Sunday, May 29, 2011

Photoshoot @Chinese garden

မနေ့က ကန်ဒီတို့ Japanese garden မှာလုပ်တဲ့ တရားပွဲသွားဖြစ်တယ်.. အောင်ဆန်းဆရာတော် တရားပွဲလေ... လူတွေအရမ်းများတယ်.. စနေနေ့မို့လားမသိဘူး... ကြာဆံသုပ်နဲ့ ကော်ဖီတိုက်တယ်... တရားပွဲပြီးတော့ ကန်ဒီတို့က Chinese garden မှာ ဓာတ်ပုံလျှောက်ရိုက်တယ်... အရမ်းလှတာပဲ... ကန်ဒီအဲ့ဒီကို တခါမှမရောက်ဖူးဘူး... ဒီရောက်တာပဲ တစ်နှစ်ကျော်နေပြီ... တော်တော်လှတာ... အဲဒီ့နေရာလေးကို အရမ်းကြိုက်တယ်....





Yes... I'm a nature lover... =)

Thursday, May 26, 2011

ပြုံးပါ.... ပြုံးလိုက်ပါ~~~



ကန်ဒီတို့ကျောင်းက lab ခန်းထဲမှာလို ပြုံးတာကို ခွဲခြမ်းစိတ်ဖြာ စူးစမ်းလေ့လာကြည့်တော့.... ပြုံးတာဟာ
(၁) ပိုက်ဆံမကုန်ပါဘူး..
(၂) လေမကုန်ပါဘူး...
(၃) သူတပါးကို မထိခိုက်ပါဘူး...
(၄) မိမိကိုယ်ကိုလည်း မထိခိုက်ပါဘူး...

အဲ့ဒီ့အပြင်... ကိုယ်ပြုံးပြလိုက်လို့
(၁) သူတပါးပျော်ရွှင်ရပါတယ်...
(၂) မိမိရဲ့ personality ကိုဖော်ပြပါတယ်...
(၃) ကိုယ်ကိုယ်တိုင်လည်း စိတ်ကြည်ပါတယ်...

ကျန်းမာရေးအတွက်ဆိုလည်း ပျော်ပျော်နေတတ်တဲ့လူက စူပုတ်နေတဲ့လူထက်ပိုပြီး အသက်ရှည်တယ်လို့ ကန်ဒီကြားဖူးတယ်.. ငယ်ငယ်တုန်းက ကာတွန်းတစ်ခုမှာတောင်ပါသေးတယ်... တစ်ချက်ပြုံးရင် တစ်ရက်အသက်ပိုရှည်မှာပါ ဆိုပြီး... ပြာကလောင် ပြာကချောင်လား မသိဘူး.. မမှတ်မိတော့ဘူး... ထားလိုက်ပါ.. အဓိက ကန်ဒီပြောချင်တာက ဒီလောက်တန်ဖိုးရှိတဲ့ အပြုံးတစ်ပွင့်ကို ဘာလို့မပေးနိုင်ကြတာလဲ... ပြုံးဖို့က မခက်ခဲပါဘူး... စူပုတ်နေတဲ့လူနဲ့ ပြုံးနေတဲ့လူဆို ဘယ်သူ့ကို စကားပြောချင်လဲ... ကန်ဒီဆိုရင်တော့ ပြုံးနေတဲ့ လူပဲစကားပြောမှာပေါ့...

ထစ်ကနဲဆို ဒေါပွနေမယ့်အစား... ပြုံးပြုံးလေးနဲ့ ဆက်ဆံတတ်အောင် ကြိုးစားကြည့်ပါ... ကန်ဒီပြောချင်တာ ဒေါမပွ စိတ်မဆိုးရဘူး မဟုတ်ဘူး... လူပဲ... ဒေါပွမှာပဲ စိတ်ဆိုးမှာပဲ... ဒါပေမယ့် နည်းနည်းလေးနဲ့ ဘာမဟုတ်တာလေးနဲ့ ထစ်ခနဲဆို ဒေါပွတတ်တဲ့ အကျင့်ရှိခဲ့ရင် ဖျောက်ပါ.. ကိုယ့်အတွက်မကောင်းသလို သူများအတွက်လည်းမကောင်းပါဘူး... သူများကို စိတ်ဆိုးရင် ဒေါပွရင် အရင်ခံစားရတာက ကိုယ်ပါ.. သူများကနောက်မှပါ... ကိုယ့်ရုပ်ကြီး ပုတ်သိုးနေရင်လည်း ဘေးနားကဘယ်သူမှ မပျော်ပါဘူး...

