Wednesday, April 14, 2010

ဝက်ခြံအကြောင်းပြောရအောင်...^_^

ဝက်ခြံဆိုတာက အရေပြားပေါ်ရှိ အဆီနှင့် cell အသေတွေ ပေါင်းစပ်ပြီး မျက်နှာအရေပြားပေါ်ရှိ အပေါက်ငယ်လေးတွေ ပိတ်ဆို့ရာက ဖြစ်ရတာပါ။

ဝက်ခြံဖြစ်ရခြင်း အဓိကအကြောင်းရင်းများ
(၁) မွေးရာပါ genes ကြောင့်ဖြစ်ခြင်း
(၂) မိတ်ကပ်များ မစင်ခြင်းကြောင့်ဖြစ်ခြင်း
(၃) အသက်အရွယ်ကြောင့် ဖြစ်ခြင်း
(၄) စိတ်ဖိစီးမှုကြောင့် ဖြစ်ခြင်း
(၅) အစားအစာကြောင့် ဖြစ်ခြင်း
(၆) အိပ်ရေးမ၀ခြင်း

(၁) မွေးရာပါ genes ကြောင့်ဖြစ်ခြင်း
တချို့လူတွေမှာ ၀က်ခြံခဏခဏပေါက်လေ့ရှိပြီး တချို့လူတွေကျတော့ ၀က်ခြံအနည်းငယ်သာ ပေါက်လေ့ရှိတာကို ကြည့်ခြင်းအားဖြင့် ၀က်ခြံပေါက်ခြင်းဟာ မွေးရာပါ genes နှင့် သက်ဆိုင်တယ်ဆိုတာ သိသာပါတယ်။ မွေးရာပါ genes ဆိုတာကလည်း ပြင်လို့မရလေတော့ အမှန်တရားကို ပျော်ရွှင်စွာ လက်ခံလိုက်ပါနော်။ အဆီပြန်သောအသားအရေ (oily skin) ပိုင်ဆိုင်သူကို ခြောက်သွေ့သောအသားအရေပိုင်ဆိုင်သူ (dry skin) ဖြစ်လာအောင် လုပ်လို့လည်း မရဘူးလေ။ တခုရှိတာက တချို့လူတွေမှာ အသက်အရွယ်အလိုက် အသားအရေ ပြောင်းလဲတတ်ပါတယ်။

(၂) မိတ်ကပ်များ မစင်ခြင်းကြောင့် ဖြစ်ခြင်း
လိမ်းထားတဲ့မိတ်ကပ်တွေ မဖျက်မိဘဲ အိပ်ရာဝင်မိတာက မိန်းကလေးအများစု ဖြစ်လေ့ရှိတဲ့ အလေ့အထတစ်ခုလေ။ သန့်စင်မှုမရှိတဲ့ မျက်နှာပေါ်က မမြင်နိုင်တဲ့ အပေါက်ငယ်လေးတွေ ပိတ်... bacteriaတွေ ပေါက်ဖွားပြီး ၀က်ခြံဖြစ်ရပါတယ်။ ဒါကြောင့် အိပ်ရာမ၀င်ခင် မျက်နှာသစ်ဖို့မမေ့နဲ့နော်။

(၃) အသက်အရွယ်ကြောင့် ဖြစ်ခြင်း
အပျိုဖော်/ လူပျိုဖော်ဝင်စအချိန်ဆိုတာ ၀က်ခြံအဓိကပေါက်တဲ့ အသက်အပိုင်းအခြား တစ်ခုပါ။ အဲ့ဒီအချိန်မှာ ၀က်ခြံပေါက်တယ်ဆိုတာ hormones အပြောင်းအလဲဖြစ်လို့ပါ။ ဒါပေမယ့် အသက်(၂၀) ကျော်နောက်ပိုင်းမှာ ၀က်ခြံတွေ သိသိသာသာလျော့နည်းသွားတတ်ပါတယ်။


(၄) စိတ်ဖိစီးမှုကြောင့် ဖြစ်ခြင်း

အလုပ်ကြောင့်ဖြစ်ဖြစ်.. ကျောင်းစာတွေကြောင့်ဖြစ်ဖြစ် ဖြစ်ပေါ်လာတဲ့ စိတ်ဖိစီးမှုတွေကြောင့်လည်း ၀က်ခြံပေါက်တတ်ပါတယ်။ တနည်းအားဖြင့် စိတ်ဖိစီးမှုက ဟော်မုန်းပြောင်းလဲမှုနဲ့လည်း ဆက်နွယ်နေပါတယ်။ ဒါကြောင့် စိတ်ကိုအတတ်နိုင်ဆုံးပေါ့ပေါ့ပါးပါးထားပါ။

