Friday, November 19, 2010

Holiday!!

Term 2 အတွက်စာမေးပွဲကတော့ အောင်မြင်စွာပြီးဆုံးသွားပါပြီရှင်... ဖြောင်း.. ဖြောင်း.. ဖြောင်း.. ကျောင်းကတော့ (၁)လပိတ်ပါတယ်... ကျောင်းပိတ်ရက်မှာ ဘာလုပ်မယ်ဆိုတာကို ခုချိန်ကစပြီး ကြေငြာပါတော့မယ်ရှင်...

အမေက ကျောင်း(၁)လတောင်ပိတ်တာ ပြန်လာဆိုတာနဲ့ မပြန်ချင် ပြန်ချင်နဲ့ ( :P ) ပြန်လိုက်ပါဦးမယ်.. ဟီးဟီး.. ကန်ဒီသိပါတယ်.. ဒီကောင်မလေး ဟိုတစ်ခေါက်ကပဲ ပြန်ထားတာ မကြာသေးတဲ့ဟာကို ဆိုပြီး တွေးနေကြတယ်မလား... ဟင်းဟင်း... သိနေတယ်နော်.. :P.. ခုချိန်ကစလို့ တကယ်ကြီး အတည်ကြီး ဆုံးဖြတ်လိုက်ပါပြီ... ဘာလဲဆိုတော့ ဒီတစ်ခေါက် ပြန်ပြီးရင် ကျောင်းပြီးတဲ့ထိ မပြန်တော့ပါဘူးလို့.... လေယာဉ်လက်မှတ်က တစ်ခေါက်တစ်ခေါက်ပြန်ရင် နည်းတာမှ မဟုတ်တာ.. ဟုတ်တယ်မလား... ကိုယ်ကလဲ ပိုက်ဆံမရှာနိုင်သေးဘူး ဆိုတော့... ဟီးဟီး... ဒီတစ်ကြိမ်ပြန်ပြီးရင် မပြန်တော့ဘူး.... ကတိ...^_^

အဓိကကတော့ ပြန်မယ့်အကြောင်းကို လာနှုတ်ဆက်တာပါ.... နောက်လ (၁၈)ရက်နေ့လောက်မှ ပြန်ရောက်မယ်... တကယ်လို့ အဆင်ပြေရင်တော့ blog လေးကို update လုပ်မှာပါ.. connection ကောင်းရင်ပေါ့... ကန်ဒီမရှိတုန်း blog လေးကို လာလည်ဖြစ်ရင်လည်း C-boxမှာ ခြေရာလေးဘာလေးချန်ခဲ့ကြပါဦး.... ခိုးခိုးပြီးပြန်သွားဖို့ မကြိုးစားပါနဲ့ .. ဟင်းဟင်း... ပြန်လာရင် အမောပြေလေး ဖတ်ရအောင်.. ဟီးဟီး... ကိုသော်ဇင်တို့.. ကိုပိုးဟပ်လေးတို့... မနှင်းဆီဖြူတို့လည်း post အသစ်တွေရေးထားပါ... ပြန်လာရင် ဖတ်မယ်... ဒါပဲ.... ဟဲဟဲ (ဆရာကြီးပုံစံနှင့် ပြောသည်။)

Saturday, November 13, 2010

Barbeque!!....


မနေ့က ကန်ဒီ့သူငယ်ချင်းတစ်ယောက် bonus ရလို့ဆိုပြီး east coast မှာ barbequeလုပ်ကြတယ်လေ... သူပဲကျွေးတာပေါ့... east coast ဆိုတော့ ကန်ဒီတို့မိန်းကလေးတွေက ကမ်းခြေကရှုခင်းနဲ့ ဓာတ်ပုံရိုက်ချင်တော့ သူတို့က (၇)နာရီရောက်မယ်ပြောပေမယ့် ကန်ဒီတို့ကစောပြီး မမှောင်ခင်သွားမယ်ပေါ့... ၆:၄၅ လောက်အရောက်သွားမယ်ပေါ့.. အဲ့လိုရည်ရွယ်ပြီး စောစောထွက်ကြကာမှ bedok mrt ရောက်တော့ ဘယ်လိုမှtaxi ငှားလို့မရဘူး... ရုံးဆင်းချိန်လည်းဖြစ်နေတော့ ပိုဆိုးတာပေါ့... နောက်ဆုံး east coast ကိုရောက်သွားတဲ့ အချိန်က ၇:၂၅.. မှောင်နေပြီ.... ဘာမှလည်းရိုက်လို့မရတော့ဘူး.... အဲဒါနဲ့ ဘာမှမရိုက်ခဲ့ရဘူး.. :(

