Saturday, November 26, 2011

Hello Saturday!!!

My flash song

ဟိုတလောက ဒီမှာတင်ဖူးတဲ့သီချင်းလေးကို ဒုတိယအကြိမ် New versionနဲ့ ပြန်တင်တာပါ။ ဒုတိယအကြိမ် နားဒုက္ခပေးတယ် ဆိုပါတော့ :P အရင်ပိုစ့်ကို ဖျက်လိုက်ပြီ။ သီချင်းလည်း နားထောင်လို့ မရတော့ဘူးလေ။ အဲ့ဒီဆိုဒ်က အမြဲမဆိုရင် ၁လနေရင် ဆိုထားတဲ့သီချင်းတွေ ဖျက်ပစ်တာဆိုတော့။ အဲ့ဒီဆိုဒ်ဆိုတာက မြန်မာကာရာအိုကေသီချင်းတွေ ဆိုလို့ရတဲ့ဆိုဒ်ပါ (www.singforyou.net)

သီချင်းက ဒိုရေမီဆိုထားတဲ့ ကမ္ဘာကျော်စိတ်ကူး။ မိန်းကလေး (၃)ယောက်အဖွဲ့လေ။ သုံးယောက်ဆိုထားတာကို တစ်ယောက်တည်း ဟစ်တာ မနိုင်မနင်းတွေဖြစ်ပြီး နားထောင်လို့တော့ သိပ်မကောင်းဘူး။ (နောက်ပိုင်းတွေ ပိုဆိုးတယ် >.<) အပျော်သဘောပဲနားထောင်ပေးနော်။

အဲတုန်းကဆိုထားတာလေးကို ဖိုးမောင် (မောင် စွယ်စုံကျမ်း)က Download လုပ်ပေးထားတယ်။ ဘယ်လိုလုပ်လည်းတော့ ကန်ဒီလည်း မသိဘူး။ သူ့ကိုမေးရဦးမယ်။ အဲ့ဒါဟိုနေ့က သူက Gtalk မှာ "နင့်သီချင်းကို Flash song လုပ်ပေးမယ်" တဲ့။ ထူးထူးခြားခြား သဘောတွေ သိပ်ကောင်းနေတယ်။ ကန်ဒီက Flash song ဆိုတာဘာလဲတောင် နားမလည်ပါဘူး။ သူကလုပ်ပေးမယ်ဆိုတော့ လုပ်ပေးပေါ့ :D

"ပိုမြန်အောင် နင်ကစာသားရိုက်ပေး"တဲ့.. အဲ့ဒါနဲ့ ရိုက်ပေးပြီး မေးလ်နဲ့ပို့လိုက်တယ်။ သူ့ကိုအဲ့လိုလုပ်နည်းလေး ရေးပြီးပိုစ့်တင်ပေးဖို့ ပြောထားတယ်။ သူက "အေး.. နင်ကလေးမွေးပြီးရင် ရစေရမယ်"တဲ့။ ပြောပုံဆိုပုံက အဲ့လိုချောမွေ့တာ :P

ဖိုးမောင်လုပ်ထားတာလေးကြည့်ပြီး ကန်ဒီဆိုထားတာလေးနားထောင်ချင်ရင် ဒီမှာ နှိပ်ပါ။
ဖိုးမောင်ဘလော့မှာ ဖဲ့ထားတာလေး... အဲလေ တင်ထားတာလေး ဖတ်ချင်ရင် ဒီမှာ နှိပ်ပါ။

*********************************************

OK.. Let me pamper myself :D

ဒီရက်ပိုင်း Stress အရမ်းများထားတာလေ။ နောက်ကျန်တဲ့ ဘာသာကလည်း Open book ဆိုတော့ စာမကျက်ရတော့ဘူး။ ဖတ်ဖို့ပဲ လိုတော့တယ် :D အဲ့ဒါနဲ့ ဒီနေ့ ဘာစာမှ မလုပ်ဘူးလို့ စိတ်ပိုင်းဖြတ်ပြီး ကန်ဒီ့ညီမနဲ့ Expo သွားတယ်။ IT show ရှိတယ်လေ။

ရုပ်က အပျော်လွန်ပြီး အရမ်းများ ပေါနေလား.. ဟိဟိ :P

ဟိုတလောက ကန်ဒီကင်မရာဝယ်ချင်တယ်လို့ ပြောထားတာ မှတ်မိတယ်ဟုတ်.. အဲ့ဒါသွားဝယ်တာ။ ကင်မရာဝယ်တဲ့ကိစ္စကို ဘယ်သူမှ အားမပေးကြဘူး။ ရှိရဲ့သားနဲ့ ၀ယ်လို့ ဖြုန်းတယ်လို့ပဲ ပြောကြတယ်။ နောက်ပြီး ၀ယ်တော့လည်း Samsung ကဟာ ၀ယ်ချင်တယ်ဖြစ်နေတော့ အားလုံးသမတာ ခံနေရတယ်။ Samsung လိုချင်ရတာ အကြောင်းရှိတယ်။ ကန်ဒီက ကင်မရာသေးသေးကို Dual screen ပါတာလိုချင်တာလေ။ အဲ့လိုပါတာ online မှာရှာကြည့်တော့ Samsung မှာပဲရှိတယ်။ အဲ့ဒါကြောင့် ၀ယ်ဖြစ်သွားတာ။