ကန်ဒီ့မှာ ခံယူချက်တစ်ခုရှိတယ်.. ယုံကြည်မှုလို့ပဲပြောရမလား..... လူတိုင်းမှာ အလှကိုယ်စီရှိတယ်... အဲဒီအလှကို အဓိကပေါ်လွင်စေတာက သူတို့ရဲ့ အပြုံး... လူနှစ်ယောက်ရှိမယ်... အပေါ်ယံကြည့်လိုက်ရင် တစ်ယောက်က ဒီတိုင်းလေးကြည့်နေရင်တောင် ချောတယ်... နောက်တစ်ယောက်ကတော့ ပုံမှန်ပဲ... လူတစ်ယောက်ရုပ်ကို ဒီတိုင်းကြည့်ပြီး ပုံမှန်လို့ပဲ ထင်ထင်.. ရုပ်ဆိုးတယ်လို့ပဲ ထင်ထင်.. သူနဲ့ပေါင်းကြည့်လိုက်ပါ... သူ့မှာ အလှတစ်ခုတော့ အမြဲရှိတယ်... သူစကားပြောတဲ့ လေယူလေသိမ်းလေးက ချစ်ဖို့ကောင်းနေတတ်တယ်... သူ့တစ်စုံတစ်ခုသော အပြုအမူက ချစ်ဖို့ကောင်းနေတတ်တယ်.. မပြောင်းလဲတာ တစ်ခုက ဘယ်လောက်ရုပ်ဆိုးပါစေ ရုပ်ချောပါစေ လူတိုင်းရဲ့ အပြုံးက အမြဲလှတယ်..အေးချမ်းတယ်... အဲဒါမပြောင်းလဲတဲ့ အမှန်တရားပဲ...

အဲ..တစ်ခုတော့ရှိတယ်... လူတိုင်းမှာ အလှကိုယ်စီရှိတယ်.. ဒါပေမယ့် အဲ့ဒီအလှပေါ်လွင်မှု မပေါ်လွင်မှုက ကိုယ့်ပေါ်မှာပဲ မူတည်တယ်... ကန်ဒီပြောတာ မိတ်ကပ်လိမ်းတဲ့ အလှကိုပြောနေတာ မဟုတ်ဘူးနော်... နှလုံးသားလှဖို့က အဓိကပါ.... နှလုံးသားမလှတဲ့လူဟာ ရုပ်ကလေးကဘယ်လောက် အပြစ်ကင်းအောင် လှနေပါစေ.. သူ့အလှက မှေးမိန်နေမှာပဲ... လူတစ်ယောက်ရဲ့အလှကို အပေါ်ယံကြည့်ပြီး ဆုံးဖြတ်လို့မရပါဘူး... တကယ့်အလှက ပေါင်းကြည့်မှ မြင်နိုင်တဲ့အရာမျိုးပါ... တစ်ချို့သူတွေကျတော့ စိတ်ထားလေးအရမ်းကောင်းပါတယ်.. ဒါပေမယ့် ရုပ်တည်ကြီးနဲ့ မရယ်မပြုံးနေတတ်တယ်.. အဲလိုလူမျိုးဖြစ်ခဲ့မယ်ဆိုရင် ပြုံးကြည့်ပါ... ကိုယ့်အပြုံးက သူများအတွက်အေးချမ်းပါတယ်.. ကိုယ့်အတွက်လည်း အကျိုးမယုတ်ပါဘူး... ဒီလောက် အဖိုးတန်တဲ့ အပြုံးကို ဘာလို့မပေးနိုင်ရမှာလဲ.. မဟုတ်ဘူးလား...

အပြုံးလေးတစ်ပွင့် စွန့်ကြဲနိုင်ကြပါစေ.... =)

Friday, May 20, 2011

Part time???!!!

ကန်ဒီ့သူငယ်ချင်းတစ်ယောက်က သူတို့အလုပ်မှာ လူလိုလို့ လုပ်မလားတဲ့ (တစ်ရက်ပဲ)... နောက်ဆက်လုပ်ချင်လည်း အဲဒီ့ hotel facebook မှာ book လုပ်လို့ရတယ်တဲ့... ကန်ဒီ လည်းလုပ်ကြည့်မယ်လို့... ကျောင်းကလည်း ခုမှ term အစဆိုတော့ နည်းနည်းအားနေတာနဲ့... Sentosa က hotel တစ်ခုမှာ wedding banquet waitress လုပ်ရတာ.... ၀တ်စုံက အပေါ်ရော အောက်ရော black... အင်္ကျီက သူတို့ပေးတယ်... skirt အမည်းက ကန်ဒီ့မှာ မရှိဘူး.. ကန်ဒီက skirt မှမ၀တ်တာ.... အတိုဆိုပိုဆိုးသေးတယ်..... အဲဒါနဲ့ ကန်ဒီ့ညီမအ၀တ်တွေထဲမွှေတော့လည်း skirt ကအမည်းဆိုလို့ တစ်ထည်ပဲရှိတယ်.. ရှိတာကလည်း အစဉ်းကြောင်းနေရာတွေမှာ ပြောင်နေတယ်..... ဒါပဲရှိတော့လည်း ဒါပဲယူသွားရတာပေါ့... ဖိနပ်ကလည်း အမည်းကို formal လိုအပိတ်ဖြစ်ရမယ်တဲ့.. ကန်ဒီက ဖိနပ်ပေါက်တတ်လို့ အပိတ်မ၀ယ်တာများတယ်... ဒါနဲ့ပဲ ကန်ဒီ့ ညီမ ဖိနပ်တွေထပ်မွှေတော့ အဆင်ပြေတာ တစ်ရံပဲရှိတယ်... အဲဒါပဲယူသွားလိုက်တယ်...


