Friday, October 21, 2011

ချိုချဉ်လေးနှင့် သူမ၏ဖိုးဖိုး



အိမ်ကလေးတစ်အိမ်ရှေ့သို့ ကလေးများနှင့် ပြည့်နေသော အဖြူရောင်ကျောင်းကားတစ်စီး ထိုးရပ်လိုက်သည်။ အသက်(၇၅)နှစ်အရွယ် အဖိုးအိုတစ်ယောက် ထိုအိမ်တွင်းမှ ထွက်လာပြီး ကျောင်းကားပေါ်မှဆင်းလာသော ပထမတန်းကျောင်းသူလေးရှိရာသို့ လက်ကမ်းရင်း...
"မြေးချိုချဉ်လေး... ပြန်လာပြီလား.."
"ဟုတ်.."
ကလေးလေးက သူမအဖိုး အမေးကို ချစ်စဖွယ်ပြန်ဖြေလိုက်ပြီးနောက် မြေးအဖိုးနှစ်ယောက် အိမ်တွင်းသို့ ၀င်သွားကြသည်။

ချိုချဉ်လေးသည် အသက်(၆)နှစ်အရွယ် မျက်နှာဝိုင်းဝိုင်းလေးနှင့် ချစ်စရာကောင်းသော ပထမတန်းကျောင်းသူလေး ဖြစ်သည်။ မြေးဦး မဟုတ်သော်လည်း ဖိုးအေ၏ချစ်ခြင်းခံရသော မြေးမလေးဆိုလျှင်မမှားပါ။ ချိုချဉ်လေး၏ အမေသည် အလွန်အလုပ်များသောသူဖြစ်ရာ ချိုချဉ်လေးတို့ ညီအစ်မတွေကို အဖိုးနှင့် အဒေါ်များက အဓိကထိန်းကျောင်းရသည်။

မြေးမလေး၏ လွယ်အိတ်နှင့် ခြင်းတောင်းကို ကိုင်ရင်း အဖိုးဖြစ်သူက..
"မြေးလေး.. အိမ်စာအရင်လုပ်ရမယ်နော်.. ပြီးရင် ဖိုးဖိုးနဲ့ စွန်လွှတ်မယ်..."
"ဟုတ်ကဲ့ ဖိုးဖိုး... "
ချိုချဉ်လေး စပ်ဖြီးဖြီးရုပ်နှင့် ပြောသည်။ သူမ စွန်မလွှတ်တတ်ပါ။ သို့သော် အဖိုးလွှတ်သောစွန်ကို ကြည့်ရသည်ကို သူမပျော်သည်။ အိမ်စာမပြီးလျှင် စွန်လွှတ်တာမကြည့်ရပါ။ ထို့ကြောင့် သူမအိမ်ပေါ်ရောက်သည်နှင့် အဖိုးနှင့်အတူ အိမ်စာလုပ်သည်။ အိမ်စာပြီးသည်နှင့် ရေချိုးသည်။ သနပ်ခါးကို ဖွေးနေအောင်လိမ်းပြီး ပါးကွက်ကွက်သည်။ သူမစွန်လွှတ်တာ ကြည့်ရတော့မည်။