အမေတို့ကို ပြောဘူး။ ကိုယ့်ဟာကိုယ် သုံးတာစွဲတာလျော့ပြီး ၀ယ်တာ။ အမေတို့ကို ပြောရင် ဘာဖြစ်မလဲသိလား? ဥပမာ.. ဟိုတလောက ကန်ဒီကင်မရာမရှိတဲ့ အချိန်တုန်းက ကင်မရာလိုချင်တယ်ပြောတော့ ကန်ဒီ့ညီမအငယ်ဆုံး မသုံးတော့တဲ့ ကင်မရာကိုသုံးတဲ့ >.<
အဲ့ဒါနဲ့ပဲ ကန်ဒီ့မှာ ခုထိကိုယ်ပိုင်ကင်မရာ.. ကိုယ်စိတ်ကြိုက်ရွေးထားတဲ့ ကင်မရာလေးတစ်လုံးတောင် မရှိသေးဘူး။ ခုတခေါက်တော့ မှတ်သွားပြီ မပြောတော့ဘူး။ ကိုယ့်ဟာကိုယ်ပဲ မုန့်ဖိုးစုပြီး ၀ယ်တော့တယ် :D :D

Model ST 700 (Gold)
မူရင်းဈေးက S$459 ကို S$379 နဲ့ရခဲ့တာ..
အပိုပစ္စည်းတွေက
(၁) Memory card ၂ခု (8GB)
(၂) Extra battery တစ်ခု
(၃) Mini Tripod
(၄) အိတ်
Warranty က (၂)နှစ်

16.1 Megapixels
5x Optical zoom




ဒါက သွားတဲ့လမ်းမှာလေ... ရထားစောင့်နေတာ

ပုံတွေက သူ့ဖုန်း Photo Editor App က effect ထည့်ထားလို့ အရမ်းဝါးနေတယ်..
ကန်ဒီ ဓာတ်ပုံကို အဲ့လောက်ကြီးဝါးအောင် edit မလုပ်ပါ :P

ကင်မရာဝယ်ပြီးတော့ အဲ့က food Court မှာပဲ နေ့လည်စာစားတယ်။ အဲ့ဒီ ဟင်းရည်လက်ပေါ်ဖိတ်တာလေ။ ခုလက်မကြီး အပူလောင်ပြီး နီနေတယ် >.<

သုံးဆောင်ကြပါဦးရှင့်.. ကုန်ခါနီးနေပြီ ဟီး :P

ပြီးတော့ John Little sale ဘက်ရောက်သွားတယ်။ ဘာမှသိပ်မ၀ယ်ဘူး။ ကင်မရာဝယ်ထားတော့ ချွေတာမှရမယ်။ Window shopping ပေါ့ :P

မ၀ယ်လည်း တပ်ကြည့်ပြီး ဆော့လို့ရပါတယ်.. ဟဲဟဲ

ကင်မရာအဆင်ပြေ မပြေကတော့ စာမေးပွဲပြီးမှ သေချာသုံးကြည့်ပြီး ပြောပြမယ်နော်...
Sale က မနက်ဖြန်တရက်ကျန်သေးတယ်။ စင်္ကာပူမှာနေတဲ့သူတွေ သွားချင်ရင်ရအောင် Remind လုပ်ပေးတာ။ လူတော့များတယ်။ Promote လုပ်နေတာကလည်း ကြောက်စရာလန့်စရာပဲ။ မိုက်ကြီးတွေနဲ့အော်.. စာရွက်တွေ အတင်းပေးနဲ့ :P

အားလုံးပဲ Have a nice weekend!!! ^_~

Wednesday, November 23, 2011

ပါးအို့နီနီလေး ဘယ်လိုချယ်မလဲ??