ဖိနပ်ရှာပုံတော်.....

ဟိုရောက်တော့ stocking ၀တ်ရမယ်တဲ့... ကန်ဒီ့ကိုလည်း ကန်ဒီ့သူငယ်ချင်းကမပြောဘူး.. ဒါပေမယ့် သူယူလာပေးလို့ တော်သေးတယ်... ပွဲမစခင် ကန်ဒီတို့လို အသစ်တွေကို generally သင်ပေးတယ်... နောက်ပိုင်း ကန်ဒီ့ကို သင်ပေးဖို့ အပ်ထားတဲ့ supervisor ကလည်း ဘာမှမသင်ပေးဘူး... သူ့သူငယ်ချင်းတစ်ယောက်ကိုလည်း သင်ပေးရမှာမို့ဆိုပြီး ကန်ဒီ့ကိုတခြားတစ်ယောက်ကို အပ်တယ်.. တခြားတစ်ယောက်ကလည်း သိပ်မပြောပြဘူး... စိတ်ဓာတ်တော်တော်ကျတယ်... ကန်ဒီ့ဝိုင်းက ၁၁ယောက်ဝိုင်း.. ကန်ဒီတစ်ယောက်တည်း serve ရတာ... လုံးဝအစိမ်းသက်သက်ကြီး... သူများလုပ်တာတွေပဲ ကြည့်ပြီးလိုက်လုပ်ရတာပေါ့....

ပွဲအစမှာတည်းက သွားတာပဲ... အထဲကတီးလုံးစတာနဲ့ ကန်ဒီတို့တွေ ပထမဆုံးဟင်းပွဲကို ကိုင်ပြီးဝင်ရတယ်... အပြင်မှာ standby လုပ်ရတာကလည်း အဲဒါတွေကိုင်ပြီး စောင့်ရတာ... အလေးကြီးပဲ... သူများတွေအတွက်တော့ အေးဆေးပေါ့... ကန်ဒီ့အတွက်တော့ တော်တော်လေးတယ်... standby အချိန်တည်းကကိုင်ရတာ.. တကယ်ပွဲထဲလဲဝင်ရော ကန်ဒီမနိုင်တော့ဘူး... ဟင်းတွေနည်းနည်းဖိတ်ကုန်တယ်.. တော်သေးတာက အပြင်မှာဖြစ်လို့... သူများနောက်မှာကျန်ခဲ့တာပေါ့.. အားလုံးတန်းစီပြီးဝင်ရတာလေ... အဲဒီဟင်းပွဲလည်း အသစ်နဲ့လဲလိုက်ရတယ်.. ကန်ဒီလည်း အဲလိုမဖြစ်ချင်ပါဘူး.. တကယ်မှမနိုင်တော့တာ.. :(

နောက်တစ်ခုက ကန်ဒီ့ supervisor က ကန်ဒီ့ table 55 နဲ့ သူ့ table 53 ကို ဒုတိယဟင်းပွဲကျရင် လဲမယ်ဆိုလို့ လဲပေးလိုက်တယ်... မသိတာတွေကို ကန်ဒီ့နား table က ဗမာအမကြီးကိုမေးရတယ်... သူကလည်း စိတ်တော်တော် မရှည်တာ.... :( ... ကန်ဒီနဲ့နည်းနည်းလှမ်းတဲ့ table က ဗမာအမကြီးကတော့ ကန်ဒီ အချိန်နည်းနည်းရလို့ သွားမေးရင် ပြောပြတယ်သေချာ (သူ့ကိုတော့ တကယ်ကျေးဇူးတင်တယ်... )... သူ့ကိုလည်း အမြဲသွားမေးလို့ရဘူး... သူ့table နဲ့ကအဝေးကြီး... ကန်ဒီ့သူငယ်ချင်း table နဲ့ကလည်း အဝေးကြီး... supervisor ကလည်းတစ်ခွန်းမှ မပြောဘူး... အအေးတွေကုန်ရင် လိုက်ဖြည့်.. ဒါပဲပြောတယ်.... ဟင်းရည်တွေ ထမင်းတွေတော့ ထည့်ပေးတတ်ပါတယ်... အသားဟင်းတွေကျ မလှီးပေးတတ်ဘူး... အနားက အမကြီးကိုပဲ လှီးခိုင်းရတာပေါ့...

