Tuesday, August 30, 2011

အကောင်းမြင်စိတ်


အကောင်းမြင်စိတ်ကို ကန်ဒီ(၂)မျိုး ခွဲထားပါတယ်...
(၁) သူတပါးအပေါ်အကောင်းမြင်ခြင်း.. နှင့်
(၂) ဖြစ်ပျက်လာတဲ့ အခြေအနေအပေါ်အကောင်းမြင်ခြင်းပါ...

သူတပါးအပေါ်အကောင်းမြင်ခြင်းဆိုတာကတော့ လူတယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေး၊ သူ့လုပ်ဆောင်မှုကို အကောင်းမြင်ပေးတာပါ.. ဖြစ်ပျက်လာတဲ့ အခြေအနေအပေါ်အကောင်းမြင်တယ်ဆိုတာကတော့ ဆိုးရွားစွာဖြစ်ပေါ်လာတဲ့ အခြေအနေအပေါ် "ကောင်းဖို့ဖြစ်လာတာပါ".. ဒါမှမဟုတ် "အကောင်းဆုံးဖြစ်အောင်ဆက်လုပ်သွားမယ်"ဆိုတဲ့ စိတ်လေးနဲ့ ဆက်လုပ်သွားတာကို ပြောတာပါ.. ပုံမှန်အချိန်မှာတော့ လူတစ်ယောက်မှာအကောင်းမြင်စိတ်ရှိမရှိ သိနိုင်မှာ မဟုတ်ပါဘူး.. စိတ်ကသိကအောက်ဖြစ်စရာ အခြေအနေ.. လူတွေနဲ့ တွေ့မှသာ အဲ့ဒီလူရဲ့ သည်းခံနိုင်မှု အကောင်းမြင်နိုင်မှုကပေါ်လွင်တာပါ...

ဥပမာတစ်ခုပေးရရင်.. ကန်ဒီလူတစ်ယောက်တွေ့ဖူးပါတယ်.. သူဟာဘယ်သူလုပ်တာမဆို အလိုမကျပါဘူး.. သူလုပ်တာပဲအကောင်းလို့ မြင်တဲ့လူပေါ့.. သူ့ရဲ့ သုံးသပ်ချက်တစ်ခုကိုပြောပြရရင် Singapore မှာ မြန်မာအစားအစာတွေ ရောင်းတဲ့ CityHall မှာ သူစားဖူးပါတယ်တဲ့.. ဟင်းတွေက စေတနာမပါပါဘူး.. ပြောချင်တာက သူချက်တာလောက်မကောင်းဘူးပေါ့.. မုန့်ဟင်းခါးဆိုလည်း ကျဲကျဲကြီးပေါ့.. အဲ့လိုတွေ Complain တက်လေ့ရှိတယ်... ဆိုင်တစ်ဆိုင် စားကောင်းမကောင်းဝေဖန်ခွင့်ရှိပါတယ်.. ဒါပေမယ့် ကိုယ့်ဝေဖန်မှုက သူတပါးကို မထိခိုက်စေချင်ဘူး.. စေတနာမပါတာတို့ ဘာတို့ကျ အကြီးကြီး ဖြစ်သွားပြီလေ... သူပြောသလိုလည်း ဟုတ်တဲ့ဟာဟုတ်ပါတယ်.. မုန့်ဟင်းခါးဆို စားလို့ကောင်းပေမယ့် ကျဲတယ်ပေါ့.. ဒါပေမယ့်ကိုယ်တွေးရမှာက သူတို့က စီးပွားရေးလုပ်နေတာလေ.. သူတို့အမြတ်ရဖို့ရယ် စားတဲ့သူတွေ အဆင်ပြေပြီး ခံတွင်းတွေ့ဖို့ရယ် ဟန်ချက်ညီအောင် စဉ်းစားပြီး ချက်ရတာလေ.. အဲတော့ အဲဒါကိုသွားပြီး စေတနာမပါဘူးလို့ သွားပြောရင် ကိုယ်လွန်တာပေါ့...