မင်္ဂလာပါဗျို့...
စာမေးပွဲစနေပြီ။ ဒီနေ့ပဲ တစ်ဘာသာပြီးတယ်။ မနေ့က ၂နာရီပဲ အိပ်ရတယ် >.<
"ဖြေနိုင်လား??" လို့ မေးမလို့မလား။ ဖြေတော့ဖြေလိုက်တယ် ဟုတ်မဟုတ်တော့ သိပ်မသေချာဘူး။ ဒီနေ့ဖြေတာ Strategic Management လေ။ Business ပိုင်းတွေ ကန်ဒီမကျွမ်းဘူး။ ကန်ဒီ့ကို ဘယ်ဆေးက ဘာရောဂါမှာ သုံးတယ်.. ဘယ်ရောဂါက ဘာကြောင့်ဖြစ်တယ်.. အဲဒါမျိုးမှတ်ခိုင်းရင် ရတယ်။ ပိန်းတိန်းတိန်းလို့ပဲပြောပြော Memorize လုပ်တဲ့အကျင့်က ပါနေပြီလေ။ ဆေးတွေကလည်း မှတ်မှရတာကိုး။ Business ပိုင်းကိုတော့ လုံးဝကိုမကြိုက်ဘူး။ တခါတလေ ဘာလို့ ဆေးနဲ့ Management တွဲတဲ့ Course ကိုယူမိလဲ နောင်တရတယ်။ "Biomedical ယူလိုက်ရင် ပြီးရော.." လို့။ တခါတလေကျတော့လည်း "ခုဟာပဲလည်းကောင်းပါတယ်လေ.." လို့။ ဘာဖြစ်ချင်နေမှန်းကို မသိတာ >.<
Intro ကရှည်နေပြီ... ရေးပြီးသားပိုစ့်လေးနော် :P

အော်.. မေ့တော့မလို့.. ဒီကြားထဲ (စာမေးပွဲ မပြီးခင်) ပိုစ့်တစ်ခုတင်စရာရှိသေးတယ်။ ဒုက္ခပေးနည်းတမျိုးပေါ့.. ကန်ဒီလုပ်မှာမဟုတ်ဘူး။ ချစ်သူငယ်ချင်းကြီး လုပ်ပေးမှာ.. အဲ့ဒါကို ကန်ဒီက တင်ရုံတင်မှာ :P

*******************************

ရှက်သယောင် နီမြန်းနေတဲ့ ပါးမို့မို့လေးဟာ ငယ်ရွယ်နုနယ်တဲ့ အသွင်ဆောင်ပြီး ချစ်စရာအလွန်ကောင်းပါတယ်။ ပါးနီမပါဘဲ ပြီးပြည့်စုံတဲ့ မျက်နှာပြင်မရနိုင်ဘူးလို့ ကန်ဒီထင်တယ်။ Foundation လိမ်းပြီး ပေါင်ဒါရိုက်ထားတဲ့ မျက်နှာဟာ ပုံမှန်မျက်နှာထက် ပိုချောမွေ့ပြီး ဖြူဝင်းနေတတ်လို့ ပါးနီ(သို့) Bronzer မတင်ရင် မျက်နှာက ဖြူဖတ်ဖြူရော် ဖြစ်နေတတ်တယ်လေ။
ပါးနီဘယ်လိုဆိုးမလဲ
ပါးနီဆိုးတာများ လွယ်လွန်းလို့ ဆိုပြီး တွေးနေကြမှာပေါ့နော်။ ကန်ဒီပြောပြမယ့် ဒီနည်းလေးက ပရိုဖက်ရှင်နယ် မိတ်ကပ်ပညာရှင်တွေ စံသတ်မှတ်ထားတဲ့ စနစ်တကျပါးနီးဆိုးနည်းလေးပါ။ တကယ်တော့မခက်ပါဘူး.. သိပ်အထူးအဆန်းလည်း မဟုတ်ပါဘူး.. အားလုံးကိုဗဟုသုတရစေချင်လို့သာ ရေးပေးတာပါ။ ပြုံးလိုက်တဲ့အခါမှာ ဖောင်းလာတဲ့ ပါးလေးရဲ့ အမြင့်ဆုံးနေရာက စမယ်နော်။ ယေဘူယျအားဖြင့် နှာခေါင်းနေရာကနေဆို လက်နှစ်လုံးလောက်အကွာကနေ စရမှာပါ။ အဲ့ဒီနေရာကနေ နားအပေါ်ထိပ် နားထင်နားထိအောင် ဆွဲပါနော်။ ဒါကတော့ ပုံမှန်ယေဘူယျပါးနီဆိုးနည်းပါ။ မျက်နှာအချိုးအစားအလိုက် ပါးနီဆိုးနည်းလေး ဆက်ကြည့်လိုက်ရအောင်နော်။
ဒီပုံလေးနဲ့ဆို အားလုံးသဘောပေါက်မယ်ထင်ပါတယ်။

(၁) ဘဲဥပုံမျက်နှာပိုင်ဆိုင်တယ်ဆိုရင်တော့ ဘယ်လိုဆွဲဆွဲ ကြည့်ကောင်းတတ်ပါတယ်။ ကံကောင်းတဲ့ မျက်နှာပိုင်ရှင်လေးတွေပေါ့။

(၂) မျက်နှာဝိုင်းဝိုင်းလေး ပိုင်ဆိုင်တယ်ဆိုရင်တော့ ပါးမို့မို့လေးဆီကနေ ၄၅ဒီဂရီ နားထင်နားထိဆွဲပေးနော်။ ဒီလိုလုပ်ခြင်းအားဖြင့် မျက်နှာသွယ်သွယ်လေး ဖြစ်သွားစေတယ်လေ။