ပွဲပြီးတော့လည်း တခြားဧည့်သည်တွေ စပြီးပြန်ကုန်ပီ... ကန်ဒီ့ဝိုင်းက မပြန်သေးတော့ နောက်ကျပြန်ရော... အအေးခွက်တွေ သိမ်းဖို့ကျန်သေးတာကို ရပြီ ပြန်လို့ရပြီဆိုလို့ အပြင်ထွက်တော့... အားလုံးသိမ်းပြီးမှ ပြန်ရမယ် ဖြစ်ပြန်ရော... အဲဒါနဲ့ ပြန်ဝင် ပြန်သိမ်း... ပြီးတော့ သိမ်းပြီးမပြီးစစ်တော့လည်း... သူကtable No. မေးတော့ 55 လို့ပြောမိရော... change ထားတာကိုမေ့ပြီး... 55 က မသိမ်းရသေးဘူးတဲ့... ဒါနဲ့ လဲထားတာလို့ 53 လို့ပြန်ပြော... အဲတော့မှ ပြန်လို့ရတယ်... ဖိနပ်ကလည်းပေါက်နေပြီ.... ညနေ ၄ နာရီကစလုပ်တာ ၁၁ အထိ... $42 ရတယ်... အဲဒီအချိန်မှာ ငိုချင်တာပဲသိတယ်... ပိုက်ဆံလည်း မလိုချင်ဘူး.... အကျယ်ကြီးပဲ အော်ငိုပစ်ချင်တယ်... တကယ်ကတော့ ပုဂံတွေလေးတာကလွဲရင် သိပ်တော့ မခက်ခဲပါဘူး... ဒါပေမယ့် ကိုယ်ကပထမဆုံး ဘယ်နေရာမှာဘာရှိတယ် ဘာလုပ်ရမယ် မသိတဲ့အချိန်မှာ ဘယ်သူ့မှလည်း မသင်ပေးတော့.... အရမ်းစိတ်ဓာတ်ကျတယ်....


ပထမဆုံး ကိုယ့်ဟာကိုယ်ရှာသော ပိုက်ဆံ... =(

ခုလက်မောင်းတွေရော ခြေထောက်ရော တကိုယ်လုံး နာနေတယ်... ကန်ဒီပျော့ညံတာ ကိုယ့်ကိုကိုယ်သိပါတယ်.... သူများတွေ လုပ်နိုင်ပြီး ငါဘာလို့ မလုပ်နိုင်တာလဲ ဆိုပြီးလည်း ကိုယ့်ကိုကိုယ် ဒေါပွမိတယ်... =(

Wednesday, May 18, 2011

ဘာမှန်းမသိသော....

ကန်ဒီပြောသမျှကို ဇာတ်လမ်းလေးတစ်ပုဒ်လို နားထောင်ပေးပါ... တကယ်ဖြစ်နေတာပါ.. ဒါပေမယ့် ဘာမှန်းမသိပါ.. ဘယ်လိုဆုံးမလဲဆိုတာလဲ မသိပါ... ဘာမှန်းမသိလွန်းလို့ ခံပြင်းလွန်းလို့ ရေးမိတာပါ... ကန်ဒီ့ရဲ့ ပင်ကိုစရိုက်က ဥပက္ခာပြုတတ်တဲ့လူမျိုးပါ... မဆိုင်တာဝင်မပါတတ်သလို မစပ်စုတတ်ပါဘူး.... ဒီကိစ္စဖြစ်နေတာက ဥပက္ခာပြုလို့မရတဲ့ လူတစ်ယောက်မှာပါ...

ဇာတ်လမ်းကတော့.....

ကောင်မလေးတစ်ယောက်ရှိပါတယ်... သူနာမည်က "သဇင်" ပဲထားပါတော့... သဇင်ဆိုတဲ့ကောင်မလေးက သူတပါးကိုအရမ်းကူညီတတ်တယ်.. ပေါင်းသင်းဆက်ဆံရေးကောင်းတယ်... အရမ်းသည်းခံနိုင်တယ်... သူပင်ပန်းနေရင်တောင် သူများအတွက် လုပ်ပေးတတ်တယ်... အဲလိုကောင်မလေးမျိုးပါ.. ဒါပေမယ့် စိတ်ကြီးတယ်.. သူစိတ်အရမ်းတိုပြီဆို တခြားသူတွေထက်ကြောက်ဖို့ကောင်းတယ်...

