် အသားအရေ ပြောင်းလဲတတ်ပါတယ်။

(၂) မိတ်ကပ်များ မစင်ခြင်းကြောင့် ဖြစ်ခြင်း
လိမ်းထားတဲ့မိတ်ကပ်တွေ မဖျက်မိဘဲ အိပ်ရာဝင်မိတာက မိန်းကလေးအများစု ဖြစ်လေ့ရှိတဲ့ အလေ့အထတစ်ခုလေ။ သန့်စင်မှုမရှိတဲ့ မျက်နှာပေါ်က မမြင်နိုင်တဲ့ အပေါက်ငယ်လေးတွေ ပိတ်... bacteriaတွေ ပေါက်ဖွားပြီး ၀က်ခြံဖြစ်ရပါတယ်။ ဒါကြောင့် အိပ်ရာမ၀င်ခင် မျက်နှာသစ်ဖို့မမေ့နဲ့နော်။

(၃) အသက်အရွယ်ကြောင့် ဖြစ်ခြင်း
အပျိုဖော်/ လူပျိုဖော်ဝင်စအချိန်ဆိုတာ ၀က်ခြံအဓိကပေါက်တဲ့ အသက်အပိုင်းအခြား တစ်ခုပါ။ အဲ့ဒီအချိန်မှာ ၀က်ခြံပေါက်တယ်ဆိုတာ hormones အပြောင်းအလဲဖြစ်လို့ပါ။ ဒါပေမယ့် အသက်(၂၀) ကျော်နောက်ပိုင်းမှာ ၀က်ခြံတွေ သိသိသာသာလျော့နည်းသွားတတ်ပါတယ်။


(၄) စိတ်ဖိစီးမှုကြောင့် ဖြစ်ခြင်း

အလုပ်ကြောင့်ဖြစ်ဖြစ်.. ကျောင်းစာတွေကြောင့်ဖြစ်ဖြစ် ဖြစ်ပေါ်လာတဲ့ စိတ်ဖိစီးမှုတွေကြောင့်လည်း ၀က်ခြံပေါက်တတ်ပါတယ်။ တနည်းအားဖြင့် စိတ်ဖိစီးမှုက ဟော်မုန်းပြောင်းလဲမှုနဲ့လည်း ဆက်နွယ်နေပါတယ်။ ဒါကြောင့် စိတ်ကိုအတတ်နိုင်ဆုံးပေါ့ပေါ့ပါးပါးထားပါ။

(၅) အစားအစာကြောင့် ဖြစ်ခြင်း
အပူစာကြောင့်လည်း ၀က်ခြံအဓိက ဖြစ်စေပါတယ်။ အပူစာ ဆိုတာ... ဒူးရင်းသီး၊ သရက်သီး၊ ငရုတ်သီးတို့ပါ။ မစားရဘူးလို့ ပြောတာမဟုတ်ပါဘူး.. လျော့စားဖို့ပြောတာပါ။

(၆) အိပ်ရေးမ၀ခြင်း
အိပ်ရေး၀၀အိပ်ဖို့ အလွန်အရေးကြီးပါတယ်။ အိပ်ရေးမ၀ရင် ၀က်ခြံပိုပေါက်တတ်ပါတယ်။ အနည်းဆုံး တနေ့(၇) နာရီ တော့ အိပ်ပါနော်။

ဆောင်ရန်နှင့် ရှောင်ရန်

(၁) အိပ်ရာမ၀င်ခင် မျက်နှာသန့်စင်ပြီးမှ အိပ်ပါ။
(၂) စိတ်ဖိစီးမှုကို လျော့ချပါ။ ပျော်ရွှင်စွာ နေပါ။
(၃) အပူစာများ လျော့စားပါ။ အလွန်အကျွံစားမိလျှင် ရေ၀အောင်ချိုးပါ။
(၄) အိပ်ရေးဝအောင် အိပ်ပါ။
(၆) ရေများများ သောက်ပါ။ ၀မ်းမချုပ်ပါစေနှင့်။
(၅) ၀က်ခြံကို မကုပ်ပါနဲ့။ ညှစ်မိရင်လည်း အဆံ (အမျှစ်) ပါအောင် ညှစ်ပါ။ အဆံမပါရင် မပျောက်ဘဲ ထပ်ပေါက်တတ်ပါတယ်။ သန့်စင်သောလက်ကိုသာ အသုံးပြုပါ။

