Thursday, November 4, 2010

ဖြစ်ချင်ခဲ့တာတွေနဲ့... ဖြစ်လာတာတွေ...


ကလေးတွေကို လူကြီးတွေမေးနေကျမေးခွန်းဖြစ်တဲ့ “သမီးကြီးလာရင် ဘာလုပ်မလဲ” ဆိုတဲ့ မေးခွန်းအတွက် ကန်ဒီ့မှာအဖြေမရှိခဲ့ပါဘူး.. အဲဒီအချိန်တုန်းက ကိုယ့်ကိုကိုယ်ဘာလုပ်ချင်မှန်းလည်း ကန်ဒီသေချာမသိခဲ့ပါဘူး... ငယ်ငယ်တုန်းထဲက ကန်ဒီဝါသနာပါတာကတော့ ပုံဆွဲခြင်းနဲ့ စာသင်ခြင်းပေါ့... နွေရာသီကျောင်း(၃)လပိတ်ရင် အမေက ကန်ဒီတို့ညီအမတွေကို အမြဲတစ်ခုခုတက်စေခဲ့တယ်လေ.. တစ်နှစ်တော့ အမေကို ပန်းချီဆွဲသင်ချင်တယ်လို့ ပူဆာတော့ အမေကပန်းချီဆရာခေါ်ပြီး သင်ပေးခဲ့ပါတယ်... ဒါပေမယ့် (၃)လပဲသင်ခဲ့ရတော့ ဖြစ်ဖြစ်မြောက်မြောက်တော့ မတတ်ခဲ့ပါဘူး... နည်းနည်းပါးပါး ပုံတူဆွဲတာလောက်ပဲ ရတယ်လေ.. စိတ်ထဲရှိတာ၊ တွေ့ရာကိုပြောင်မြောက်စွာ ချဆွဲနိုင်တဲ့ ပန်းချီဆရာတစ်ယောက်တော့ ကန်ဒီခုချိန်ထိဖြစ်ချင်ဆဲပါ...

My Drawing... he he (so embarrassing.. =( )

ကန်ဒီငယ်ငယ်ကဆော့ရင် စာသင်တမ်းပဲအမြဲဆော့တတ်တယ်.. မြေဖြူဗူးတွေဆိုလည်း ၀ယ်လိုက်ရတာအမော.. တခါတလေကျတော့လည်း အမေ့ကို အားကျပြီးအင်ဂျင်နီယာပဲ ဖြစ်ချင်သလိုလို... (၇)တန်း၊ (၈)တန်းလောက်ရောက်တော့ အဖြုအစိမ်းဝတ်ပြီး မြေဖြူကိုင်တဲ့ ဆရာမတစ်ယောက်ဖြစ်ချင်မှန်း ကန်ဒီကိုယ့်ကိုကိုယ်သိလိုက်ပါတယ်... ဒီလိုနဲ့(၁၀)တန်းရောက်တော့ ဆရာဝန်သိပ်ဖြစ်စေချင်တဲ့အမေ့ကို သမီးဆရာမလုပ်ပါရစေလို့ ကန်ဒီမပြောရက်ခဲ့ဘူးလေ... ပြောလည်းမပြောရဲခဲ့ဘူး... တက္ကသိုလ်ဝင်ခွင့်လျှောက်တော့လည်း အမေ့စိတ်တိုင်းကျ နံပါတ်(၁)နေရာမှာ ဆေးတက္ကသိုလ်၊ နံပါတ်(၂)နေရာရောက်တော့ အမေကဆေးဝါးတက္ကသိုလ်တဲ့... တကယ်တမ်းတော့ ဆေးဝါးတက္ကသိုလ်ဆိုတာဘာမှန်း အမေလည်းသိပုံမရသလို ကန်ဒီကိုယ်တိုင်လည်းမသိခဲ့ပါဘူး... အမေက ဆေးတက္ကသိုလ်ပြီးရင် အမှတ်အမြင့်ဆုံးမို့ ထည့်တာတဲ့... နံပါတ်(၃)နေရာရောက်တော့ အမေကနည်းပညာတက္ကသိုလ်တဲ့... ဆရာမမလုပ်နိုင်တဲ့အတူတူတော့ အမေ့လို အင်ဂျင်နီယာလေးများဖြစ်လေနိုးနဲ့ နံပါတ်(၂)နေရာမှာ နည်းပညာတက္ကသိုလ်ထားချင်ပေမယ့် ကန်ဒီအမေ့ကိုမပြောရဲခဲ့ပါဘူး...