အဲဒီ သဇင် ဆိုတဲ့ကောင်မလေးက နောက်ကောင်မလေးတစ်ယောက် "ဆုမွန်" ပဲထားပါတော့.. အဲ့ ဆုမွန်နဲ့ ကြိုက်တယ်... ကြိုက်တယ်ဆိုတာလူသိရှင်ကြားမဟုတ်ဘူး.. ဒါပေမယ့် သူတို့နေပုံ၊ ထိုင်ပုံ၊ ပြောပုံဆိုပုံကို ကြည့်ပြီး သူငယ်ချင်းတွေအားလုံးသိတယ်.. မပြောတာပဲရှိတယ်.. ကန်ဒီလည်းအမှတ်တမဲ့ သိသွားတယ် .. ဒါပေမယ့် ဘာမှမပြောပါဘူး... အဲ့လိုဖြစ်နေလားလို့လဲ မမေးဘူး... ဒီတိုင်းပဲနေလိုက်တယ်... မိန်းကလေးချင်းကြိုက်တဲ့ ကိစ္စက စမ်းချောင်း(၂)လို မိန်းကလေးကျောင်းမှာကြီးလာတဲ့ ကန်ဒီ့အတွက် အဆန်းတကျယ်တော့ မဟုတ်ပါဘူး... ဆုမွန် အကြောင်းဆက်ပြောမယ်နော်.. ဆုမွန်က ယောက်ျားဆန်တယ်... ဒါပေမယ့် ယောက်ျားလျာ မဟုတ်ဘူး... သူကိုယ်တိုင်မှာလဲ ရည်းစားရှိတယ်.. ဒါပေမယ့် အဝေးမှာ... သူ့အကျင့်ကသူများကို အနိုင်ယူတတ်တယ်.. သူလုပ်ချင်တာပဲ သိတယ်.. အဲလိုလူစားမျိုး.. သူတို့က roommate တွေ... roommate ဖြစ်ပြီးမှ သိပြီးကြိုက်ကြတာ... သူတို့ သွားအတူ၊ လာအတူပေါ့ အမြဲ....

ပြဿနာအစကတော့.. ဆုမွန် ရန်ကုန်ခဏပြန်သွားရာက စတာပါပဲ... ဆုမွန်ရန်ကုန်ပြန်သွားတဲ့ အချိန်မှာ သဇင်က ဒီမှာ ရည်းစားရသွားပါတယ်... ဆုမွန်လည်း ဒီပြန်ရောက်ရော ပေါက်ကွဲတော့တာပေါ့... ဒါပေမယ့် သူတို့ဟာ သူတို့ ဘယ်လိုတွေညှိလိုက်လဲတော့ မသိပါ.. အရင်လို သွားအတူလာအတူ ဖြစ်မြဲ... ဒါပေမယ့် ပြဿနာက သဇင်သူ့ရည်းစားနဲ့သွားတွေ့မယ်ဆို ဆုမွန်နဲ့ စကားများပြီ.. ရန်ဖြစ်ပြီ... သွားတွေ့ပြီးပြန်လာရင်လည်း ဖြစ်ပြီ... သွားတွေ့ဖို့ကိုလည်း ဆုမွန်ဆီပြောရပါတယ်.. ပြန်လာမယ့် အချိန်လည်းပြောရပါတယ်... ပြန်လာတာနောက်ကျရင်လည်း စကားများပါတယ်... အကြီးအကျယ်များတာပါ... သဇင်အကျင့်ကလဲ သည်းခံတယ်..မရလို့ သူအရမ်းစိတ်တိုပြီဆို အရမ်းကြောက်ဖို့ကောင်းတယ်.. အဲတော့ သူတို့ရဲ့ရန်ပွဲကို တွေးကြည့်ပါ.. အသားနာအောင်တွေလည်းလုပ်... အော်ကြီးဟစ်ကျယ်နဲ့... ရှက်တတ်ရင် အရမ်းရှက်ဖို့ကောင်းပါတယ်...