နောက်တစ်ခုက ကန်ဒီတို့နောက်ကျတဲ့ ၇:၂၅ အချိန်မှာတောင် ဟို(၇)နာရီရောက်မယ်ပြောတဲ့ စားစရာပါလာမယ့်အဖွဲ့ကမရောက်သေးဘူး... ကန်ဒီ့သူငယ်ချင်းတွေက ဗိုက်ဆာနေပြီ.. ကန်ဒီကတော့ သူတို့အကြောင်းနည်းနည်းသိလို့ လမ်းမှာပေါင်မုန့်ဝယ်စားခဲ့တော့ အဲ့လောက်မဆာဘူး... အဲလိုနဲ့ စောင့်လိုက်တာ....... ဘယ်တော့မှ ရောက်တယ်မှတ်လဲ..... ၈:၂၅လောက်မှ ရောက်ကြတယ်.. ဒါတောင်taxiနဲ့လာကြတာနော်....လမ်းမှာကားပိတ်နေလို့ဆိုပဲ.... မီးမွှေးတာနဲ့ ဘာနဲ့ဆိုတော့ တကယ်စားကြရတာက ၉:၀၀ မှစားရတယ်... ကန်ဒီကတော့သိပ်မစားနိုင်ပါဘူး.. ဘာလို့လဲတော့မသိဘူး.. barbeque ဆိုအမြဲမစားနိုင်ဘူး.. နည်းနည်းပဲ... အဆာလွန်တာလည်းပါမှာပေါ့.... သူတို့ကတော့ punch ဆိုလား (စာလုံးပေါင်းမှားရင် ခွင့်လွှတ်ပါ.. ဟီး).. အဲ့ဒါဖျော်သောက်ကြတယ်... ကန်ဒီကတော့ မသောက်ပါဘူး.... ကန်ဒီက spyလောက်ပဲ သောက်ဖူးတာဆိုတော့... အဓိကကတော့ မသောက်ချင်တာပါ... (၁၀)နာရီကျော်လောက်ကြတော့ ကန်ဒီတို့မိန်းကလေးတစ်ချို့က ပြန်ခဲ့ပါတယ်... နောက်မှရောက်တဲ့လူတွေတော့ ကျန်နေခဲ့တယ်.. အိမ်ကို (၁၁)နာရီဝန်းကျင်လောက်မှပြန်ရောက်တယ်... တစ်ကိုယ်လုံးညောင်းကိုက်ပြီး.... :(

အဲဒီ barbeque နေ့ကတော့ အင်တင်တင်ကြီးပါပဲ... အားလုံးကလွဲချော်ပြီး... ဓာတ်ပုံရိုက်ချင်တာလည်းမရိုက်လိုက်ရ... အကြာကြီးလည်း စောင့်ရသေးတယ်... ဘာပဲဖြစ်ဖြစ် bonus ရတဲ့သူငယ်ချင်းကိုလည်းကျေးဇူးတင်ပါတယ်နော်... အားလုံးကိုကျွေးမွေးလို့... နောက်လည်းများများရပါစေနော်.. :P