(၃) အသဲပုံမျက်နှာပိုင်ဆိုင်တယ်ဆိုရင် ပါးအို့လေးပေါ်ကိုပဲ အဓိကချယ်ပေးပါနော်။


(၄) မျက်နှာရှည်ရှည်လေး ပိုင်ဆိုင်တဲ့ ပျိုမေတွေဆိုရင်တော့ ပါးအို့နေရာကနေ အလျားတည့်တည့် နားသံစထိဆွဲတာ ပိုကြည့်ကောင်းပါတယ်။ ၄၅ဒီဂရီစောင်းဆွဲရင်ကျတော့ မျက်နှာကို ပိုရှည်သွားစေတယ်လေ။

ပါးနီအမျိုးအစားများ
(၁) Cream Type Blusher တွေက ပိုသဘာဝကျတဲ့ ပါးလေးရစေတယ်။ လိမ်းနည်းကတော့ Foundation လိမ်းပြီး ပေါင်ဒါမတို့ခင် အရင်လိမ်းရတယ်။ ပြီးမှ Face powder နဲ့ ပြန် set လုပ်ပေါ့နော်။
(၂) Powder Blush သုံးမယ်ဆိုရင်တော့ Foundation လိမ်းပြီး ပေါင်ဒါနဲ့ set လုပ်ပြီးမှ လိမ်းသင့်ပါတယ်။ ဘာလို့လဲဆိုတော့ ပေါင်ဒါနဲ့ set မလုပ်ထားရင် အရောင် တနေရာတည်းမှာ စုပြီးများနေတာမျိုး.. အရောင်ညီအောင်ချယ်ဖို့ ခက်တာမျိုးတွေ ဖြစ်တတ်လို့ပါ။ နောက်တစ်ခုပျိုမေတွေ သတိထားသင့်တာက မိမိလိမ်းတဲ့ Eyeshadow နဲ့ အချိုးကျအောင် ပါးနီဆိုးဖို့ပါ။ ဥပမာ Eyeshadow ကို လက်လက်လေးတွေပါတဲ့ Shimmery အမျိုးအစားသုံးထားရင်Blush ကိုလက်လက်လေးတွေမပါတဲ့ Matt အမျိုးအစားပါးနီရွေးသုံးတာ ပိုသဘာဝကျစေတယ်လေ။

Quick Tip
(၁) ပါးနီကြာကြာခံအောင်
ပါးနီလေး ကြာကြာခံအောင် Foundation လိမ်းပြီးတာနဲ့ Cream blush (သို့)နှုတ်ခမ်းနီ ကိုပါးမှာ အရင်လိမ်းပါနော်။ ပြီးရင် Face Powder နဲ့ set လုပ်ပါ။ ပြီးမှ Powder Blush လေးလိမ်းခြင်းအားဖြင့် ပါးနီကို ပိုကြာကြာခံစေပါတယ်။
(၂) ပါးနီဆိုးတာ လက်လွန်သွားရင်
ပထမဆုံး မိတ်ကပ် Sponge လေးနဲ့ ပိုနေတဲ့ ပါးနီတွေ ပါသွားအောင် အရင်တို့ပါ။ ပြီးရင်တော့ Face powder လေးထပ်လိုက်ပါနော်။ ဒါဆိုရင် ပျိုမေတွေ လက်လွန်ပြီး ပါးနီရဲရဲကြီး ဖြစ်သွားရင်တောင် စိတ်မညစ်ရတော့ဘူးပေါ့။
(၃) အရောင်အရမ်းထင်းတဲ့ ပါးနီဆိုးနည်း
ပါးနီဆိုးမယ့် Brushနဲ့ ပါးနီကို ယူတဲ့နေရာမှာ ဆွဲမယူဘဲ Brush ထိပ်နဲ့တို့ပြီးယူပါ။ အဲ့လိုယူခြင်းအားဖြင့် ချယ်ရတာလည်း လွယ်တယ်။ အများကြီးလည်း ပါမလာတော့ဘူးလေ။ နောက်တနည်းက ရိုးရိုးပါးနီဆိုးတဲ့ Brush ထက် Stippling Brush လိုမျိုးနဲ့ချယ်ရင်လည်း သဘာဝကျတဲ့ ပါးမို့မို့လေး ပိုင်ဆိုင်နိုင်မှာပါ။

Stippling brush..
ဒီလောက်ဆို ပြည့်စုံလောက်ပြီ ထင်ပါတယ်နော်။
အားလုံးပျော်ရွှင်ပါစေ.. ^_^

Friday, November 18, 2011

Cupcake Nail Design!!