ဒီလိုနဲ့အမှတ်ထွက်လာတော့ ကန်ဒီဆေးကျောင်းဝင်ဖို့ (၇)မှတ်လိုတယ်လေ.. အမေကတော့ရင်ထုမနာပေါ့.. ကန်ဒီကတော့ သိပ်မခံစားရပါဘူး... ကန်ဒီ့ငယ်ငယ်က အိမ်မက်ထဲမှာလည်း ဆရာဝန်တစ်ယောက်မဖြစ်ချင်ခဲ့ဘူးလေ... ဒါပေမယ့် ဘာမှန်းမသိတဲ့ ဆေးဝါးတက္ကသိုလ် (University of Pharmacy) ဆိုတာကို တက်ဖို့တော့စိတ်ဓာတ်နည်းနည်းကျမိခဲ့တယ်... ကျောင်းနေဖက်သူငယ်ချင်းတွေကပဲဖြစ်ဖြစ်၊ ဆွေမျိုးအသိုင်းအ၀ိုင်းကပဲဖြစ်ဖြစ် “သမီးအခုဘာတက်နေလဲ”မေးလာရင် ဆေးဝါးတက္ကသိုလ်တစ်ခုတည်းဖြေရုံနှင့် မပြီးခဲ့ဘူး.. ဘာတွေသင်ရတယ် ဆိုတာပါရှင်းပြရပါသေးတယ်.. “ကျောင်းပြီးရင် ဘာဖြစ်မလဲ”မေးရင်လည်း အထင်တွေသာ ဖြေရတယ်၊ ရေရေရာရာ မသိခဲ့ဘူးလေ.. (၄)နှစ်တာပညာသင်ကြားပြီချိန်မှာတော့ ဆေးဝါးတက္ကသိုလ်ဆိုတာဘာမှန်း သိလာသလို ဘာသာရပ်တွေအပေါ်မှာလည်း စိတ်ဝင်စားလာတယ်... ဒီလိုနဲ့ပဲ ဘွဲ့တစ်ခုရခဲ့တယ်ပေါ့...

ကျောင်းပြီးဘွဲ့ရကြတော့ သူငယ်ချင်းအချို့က ဆေးကုမ္ပဏီတွေမှာ marketing တဲ့၊ တချို့ကတော့ private ဆေးခန်းတွေရဲ့ ဆေးcounterမှာ၊ တချို့ကလည်း “Fame” တို့လို ဆေးmanufacturing ပိုင်းမှာ အလုပ်လုပ်ကြတယ်... နိုင်ငံခြားမှာလို Pharmacist ရဲ့တာဝန်ကို မသိတဲ့ မြန်မာပြည်မှာ စာတွေဆေးကျောင်းတန်းတူကျက်ခဲ့ပြီး လူတိုင်းလုပ်လို့ရနေသော ဆေးရောင်းတဲ့အလုပ်တော့ မလုပ်ချင်ဘူးလေ.. ဆေး manufacturing ပိုင်းမှာ လုပ်ရတာကမှ တော်သေးတယ်... အဲဒါတွေကြောင့်ပဲ ကန်ဒီ့ရဲ့ အချစ်ဆုံးသူငယ်ချင်းကတော့ UK မှာ Pharmacist ဖြစ်ဖို့ဆက်တက်ပြီး ကန်ဒီကတော့ UK ထိမသွားချင်ဘူးလေ.. ညီမရှိတဲ့ Singapore ဆိုတော်သေးတယ်ဆိုပြီး Pharmacy နဲ့ ဆက်စပ်တဲ့ Pharmaceutical Management ဆက်တက်ပါတယ်... နောက်ဘာဆက်ဖြစ်လာမယ်ဆိုတာ မသိသေးပါဘူး... ဖြစ်သမျှအတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားဖို့ပဲ ရှိတယ်မဟုတ်လား...

3 comments:

သော်ဇင်စိုး said...

