Monday, November 1, 2010

အသိတစ်ခု

(၁၀)တန်းစာမေးပွဲဖြေပြီးတော့ ကန်ဒီ့အမေမေးတဲ့ စကားက “သမီး... နိုင်ငံခြားမှာ ကျောင်းဆက်တက်ပါလား၊ သမီးအစ်ကို(၀မ်းကွဲ)တွေလည်း ရှိတာပဲ..”.. ထိုစကားအတွက် ကန်ဒီ့တုံ့ပြန်မှုက “သမီးဒီမှာပဲ တက္ကသိုလ်တက်ချင်တယ် မာမီ... ဒီမှာကျောင်းပြီးမှ နိုင်ငံခြားသွားဖို့ စဉ်းစားမယ်နော်... ”. တကယ်တော့ ကန်ဒီနိုင်ငံခြားသွားချင်စိတ်မရှိလို့ရှောင်လွှဲခဲ့တဲ့ စကားပါ... အမေဘာမှမပြောခဲ့ပါဘူး... ကန်ဒီ့စိတ်တိုင်းကျ ရန်ကုန်မှာပဲ ကျောင်းတက်စေခဲ့ပါတယ်... ချစ်သူရလာတဲ့ အချိန်ရောက်တော့ ကန်ဒီ့အတွေးက နည်းနည်းပြောင်းလာတယ်.. အချစ်နဲ့ပက်သက်လာရင် ရူးသွပ်စွာ စွဲလမ်းတတ်တယ်ဆိုတာ ကန်ဒီကိုယ့်ကိုကိုယ် သိပါတယ်.. အဲ့ဒီအချိန်ရောက်တော့ တွေးတဲ့အတွေးက နှစ်ယောက်လုံးအလုပ်ရှိလျှင်၊ ပုံမှန်ဝင်ငွေလေးရှိလျှင် အတူတူနေနိုင်ပြီ ဆိုတဲ့အတွေး... လက်ထက်ပြီးချိန်ထိ မိဘဆီက လက်ဖြန့်မတောင်းချင်ဘူးလေ... ကန်ဒီအလုပ်ကောင်းကောင်းရပြီး ချစ်သူနဲ့တူတူနေနိုင်ဖို့အတွက် ဒီတစ်ခေါက် တက္ကသိုလ်ကဘွဲ့ရပြီးလို့ အမေ Singapore မှာကျောင်းဆက်တက်ဖို့ ပြောတော့ ကန်ဒီမငြင်းတော့ဘူး.. ကန်ဒီ့အတ္တတစ်ခုအတွက် အမေပြောတာကို လိုက်လျောခဲ့ခြင်းပါ..

ဟိုတလောကပဲ ပိုင်းလော့ဆရာတော်ဘုရားရဲ့တရားပွဲတစ်ခု ကန်ဒီရောက်ဖြစ်ခဲ့ပါတယ်.. ဆရာတော်ဟောတဲ့တရားထဲမှာပါတဲ့ စကားတစ်ခွန်းက “ မိဘကျေးဇူးဆိုတာ မချေကောင်းဘူး၊ ကြီးမားလွန်းလို့ ကျေအောင်ဆပ်လို့လည်း မရဘူး” .. ထိုစကားတစ်ခွန်းကနေ ဆက်ပြီးစဉ်းစားမိရာက ကန်ဒီ ကိုယ့်ကိုကိုယ် တော်တော်မိုက်တဲ့ သမီးတစ်ယောက် ဖြစ်မှန်းမသိဖြစ်နေတာ သိလိုက်ရတယ်... မိဘကျေးဇူးအကြောင်းဟောတဲ့တရားတွေ ကန်ဒီနာဖူးပါတယ်... ဒီတစ်ခေါက်လိုတော့ နယ်ချဲ့ပြီးမတွေးဖူးခဲ့ဘူး... ယေဘူယျအားဖြင့်တော့ မိဘတွေကို သူတို့အသက်ကြီးလာရင်လုပ်ကျွေးမယ် ဆိုတဲ့ အတွေးတော့ အမြဲရှိပါတယ်... ဒါပေမယ့် “ငါဘယ်လိုကျောင်းပြီးလို့ ဘယ်လိုအလုပ်ရအောင်လုပ်မယ်... ငါ့မိဘတွေကိုဘယ်လိုကျေးဇူးဆပ်ဖို့အတွက်.. ”ဆိုတဲ့ ရည်ရွယ်ချက်တစ်ခုနဲ့ တွေးပြီးလုပ်တဲ့အလုပ်မျိုး ခုချိန်ထိ မရှိခဲ့ပါဘူး... ရှက်စရာအကောင်းဆုံးကတော့ ကန်ဒီ ဒီမှာကျောင်းတက်ဖို့လာတဲ့ ရည်ရွယ်ချက်ကတောင် ချစ်သူနဲ့ အတူနေရဖို့တဲ့လေ.. ဘယ်လောက်ကြောက်ဖို့ကောင်းတဲ့အတ္တ၊ တကိုယ်ကောင်းဆန်တဲ့စိတ်လဲနော်.. ဒီထိတွေးမိချိန်မှာ ကန်ဒီအရမ်းမွန်းကျပ်နေပြီ..