****** ကန်ဒီစိတ်ညစ်နေတုန်း အားလုံးရဲ့ အားပေးတဲ့ Commentတွေအတွက် ကျေးဇူးအရမ်းတင်ပါတယ်နော်... တကယ်ပါ.. လုံးဝအဆင်ပြေသွားတာ မဟုတ်ပေမယ့် ခုတော့ နည်းနည်းသက်သာသွားပါပြီ :) .. ဒါရေးပြီးသား ပိုစ့်လေးပါ.. ပိုစ့်မတင်လို့ ကန်ဒီ့ကို မေ့သွားမှာစိုးလို့ တင်ပေးတာ... ကန်ဒီအသက်ရှိသေးတယ်နော် :P ******


ချစ်စရာကောင်းတဲ့ Cupcake nail design လေးပါ။ Design idea လေးပဲ အဓိကပြောမှာမို့လို့ အရောင်ကတော့ မိမိစိတ်ကြိုက် စပ်နိုင်ပါတယ်။ ဘယ်လိုလုပ်လဲဆိုတော့.....

လိုအပ်တာတွေက....
(၁) Base coat/ Top coat
(၂) ပန်းရောင်နုနုလေး
(၃) ပန်းခရမ်းရောင်
(၄) အဖြူရောင်
(၅) အနီရောင်
(၆) ပန်းရင့်ရောင်
(၇) Dotting tool (သို့) ဆံညှပ်
(၈) သွားကြားထိုးတံ (သို့) အပ်



အဆင့်(၁) ကိုယ့်လက်သည်းလေး မပျက်စီးအောင် Base coat လေးအရင် ဆိုးပါ။ ကန်ဒီ Sally hansen က Base coat မဆိုးတော့ဘူး.. Bubble အရမ်းထလို့... ကုန်ခါနီးလေ Bubble ထလေပဲ။ ဒီတခေါက် Revlon base coat ပဲဆိုးထားပါတယ်။
အဆင့်(၂) ပန်းရောင် နုနုလေးကို အောက်ခံအရောင်အနေနဲ့ ဆိုးပါနော်။ ပြီးရင်တော့ ပန်းခရမ်းရောင်လေးကို လက်သည်းထိပ်လေးတင် ဆိုးပါ။ (ပုံ ၁)
အဆင့်(၃) အဖြူရောင်လေးကို Dotting tool (သို့) ဆံညှပ်ထိပ်ကလေးနဲ့ ခုနက ပန်းခရမ်းရောင်လေး ပေါ်မှာလိုက်အစက်ချပါ။ ပိုသဘာဝကျအောင် အနားတွေ ညီစရာမလိုဘူးနော်။ (ပုံ ၂)
အဆင့်(၄) နည်းနည်းပိုရင့်တဲ့ ပန်းရောင်လေးနဲ့ ပုံပါအတိုင်း အစက်လေးတွေချပါ။ ပြီးရင် ထိပ်မှာအနီရောင်အစက်ကလေး တစ်စက်ချပြီး အရမ်းချွန်တဲ့ သွားကြားထိုးတံ (သို့) အပ် နဲ့ ရိုးတံကွေးကွေးလေးဆွဲပါ။ ကန်ဒီက ချိတ်ကို သုံးထားပါတယ်။ (ပုံ ၃)
အဆင့်(၅) ခြောက်တာသေချာပြီဆိုရင် Top coat ဆိုးလိုက်တော့နော်။ မခြောက်တခြောက်အခြေအနေမှာ Top coat ဆိုးမိရင် လုပ်ထားသမျှ ပျက်သွားတတ်လို့ စိတ်ရှည်လက်ရှည်လေး စောင့်ပြီးမှ Top coat ဆိုးပါနော်။
Cupcake ကို လက်သည်းအားလုံးမှာ မဆွဲချင်ဘူး ဆိုရင်... လက်သူကြွယ်တစ်ချောင်းတည်းမှာပဲ ဆွဲပြီး ကျန်တဲ့ လက်ချောင်းတွေကိုတော့ အစက်လေးတွေပဲ လိုက်ချလို့လည်း ရပါတယ်။ အပေါ်ကပုံလေးက ကန်ဒီပထမဆုံး စမ်းလုပ်ကြည့်ထားတဲ့ပုံပါ။ အရောင်စပ်ထားပုံလေး မကြိုက်ပေမယ့် ပျိုမေတွေ Idea လေးရအောင်တော့ ထည့်ပေးလိုက်တယ်နော်။
အားလုံး ပျော်စရာနေ့လေး ပိုင်ဆိုင်ပါစေရှင့်.. ^_^

Thursday, November 10, 2011

Sad !_!


အခု မနက် ၉ နာရီ။

ကန်ဒီအရမ်း စိတ်ဆိုးနေတယ်။ ၀မ်းနည်းတယ်။ ငိုနေတယ်။ အကျယ်ကြီး အော်ငိုပစ်ချင်တယ်။
ဘာလို့လဲ..
ဘာလို့လဲ....
ဒီလောက် အမျိုးမျိုးကောင်းအောင် နေနေတဲ့ကြားက...

