Sunday, October 31, 2010

သွေးချို၊ ဆီးချိုရောဂါ (Diabetes Mellitus) အကြောင်းတစေ့တစောင်း

သွေးချို၊ ဆီးချိုရောဂါ (diabetes) သည် ယခုအချိန်အခါတွင် ကမ္ဘာပေါ်တွင် အဖြစ်အများဆုံးရောဂါတစ်ခုအဖြစ် မားမားမတ်မတ်စံချိန်တင်လျှက်ရှိပါသည်။ တခြားကြည့်စရာပင် မလိုပါ။ မိမိနှင့်အကျွမ်းတ၀င်ရှိသော သက်ကြီးပိုင်းမည်သူ့ကိုမဆိုမေးကြည့်လျှင် အနည်းဆုံး ၁၀ယောက်တွင် တစ်ယောက်နီးပါးတော့ ထိုရောဂါရှိပါသည်။ ကန်ဒီ့အဖေနှင့် အမေ (၂)ယောက်စလုံးတွင် ထိုရောဂါ ရှိသည်။ Diabetes ရောဂါကို အမြစ်ပြတ်ကုသရန်ဆေးမရှိပါ။ ပိုမဆိုးစေဖို့ ထိန်းထားရန်အတွက်သာ ဆေးကုနေကြခြင်းဖြစ်သည်။

သွေးချို၊ဆီးချိုဆိုသည့် အမည်နာမအတိုင်းပင် သွေးထဲ၊ ဆီးထဲတွင် သကြားပမာဏလိုသည်ထက်များပြားနေခြင်းကို ဆေးဝေါဟာရအရ Diabetes Mellitus ဟုခေါ်ပါသည်။ သွေးထဲရှိသကြားပမာဏလိုသည့်ထက်များလာပြီး ဆီးထဲထိပါလာခြင်းကို ဆီးချိုဟူခေါ်သည်။ ဆီးချိုရောဂါရှင်များ၏ဆီးသည် သကြားဓာတ်ကြောင့် ပုရွတ်ဆိတ်တောင် တက်သည်ဟု ကန်ဒီ ကြားဖူးပါသည်။ ရောဂါဖြစ်ရခြင်းအဓိကကြောင်းရင်းမှာ သွေးထဲရှိ သကြားဓာတ်ကို ထိန်းပေးသော insulin အမည်ရှိ ဟော်မုန်းချို့တဲ့မှုကြောင့် ဖြစ်ပါသည်။ Diabetes တွင် အဓိကအားဖြင့် အမျိုးအစား (၂)မျိုးရှိပါသည်။ စာလာဖတ်သူတွေ ပျင်းအောင် ရှည်ရှည်ဝေးဝေး ထိုအမျိုးအစား (၂) ခုအကြောင်းကို အသေးစိတ် မပြောလိုတော့ပါ။ အကျဉ်းချုပ်အားဖြင့် Type I သည် ကလေးအရွယ်ထဲကဖြစ်လေ့ရှိပြီး အမြဲ (တသက်လုံး) insulin ဟော်မုန်းဆေးထိုးနေရသည်။ Type II ကတော့ သက်ကြီးများတွင် ဖြစ်လေ့ရှိသော အမျိုးအစားဖြစ်ပါသည်။

ရောဂါလက္ခဏာများ

လူနာအများစုသည် သွေးချိုအဆင့်တွင် မိမိကိုယ်ကိုရောဂါရှိမှန်းမသိတတ်ကြပါ။ ပိုမိုဆိုးရွားသော ဆီးချိုအဆင့်ရောက်မှသာ သိကြတာများပါသည်။ သွေးချိုကလည်း သွေးစစ်ကြည့်မှသိနိုင်သည့် အခြေအနေမဟုတ်ပါလား။ အဓိကလက္ခဏာများကိုပဲ ကန်ဒီပြောလိုပါသည်။ ၎င်းတို့မှာ−
(၁) ဆီးခဏခဏသွားခြင်း
(၂) ရေဆာခြင်း
(၃) မောခြင်း
(၄) အနာကျက်နှေးခြင်း တို့ဖြစ်သည်။
နောက်ဆက်တွဲဆိုးကျိုးအနေနှင့် ကျောက်ကပ်ပျက်စီးခြင်း၊ နှလုံးရောဂါနှင့် နှလုံးသွေးကြောကျဉ်းရောဂါ တွေအထိဖြစ်နိုင်ပါသည်။