ဆက်တွေးမိတာက... ဟုတ်ပြီ.. ကန်ဒီအမြဲတွေးနေကျ မိဘတွေအသက်ကြီးလာရင် လုပ်ကျွေးမယ်ဆိုတဲ့အတွေး... ဒီအချိန်မှာ ကိုယ့်အသက်ကိုပြန်တွက်တော့ (၂၂)နှစ် အလုပ်မရှိ၊ ကျောင်းတက်နေတုန်း... မိဘတွေအသက်ကိုပြန်တွက်ကြည့်မိတော့ (၆၀)ကျော်ပြီ... မိဘတွေက အသက်ကြီးနှင့် နေပြီ.. ဒါတောင် ခုချိန်ထိအလုပ်လုပ်ပြီး ကန်ဒီတို့ကို ကျောင်းထားနေရတုန်း... ကန်ဒီကျောင်းပြီးဖို့က (၁) နှစ်ခွဲလောက်လိုသေးတယ်.. ကျောင်းပြီးလို့ ချက်ချင်းအလုပ်ရရင်တောင် သူတို့ကို ကျေးဇူးဆပ်ဖို့ အချိန်ကသိပ်မကျန်တော့.. ဒါတွေကို မတွေးဘဲ ချစ်သူနဲ့တူတူနေနိုင်ဖို့ ဆိုတဲ့တကိုယ်ကောင်းဆန်တဲ့ရည်ရွယ်ချက်နဲ့ ဖြတ်သန်းနေတဲ့ ကိုယ်ကိုကိုယ်မုန်းမိတယ်.. တကယ်တွေးသင့်တာက “ငါ့မိဘတွေ အသက်ကြီးပြီ.. ငါမြန်မြန်ကျောင်းပြီးအောင် မြန်မြန်အလုပ်ရအောင်လုပ်ပြီး သူတို့ကိုကျေးဇူးဆပ်ရမယ်” .. ဒီလိုရည်ရွယ်ချက်ကောင်းလေးနဲ့ လုပ်ခဲ့သင့်တာ.. ကန်ဒီ(၁၀)တန်းဖြေပြီးတုန်းက အမေဒီမှာကျောင်းတက်ဖို့ပြောတုန်းကသာ လက်ခံလိုက်ရင် ကန်ဒီ့ညီမလို ကန်ဒီခုချိန်ဆို အလုပ်ရနေပြီ.. ကန်ဒီငြင်းခဲ့တာ မှားသွားပြီလား?? ခုချိန်မှာ ကန်ဒီအကြောက်ဆုံးအရာက အမေတို့ကို နည်းနည်းလေးပဲ လုပ်ပေးလိုက်နိုင်မှာလား?? နည်းနည်းလေးပဲ ကျေးဇူးဆပ်ခွင့်ရတော့မှာလား??.. အဲဒီအတွေးတွေကြားထဲမှာ ကန်ဒီ ရင်ဘတ်တစ်ခုလုံး ဆို့နစ်နေပြီ.. မွန်းကျပ်စွာရလာတဲ့ ဒီအသိတစ်ခုအတွက် ရင်ဖွင့်ရာက ကန်ဒီ့ချစ်သူနဲ့ ဒီblogလေးပါ... စိတ်ရှုပ်စရာတွေပေးမိရင် ကန်ဒီ့ကိုခွင့်လွှတ်ပါနော်...

5 comments:

ပိုးဟပ်လေး said...

ညီမရဲ့ မိဘ အပေါ် သိတတ်တဲ့ စိတ်ကလေး ပေါ်လာတာကိုပဲ တော်တော်လေးကို ချီးကျူးမိပါတယ်...