သူတို့မြေးအဖိုးစွန်လွှတ်ပုံသည် ဘေးလူအမြင်တွင် ရီစရာကောင်းလျှင် ကောင်းနေပေလိမ့်မည်။ ကွင်းပြင်ထဲ သွားလွှတ်ခြင်း မဟုတ်ဘဲ အိမ်ပေါ်ထပ်ဝါးရံတာပေါ်က လွှတ်ခြင်းဖြစ်သည်။ ချိုချဉ်လေးတို့အိမ်သည် ရန်ကုန်မြို့လမ်းမပေါ်တွင် ရှိပြီး ခြံဝင်းမရှိပါ။ လမ်းမပေါ်ဆင်းလွှတ်လျှင်လည်း ဓာတ်ကြိုးများနှင့် ညှိနိုင်သောကြောင့် အိမ်ပေါ်ထပ်မှ လွှတ်ရသည်။ အဖိုးဖြစ်သူက မြေးမလေးပျော်အောင် သူကိုယ်တိုင် လုပ်သောစွန်နှင့် ညနေတိုင်း စွန်လွှတ်ပြသည်။ မြေးဖြစ်သူကိုတော့ ပေးမလွှတ်ပါ။ ချိုချဉ်လေး လွှတ်ချင်သည် ပြောတိုင်း "လက်ရှလိမ့်မယ်"ဟု ပြောတတ်သည်။ ကောင်းကင်အကျယ်ကြီးထဲ အဖိုးလွှတ်တင်သောစွန်လေး လွင့်နေသည်ကို ချိုချဉ်လေး အလွန်သဘောကျသည်။ ကောင်းကင်တွင် အရောင်အသွေးစုံသော တခြားစွန်များလည်း ရှိသည်။ ထိုစဉ် ချိုချဉ်လေး၏မြင်ကွင်းထဲသို့ အလွန်လှပသော စွန်တစ်စင်း ၀င်လာသည်။ ရိုးရိုးစွန်များနှင့် မတူပဲ ပိုကြီးပြီး အမြီးအရှည်ကြီးပါသည်။ သူ့အမြီး လေထဲတွင် လွင့်နေပုံမှာ အလွန်လှသည်။ ထိုစွန်လေးရှိရာ လက်ညှိုးညွှန်ပြရင်း...
"ဖိုးဖိုး.. ဟိုး မှာကြည့်ပါဦး... "
"စွန်ကြီး အကြီးကြီးပဲ... သမီးတို့ စွန်နဲ့ မတူဘူးနော်..."
"သူ့အမြီးက အရှည်ကြီး.. လေမှာလွင့်နေတာ အရမ်းလှတာပဲ..."
"သမီးတို့လည်း အဲ့လိုစွန်အကြီးကြီး လွှတ်ရအောင်နော်.. ဖိုးဖိုး"
အဖိုးက ပြုံးရင်း..
"မြေးလိုချင်ရင် ဖိုးဖိုးလုပ်ပေးမှာပေါ့..."
"တကယ်နော် ဖိုးဖိုး"
အဖိုးဖြစ်သူက ခေါင်းညိတ်ပြသည်။ ချိုချဉ်လေး အရမ်းပျော်သွားသည်။ သူမအတွေးထဲတွင် ထိုကဲ့သို့သောစွန်အကြီးကြီးနှင့် မြေးအဖိုးနှစ်ယောက် စွန်လွှတ်နေကြသည်။

ချိုချဉ်လေးအားလျှင် အဖိုးအိပ်ခန်းထဲသို့သွားသည်။ ထိုသို့သွားတိုင်း အဖိုးက ဒူးရင်ယိုကျွေးတတ်သည်။ ရိုးရိုးကျွေးခြင်း မဟုတ်ပါ။ ကလေးစားနိုင်အောင် သူ့လက်နဲ့ လုံးလိုက်သေးသည်။ အဖိုးကျွေးသော ဒူးရင်ယိုကို သူမအလွန်ကြိုက်သည်။ ချိုချဉ်လေးသည် ပုခက်စီးရသည်ကို နှစ်သက်ပြီး သူမ၏ညီမလေးများကို သိပ်သောအ၀တ်ပုခက်တွင် သူ့ခန္ဓာကိုယ် ကစ်ကစ်လေးနှင့် သွားသွားစီးတတ်သည်။ ဒါကိုသိသော အဖိုးဖြစ်သူက မြေးအတွက်ဆိုပြီး ဒန်းအရှင်လေး ကားဂိုထောင်တွင် လုပ်ပေးသည်။ ဒန်းစီးချင်လျှင် ကားထုတ်ပြီး ဒန်းတပ်ပေးသည်။ ချိုချဉ်လေးကလည်း အဖိုးဖြစ်သူကို အဖွားထက်ပိုချစ်သည်။ အကြောင်းမှာ အဖွားသည် သူမကိုအလွန်ဆွဲဆိတ်တတ်သောကြောင့်ဖြစ်သည်။ အဖွားကချစ်လျှင် ဆွဲဆိတ်သည်။ ထို့ကြောင့်အဖွားနားကို သူမ တော်ရုံနှင့် မသွားပါ။ သူမငယ်စဉ်ထဲက အဖွားဆုံးသွား၍ အဖွားနှင့်ပတ်သက်လျှင် ဆွဲဆိတ်တာ တစ်ခုပဲ သူမမှတ်မိသည်။