အိမ်မက်တွေနဲ့ လက်တွေ့ဘ၀ ထပ်တူကျရင်တော့ ပျော်ရွှင်စရာအကောင်းဆုံးပေါ့ဗျာ.. အမတို့က ဆေးဝါးကျွမ်းကျင်တာပဲ.. ကိုတတ်တဲ့ ပညာနဲ့ လူ့အသက်တွေကို ကယ်ပေါ့နော်..
ပြောသာပြောရတယ် တကယ်ကျွန်တော့်ရင်ထဲက ခံစားချက်က ဆရာဝန်တွေကို တော်တော်မုန်းတယ်.. အထူးသဖြင့် ပိုက်ဆံမျက်နှာဆရာဝန်တွေပေါ့နော်..
ကျွန်တော်အဒေါ်ဆေးရုံတင်ရတုန်းကဆိုရင် လူနာက လူနာခန်းထဲမရောက်သေးဘူး.. ဆရာဝန်က ကျွန်တော့် အမေကိုမေးတယ်.. "လုပ်နိုင်ရဲ့လားတဲ့.."
နောက်ပြီး.. ကိုယ်ဝန်ဆောင်ကို လုံးဝကို ခွဲမွေးမှရအောင် သားအိမ်ကျုံဆေး ထိုးပေးတဲ့ OG ကိုလည်း တွေ့ဖူးတယ်.. အိပ်မက်ဆိုးတွေပေါ့ဗျာ..
အမ လူအသက်တွေကို ကယ်ပေးပါနော်.. ဒါဆို အခက်အခဲတွေဘယ်လောက်ပဲရှိရှိ ကိုယ့်စိတ်ကို လိပ်ပြာ သန့်သန့်နဲ့ ဘ၀က အစဉ်အမြဲ အဓိပ္ပာယ်ရှိနေမှာပါ။ စိတ်ထားမြင့်မြတ်စွာ လူ့အသက်တွေကို ကယ်နေမယ်ဆိုရင် ကျွန်တော် အမ မိတ်ဆွေးကောင်းတစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကို အမြဲဂုဏ်ယူနေပါမယ်.. ရင်ထဲထိ နင့်နေအောင် ဖတ်သွားတယ်ဗျား...
ပျော်ရွှင်ပါစေ...

emodoll said...

pharmaceutical management တက်တာပဲဟာ.. pharmaceutical manager ကြီး ဖြစ်မှာပေါ့... တစ်ခါတစ်လေ ဖြစ်ချင်တာတွေ မဖြစ်တော့လဲ. ဖြစ်လာတာတွေထဲမှာ ပျော်ပျော်နေကြတာပေါ့.. ဟုတ်ဝူးလား ချစ်မကြီး.. xD

mabaydar said...

အင်း... လောကမှာ လူတော်တော်များများက ဖြစ်ချင်တာတွေနဲ့ ဖြစ်လာတာတွေ မတူညီတတ်ပါဘူး... တစ်ချို့ကျတော့လဲ ဖြစ်လာတာတွေကိုပဲ စိတ်နှစ်ပြီး enjoy လုပ်တတ်ကြတယ်... ဒီလိုနဲ့ပဲ တဖြည်းဖြည်းစိတ်ဝင်စားပြီး အောင်မြင်သွားတာတွေလဲရှိတယ်... ဒါပေမဲ့ တချို့တွေကျတော့ ဖြစ်ချင်တဲ့ ဆန္ဒပြင်းပြင်းပြပြရှိတတ်တာကြောင့် သူတို့ဖြစ်ချင်တာကို ဖြစ်အောင်လုပ်ကြတယ်... အဲဒါကတော့ ရှားပါတယ်... ဘာလို့လဲဆိုတော့ အဲလိုဖြစ်ဖို့က ကိုယ်ဘာဖြစ်ချင်လဲဆိုတာ အရင်သိဖို့လိုတယ်... ပြီးရင် တကယ်ဖြစ်အောင် လုပ်ဖို့အတွက် ပြင်းပြတဲ့ စိတ်လိုတယ်... အခွင့်အရေးတွေလိုတယ်... ဒီတော့ ညီမမှာ ဆရာမဖြစ်ချင်တယ်ဆိုတဲ့ စိတ်လေးတော့ရှိတယ်... သိပ်မပြင်းပြဘူးဆိုရင်တော့ ခုရောက်နေတဲ့နေရာလဲ မဆိုးပါဘူး... management ဆိုတာလဲ သူများတွေကို ဆရာလုပ်ရတာ နည်းနည်းတော့ပါတာပဲ... ညီမ ပျော်မှာပါ... အစ်မလဲ ဖြစ်ချင်တာရှိတယ်.. ဖြစ်နေတာကို မကြိုက်တာ သေချာတယ်... အဲဒါကြောင့် မိုက်မိုက်မဲမဲပဲ ရောက်နေတဲ့ နေရာကနေ ဖြစ်ချင်တာနောက်ကို လိုက်ဖို့ ဆုံးဖြတ်ထားတယ်.. ဖြစ်မြောက်လာပါ့မလားတော့ မသိဘူး...