ကန်ဒီ ဒီနေ့ စာကျက်ဖို့ ၇နာရီခွဲထတယ်။ ၈နာရီကျော်လောက်ရောက်တော့ စာစလုပ်နေပြီ။ ကန်ဒီ့ညီမက အလုပ်သွားပြီ။ အိမ်ကအန်တီ နိုးလာတယ်။ သူ့သမီးအလုပ်သွားခါနီး အချိန်လောက်။ အိမ်မှာ ဘယ်သူမှ မသိတတ်တဲ့အကြောင်း.. သူတယောက်တည်း အစအဆုံး လုပ်နေရတဲ့အကြောင်း... အမှိုက်လည်း သူပဲပစ်.. တံမြတ်စည်းလည်း သူပဲလှည်း.. အမြင်မတော်တာတွေ့လည်း ဘယ်သူမှ မလုပ်ကြဘူး... .... .... ... ... အဲ့ဒါတွေ ကန်ဒီကြားအောင် ပြောတယ်။ စောင်းပြောတဲ့သဘောပေါ့။

အဓိက သူဖြစ်တာက...
မနေ့က အိမ်ကို ပိုက်စစ်ဖို့လူလာတယ်။ အိမ်အောက်ထပ်က ရေကျတယ်ဆိုလို့ လာစစ်တာ။ တကယ်တော့ ကန်ဒီတို့ အိမ်ကဖြစ်တာမဟုတ်ဘူး။ ဒါပေမယ့် အောက်အိမ်က Complain လုပ်တော့ လာစစ်တာပေါ့။ သူတို့လည်း ဘယ်ကဖြစ်တယ်ဆိုတာ မတွေ့သွားပါဘူး။ ဓာတ်ပုံတွေတော့ ရိုက်သွားတယ်။ အဲ့ဓာတ်ပုံမှာ အမှိုက်ပုံးကိုလည်း ရိုက်သွားတယ်တဲ့။ ကန်ဒီသိသလောက်က အမှိုက်ပုံးက ပြည့်မနေပါဘူး။ ပြည့်နေလည်း ကန်ဒီပစ်ပြီးလောက်ပြီ။ အမှိုက်တော့ ရှိတာပေါ့။ အဲ့ဒါကို သူက သဘောမကျဘူး။ ရှက်ဖို့ကောင်းတယ်ပေါ့။ နောက်ပြီး အ၀တ်တန်းကလည်း အိမ်ထဲမှာ။ ရေစက်လက်မကျပါဘူး။ မိုးရွာခါနီးမို့လို့ အထဲသွင်းထားတာ။ လာစစ်တဲ့လူက အ၀တ်တန်းကရေကျတာလားဆိုပြီး ကြည့်တော့လည်း ရေမရှိပါဘူး။ အဲ့ဒီ အ၀တ်တန်းကြီး ထည့်ထားတာလည်း အဲ့အန်တီက သဘောမကျဘူး။ တော်သေးတာပေါ့.. ကန်ဒီတို့ညီအစ်မ အ၀တ်တွေမဟုတ်လို့။ ဟုတ်များဟုတ်လို့ကတော့ ပြောလို့ပြီးတော့မှာ မဟုတ်ဘူး။ သူ့ IC ကို ဓာတ်ပုံရိုက်သွားတယ်တဲ့။ နောက်ဆုံးတခုခုဖြစ်ရင် သူပဲရှင်းရမှာဆိုပြီး သူ့သမီးကို ပြောပြသလိုနဲ့ ကန်ဒီတို့ကို ပြောနေတာ။ ကန်ဒီတို့ အိမ်သန့်ရှင်းရေးလုပ်တာလည်း တခါမှ မတွေ့ဘူးတဲ့။ လူရှေ့မှာလုပ်ပြမှ လုပ်တယ်ထင်နေတာလား မသိဘူး။ ဟုတ်ပါတယ်။ ကန်ဒီသူ့ရှေ့မှာ တခါမှ မလုပ်ဘူး။ သူအလုပ်သွားတဲ့ အချိန်လုပ်တယ်။ အိမ်မှာ ဘယ်သူမှ မရှိရင် လုပ်တယ်။ ဒါတွေကို သူမမြင်တော့ မလုပ်ဘူးတဲ့။ နောက်ပြီး အိမ်ကလည်း လူမြင်မကောင်းလောက်အောင် ညစ်ပတ်နေတာ မဟုတ်ပါဘူး။ သူအသန့်ကြိုက်သလို ကန်ဒီလည်း အသန့်ကြိုက်တယ်။