ကဲ.... ခုချိန်ကစပြီး အပျော်အပါးတွေရပ်ပြီး စာလုပ်ဖို့ လုပ်ရတော့မယ်.... လာမယ့် သောကြာနေ့ (၁၉ ရက်နေ့)မှာ Pre-test ရှိပါတယ်... အဲဒါပြီးရင်တော့ term 2 ပြီးပြီ... ဒီ term တစ်ခုလုံးမှာ တကယ့်စာမေးပွဲ မရှိလို့ လုပ်ချင်တာတွေလုပ် စာလည်းတစက်မှ မလုပ်... ရှားရှားပါးပါးရှိတဲ့ ဒီ pre-test လေးအတွက် လုံးပန်းလိုက်ဦးမယ်... ဟီးဟီး... တာတာ့.. ^_^

Thursday, November 11, 2010

Happy Birthday to my friend...


ကန်ဒီတို့များ စားရကံ ကြုံလို့ မုတ်ဆိတ်ပျားစွဲ ဆိုတာ ဒါမျိုးထင်တယ်... ဟီးဟီး.. ဒီနေ့ ကန်ဒီနဲ့ကျောင်းတူတူတက်တဲ့ ဗမာသူငယ်ချင်းတစ်ယောက်ရဲ့မွေးနေ့... သူကမုန့်ကျွေးချင်ပါတယ်ဆိုလို့... ကန်ဒီကတော့ မလိုက်ချင်ပါဘူး.. :P .. အတင်းခေါ်တာနဲ့ ပါသွားတာလေ... bugis က Seoul garden ကို... နေ့လည်စာ ဘူဖေးစားဖို့ .. ဟီးဟီး.... အဲ့မှာက ကျောင်းသားကဒ်နဲ့ဆို ဈေးသက်သာတယ်လေ... S$11 +++ ပဲထင်တယ်.. အ၀စားဆိုတော့ သိတဲ့အတိုင်း လောဘကြီးပြီးယူကြတာပေါ့... စားနိုင်လား မနိုင်ဘူးလားမသိဘူး... အများကြီးတွေယူပြီး ကင်... နောက်မစားနိုင်တော့ ပိုကုန်ရော... ကန်ဒီကတော့ အဆိုးဆုံးပေါ့... ဘူဖေးစားရင် မတန်ဆုံးလူကို ပြောပါဆိုရင် ကန်ဒီကထိပ်ဆုံးကလေ... အဲလိုနဲ့ (၁)နာရီလောက်တည်းက စားလိုက်တာ.. ဖြည်းဖြည်း ဖြည်းဖြည်းပေါ့နော်... (၃)နာရီကျော်မှပြီးတယ်... ဗိုက်ကြီးတင်းပြီး... :D