(၅) အစားအစာကြောင့် ဖြစ်ခြင်း
အပူစာကြောင့်လည်း ၀က်ခြံအဓိက ဖြစ်စေပါတယ်။ အပူစာ ဆိုတာ... ဒူးရင်းသီး၊ သရက်သီး၊ ငရုတ်သီးတို့ပါ။ မစားရဘူးလို့ ပြောတာမဟုတ်ပါဘူး.. လျော့စားဖို့ပြောတာပါ။

(၆) အိပ်ရေးမ၀ခြင်း
အိပ်ရေး၀၀အိပ်ဖို့ အလွန်အရေးကြီးပါတယ်။ အိပ်ရေးမ၀ရင် ၀က်ခြံပိုပေါက်တတ်ပါတယ်။ အနည်းဆုံး တနေ့(၇) နာရီ တော့ အိပ်ပါနော်။

ဆောင်ရန်နှင့် ရှောင်ရန်

(၁) အိပ်ရာမ၀င်ခင် မျက်နှာသန့်စင်ပြီးမှ အိပ်ပါ။
(၂) စိတ်ဖိစီးမှုကို လျော့ချပါ။ ပျော်ရွှင်စွာ နေပါ။
(၃) အပူစာများ လျော့စားပါ။ အလွန်အကျွံစားမိလျှင် ရေ၀အောင်ချိုးပါ။
(၄) အိပ်ရေးဝအောင် အိပ်ပါ။
(၆) ရေများများ သောက်ပါ။ ၀မ်းမချုပ်ပါစေနှင့်။
(၅) ၀က်ခြံကို မကုပ်ပါနဲ့။ ညှစ်မိရင်လည်း အဆံ (အမျှစ်) ပါအောင် ညှစ်ပါ။ အဆံမပါရင် မပျောက်ဘဲ ထပ်ပေါက်တတ်ပါတယ်။ သန့်စင်သောလက်ကိုသာ အသုံးပြုပါ။

အသုံးပြုနိုင်သော အရာများ

(၁) ဆားဝက်ခြံ (blackhead)
ဆားဝက်ခြံအတွက်ကတော့ နှာခေါင်းမှာ ကပ်ရတဲ့ pore pack ကို အသုံးပြုနိုင်ပါတယ်။ တစ်ပတ် တစ်ကြိမ် (သို့မဟုတ်) နှစ်ပတ် တစ်ကြိမ် အသုံးပြုနိုင်ပါတယ်။ ဆားဝက်ခြံကို ဒီအတိုင်းမထားပါနဲ့။ နှာခေါင်းမှာ ဆားဝက်ခြံတွေရှိရင်လည်း မည်းပြီးကြည့်မကောင်းဘူးလေ။ နောက်ပြီး ဒီအတိုင်းထားရင် အဆီခဲကနေတစ်ဆင့် ပြည်ဖြစ်ပြီး ၀က်ခြံပေါက်.. နောက်ဆုံး အမာရွတ်ပါကျန်နိုင်ပါတယ်။
ဒါ ကန်ဒီသုံးတဲ့pore pack ပါ။ မသုံးခင် နှာခေါင်းကိုရေစွတ်ပြီး ခြောက်သွေ့တဲ့လက်နဲ့ နှာခေါင်းမှာ ကပ်ပါ။ ၁၅ မိနစ် (သို့မဟုတ်) မိမိနှာခေါင်းခြောက်ပြီဟု ခံစားရလျှင် ဖြည်းဖြည်းချင်း ခွာပါ။ အစွန်းနှစ်ဖက်မှ စခွာပါ။ ယောကျာ်းလေးများလည်း သုံးသင့်ပါတယ်။