နောက်တစ်ခုက လူတစ်ယောက်အပေါ်ကို "ဒီလူက အရမ်းဆိုးတာ.... ဆေးလိပ်သောက် အရက်သောက်.. မပေါင်းပါနဲ့".. အဲလိုမျိုးပြောတာတွေ ကြားဖူးမှာပေါ့... ဟုတ်ပါတယ်.. အဲဒီလူကို အပြင်ပန်းကြည့်လိုက်ရင် အဲ့လိုပဲ ဖြစ်ချင်ဖြစ်နေမယ်.. ဒါပေမယ့် သူ့မှာ သူများမသိတဲ့ ခံစားချက်တွေရှိနေတတ်တယ်.. ရည်းစားကြောင့်ဖြစ်ဖြစ်.. မိဘကြောင့် ဖြစ်ဖြစ်.. လူတစ်ယောက်ကို အပြစ်မမြင်ခင် သူအဲ့လိုဖြစ်ရတဲ့ အကြောင်းလေးကို အရင်သိအောင်လုပ်သင့်တယ်.. ကန်ဒီကောင်လေးတစ်ယောက်တွေ့ဖူးတယ်.. ကန်ဒီ့ထက်ငယ်တယ်.. ကောင်မလေးတွေနဲ့ရှုပ်.. ငါးတွေချ(ဘိန်းလိုမျိုးလို့ ထင်တာပဲ.. ကန်ဒီသေချာမသိဘူး)... ဘာမှလေးလေးနက်နက်သိပ်မရှိဘူးပေါ့.. လူတိုင်းက သူ့ကိုလူဆိုးတစ်ယောက်အဖြစ်မြင်ကြတယ်...သူ့ကိုတော်တော်များများက မပေါင်းချင်ကြဘူး.... နောက်ပိုင်းကန်ဒီသိရတာ အဲ့ဒီကောင်လေး မိဘတွေက ကွဲနေတယ်တဲ့... မိသားစုပြဿနာလေးတွေလည်း ရှိတယ်ပေါ့.. အဲလိုဖြစ်နေတဲ့သူမျိုးတွေ ကန်ဒီအများကြီးတွေ့ဖူးတယ်.. တကယ်ဖြစ်သင့်တာက သူ့တို့အပေါ်အပုတ်ချနေမယ့်အစား ဖေးမပြီး အကျိုးသင့် အကြောင်းသင့် ရှင်းပြကူညီသင့်တာ...

မိန်းကလေးတစ်ယောက် အိမ်မှုကိစ္စဘာမှမလုပ်တတ်ဘူးဆိုပါတော့.. သူ့ကိုအပြစ်မပြောခင် သူကြီးပြင်းလာတဲ့ မိသာစုအခြေအနေကဘာလဲ ဆိုတာအရင်ကြည့်သင့်တယ်.. ချမ်းသာပြီး အလိုလိုက်ခံထားရတဲ့မိသားစုက ကြီးပြင်းလာသူဆို ဘာမှလုပ်တတ်မှာမဟုတ်ဘူးလေ... အဲ့လိုပဲ "ဒီကောင်မလေးရိုင်းလိုက်တာ"လို့ မပြောခင် သူဘယ်ပတ်ဝန်းကျင်မှာ ကြီးပြင်းလာလဲ အရင်ကြည့်သင့်တယ်.. ကန်ဒီတို့ငယ်ငယ်တုန်းက သင်ဖူးတဲ့စာထဲကလိုပဲ မုဆိုးလက်ထဲရောက်သွားတဲ့ သာလိကာလေးက ရိုင်းစိုင်းတဲ့ စကားတွေပြောတတ်သလို.. သူတော်ကောင်းလက်ထဲရောက်သွားတဲ့ သာလိကာလေးကျတော့ ချိုသာတဲ့ စကားလေးတွေပြောတယ်.. အဲဒီတော့ ဘယ်သူ့ကိုအပြစ်တင်မှာလဲ.. ဘယ်သူ့အပြစ်မှမရှိဘူးလေ...


ကန်ဒီပြောချင်တာက အကောင်းမြင်တတ်တဲ့လူတစ်ယောက်ဖြစ်ဖို့ မျှတွေးဖို့လိုတယ်... အဖြစ်အပျက်တိုင်းမှာ သူ့အကြောင်းနဲ့ သူရှိတယ်လေ... အကြောင်းကြောင့် အကျိုးဖြစ်တာပဲ.. ဘာမှရေရေရာရာ မသိတဲ့ကိစ္စတစ်ခုကို မပြောစေချင်ဘူး... ကိုယ်ပြောလိုက်တဲ့ စကားကြောင့် သူတပါးထိခိုက်တတ်တယ်.. စကားဆိုတာ ပြောတိုင်းလည်း မကောင်းဘူး.. တချို့စကားတွေက မပြောသင့်တာတွေရှိတယ်....

အကောင်းမြင်ခြင်း (၂)မျိုးမှာ သူတပါးအပေါ် အကောင်းမြင်ခြင်းကတော့ ကန်ဒီနည်းနည်းလုပ်နိုင်တယ် ပြောရမယ်... ဖြစ်ပျက်လာတဲ့အခြေအနေအပေါ်အကောင်းမြင်ခြင်းကိုတော့ ကန်ဒီမလုပ်နိုင်သေးပါဘူး... တခုခုဆို စိတ်ညစ်တတ်တဲ့အကျင့်က မဖျောက်နိုင်ဘူးလေ.... ဒါပေမယ့် ကြိုးစားပါ့မယ်...