စားပြီးတော့ သူငယ်ချင်းတွေက တရုတ်ဘုံကျောင်းသွားမယ်တဲ့... အရမ်းဆုတောင်းပြည့်တယ်တဲ့... bugis နားမှာပဲတဲ့.. အဲဒါနဲ့ ကန်ဒီလည်းတခါမှမရောက်ဖူးတော့ လိုက်သွားတာပေါ့.... အင်း... ကိုယ့်ဟာကိုယ် ပြန်တွက်ကြည့်မယ်ဆိုရင်... အဘွားက တရုတ်.. အဘိုးကဗမာ.. အဲတော့... အမေက ၅၀% တရုတ်... အဖေက ဗမာ(သေချာမသိပါ... သူမွေးတာတော့ ကချင်ပြည်နယ်မှာပါ၊ အို ဘာပဲဖြစ်ဖြစ် တရုတ်မဟုတ်တာတော့ သေချာတယ်... :P )... အဲ့တော့ ကန်ဒီတို့က ၂၅%ပဲ တရုတ်.. ဟီးဟီး.. အိမ်မှာတော့ တရုတ်နှစ်ကူးအမြဲလုပ်ပါတယ်... လေမရှည်တော့ဘူး.. ဆက်ပြီ.... အဲတော့ ဘုံကျောင်းတော့ သွားကြည့်ဦးမယ်ဆိုပြီး သူငယ်ချင်းတွေနဲ့ လိုက်သွားပါတယ်..( သူတို့က ၁၀၀% တရုတ်)... အဲဒီမှာ အမွှေးတိုင် သူတို့ယူသလိုယူတယ် .. ၃ ချောင်းပဲယူရတယ်တဲ့.... ယူပြီး အရင်ဆုံး ကိုယ်ဝင်လာတဲ့ အပေါက်ဖက်ကို လှည့်ပြီးကန့်တော့တယ်.. ဘာကိုကန်တော့မှန်းမသိဘူး.. စိတ်ထဲကတော့.. ဘုရားရဲ့ ဆန့်ကျင်ဘက်ကို ဘာလို့ကန်တော့တာလဲပေါ့... သူများလို လိုက်ကန်တော့လိုက်တယ်... ကန်တော့ပြီးတော့မှ သူငယ်ချင်းက အဲဒါ မိုးနတ်မင်းကို ကန်တော့တာတဲ့.... အော်.. ငါ့နှယ်.. ခုမှပြောရလား သူငယ်ချင်းရယ်... မိုးနတ်မင်းကို ကန့်တော့ပြီးတော့ ကိုင်ထားတဲ့ အမွှေးတိုင်ကို စိုက်၊ ပြီးတော့အထဲဝင်ပြီး ကွမ်ရင်မယ်တော်ကို ကန်တော့တယ်... ဒါပါပဲ... စာချချင်ရင်တော့ ချလို့ရတယ်... ဒါပေမယ့် မချခဲ့ပါဘူး.... ပြန်ထွက်ပြီး လမ်းပေါ်ရောက်တော့ တရုတ်ရုပ်ထုတွေရောင်းတဲ့ဆိုင်မှာ အန်းကုန်းဘိုးဘိုးရုပ်ထုကို ပွတ်ပြီးဆုတောင်းနေကြတာတွေ့တော့ ကိုယ်ပါရောသောပေါသော ဆုတောင်းလိုက်သေးတယ်... ကိုယ်နေမကောင်းတဲ့ နေရာကိုပွတ်ပြီးဆုတောင်းရတာဆိုတော့... ကန်ဒီခုတလော ဗိုက်သိပ်မကောင်းလို့ ဗိုက်ကိုပွတ်ပြီးဆုတောင်းခဲ့တယ်... :D

နောက်ဆုံးအစီအစဉ်အရ shopping ထွက်ပြီး ခြေကုန်လက်ပန်းကျကာပြန်ခဲ့ပါတယ်.. ကန်ဒီကတော့ window shoppingပါ.. ဟီးဟီး.. ချွေတာစုဆောင်းတော့ boss ဖြစ်မှာပေါ့နော်... ကန်ဒီတို့စားရကံကြုံပုံများ မုန့်ဆိတ်ကိုပဲ ပျားစွဲတာဟုတ်ဘူး... ဆံပင်ကိုပါ စွဲကုန်ပြီထင်တယ်... မနက်ဖြန် တစ်ပွဲရှိသေးတယ်... မနက်ဖြန်မှ ပြောပြမယ်... ^_^


Thursday, November 4, 2010

ဖြစ်ချင်ခဲ့တာတွေနဲ့... ဖြစ်လာတာတွေ...