(၂) ရိုးရိုးဝက်ခြံများ ပေါက်လျှင်
ရိုးရိုးဝက်ခြံပေါက်ရင် acne patch ကို အသုံးပြုနိုင်ပါတယ်။ ကုပ်မိ/ ညှစ်မိတာကြောင့် ဖြစ်ဖြစ် သူ့ဟာသူ ပေါက်သွားသောကြောင့်ဖြစ်ဖြစ် အရည်ကြည်/သွေးထွက်လာရင် အသုံးပြုနိုင်ပါတယ်။ acne patch ဆိုတာ ၀က်ခြံအတွင်းမှာရှိ ပြည်နဲ့အရည်တွေ စုပ်ယူဖို့သုံးရတာပါ။ အဲ့လို စုပ်ယူလိုက်လို့ ၀က်ခြံမြန်မြန်ပျောက်ပြီး အမာရွတ်ကြီးကြီး ဖြစ်ခြင်းကို ကာကွယ်ပေးတယ်လေ။
အသုံးပြုပြီး acne patch ပါ။ အလယ်ရှိ အဖြူလေးက ၀က်ခြံတွင်းရှိ အရည်များ စုပ်ယူထားတာပါ။ (ဓာတ်ပုံ နည်းနည်းဝါး သွားတယ်... sorry... :P)

(၃) သွားတိုက်ဆေး (toothpaste)
ဝက်ခြံပေါက်တဲ့နေရာကို သွားတိုက်ဆေး အုံပေးရင် ရောင်ရမ်းခြင်းကို သက်သာစေတယ်လို့ ကြားဖူးပါတယ်။ ကိုယ်တိုင်တော့ မလုပ်ဖူးပါဘူး။ gel type သွားတိုက်ဆေးမဟုတ်ဘဲ paste type ကိုသာ အသုံးပြုနိုင်ပါတယ်။

လမ်းညွှန်မှု

ဝက်ခြံအရမ်းဆိုးလာရင် ဆေးခန်းပြပါ။ ဒီအတိုင်းမနေပါနဲ့။ ဆေးခန်းကောင်း တစ်ခုကို ကန်ဒီလမ်းညွှန်ပေးမယ်နော်။ ကန်ဒီကိုယ်တိုင်လည်းသွားဖူးပြီး ပျောက်ဖူးပါတယ်။ English နှင့် Myanmarဆေး ပေါင်းစပ်ကုတာပါ။ ဆေးခန်းနာမည်မှာ
"သီဟသိဒ္ဓိ" ပါ။ နေ့လည် (၂)နာရီမှ စဖွင့်ပြီး ဆေးခန်းလိပ်စာကတော့ အမှတ်(၁၀၅)၊ အနောက်မြင်းပြိုင်ကွင်းလမ်း၊ ဦးချစ်မောင်လမ်းအနီး၊ ဗဟန်းမြို့နယ် ဖြစ်ပါတယ်။ Aroma shopping center နှင့် ဓနုဖြူ ဒေါ်စောရီ ထမင်းဆိုင်ကြား မျက်နှာချင်းဆိုင် လောက်မှာပါ။ ၀က်ခြံအရမ်းဆိုးရွားရင် ရန်ကုန်ရောက်ရင် သွားဖြစ်အောင် သွားလိုက်ပါ။ ၀က်ခြံမှ မဟုတ်ပါဘူး၊ ဘယ်အရေပြားရောဂါမဆိုပြနိုင်ပါတယ်။ အရေပြားနှင့်ဆိုင်တော့ ကြာကြာတော့ပြရပါတယ်။ စိတ်ရှည်ဖို့တော့ လိုပါတယ်။ ပျောက်တာတော့ တကယ်ပျောက်တာပါ.... ^_^

Good Luck....

2 comments:

Anonymous said...

အစ်မ ကန်ဒီ

ညီမ ဖတ်တာ အားလုံးကုန်သွားပြီ။ ၀က်ခြံအကြောင်းပြောရအောင် ပိုစ့်က နောက်ဆုံးပဲနဲ့တူတယ်နော်။ နှိပ်စရာ Older Post မတွေ့တော့ဘူး။ အစ်မက အခု အလုပ်လုပ်နေပြီဆိုတော့ ဂုဏ်ယူပါတယ်နော်။

မြတ်

Thu said...

ကန်ဒီလေးပထမဆုံးရေးတဲ့ပို့စ်ကိုကမိုက်နေတာ..
အသူနဲ့တော့ကွာချက်။ခုထိအဆင်ပြေပြေမရေးနိုင်သေးဘူး။
အမလဲအပေါ်ကမြတ်ပြောသလိုပဲ ကန်ဒီရေးတာတွေဖတ်လို့ကုန်ပြီ။:D