နောက်တစ်ခု သဇင်ကိုအရမ်းလေးစားတာက သူ့သည်းခံနိုင်မှုပါ... ဆုမွန်ကို အကုန်လုပ်ပေးတယ်.. ကုန်ကုန်ပြောရရင် အိမ်သာသွားတာတောင် သရဲကြောက်လို့ အပြင်ကလိုက်စောင့်ပေးတယ်... သဇင်နဲ့ မတွေ့ခင်က သူဘယ်လိုနေလာလဲတော့ ကန်ဒီလည်းမသိပါ... ထမင်းစားချိန်ဆို စားဖို့လုပ်ပေးတယ်.. ခေါက်ဆွဲစားမယ်ဆို ခေါက်ဆွဲလုပ်ပေးတယ်.. သဇင်ကဟင်းချက်တတ်သလားဆိုတော့ ဘာမှသိပ်မချက်တတ်ပါ.. သူတတ်တာလေးနဲ့လုပ်ပေးတယ်... နောက်ရေချိုးပြီး ဆံပင်မှုတ်ပေးတယ်.. အပြင်သွားမယ်.. ရုပ်ရှင်ကြည့်မယ်ဆိုလည်း လိုက်သွား.. ကန်ဒီအရင်ကသိတဲ့ သဇင်အကျင့်က အပြင်မသွားဘူး မဟုတ်ဘူး သွားတယ်.. သူငယ်ချင်းတွေနဲ့ ပျော်ပျော်နေတယ်... ဒါပေမယ့် ခုလို ဆယ့်နှစ်ရာသီတော့ အပြင်ထွက်မနေဘူး.. နောက်ပြီး ပိုက်ဆံလည်း ခုလောက်မသုံးဘူး.. ခုကအပြင်ကြီးထွက်နေတော့ ကုန်တာပေါ့.... ဆုမွန်ကတော့ အကုန်လုပ်ပေးနေတော့ အခန့်သားပေါ့... ခိုင်းတောင်ခိုင်းလိုက်သေးတယ်... တစ်ခုကမပြီးသေးဘူး နောက်တစ်ခုကခိုင်းနေပြီ... မသိရင် သဇင်ခမျာ ကျွန်ကျနေတာပဲ.. (ခွင့်လွှတ်ပါ... သူ့နေရာက ခံပြင်းလွန်းလို့ပါ.. )

သူတို့ရန်ဖြစ်လို့ သဇင်ငိုပြီဆို ကန်ဒီ့ကို ပြောပြီ.. သူ ဆုမွန်ကို သည်းမခံနိုင်တဲ့အကြောင်း... သူ့ကိုမိုက်မိုက်ရိုင်းရိုင်းတွေပြောတဲ့အကြောင်း.. ဘာမှမပြောတဲ့ ကန်ဒီအဲ့အချိန်ကျရင်တော့ သဇင်ကို ပြောကြည့်တယ်.. ဆုမွန်အတွက် အဲလောက်တွေလုပ်ပေးနေစရာ မလိုဘူး.. နေတဲ့ပုံလေးကို ပြောင်းလိုက်ပါလို့... သဇင်ကအရမ်းလုပ်ပေးနေလို့ ဒီလိုဖြစ်နေတာလို့... အဲလောက်ပဲပြောတယ်.. သူကသူတို့ ရန်ဖြစ်တဲ့ အချိန်ဆိုရင်တော့ ဟုတ်ကဲ့.. ပြီးလို့ ပြန်တည့်သွားရင် ဒီပုံကဒီပုံပဲ... အဲတော့ ကန်ဒီလည်းမပြောတတ်တော့ဘူး... သူခံနေရတိုင်း သူတို့ရန်ဖြစ်တိုင်း Candy အရမ်းစိတ်ညစ်တယ်... သဇင်က ကန်ဒီ့ရဲ့မပတ်သက်လို့မရတဲ့ လူတစ်ယောက်... သူ့ကိုလည်းတိုက်ရိုက်ကြီး ဆုမွန်နဲ့ ကြိုက်နေတာမလား... ဖြတ်လိုက်လို့လည်း ပြောမထွက်.... ဘာလုပ်ရမှန်းလည်း မသိဘူး...

နောက်ဘာမှန်းမသိတာက သူတို့ရဲ့ relationshipက ဘာလဲ... သဇင်မှာလည်း ခုဆိုရည်းစားရှိပြီ... ဆုမွန်မှာလည်း အစတည်းက အဝေးမှာ ရည်းစားရှိပြီးသား... အဲတော့ သူတို့ကဘာတွေဖြစ်နေတာလဲ... ဘာဆက်လုပ်မှာလဲ... ဒီတိုင်းရန်ဖြစ်လိုက် ရည်းစားနဲ့သွားတွေ့လိုက် ကန်ဒီ့ကိုပြောလိုက် ပြန်တည့်လိုက်.... ဒီလိုနဲ့ပြီးနေမှာလား... အနာဂတ်ကဘာလဲ..... ကန်ဒီပဲအရမ်းပိန်းနေတာလားတော့ မသိပါ... ဘာမှန်းကို မသိပါ.....

ကန်ဒီတကယ် ဘယ်လိုအကြံပေးရမှန်း မသိလို့ တကယ်လို့များ ကန်ဒီ့ရဲ့သရဲခြောက်မှာတောင် ကြောက်ရတဲ့ blog လေးကို မျက်စိလည်လမ်းမှားပြီး ရောက်လာခဲ့လို့ ဒီpostလေး ဖတ်မိခဲ့ရင် တစ်ခုခုတော့ comment အနေနဲ့ အကြံပေးပေးခဲ့ပါနော်.. ကျေးဇူး....

Saturday, May 7, 2011

လေးဘက်နာရောဂါနှင့် ဂေါက်ရောဂါ (လုံးဝ) မတူပါ...

