Thursday, May 26, 2011

ပြုံးပါ.... ပြုံးလိုက်ပါ~~~



ကန်ဒီတို့ကျောင်းက lab ခန်းထဲမှာလို ပြုံးတာကို ခွဲခြမ်းစိတ်ဖြာ စူးစမ်းလေ့လာကြည့်တော့.... ပြုံးတာဟာ
(၁) ပိုက်ဆံမကုန်ပါဘူး..
(၂) လေမကုန်ပါဘူး...
(၃) သူတပါးကို မထိခိုက်ပါဘူး...
(၄) မိမိကိုယ်ကိုလည်း မထိခိုက်ပါဘူး...

အဲ့ဒီ့အပြင်... ကိုယ်ပြုံးပြလိုက်လို့
(၁) သူတပါးပျော်ရွှင်ရပါတယ်...
(၂) မိမိရဲ့ personality ကိုဖော်ပြပါတယ်...
(၃) ကိုယ်ကိုယ်တိုင်လည်း စိတ်ကြည်ပါတယ်...

ကျန်းမာရေးအတွက်ဆိုလည်း ပျော်ပျော်နေတတ်တဲ့လူက စူပုတ်နေတဲ့လူထက်ပိုပြီး အသက်ရှည်တယ်လို့ ကန်ဒီကြားဖူးတယ်.. ငယ်ငယ်တုန်းက ကာတွန်းတစ်ခုမှာတောင်ပါသေးတယ်... တစ်ချက်ပြုံးရင် တစ်ရက်အသက်ပိုရှည်မှာပါ ဆိုပြီး... ပြာကလောင် ပြာကချောင်လား မသိဘူး.. မမှတ်မိတော့ဘူး... ထားလိုက်ပါ.. အဓိက ကန်ဒီပြောချင်တာက ဒီလောက်တန်ဖိုးရှိတဲ့ အပြုံးတစ်ပွင့်ကို ဘာလို့မပေးနိုင်ကြတာလဲ... ပြုံးဖို့က မခက်ခဲပါဘူး... စူပုတ်နေတဲ့လူနဲ့ ပြုံးနေတဲ့လူဆို ဘယ်သူ့ကို စကားပြောချင်လဲ... ကန်ဒီဆိုရင်တော့ ပြုံးနေတဲ့ လူပဲစကားပြောမှာပေါ့...

ထစ်ကနဲဆို ဒေါပွနေမယ့်အစား... ပြုံးပြုံးလေးနဲ့ ဆက်ဆံတတ်အောင် ကြိုးစားကြည့်ပါ... ကန်ဒီပြောချင်တာ ဒေါမပွ စိတ်မဆိုးရဘူး မဟုတ်ဘူး... လူပဲ... ဒေါပွမှာပဲ စိတ်ဆိုးမှာပဲ... ဒါပေမယ့် နည်းနည်းလေးနဲ့ ဘာမဟုတ်တာလေးနဲ့ ထစ်ခနဲဆို ဒေါပွတတ်တဲ့ အကျင့်ရှိခဲ့ရင် ဖျောက်ပါ.. ကိုယ့်အတွက်မကောင်းသလို သူများအတွက်လည်းမကောင်းပါဘူး... သူများကို စိတ်ဆိုးရင် ဒေါပွရင် အရင်ခံစားရတာက ကိုယ်ပါ.. သူများကနောက်မှပါ... ကိုယ့်ရုပ်ကြီး ပုတ်သိုးနေရင်လည်း ဘေးနားကဘယ်သူမှ မပျော်ပါဘူး...