ကလေးတွေကို လူကြီးတွေမေးနေကျမေးခွန်းဖြစ်တဲ့ “သမီးကြီးလာရင် ဘာလုပ်မလဲ” ဆိုတဲ့ မေးခွန်းအတွက် ကန်ဒီ့မှာအဖြေမရှိခဲ့ပါဘူး.. အဲဒီအချိန်တုန်းက ကိုယ့်ကိုကိုယ်ဘာလုပ်ချင်မှန်းလည်း ကန်ဒီသေချာမသိခဲ့ပါဘူး... ငယ်ငယ်တုန်းထဲက ကန်ဒီဝါသနာပါတာကတော့ ပုံဆွဲခြင်းနဲ့ စာသင်ခြင်းပေါ့... နွေရာသီကျောင်း(၃)လပိတ်ရင် အမေက ကန်ဒီတို့ညီအမတွေကို အမြဲတစ်ခုခုတက်စေခဲ့တယ်လေ.. တစ်နှစ်တော့ အမေကို ပန်းချီဆွဲသင်ချင်တယ်လို့ ပူဆာတော့ အမေကပန်းချီဆရာခေါ်ပြီး သင်ပေးခဲ့ပါတယ်... ဒါပေမယ့် (၃)လပဲသင်ခဲ့ရတော့ ဖြစ်ဖြစ်မြောက်မြောက်တော့ မတတ်ခဲ့ပါဘူး... နည်းနည်းပါးပါး ပုံတူဆွဲတာလောက်ပဲ ရတယ်လေ.. စိတ်ထဲရှိတာ၊ တွေ့ရာကိုပြောင်မြောက်စွာ ချဆွဲနိုင်တဲ့ ပန်းချီဆရာတစ်ယောက်တော့ ကန်ဒီခုချိန်ထိဖြစ်ချင်ဆဲပါ...

My Drawing... he he (so embarrassing.. =( )

ကန်ဒီငယ်ငယ်ကဆော့ရင် စာသင်တမ်းပဲအမြဲဆော့တတ်တယ်.. မြေဖြူဗူးတွေဆိုလည်း ၀ယ်လိုက်ရတာအမော.. တခါတလေကျတော့လည်း အမေ့ကို အားကျပြီးအင်ဂျင်နီယာပဲ ဖြစ်ချင်သလိုလို... (၇)တန်း၊ (၈)တန်းလောက်ရောက်တော့ အဖြုအစိမ်းဝတ်ပြီး မြေဖြူကိုင်တဲ့ ဆရာမတစ်ယောက်ဖြစ်ချင်မှန်း ကန်ဒီကိုယ့်ကိုကိုယ်သိလိုက်ပါတယ်... ဒီလိုနဲ့(၁၀)တန်းရောက်တော့ ဆရာဝန်သိပ်ဖြစ်စေချင်တဲ့အမေ့ကို သမီးဆရာမလုပ်ပါရစေလို့ ကန်ဒီမပြောရက်ခဲ့ဘူးလေ... ပြောလည်းမပြောရဲခဲ့ဘူး... တက္ကသိုလ်ဝင်ခွင့်လျှောက်တော့လည်း အမေ့စိတ်တိုင်းကျ နံပါတ်(၁)နေရာမှာ ဆေးတက္ကသိုလ်၊ နံပါတ်(၂)နေရာရောက်တော့ အမေကဆေးဝါးတက္ကသိုလ်တဲ့... တကယ်တမ်းတော့ ဆေးဝါးတက္ကသိုလ်ဆိုတာဘာမှန်း အမေလည်းသိပုံမရသလို ကန်ဒီကိုယ်တိုင်လည်းမသိခဲ့ပါဘူး... အမေက ဆေးတက္ကသိုလ်ပြီးရင် အမှတ်အမြင့်ဆုံးမို့ ထည့်တာတဲ့... နံပါတ်(၃)နေရာရောက်တော့ အမေကနည်းပညာတက္ကသိုလ်တဲ့... ဆရာမမလုပ်နိုင်တဲ့အတူတူတော့ အမေ့လို အင်ဂျင်နီယာလေးများဖြစ်လေနိုးနဲ့ နံပါတ်(၂)နေရာမှာ နည်းပညာတက္ကသိုလ်ထားချင်ပေမယ့် ကန်ဒီအမေ့ကိုမပြောရဲခဲ့ပါဘူး...