ဒီလိုနှင့် တရက်...
သူမကျောင်းက ပြန်လာပြီး အဖိုးအခန်းထဲအ၀င်... အဖိုး ကုတင်ဘေးတွင် ထိုင်နေသော မေမေ့ကို တွေ့လိုက်၍ သူမအံ့သြသွားသည်။ ထိုအချိန်သည် မေမေပြန်ရောက်နေကြအချိန်မဟုတ်ပါ။ အဖိုးက ခုတင်ပေါ်တွင်လှဲနေသည်။ အဖိုးထိုသို့အိပ်ယာပေါ်လှဲနေ၍ သူမစွန်လွှတ်တာမကြည့်ရသည်မှာ အတော်ကြာပြီ။ ပိုအံ့သြစရာကောင်းသည့်အရာတစ်ခု သူမထပ်တွေ့လိုက်သည်။ အဖိုးကို ကြည့်နေတဲ့ မေမေ့မျက်ဝန်းမှာ မျက်ရည်စတွေ... သူမတုန်လှုပ်သွားသည်။ မေမေသည် အလွန်စိတ်ဓာတ်ခိုင်မာသော အမျိုးသမီးတစ်ယောက်ဖြစ်ပြီး မေမေမျက်ရည်ဝဲခြင်းကို သူမခုအရွယ်အထိ မမြင်ဘူးခဲ့ပါ။ ထို့ကြောင့် သူမ သိလို၍ မေးလိုက်သည်။
"မေမေ.. ဖိုးဖိုး ဘာဖြစ်တာလဲဟင်..."
"သမီးအဖိုးဗိုက်ထဲမှာ အလုံးကြီးရှိလို့ သမီးရဲ့...."
ထိုသို့ တုန်ရင်စွာပြောပြီးနောက် မေမေဆက်မပြောတော့ပါ။ ဆက်ပြောဖို့ အင်အားမရှိ၍လည်း ဖြစ်နိုင်သည်။ သူမလည်း ဆက်မမေးတော့ပါ။ ထို့နောက် အဖိုးခြေမနှစ်ခုကို ပူးချည်နေကြသည်။ သူမ ဘာမှန်းမသိသလို နားလည်းမလည်ပါ။ ထိုနေ့မှစ၍ အဖိုးကို အိမ်မှာမတွေ့ရတော့ပါ။ စွန်လွှတ်တာလည်း မကြည့်ရတော့သလို အဖိုးလုံးပေးသော ဒူးရင်းယိုလည်း သူမ မစားရတော့ပါ။ သို့သော် အဖိုးအခန်းထဲသို့တော့ သူမသွားမြဲ သွားနေတတ်သည်။

တနေ့.. ချိုချဉ်လေး သူမအဖိုးအခန်းထဲမှာ ဆော့ရင်းကုတင်ပေါ်သို့ ကလေးပီပီ ခုန်ပြီးတက်ထိုင်လိုက်သည်။
"ကျွတ်.. "
အသံထွက်သွားသည်။ အသံလာရာ မွေ့ယာအောက်ကို သူမလှန်ကြည့်သည်။ ရင်ဘတ်ထဲ စူးကနဲ ခံစားလိုက်ရသည်။
ထိုအရာသည်...
.....
....
...
..
.
သူမ လိုချင်သော အလွန်လှပသည့် အမြီးအရှည်ကြီးနှင့် စွန်အကြီးကြီးတစင်း....
သို့သော် သူမဆောင့်ထိုင်လိုက်၍ ကျိုးနှင့်နေပြီ။