ကန်ဒီ့မှာ ခံယူချက်တစ်ခုရှိတယ်.. ယုံကြည်မှုလို့ပဲပြောရမလား..... လူတိုင်းမှာ အလှကိုယ်စီရှိတယ်... အဲဒီအလှကို အဓိကပေါ်လွင်စေတာက သူတို့ရဲ့ အပြုံး... လူနှစ်ယောက်ရှိမယ်... အပေါ်ယံကြည့်လိုက်ရင် တစ်ယောက်က ဒီတိုင်းလေးကြည့်နေရင်တောင် ချောတယ်... နောက်တစ်ယောက်ကတော့ ပုံမှန်ပဲ... လူတစ်ယောက်ရုပ်ကို ဒီတိုင်းကြည့်ပြီး ပုံမှန်လို့ပဲ ထင်ထင်.. ရုပ်ဆိုးတယ်လို့ပဲ ထင်ထင်.. သူနဲ့ပေါင်းကြည့်လိုက်ပါ... သူ့မှာ အလှတစ်ခုတော့ အမြဲရှိတယ်... သူစကားပြောတဲ့ လေယူလေသိမ်းလေးက ချစ်ဖို့ကောင်းနေတတ်တယ်... သူ့တစ်စုံတစ်ခုသော အပြုအမူက ချစ်ဖို့ကောင်းနေတတ်တယ်.. မပြောင်းလဲတာ တစ်ခုက ဘယ်လောက်ရုပ်ဆိုးပါစေ ရုပ်ချောပါစေ လူတိုင်းရဲ့ အပြုံးက အမြဲလှတယ်..အေးချမ်းတယ်... အဲဒါမပြောင်းလဲတဲ့ အမှန်တရားပဲ...

အဲ..တစ်ခုတော့ရှိတယ်... လူတိုင်းမှာ အလှကိုယ်စီရှိတယ်.. ဒါပေမယ့် အဲ့ဒီအလှပေါ်လွင်မှု မပေါ်လွင်မှုက ကိုယ့်ပေါ်မှာပဲ မူတည်တယ်... ကန်ဒီပြောတာ မိတ်ကပ်လိမ်းတဲ့ အလှကိုပြောနေတာ မဟုတ်ဘူးနော်... နှလုံးသားလှဖို့က အဓိကပါ.... နှလုံးသားမလှတဲ့လူဟာ ရုပ်ကလေးကဘယ်လောက် အပြစ်ကင်းအောင် လှနေပါစေ.. သူ့အလှက မှေးမိန်နေမှာပဲ... လူတစ်ယောက်ရဲ့အလှကို အပေါ်ယံကြည့်ပြီး ဆုံးဖြတ်လို့မရပါဘူး... တကယ့်အလှက ပေါင်းကြည့်မှ မြင်နိုင်တဲ့အရာမျိုးပါ... တစ်ချို့သူတွေကျတော့ စိတ်ထားလေးအရမ်းကောင်းပါတယ်.. ဒါပေမယ့် ရုပ်တည်ကြီးနဲ့ မရယ်မပြုံးနေတတ်တယ်.. အဲလိုလူမျိုးဖြစ်ခဲ့မယ်ဆိုရင် ပြုံးကြည့်ပါ... ကိုယ့်အပြုံးက သူများအတွက်အေးချမ်းပါတယ်.. ကိုယ့်အတွက်လည်း အကျိုးမယုတ်ပါဘူး... ဒီလောက် အဖိုးတန်တဲ့ အပြုံးကို ဘာလို့မပေးနိုင်ရမှာလဲ.. မဟုတ်ဘူးလား...

အပြုံးလေးတစ်ပွင့် စွန့်ကြဲနိုင်ကြပါစေ.... =)

3 comments:

ပန်းချီ said...

ဒီပို့စ်ကချစ်စရာလေး....
ကိုယ်လည်းအပြုံးတစ်ပွင့်လာခြွေပါတယ်..ညီမလေးကန်ဒီလောက်တော့မလှဘူးပေါ့လေ..း))

ပဥာက် said...

အမ်းးသိတ်မှန်တာပေါ့....အ၇ာ၇ာကို ပြုံးပြုံးလေး ၇င်ဆိုင်လိုက်ချင်တယ်..။

သော်ဇင်စိုး said...

ပြုံးပြုံးလေးနေတာကတော့ ကောင်းတာပေါ့.. ဒါပေမဲ့ တစ်ခါတစ်ခါ တင်းလာတော့လဲ.. ဟီးဟီး.. :D