ဒီလိုနဲ့အမှတ်ထွက်လာတော့ ကန်ဒီဆေးကျောင်းဝင်ဖို့ (၇)မှတ်လိုတယ်လေ.. အမေကတော့ရင်ထုမနာပေါ့.. ကန်ဒီကတော့ သိပ်မခံစားရပါဘူး... ကန်ဒီ့ငယ်ငယ်က အိမ်မက်ထဲမှာလည်း ဆရာဝန်တစ်ယောက်မဖြစ်ချင်ခဲ့ဘူးလေ... ဒါပေမယ့် ဘာမှန်းမသိတဲ့ ဆေးဝါးတက္ကသိုလ် (University of Pharmacy) ဆိုတာကို တက်ဖို့တော့စိတ်ဓာတ်နည်းနည်းကျမိခဲ့တယ်... ကျောင်းနေဖက်သူငယ်ချင်းတွေကပဲဖြစ်ဖြစ်၊ ဆွေမျိုးအသိုင်းအ၀ိုင်းကပဲဖြစ်ဖြစ် “သမီးအခုဘာတက်နေလဲ”မေးလာရင် ဆေးဝါးတက္ကသိုလ်တစ်ခုတည်းဖြေရုံနှင့် မပြီးခဲ့ဘူး.. ဘာတွေသင်ရတယ် ဆိုတာပါရှင်းပြရပါသေးတယ်.. “ကျောင်းပြီးရင် ဘာဖြစ်မလဲ”မေးရင်လည်း အထင်တွေသာ ဖြေရတယ်၊ ရေရေရာရာ မသိခဲ့ဘူးလေ.. (၄)နှစ်တာပညာသင်ကြားပြီချိန်မှာတော့ ဆေးဝါးတက္ကသိုလ်ဆိုတာဘာမှန်း သိလာသလို ဘာသာရပ်တွေအပေါ်မှာလည်း စိတ်ဝင်စားလာတယ်... ဒီလိုနဲ့ပဲ ဘွဲ့တစ်ခုရခဲ့တယ်ပေါ့...

ကျောင်းပြီးဘွဲ့ရကြတော့ သူငယ်ချင်းအချို့က ဆေးကုမ္ပဏီတွေမှာ marketing တဲ့၊ တချို့ကတော့ private ဆေးခန်းတွေရဲ့ ဆေးcounterမှာ၊ တချို့ကလည်း “Fame” တို့လို ဆေးmanufacturing ပိုင်းမှာ အလုပ်လုပ်ကြတယ်... နိုင်ငံခြားမှာလို Pharmacist ရဲ့တာဝန်ကို မသိတဲ့ မြန်မာပြည်မှာ စာတွေဆေးကျောင်းတန်းတူကျက်ခဲ့ပြီး လူတိုင်းလုပ်လို့ရနေသော ဆေးရောင်းတဲ့အလုပ်တော့ မလုပ်ချင်ဘူးလေ.. ဆေး manufacturing ပိုင်းမှာ လုပ်ရတာကမှ တော်သေးတယ်... အဲဒါတွေကြောင့်ပဲ ကန်ဒီ့ရဲ့ အချစ်ဆုံးသူငယ်ချင်းကတော့ UK မှာ Pharmacist ဖြစ်ဖို့ဆက်တက်ပြီး ကန်ဒီကတော့ UK ထိမသွားချင်ဘူးလေ.. ညီမရှိတဲ့ Singapore ဆိုတော်သေးတယ်ဆိုပြီး Pharmacy နဲ့ ဆက်စပ်တဲ့ Pharmaceutical Management ဆက်တက်ပါတယ်... နောက်ဘာဆက်ဖြစ်လာမယ်ဆိုတာ မသိသေးပါဘူး... ဖြစ်သမျှအတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားဖို့ပဲ ရှိတယ်မဟုတ်လား...