လူအများစု ရောထွေးနေတတ်သည့် လေးဘက်နာရောဂါ (Rheumatic fever) နှင့် ဂေါက်ရောဂါ (Gout) အကြောင်း အနည်းအကျဉ်း ရှင်းပြလိုပါသည်။ ထိုရောဂါနှစ်ခုမှာ အဆစ်အမြစ်ကိုက်ခဲခြင်း (joint pain) တူညီသော်ငြားလည်း ရောဂါဖြစ်ပေါ်ရခြင်း အခြေခံအကြောင်းတရားချင်း လုံးဝတူညီမှုမရှိသလို ကုသမှုသည်လည်း ကွဲပြားပါသည်။

လေးဘက်နာရောဂါ (Rheumatic fever)

လေးဘက်နာရောဂါသည် Streptococcus ဟုခေါ်သည့် ဘက်တီရီးယားပိုးကြောင့် ဖြစ်ရသော ရောဂါဖြစ်ပါသည်။ ကလေးအသက် ၆နှစ်မှ ၁၅နှစ်အတွင်းတွင် ၎င်းပိုးကြောင့် လည်ချောင်းခဏခဏနာခြင်းမှ ဆက်၍ လေးဘက်နာရောဂါဖြစ်ပေါ်နိုင်ပါသည်။ ထိုရောဂါကြောင့် အဓိကထိခိုက်နိုင်သော အင်္ဂါများမှာ အဆစ်နှင့် နှလုံးတို့ ဖြစ်ပါသည်။ ရောဂါလက္ခဏာများကတော့ ကိုယ်လက်ကိုက်ခဲခြင်း၊ အဆစ်အမြစ်ရောင်ခြင်း၊ အဖျားတက်ခြင်းနှင့် နှာခေါင်းသွေးယိုခြင်း တို့ဖြစ်ပါသည်။ လေးဘက်နာရောဂါ ရှိမရှိကို ASO test ( Antistreptolysin O ) စစ်ခြင်းဖြင့်သိနိုင်ပါသည်။ Normal ASO test range သည် ၂၀၀ ဖြစ်ပါသည်။ ထိုထက်များပါက ရောဂါရှိသည်ဟု ဆိုနိုင်ပါသည်။ လေးဘက်နာရောဂါသည် ဘက်တီးရီးယားပိုးကြောင့် ဖြစ်သောရောဂါဖြစ်သည့်အားလျော်စွာ ၎င်းကို ပိုးသတ်ဆေး (antibiotics များ) နှင့် ကုသလေ့ရှိပါသည်။ ရုတ်တရက်ဆိုးရွားစွာ ဖြစ်ပေါ်လာသော လေးဘက်နာအတွက် အကိုက်အခဲပျောက်ဆေး၊ အရောင်ကျဆေးများဖြင့် ကုသတတ်သလို ရောဂါပြန်ဖြစ်ခြင်းမှ ကာကွယ်ရန်လည်း antibiotics ဆေးဆ အနည်းငယ်ကို နှစ်ရှည်သောက်ရတတ်သည်။ ထို့သို့မသောက်ပါက ပြန်ဖြစ်တတ်သည့် ရောဂါမျိုးဖြစ်ပါသည်။

ဂေါက်ရောဂါ (Gout)


ဂေါက်ရောဂါ ဖြစ်ရခြင်းအကြောင်းမှာ သွေးထဲတွင် Uric acid များနေခြင်းကြောင့် ဖြစ်ရပါသည်။ အဆစ်အမြစ်များတွင် Uric acid crystal များအနည်ထိုင်ခြင်းမှ အဆစ်အမြစ်ကိုက်ခဲစေပါသည်။ Uric acid ကိုခန္ဓာကိုယ်တွင်းရှိ purine ပြိုကွဲခြင်းမှ ရရှိပါသည်။ ထိုကြောင့် purine များသောအစားအစာများကို ဂေါက်ရောဂါရှင်များရှောင်ရတတ်ပါသည်။ purine များသော အစားအစာအချို့မှာ ကလီစာများ၊ ပန်းဂေါ်ဖီ၊ မှို၊ ပဲ နှင့် beer တို့ဖြစ်ပါသည်။ များသောအားဖြင့်တော့ လူကြီးများက မြေအောက်မှာပေါက်သော အစားအစာများဟု မှတ်ထားတတ်ကြပါသည်။ ဂေါက်ရောဂါတွင် အဆစ်အမြစ်များသည် နီ၊ ပူပြီး ရောင်ရမ်းလေ့ရှိပါသည်။ ကုသမှုအနေဖြင့်တော့ အကိုက်အခဲပျောက်ဆေးများ၊ steroid များဖြင့် ကုသလေ့ရှိပါသည်။ အစားအစာအနေနှင့် strawberry, cherry, lemon နှင့် ငှက်ပျောသီးတို့သည် ဂေါက်ရောဂါလက္ခဏာအတွက် အထူးသင့်လျော်ပါသည်။