ကန်ဒီရန်ကုန်မှာနေတုန်းက ဘာမှမလုပ်ခဲ့တာ မှန်ပါတယ်။ ဒါပေမယ့် ဒီရောက်တော့ သူများ ပြောစရာ မဖြစ်အောင် အမြဲနေတယ်။ ဟင်းချက်ပြီးရင် မီးဖိုချောင်ကို အမြဲသန့်ရှင်းရေးပြန်လုပ်တယ်။ စားပြီးသား ပန်းကန် ဘေစင်မှာ ဘယ်တော့မှ ပုံမထားဘူး။ အမြဲဆေးတယ်။ အိမ်ရှေ့မှာ ဆံပင်ချည်တွေ့တာနဲ့ တံမြတ်စည်းလှည်းတယ်။ တံမြတ်စည်းကတော့ လှည်းတိုင်း ဖုန်ကထွက်နေမှာပဲလေ။ ဖုန်ထွက်တိုင်းသာ ကန်ဒီမလုပ်ဘူးဆို သေရချည်ရဲ့။

နောက် တခြား နစ်နစ်နာနာစကားတွေ ပြောသေးတယ်။ ကန်ဒီကအခန်းထဲမှာ။ ကန်ဒီကြားအောင် ပြောနေတာ။ သူ့သမီးက မပြောနဲ့ပြောတာကိုလည်း ညည်းကိုပြောတာမဟုတ်ဘူး.. ဆိုပြီး ကန်ဒီကြားအောင်ကို ပြောနေတာ။ ကန်ဒီအရမ်းဝမ်းနည်းတယ်။ တခါမှ သူများပြောတာ မခံဖူးဘူး။ မခံရအောင်လည်း အမြဲနေတယ်။ ဒီကြားထဲက ဒီလိုဖြစ်တာ အရမ်းဝမ်းနည်းတယ်။ ကန်ဒီ တခွန်းမှ ပြန်မပြောဘူး။ အခန်းထဲမှာပဲ နေတယ်။ ကန်ဒီလူကြီးကို ပြန်မပြောချင်ဘူး။ အတိုက်အခံတွေ မဖြစ်ချင်ဘူး။

ခုလက်တွေ အေးစက်နေတယ်။ တကယ်တော့ အသားတွေ တုန်လောက်အောင် ဒေါသထွက်တယ်။ ကန်ဒီလည်း လူပဲလေ။ ပြန်ပြောလိုက်ချင်တယ်။ ဒါပေမယ့် စိတ်ကိုထိန်းထားရတယ်။ မွန်းကြပ်တယ်။ ၀မ်းနည်းတယ်။

ခုချိန်မှာ ကန်ဒီလုပ်နိုင်တာ ငိုတာတခုတည်း.... !_!

Saturday, November 5, 2011

ထွေရာလေးပါး


ကန်ဒီအခု စာကျက်ချင်စိတ် လုံးဝမရှိပါ။ စာမလုပ်ချင်ဘူး ဆိုတာ ပျင်းတာထက် ဘာလုပ်ရမှန်းမသိတာကို ဒေါပွနေတာ။ ဘာကိုကြည့်သင့်တယ်.. ဘာကိုကျက်ရမယ်ဆိုတာလည်း Lecturer က ဘာမှမပြောဘူး။ ဘယ်နားက စလုပ်ရမှန်းကို မသိဘူး။ ဟိုနေ့ကပဲ Open book exam တစ်ခုပြီးသွားတယ်။ မဆိုးပါဘူး.. ဖြေနိုင်တယ်။ နောက် ၃ ဘာသာကျန်သေးတယ်။ အဲ့ထဲမှာ နောက်တစ်ဘာသာကလည်း Open book ဆိုတော့ နည်းနည်းတော်သေးတယ် ပြောရမယ်။ တော်ပြီ စာအကြောင်းမပြောတော့ဘူး။

မွန်းကြပ်တယ်။ တခါတလေ ကိုယ့်ဟာကိုယ်ပဲ လုပ်ချင်ရာလုပ်နေချင်တယ်။ တခုခုလုပ်ပြီဆို ဟိုဟာက ဘာဖြစ်တယ်.. ဒီဟာက ဘာဖြစ်တယ်ဆိုပြီး ပြောတာတွေကို ရှင်းပြရတာ မောတယ်။ ဖေ့ဘွတ် Status ရေးတာက အစ Comment ပေးတာအဆုံး ကိုယ့်ဟာကိုယ် ရေးချင်တာ ရေးပါရစေ။ ကိုယ်ဖြစ်နေတဲ့ Mood ကိုယ့်ဟာကိုယ်ရေးတာ ဘယ်သူ့ကိုမှ ဂရုမစိုက်ချင်ပါ။ လာမေးတဲ့ သူငယ်ချင်းတွေ.. အထင်မလွဲပါနဲ့။ တယောက်သောသူကိုသာ ရည်ရွယ်ပါတယ်။ ဟုတ်ပါတယ်။ ချစ်သူပါ။ Status မှာ "Don't want to study"လို့ရေးတာ စာမလုပ်ဘူးလို့ ဆိုလိုတာမဟုတ်ပါ။ စာမလုပ်ချင်ဘူးလို့ ဆိုလိုတာပါ။ ကိုယ်လုပ်ရမယ့် တာဝန် ကိုယ်သိပါတယ်။ စလုံးမှာ ဘာလာလုပ်နေတယ် ဆိုတာလည်း သိပါတယ်။ ကျောင်းတက်နေလို့ စာလုပ်ရမှာလည်း သိပါတယ်။ သူ့ထက် လေးနှစ်ငယ်ပေမယ့် ကလေးမဟုတ်ပါ။