Monday, November 1, 2010

အသိတစ်ခု

(၁၀)တန်းစာမေးပွဲဖြေပြီးတော့ ကန်ဒီ့အမေမေးတဲ့ စကားက “သမီး... နိုင်ငံခြားမှာ ကျောင်းဆက်တက်ပါလား၊ သမီးအစ်ကို(၀မ်းကွဲ)တွေလည်း ရှိတာပဲ..”.. ထိုစကားအတွက် ကန်ဒီ့တုံ့ပြန်မှုက “သမီးဒီမှာပဲ တက္ကသိုလ်တက်ချင်တယ် မာမီ... ဒီမှာကျောင်းပြီးမှ နိုင်ငံခြားသွားဖို့ စဉ်းစားမယ်နော်... ”. တကယ်တော့ ကန်ဒီနိုင်ငံခြားသွားချင်စိတ်မရှိလို့ရှောင်လွှဲခဲ့တဲ့ စကားပါ... အမေဘာမှမပြောခဲ့ပါဘူး... ကန်ဒီ့စိတ်တိုင်းကျ ရန်ကုန်မှာပဲ ကျောင်းတက်စေခဲ့ပါတယ်... ချစ်သူရလာတဲ့ အချိန်ရောက်တော့ ကန်ဒီ့အတွေးက နည်းနည်းပြောင်းလာတယ်.. အချစ်နဲ့ပက်သက်လာရင် ရူးသွပ်စွာ စွဲလမ်းတတ်တယ်ဆိုတာ ကန်ဒီကိုယ့်ကိုကိုယ် သိပါတယ်.. အဲ့ဒီအချိန်ရောက်တော့ တွေးတဲ့အတွေးက နှစ်ယောက်လုံးအလုပ်ရှိလျှင်၊ ပုံမှန်ဝင်ငွေလေးရှိလျှင် အတူတူနေနိုင်ပြီ ဆိုတဲ့အတွေး... လက်ထက်ပြီးချိန်ထိ မိဘဆီက လက်ဖြန့်မတောင်းချင်ဘူးလေ... ကန်ဒီအလုပ်ကောင်းကောင်းရပြီး ချစ်သူနဲ့တူတူနေနိုင်ဖို့အတွက် ဒီတစ်ခေါက် တက္ကသိုလ်ကဘွဲ့ရပြီးလို့ အမေ Singapore မှာကျောင်းဆက်တက်ဖို့ ပြောတော့ ကန်ဒီမငြင်းတော့ဘူး.. ကန်ဒီ့အတ္တတစ်ခုအတွက် အမေပြောတာကို လိုက်လျောခဲ့ခြင်းပါ..

ဟိုတလောကပဲ ပိုင်းလော့ဆရာတော်ဘုရားရဲ့တရားပွဲတစ်ခု ကန်ဒီရောက်ဖြစ်ခဲ့ပါတယ်.. ဆရာတော်ဟောတဲ့တရားထဲမှာပါတဲ့ စကားတစ်ခွန်းက “ မိဘကျေးဇူးဆိုတာ မချေကောင်းဘူး၊ ကြီးမားလွန်းလို့ ကျေအောင်ဆပ်လို့လည်း မရဘူး” .. ထိုစကားတစ်ခွန်းကနေ ဆက်ပြီးစဉ်းစားမိရာက ကန်ဒီ ကိုယ့်ကိုကိုယ် တော်တော်မိုက်တဲ့ သမီးတစ်ယောက် ဖြစ်မှန်းမသိဖြစ်နေတာ သိလိုက်ရတယ်... မိဘကျေးဇူးအကြောင်းဟောတဲ့တရားတွေ ကန်ဒီနာဖူးပါတယ်... ဒီတစ်ခေါက်လိုတော့ နယ်ချဲ့ပြီးမတွေးဖူးခဲ့ဘူး... ယေဘူယျအားဖြင့်တော့ မိဘတွေကို သူတို့အသက်ကြီးလာရင်လုပ်ကျွေးမယ် ဆိုတဲ့ အတွေးတော့ အမြဲရှိပါတယ်... ဒါပေမယ့် “ငါဘယ်လိုကျောင်းပြီးလို့ ဘယ်လိုအလုပ်ရအောင်လုပ်မယ်... ငါ့မိဘတွေကိုဘယ်လိုကျေးဇူးဆပ်ဖို့အတွက်.. ”ဆိုတဲ့ ရည်ရွယ်ချက်တစ်ခုနဲ့ တွေးပြီးလုပ်တဲ့အလုပ်မျိုး ခုချိန်ထိ မရှိခဲ့ပါဘူး... ရှက်စရာအကောင်းဆုံးကတော့ ကန်ဒီ ဒီမှာကျောင်းတက်ဖို့လာတဲ့ ရည်ရွယ်ချက်ကတောင် ချစ်သူနဲ့ အတူနေရဖို့တဲ့လေ.. ဘယ်လောက်ကြောက်ဖို့ကောင်းတဲ့အတ္တ၊ တကိုယ်ကောင်းဆန်တဲ့စိတ်လဲနော်.. ဒီထိတွေးမိချိန်မှာ ကန်ဒီအရမ်းမွန်းကျပ်နေပြီ..