နိဂုံးချုပ်အားဖြင့် ရောဂါနှစ်ခုမှာ လက္ခဏာခြင်းတူသော်လည်း ဖြစ်ပေါ်ပုံ အခြေခံအကြောင်းအရင်းခြင်းမတူသလို ကုသပုံမှာလည်း ကွဲပြားပါသည်။ အစားအစာအနေနှင့် လေးဖက်နာတွင် ရှောင်ကြဉ်ရန် မလိုသော်လည်း ဂေါက်ရောဂါအတွက်တော့ အစားရှောင်ခြင်းသည် ကုသမှုအတွက် များစွာအထောက်အကူ ဖြစ်ပါသည်။

My History


ကန်ဒီ့မှာလေးဘက်နာရောဂါရှိပါတယ်.. ငယ်ငယ်က လည်ချောင်းခဏခဏနာရာကနေ ဆက်ဖြစ်တာပါ.. ငယ်ငယ်တုန်းကတော့ ကန်ဒီ့ကိုကုတဲ့ ဆရာဝန်က လည်ချောင်းခဏခဏနာလို့ လေးဘက်နာဖြစ်မှာစိုးလို့ ဆိုပြီး antibiotics ကို ကာကွယ်တဲ့အနေနဲ့ (၂)နှစ်သောက်ခိုင်းခဲ့ပါတယ်.. ဒါပေမယ့် ဟိုတလောက ကန်ဒီ သွားနှုတ်တော့ သွေးစစ်ရတယ်လေ (ဆေးရုံတက်ပြီးနှုတ်လိုက်ရတာပါ အံဆုံးက ကန့်လန့်ဖြစ်နေလို့)... အဲတုန်းကတည်းက ကန်ဒီ့ဆေး result မှာ ASO များနေတာတွေ့တယ်... ဒါပေမယ့် ဆရာဝန်ကလည်း သွားဆရာဝန်ဆိုတော့ ဘာမှမပြောဘူး... ကန်ဒီလည်းဒီတိုင်းပဲနေလိုက်တာပေါ့... ပြီးခဲ့တဲ့ အခေါက်ရန်ကုန်ပြန်တော့မှ ဆေးခန်းပြမှဖြစ်မယ်လို့ ကိုယ့်ကိုကိုယ် သိလိုက်တယ်... ကိုယ်လက်တွေကလည်း အရမ်းကိုက်လာတော့.. ဆေးခန်းပြတော့ ဆရာဝန်ကလေးဘက်နာဆိုတော့ antibiotics ကို (၁)နှစ် ထပ် ON လိုက်တယ်..

ကန်ဒီ ဒီpost လေးရေးဖြစ်တဲ့ ဇာတ်လမ်းကတော့ စပါပြီ.. ကန်ဒီ့အမေရော အဖေရောက ကန်ဒီလေးဘက်နာရှိတယ်လည်းဖြစ်ရော အစားရှောင်တို့ ဘာတို့ပြောပါလေရော... သူတို့ကို ကန်ဒီပြောပါတယ်.. သမီးကဂေါက်ဖြစ်တာ မဟုတ်ဘူးလို့.... မရပါ... ကန်ဒီလူကြီးတွေရဲ့ စေတနာကို နားမလည်လို့ မဟုတ်ပါဘူး.... အဆိုးဆုံးကတော့ ကန်ဒီချဉ်ပေါင်ကြော်အရမ်းကြိုက်ပါတယ်... မျှစ်နဲ့ကြော်မှ ကြိုက်တာပါ... လေးဘက်နာဖြစ်တာသိပြီးပြီးခြင်း ကန်ဒီ့ကိုချဉ်ပေါင်ကြော်ထည့်ပေးရင် မျှစ်မပါပါဘူး... :(... အဲဒါကတော့ ဒီpostလေးရေးဖြစ်ခြင်းရဲ့ ရာဇ၀င်ပါပဲ... ဒါပေမယ့် တော်ပါသေးတယ်.. ဒီတလောတော့ မျှစ်ပြန်ထည့်ကြော်ပေးတယ်.. သူတို့မေ့သွားလို့ ထင်တယ်.. ဟီးဟီး.. xD

Friday, May 6, 2011

ပိတောက်နဲ့အတူ...


ကျောင်းပိတ်ရက်တုန်းက ပျင်းလို့လုပ်ထားတာလေးပါ.. ဟီးဟီး... သင်္ကြန်ပြီးစလေးဆိုတော့ ပိတောက်နဲ့ အတူပေါ့... =)
P.S. အပြင်သွားရင် ဒီလောက်မလုပ်ပါ... xD