မနက်ဖြန် IC show ရှိတယ်။ အားလုံး မျှော်နေတဲ့ပွဲပဲနော်။ ကန်ဒီ တသက်နဲ့တကိုယ် Show ပွဲ တစ်ခါမှ မကြည့်ဖူးဘူး။ သူငယ်ချင်းတွေက သွားမယ်တဲ့။ ကန်ဒီ့ကို ခေါ်တယ်.. တခါမှမသွားဖူးတော့ ကန်ဒီနဲ့ အံဝင်မှာ မဟုတ်ဘူး။ ဒါကြောင့် သွားကြည့်ဖြစ်မှာ မဟုတ်ဘူး။

မနက်ဖြန် အစ်ကို(၀မ်းကွဲ)က နေ့လည်စာကျွေးမယ်တဲ့။ ညီအမတွေကြီးပဲမို့ အစ်ကိုတွေကို ချစ်ပါတယ်။ သူတို့က တွေ့ရခဲတယ်။ သူ့တို့အလုပ်နဲ့ သူတို့ရှုပ်နေတာလေ။ သူတို့အားတဲ့အချိန်လေး တွေ့ရတာမို့ သွားစားမှာပါ။ မနက်ဖြန်အပြင်ထွက်ပြီးရင် ဘယ်မှ မထွက်တော့ဘူး။ သေလုမျောပါး စာလုပ်ရတော့မယ်။ အဲလိုသေလုမျောပါးလုပ်ပြီး.. အကုန်ကျက်ပြီး မဟုတ်ကဟုတ်ကမေးလာရင် အရမ်းဒေါပွပါတယ်။ ပြီးခဲ့တဲ့ Term စာမေးပွဲတုန်းက အကုန်ကျက်ရဲ့သားနဲ့ မဟုတ်ကဟုတ်က မေးသွားတယ်။ Result မထွက်သေးဘူး။ အဲ့ဒါကိုလည်း ရင်တမမ ဖြစ်နေပါတယ်။

စကားပြောရင် ပြောတဲ့သူကို ကြည့်ပြီးမပြောတတ်တဲ့သူများကို ကြည့်မရပါ။ ဒါက မယဉ်ကျေးရာ ရောက်ပါတယ်။ သူတပါးကို အလေးမထားရာ ရောက်ပါတယ်။ နောက်တခုက မှတ်မိလွယ်တဲ့ ကိုယ့်ကိုကိုယ် တခါတလေ မကျေနပ်ပါ။ ကိုယ်က မှတ်မိပေမယ့် သူများက မမှတ်မိရင် ကိုယ်အရှက်ကွဲပါတယ်။ ကန်ဒီ လူတယောက်ကို အနည်းဆုံး မျက်နှာနှစ်ခါမြင်ဖူးရင် မှတ်မိပါတယ်။ တချို့သူများက လေး ငါး ဆယ်ခါ မြင်ဖူးတောင် မမှတ်မိပါ။ ကျောင်းတကျောင်းတည်းတက်နေတဲ့ လူတယောက်ကို City Hall မှာတွေ့လို့ မျက်မှန်းတန်းမိနေတော့ ပြုံးပြမိပါတယ်။ သူနဲ့လည်း သူငယ်ချင်းတစ်ယောက်က ကိုယ်တိုင် မိတ်ဆက်ပေးထားဖူးပါတယ်။ ဒါကို သူက မမှတ်မိပါ။ ကန်ဒီ ငပေါကြီးဖြစ်ပါတယ်။ နောက် ဘယ်သူ့ကိုမှ မှတ်မိရင်တောင် ပြုံးမပြဖြစ်အောင် ကြိုးစားပါတော့မယ်။

ဒီရက်ပိုင်းပိုစ့်မတင်ဘူး ကြေငြာထားတာတောင် နေ့တိုင်း လာလာလည်နေတဲ့သူများကို ကျေးဇူးအရမ်းတင်ပါတယ်။

ဟိုရောက် ဒီရောက်နဲ့ ဘာတွေ ပြောလို့ ပြောနေမှန်းမသိပါ။
မနှင်းဆီနားလည်ရင် ကျေနပ်ပါပြီ (အစ်ကိုတွေက ဒီရက်ပိုင်း မနှင်းဆီကို "တ" လွန်းလို့ ညီမလည်း အားကျမခံ :P)