*****************************************************************

ဟိုနေ့က အိမ်မှာတူတူနေတဲ့အန်တီ ဈေးက၀ယ်လာတဲ့ ဒူးရင်းယိုလေးတွေ့လို့ ကန်ဒီ ဒီပိုစ့်လေးရေးမိတာပါ။ ဒီလိုပုံစံမျိုး ပထမဆုံးအကြိမ်ရေးတာမို့ အဆီအငေါ်မတည့် ဖတ်လို့အဆင်မပြေဖြစ်ခဲ့ရင် သည်းခံပေးကြပါရှင့်။ ဒါမျိုးက ရေးနေကျမဟုတ်တော့ ကန်ဒီ့အတွက် တော်တော်ခက်တယ်။ ဖတ်တဲ့သူတွေ ဖတ်လို့အဆင်မပြေမှာစိုးလို့ အခေါက်ခေါက်လည်း ပြန်ဖတ်ရတယ်။ နောက်ပြီး တင်ဖို့လည်း အကြိမ်ကြိမ်စဉ်းစားရတယ်။ ကိုဖြိုး (မနှင်းဆီရဲ့ မူပိုင်ရှင်)ကလည်း တင်ပါ... အားပေးတယ်တဲ့။ အဲ့ဒါနဲ့ တင်လိုက်တာပါ။ ဘလော့ဂါတစ်ယောက်စီမှာ သူတို့ကျွမ်းကျင်တဲ့ အပိုင်းဆိုတာရှိတယ်လေ။ ကဗျာရေးအရမ်းကောင်းတဲ့သူ.. ဆောင်းပါးရေးတာကောင်းတဲ့သူ... မနှင်းဆီကို အမျိုးမျိုးဖွဲ့နွဲ့နိုင်သူ(ကိုဖြိုး :P) စသဖြင့်ပေါ့။ ကန်ဒီကတော့ ဘာမှ မယ်မယ်ရရမရေးတတ်ဘူး.. ဟီး။ ဒါကို ၀တ္တုတိုလို့ပဲ ခေါ်မလား.. ဒီလိုမျိုးပုံစံရေးတဲ့နေရာမှာ အရမ်းတော်ပြီး ကန်ဒီ အထင်ကြီး လေးစား သဘောကျတဲ့ ဘလော့ဂါတစ်ချို့ကတော့ ကိုညီရဲသစ်... သူကြီးမင်း(ကိုကိုမောင် - ပန်းရနံ့)နဲ့ မမမိုးပန်းချီတို့ပါ။ အစ်ကိုတို့နဲ့ အစ်မဖတ်ခဲ့ရင် ညီမရေးသမျှ သည်းခံကြပါလို့... နောက်ပြီး ကန်ဒီ့ဆီလာလည်တဲ့သူတွေလည်း အမိုက်အမဲလေးမို့ သည်းခံခွင့်လွှတ်ပေးပါနော်။ နောက် အခါအခွင့် တိုက်ဆိုင်ရင်လည်း ဒါမျိုးလေးတွေရေးပြီး ဒုက္ခပေးပါရစေ :P

လာလည်သူအားလုံးကို ချစ်တဲ့..
Candy

19 comments:

QuuTe said...

ချစ်ဖို့ကောင်းတဲ့အရေးအသားလေးတွေက အရမ်းတော်တဲ့လူလဲ ဟန်လုပ်ရေးလို့မရဖူး ပညာရှိကြီးတွေ မရေးနိုင်ဖူးကွ ဘာလို့လဲဆိုတော့ သူတို့တွေက အရမ်းအရမ်း တက်သိ နားလည် သွားတော့ ရေးတိုင်း ကောင်းနေတာ ဟွင်းးးးဟွင်းးးး ကိုယ်တို့ မင်းတို့ ကလေးသူကြီးပါရမီရှင်တွေမှာသာ တွေ့နိုင်တာ:P :P

မိုးငွေ့...... said...

ညီမက စကားပြေနိုင်ပါတယ်...ကောင်းတယ်ရေးထားတာလေး..။

ခင်တဲ့
မိုးငွေ့

MGTHANT said...

တကယ်ကောင်းပါတယ်ဗျာ ရေးထားတာ.. အပို မပြောဘူး... ဖတ်ရတာ အင်မတန်မှ ချောမွေ့ပြီး စိတ်ဝင်စားစရာ ကောင်းပါတယ်... ပထမတော့ ၀တ္ထုလို့တောင် မထင်ဘူး... Cheers :)

Anonymous said...

အရမ်းကောင်းတယ်ညီမ..
ဖတ်ရင်းနဲ့တောင်..မြောသွားတယ်ရှင်
အရေးအသားတော်တော်ပြေပြစ်ပါတယ်
(တကယ်ပြောတာပါနော်)
ကြုံရင်ကြုံသလို.ထပ်ရေးပါအုံးနော်
အားပေးလျှက်ပါရှင်
ချစ်ခင်စွာနဲ့
တမီးစံ

jasmine(တောင်ကြီး) said...

စာအရေးအသားကတော့ထိပ်တန်းပါပဲ
အဲဒီလို
အဲဖြစ်ဆန်းလေးတွေလဲ သူရေးနိုင်တယ်
အမြင်လေးတွေလဲ လန်းခဲ့ရပေါ့ကွယ်။

ကဗျာလေးနဲ့ ဂုဏ်ပြုခဲ့ပါကြောင်း
သတင်းကောင်းလေးပါးခဲ့တယ်။
ချစ်တဲ့ jasmine အာဘွားးးးးးးးးးးးး

အိမ်မက်စေရာ said...

candy က ရေးတက်လိုက်တာ ..အိမ်မက်က ဒါမျိုးဖတ်ရတာကြိုက်တယ်..ရေးတော့မရေးတက်ဖူး..
တော်လိုက်တာ ကန်န်ဒီက
ဆက်ရေးဦးနော်..
အိမ်မက်

ချယ်ရီမြေ said...