အသုံးပြုနိုင်သော အရာများ

(၁) ဆားဝက်ခြံ (blackhead)
ဆားဝက်ခြံအတွက်ကတော့ နှာခေါင်းမှာ ကပ်ရတဲ့ pore pack ကို အသုံးပြုနိုင်ပါတယ်။ တစ်ပတ် တစ်ကြိမ် (သို့မဟုတ်) နှစ်ပတ် တစ်ကြိမ် အသုံးပြုနိုင်ပါတယ်။ ဆားဝက်ခြံကို ဒီအတိုင်းမထားပါနဲ့။ နှာခေါင်းမှာ ဆားဝက်ခြံတွေရှိရင်လည်း မည်းပြီးကြည့်မကောင်းဘူးလေ။ နောက်ပြီး ဒီအတိုင်းထားရင် အဆီခဲကနေတစ်ဆင့် ပြည်ဖြစ်ပြီး ၀က်ခြံပေါက်.. နောက်ဆုံး အမာရွတ်ပါကျန်နိုင်ပါတယ်။
ဒါ ကန်ဒီသုံးတဲ့pore pack ပါ။ မသုံးခင် နှာခေါင်းကိုရေစွတ်ပြီး ခြောက်သွေ့တဲ့လက်နဲ့ နှာခေါင်းမှာ ကပ်ပါ။ ၁၅ မိနစ် (သို့မဟုတ်) မိမိနှာခေါင်းခြောက်ပြီဟု ခံစားရလျှင် ဖြည်းဖြည်းချင်း ခွာပါ။ အစွန်းနှစ်ဖက်မှ စခွာပါ။ ယောကျာ်းလေးများလည်း သုံးသင့်ပါတယ်။

(၂) ရိုးရိုးဝက်ခြံများ ပေါက်လျှင်
ရိုးရိုးဝက်ခြံပေါက်ရင် acne patch ကို အသုံးပြုနိုင်ပါတယ်။ ကုပ်မိ/ ညှစ်မိတာကြောင့် ဖြစ်ဖြစ် သူ့ဟာသူ ပေါက်သွားသောကြောင့်ဖြစ်ဖြစ် အရည်ကြည်/သွေးထွက်လာရင် အသုံးပြုနိုင်ပါတယ်။ acne patch ဆိုတာ ၀က်ခြံအတွင်းမှာရှိ ပြည်နဲ့အရည်တွေ စုပ်ယူဖို့သုံးရတာပါ။ အဲ့လို စုပ်ယူလိုက်လို့ ၀က်ခြံမြန်မြန်ပျောက်ပြီး အမာရွတ်ကြီးကြီး ဖြစ်ခြင်းကို ကာကွယ်ပေးတယ်လေ။
အသုံးပြုပြီး acne patch ပါ။ အလယ်ရှိ အဖြူလေးက ၀က်ခြံတွင်းရှိ အရည်များ စုပ်ယူထားတာပါ။ (ဓာတ်ပုံ နည်းနည်းဝါး သွားတယ်... sorry... :P)

(၃) သွားတိုက်ဆေး (toothpaste)
ဝက်ခြံပေါက်တဲ့နေရာကို သွားတိုက်ဆေး အုံပေးရင် ရောင်ရမ်းခြင်းကို သက်သာစေတယ်လို့ ကြားဖူးပါတယ်။ ကိုယ်တိုင်တော့ မလုပ်ဖူးပါဘူး။ gel type သွားတိုက်ဆေးမဟုတ်ဘဲ paste type ကိုသာ အသုံးပြုနိုင်ပါတယ်။

လမ်းညွှန်မှု

ဝက်ခြံအရမ်းဆိုးလာရင် ဆေးခန်းပြပါ။ ဒီအတိုင်းမနေပါနဲ့။ ဆေးခန်းကောင်း တစ်ခုကို ကန်ဒီလမ်းညွှန်ပေးမယ်နော်။ ကန်ဒီကိုယ်တိုင်လည်းသွားဖူးပြီး ပျောက်ဖူးပါတယ်။ English နှင့် Myanmarဆေး ပေါင်းစပ်ကုတာပါ။ ဆေးခန်းနာမည်မှာ
"သီဟသိဒ္ဓိ" ပါ။ နေ့လည် (၂)နာရီမှ စဖွင့်ပြီး ဆေးခန်းလိပ်စာကတော့ အမှတ်(၁၀၅)၊ အနောက်မြင်းပြိုင်ကွင်းလမ်း၊ ဦးချစ်မောင်လမ်းအနီး၊ ဗဟန်းမြို့နယ် ဖြစ်ပါတယ်။ Aroma shopping center နှင့် ဓနုဖြူ ဒေါ်စောရီ ထမင်းဆိုင်ကြား မျက်နှာချင်းဆိုင် လောက်မှာပါ။ ၀က်ခြံအရမ်းဆိုးရွားရင် ရန်ကုန်ရောက်ရင် သွားဖြစ်အောင် သွားလိုက်ပါ။ ၀က်ခြံမှ မဟုတ်ပါဘူး၊ ဘယ်အရေပြားရောဂါမဆိုပြနိုင်ပါတယ်။ အရေပြားနှင့်ဆိုင်တော့ ကြာကြာတော့ပြရပါတယ်။ စိတ်ရှည်ဖို့တော့ လိုပါတယ်။ ပျောက်တာတော့ တကယ်ပျောက်တာပါ.... ^_^

Good Luck....