သော်ဇင်စိုး said...

သဘာဝတရားတွေပါအမရယ်.. အရမ်ကြီး အပင်ပန်းခံပြီး ခံစားမနေပါနဲ့.. မိဘကျေးဇူးကြီးတယ်ဆိုတာ နားလည်ပါတယ်.. ကျေဇူးဆပ်တယ်ဆိုတာ.. ကျွန်တော်အထင်ပေါ့နော်.. မိဘကို အေးအေးချမ်းချမ်းထား.. ပျော်ရွှင်အောင်ထား.. နောက် ကိုယ့်မိဘရဲ့ အိပ်မက်တွေကို ကိုယ်က ဆက်လက် အကောင်ထည်ဖော်ပေး ဒါတွေလည်း ကျေးဇူးဆပ်တာတွေပါပဲ..
နောက် အရွယ်ရောက်ရင်တော့ လူဆိုတာ ပွင့်ချိန်တန်ပွင့်ပြီး.. သီးချိန်တန် သီးရမှာပဲ.. (သီးချိန်တန်မသီးလို့ အသီးကန်းသွားသော မောင်မောင်ဟတ်ဟတ်တို့အား နမူနာထား ကြည့်ပါလေ)
ဘ၀ဆိုတာ အိပ်မက်တွေကို အကောင်ထည်ဖော်ခြင်းပါ.. မိဘရဲ့ အိပ်မက်တွေနဲ့ ထပ်တူကျချင်ရင်ကျမယ်.. ထပ်တူမကျချင်မကျဘူး.. ဒါပေမဲ့ မသေသေးသ၍တော့ ခရီးတွေကတော့ ဆက်ရဦးမှာပဲ..
အခြေအနေတွေတိုင်းမှာ အားလုံးပျော်ရွှင်မဲ့ လမ်းကိုသာ ရွေးတတ်ရင် ဘ၀ဆိုတာ အဓိပ္ပာယ်ရှိလွန်းလှပါတယ်.. ရှေ့ဆက်မဲ့ ခရီးများအတွက်.. အားတင်းထားပါ.. fighting.. :))

emodoll said...

ဝုတ်ပါတယ် ၀ုတ်ပါတယ်... မီးမီးတို့က အလုပ်သာ လုပ်နေတာ.. တူတို့လို ဒီဂရီဆိုတာကြီးတောင် ဘယ်နားနေမလဲသိသေးဝူး.. နောင်တရမနေပါနဲ့.. ရှေ့ပဲတ, ကြရအောင်... ဟိဟိ

mabaydar said...

ခုလို စတွေးမိတာပဲ ကောင်းလှပါပြီ... နောက်မကျသေးပါဘူး... မိဘကျေးဇူးဆိုတာ အစ်မလဲ အသက်ကြီးလာလေ ပိုနားလည်လာလေပဲ... ညီမ ခုသိတဲ့အချိန်မှာ သူတို့အတွက် စစဉ်းစားတော့ပေါ့... ညီမက ငယ်ပါသေးတယ်... အစ်မအမြင်မှာတော့ အိမ်ထောင်ပြုဖို့က စောပါသေးတယ်... မိဘတွေကိုချည်း လုပ်ကြွေးဖို့ အချိန်တွေကျန်ပါသေးတယ်... အချိန်တန် အိမ်ထောင်ကျတော့လဲ ၂ဦး ၂ဘက် မိဘတွေကို လုပ်ကျွေးလို့ ရပါသေးတယ်.... စေတနာက အဓိကပါ... :) ခုလို စိတ်လေးအတွက်တော့ အစ်မက သာဓု ခေါ်သွားပါတယ်...

KhaingSuMon said...

ဟုတ်တယ်..ကိုယ့်မိဘကို အလုပ်အကျွေးမပြုနိုင်မှာကို အ၇မ်းစိုး၇ိမ်မိတယ်...မိဘကို ပိုက်ဆံပေးဖို့ ထက် အနားမှာ ကိုယ်တိုင်ကိုယ်ကျ ကျွေးမွေးပြုစုချင်တာ...ပြီးတော့ မိဘတွေတားတဲ့ကြားက တစ်ကိုယ်ကောင်းစိတ်နဲ့ ဒီကို ဇွတ်တင်းလာမိတဲ့ အတွက်နောင်တ၇ပေါင်းလည်း မနဲတော့ဘူး