ချိုချည်ရေ...မြေးဖိုးဇာတ်လမ်းလေးက ဖတ်လို့ကောင်းပါတယ်...နောက်လဲအဲလိုဇာတ်လမ်းတွေ ရေးပါလို့ တိုက်တွန်းလိုက်ပါတယ်ကန်ဒီရေ...

ချမ်းမြေ့ပါစေ
ချယ်ရီမြေ

˜º̶̶ƷʌuτuмиƸ̶º˜˜ said...

အော်တန့်ဖိုးဖိုးကြီးကိုလွမ်းတွားဘီအေ...
ဖိုးဖိုးကြီးကအော်တန့်ကိုရမ်းချစ်တာ..
အော်တန်ငယ်ငယ်လေးတုန်းကကသူ့ကိုခေါ်တာ..
မေအေပေးလေး...တဲ့လေ
မေမေကပြောတယ်..အော်တန့်ကိုဖျက်တာ
ဖိုးဖိုးကြီးတဲ့..ကျနော့်သမီးပြောမရဆိုမရတာ
ဖေဖေ့ကြောင့်တဲ့...ဟိဟိ..

KhaingSuMon said...

ရေးထားတာကောင်းပါတယ်အစ်မ...ကျွန်တော်တို့ တောင် အဲလို မရေးတတ်ဘူး..များများတင်ပါ :D

AH said...

အရေးအသားကောင်းလှပါတယ် ခင်ဗျာ... ဆက်လက်ရေးပါဦး မ Candy အားပေးနေမှာပေါ့.... :)

rose said...

It's a heart touching writing, sis. I love also my grandparents.

ညီရဲ said...

ညီမကတော့ လုပ်ပြီ...
နောက်မလာရဲအောင်...
အစ်ကိုက ဘာမှ မဟုတ်ပါဘူး ညီမရယ်...
ညီမရေးထားတာလေး တကယ်ဖတ်လို့ ကောင်းတယ်...
နောက်လဲ ဒီလိုပုံစံလေးတွေ များများရေးရင် ပိုပြီး ရေးနိုင်လာမှာပါ....
ဆက်သာရေး အစ်ကိုကတော့ အားပေးတယ်...
အဖိုးအတွက်တော့ စိတ်မကောင်းဖြစ်မိတယ်...
စွန်လေးကို လွှတ်တောင် မလွှတ်လိုက်ရဘူး...

mstint said...

အရေးအသားလေးတွေ ကောင်းတယ် ချိုချဉ်လေးရေ။
အားပေးနေတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်

မေတ္တာဖြင့်
အန်တီတင့်

မြတ်ကြည် said...

:) at first, i thought it was your real story. Keep on writing.

ပန်းချီ said...

ညီမလေး..
ရင်ကိုထိစေတဲ့ ပို့စ်လေးပါကွယ်..။ စကားပြေနဲ့ရေးထားတာ အတော်နိုင်နင်းတာပဲ..။ ကိုယ့်တောင် တစ်ခါတစ်လေ စကားပြောနဲ့စကားပြေ ရေထွေးတတ်သေးတာပါ..။ ကိုယ်လည်းဝါသနာအရရေးနေတာပါပဲ..အထင်တော့မကြီးလိုက်ပါနဲ့း)))

ဒီလိုပို့စ်လေးမျိုးတွေ အများကြီးဖတ်ရဖို့ မျှော်လင့်နေမယ်နော်...း)

နွေတေးရှင် said...

ရင်ထဲရှိတဲ့အတိုင်း ရေးထားတယ်လို့ထင်တယ်
ဖတ်လို့ကောင်းသလို စာဖတ်သူရင်ထဲကိုလည်း
ရောက်စေပါတယ် အဖိုး နဲ့ အဖိုးရဲ့မြေး ခပ်ဆိုးဆိုးလေးကိုပါ မြင်လိုက်ရတယ်း)။

ယဉ်မွန် said...

Very interesting in creating a short story. Jia You! Good Job.

Angelhlaing(May everybody be happy and healthy! said...

ရင်ကိုထိစေတဲ့ ပို့စ်လေးပဲ ချိုချဉ်ရေ...
ခံစားအားပေးလျှက်..

philip said...

ဖတ်၇တာစိတ်တောင်မကောင်းဘူး ကိုယ်.အဖိုးတောင်ကိုယ်ပြန်သတိ၇သွားပြီ အဟင်.