ဆက်တွေးမိတာက... ဟုတ်ပြီ.. ကန်ဒီအမြဲတွေးနေကျ မိဘတွေအသက်ကြီးလာရင် လုပ်ကျွေးမယ်ဆိုတဲ့အတွေး... ဒီအချိန်မှာ ကိုယ့်အသက်ကိုပြန်တွက်တော့ (၂၂)နှစ် အလုပ်မရှိ၊ ကျောင်းတက်နေတုန်း... မိဘတွေအသက်ကိုပြန်တွက်ကြည့်မိတော့ (၆၀)ကျော်ပြီ... မိဘတွေက အသက်ကြီးနှင့် နေပြီ.. ဒါတောင် ခုချိန်ထိအလုပ်လုပ်ပြီး ကန်ဒီတို့ကို ကျောင်းထားနေရတုန်း... ကန်ဒီကျောင်းပြီးဖို့က (၁) နှစ်ခွဲလောက်လိုသေးတယ်.. ကျောင်းပြီးလို့ ချက်ချင်းအလုပ်ရရင်တောင် သူတို့ကို ကျေးဇူးဆပ်ဖို့ အချိန်ကသိပ်မကျန်တော့.. ဒါတွေကို မတွေးဘဲ ချစ်သူနဲ့တူတူနေနိုင်ဖို့ ဆိုတဲ့တကိုယ်ကောင်းဆန်တဲ့ရည်ရွယ်ချက်နဲ့ ဖြတ်သန်းနေတဲ့ ကိုယ်ကိုကိုယ်မုန်းမိတယ်.. တကယ်တွေးသင့်တာက “ငါ့မိဘတွေ အသက်ကြီးပြီ.. ငါမြန်မြန်ကျောင်းပြီးအောင် မြန်မြန်အလုပ်ရအောင်လုပ်ပြီး သူတို့ကိုကျေးဇူးဆပ်ရမယ်” .. ဒီလိုရည်ရွယ်ချက်ကောင်းလေးနဲ့ လုပ်ခဲ့သင့်တာ.. ကန်ဒီ(၁၀)တန်းဖြေပြီးတုန်းက အမေဒီမှာကျောင်းတက်ဖို့ပြောတုန်းကသာ လက်ခံလိုက်ရင် ကန်ဒီ့ညီမလို ကန်ဒီခုချိန်ဆို အလုပ်ရနေပြီ.. ကန်ဒီငြင်းခဲ့တာ မှားသွားပြီလား?? ခုချိန်မှာ ကန်ဒီအကြောက်ဆုံးအရာက အမေတို့ကို နည်းနည်းလေးပဲ လုပ်ပေးလိုက်နိုင်မှာလား?? နည်းနည်းလေးပဲ ကျေးဇူးဆပ်ခွင့်ရတော့မှာလား??.. အဲဒီအတွေးတွေကြားထဲမှာ ကန်ဒီ ရင်ဘတ်တစ်ခုလုံး ဆို့နစ်နေပြီ.. မွန်းကျပ်စွာရလာတဲ့ ဒီအသိတစ်ခုအတွက် ရင်ဖွင့်ရာက ကန်ဒီ့ချစ်သူနဲ့ ဒီblogလေးပါ... စိတ်ရှုပ်စရာတွေပေးမိရင် ကန်ဒီ့ကိုခွင့်လွှတ်ပါနော်...