ဆောင်ရန်၊ ရှောင်ရန်အချက်များ


Diabetesရောဂါကြောင့် အဓိကထိခိုက်စေသည့် အင်္ဂါအစိတ်အပိုင်းများမှာ−မျက်လုံး၊ ကျောက်ကပ်နှင့် အာရုံကြောတို့ ဖြစ်ပါသည်။ အာရုံကြောထိခိုက်မှုမှာ အဖြစ်များပြီးသိသာထင်ရှားသော လက္ခဏာတစ်ခုဖြစ်သည်။ သွေးထဲရှိသကြားဓာတ်ကြောင့် အာရုံကြောထိခိုက်ပျက်စီးမှု ဖြစ်စေပါသည်။ အထူးသဖြင့် လက်ဖျား၊ ခြေဖျားရှိ အာရုံကြောများထိခိုက်ပျက်စီး၍ ထုံကျင်ခြင်းခံစားရတတ်သည်။ ရောဂါရှိသူများ အထူးဂရုစိုက်သင့်သည့် အချက်ဖြစ်သည်။ ထုံကျင်နေသော ခြေလက်ကို ထိခိုက်မိပါက ထိုထုံကျင်နေသည့်ခြေ၊လက်က ပုံမှန်ခြေလက်ကဲ့သို့ နာကျင်ခြင်းကို မသိနိုင်ပါ။ ပုံမှန်ခြေလက်သည် တစ်ခုခုနှင့် ဆူးမိပါက နာကျင်ခြင်းကြောင့် ချက်ချင်းသိနိုင်သော်လည်း ထိုရောဂါရှင်များကမူ ဆူးလို့ဆူးမှန်း၊ ပဲ့လို့ ပဲ့မှန်းမသိ နင်းမြဲ လျှောက်မြဲ သွားမြဲပင်။ ထိုကြောင့် နာကျင်ခြင်းက တခါတလေ မနာကျင်ဘဲ ထုံကျင်ခြင်းထက်ပိုကောင်းနေပြန်သည်။ ထိုမှတစ်ဆင့် ထိမိ၊ ခိုက်မိသော နေရာမှ ပြည်ဖြစ်လာသည့်အချိန်တွင် ထိုရောဂါရှင်တို့၏ ထုံးစံအတိုင်းအနာကျက်ခြင်းက နှေးသည့်အချက်ကြောင့် ထိခိုက်မိသည့်နေရာကို ဂရုမစိုက်ပါက ဆိုးသည်ထက်ဆိုးလာပြန်သည်။ နောက်ဆုံးတွင် ဖြတ်ပစ်ရသည့် အနေအထားအထိ ဖြစ်တတ်၍ သတိထားစေချင်သည်။

ကန်ဒီလက်တွေ့ဥပမာလေးတစ်ခု ကန်ဒီ့အမေနှင့် ပြလိုပါသည်။ အမေကတော့ ကံကောင်းစွာပင်ဖြတ်ပစ်ရသည့် အနေအထားထိမရောက်ပါ။ သို့သော်တော်တော်ခံစားလိုက်ရပါသည်။ ဖြစ်ပုံအစကတော့... ခြေမတွင် ခြေစွယ်ငုပ်ခြင်းမှ စပါသည်။ ပုံမှန်လူလို ခြေစွယ်ငုပ်၍ နာကျင်ခြင်းကို သူတော်ရုံနှင့် မခံစားမိပါ။ သူ့ခြေလက်တွေ ထုံကျင်နေတတ်၍ ကန်ဒီတို့ နှိပ်ပေးနေကြမြဲ။ အခြေအနေတော်တော်ဆိုးမှ သူသိသည်။ သိ၍ ဆေးခန်းပြတော့ အနာကပြည်တည်ကာတော်တော်ဆိုးနေပြီ။ ဆရာဝန်က ခြေမခြေသည်းကို နုတ်ပစ်ရမည်ဆို၍ နုတ်ပစ်လိုက်ရသည်။ ခြေမ မဖြတ်ရဘဲ ပြန်ပေါက်မည့် ခြေသည်းပဲ နုတ်လိုက်ရလို့တော်တော့သည်။ ထို့ကြောင့် Diabetesရှိသော မိဘများရှိပါက အမြဲ ခြေဖျား၊ လက်ဖျားကို ဂရုစိုက်ပေးပါ။ ခြေသည်းလက်သည်းကို သေချာဂရုစိုက်ညှပ်ပါ။ အရမ်းအဖြစ်များပြီးဆိုးရွားတဲ့ ဆိုးကျိုးတစ်ခုမို့ပါ။

ဆရာဝန်ညွန်ကြားသည့်ဆေးများအပြင် အစားအသောက်ဆင်ခြင်ခြင်းနှင့် ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းစသော ဘ၀နေထိုင်မှုပုံစံများကတော့ Diabetesရောဂါရှိသူများအတွက် အဓိကဆေးတစ်လက်ပင်ဖြစ်သည်။ ဆေးလိပ်သောက်ခြင်း၊ အရက်နှင့် စိတ်ဖိစီးမှုများကို တတ်နိုင်သမျှလျော့ချခြင်းဖြင့် သက်ရှည်ကျန်းမာစွာနေနိုင်မည် ဖြစ်သည်။ ထိုရောဂါအတွက်ကတော့ မိမိကျန်းမာရေးကို မိမိကိုယ်တိုင် ဘ၀နေထိုင်မှုပုံစံပြောင်းလဲခြင်းဖြင့် ကုသနိုင်မှသာတော်ရုံကျပေလိမ့်မည်။
Good luck ^_^

P.S...... ကန်ဒီဘာစာမှ မရေးနိုင်စဉ်ကာလအတွင်း ကန်ဒီ့blog လေးကို လာလည်ကြတဲ့ မောင်နှမတွေ အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်လို့....တစ်မျိုးပြီးတစ်မျိုးမရိုးရတဲ့၊ (၁)လကျော်နီးပါး ဗမာလိုရိုက်လို့မရခဲ့တဲ့ ကန်ဒီ့lappy လေး ဒီနေ့ ထူခြားစွာ ပြန်ရိုက်လို့ရတဲ့နေ့မှာပဲ ဒီpostလေးကို တင်လိုက်ပါတယ်.. အားလုံးပဲ ကျေနပ်နိုင်ကြပါစေလို့..... =)