ဒီပိုစ့်လေး ရေးဖြစ်တဲ့အကြောင်းကတော့ ဒီရက်ပိုင်းအကောင်းမမြင်တတ်တဲ့လူတွေနဲ့ တွေ့တွေ့နေရလို့ပါ...
အရေးအသား မပြေပြစ်တာတွေကို ခွင့်လွှတ်ပေးပါလို့ တောင်းပန်ရင်း....
ပျော်စရာနေ့လေးဖြစ်ပါစေလို့....
Candy

Sunday, August 28, 2011

ချစ်သူအနား....



ကန်ဒီလတ်တလော သိပ်ကြိုက်နေတဲ့ သီချင်းလေးပါ... ကန်ဒီဖြစ်ချင်တဲ့ဘ၀လေးနဲ့လဲ စာသားလေးတွေက သိပ်ကိုက်ညီနေလို့ သီချင်းလေး share ရင်း ကန်ဒီ့စိတ်ကူးတချို့ ပြောပြခွင့်ပြုပါနော်...

ကန်ဒီအဖြစ်ချင်ဆုံး ဆန္ဒတစ်ခုက ပျော်ရွှင်တဲ့ မိသားစုဘ၀လေး ကိုယ်တိုင်တည်ဆောက်ဖို့ပါ...
ပိုက်ဆံသိပ်ရှိစရာမလိုဘူး.. လိုအပ်တာက နွေးထွေးမှုတွေနဲ့ ပြည့်ဝနေတဲ့ မိသားစု...
ကန်ဒီ ရသမျှအချိန်ကို မိသားစုအတွက်ပဲ ကုန်စေမယ်...


ကန်ဒီစိတ်ကြိုက်ဆောက်ထားတဲ့ အိမ်လေးမှာ ချစ်သူနဲ့တူတူနေမယ်...
အိမ်လေးက သိပ်ခမ်းနားကြီးကျယ်နေစရာမလိုဘူး... သစ်ပင်တွေစိုက်ထားတဲ့ ခြံလေးနဲ့ အိမ်သေးသေးလေး...
ချစ်သူနဲ့ ဈေးတူတူသွားမယ်.. ဟင်းတူတူချက်မယ်... (တကယ်တော့ သူက ကန်ဒီ့ထက်ပိုချက်တတ်တယ်)
ထမင်းတူတူစားမယ်...

ဘုစုခရုလေးတွေရလာရင်လည်း သူတို့ကို မလျော့မတင်းတဲ့ ပုံစံမျိုးနဲ့ ဆုံးမမယ်...
မိဘကို သူငယ်ချင်းလိုပေါင်းတဲ့ ပုံစံမျိုး ဖြစ်စေမှာ မဟုတ်သလို... သိပ်ကြောက်နေရတဲ့ ပုံစံမျိုးလည်း မဖြစ်စေရဘူး... သူတို့လုပ်ချင်တာကို အထိုက်အလျောက်ပေးလုပ်မယ်....
ညဆို TV တူတူကြည့်ပြီး စကားတွေပြောမယ်....
နောက် ခွေးလေးတစ်ကောင်မွေးမယ်...

ကန်ဒီအသက်တွေကြီးလာရင်....
ပြင်ဦးလွင်လို ရာသီဥတုအေးပြီး သိပ်မြို့မဆန်တဲ့နေရာမျိုး...
ဒါမှမဟုတ် ချစ်သူရဲ့ မွေးရပ်မြေ တောင်ကြီးလို ရှမ်းပြည်မှာ ခြံလေးနဲ့ အိမ်လေးတစ်လုံးဆောက်မယ်...
ပြီးရင် အဲ့မှာပဲ နေတော့မယ်....

သိပ်ကဗျာဆန်နေပေမယ့် ဖြစ်လာအောင် ကန်ဒီကြိုးစားသွားမှာပါ... ^_^

Thursday, August 25, 2011

Blog day (Tag)


ကန်ဒီ ဒီနေ့ သြဂုတ်လ(၃၁)ရက်နေ့မှာ ကျရောက်မယ့် Blog day အတွက် တက်ဂ်ပိုစ့်လေး ရေးမယ်နော်... Blog day တက်ဂ် ရေးနေကြတဲ့သူတွေ ကန်ဒီတွေ့ပေမယ့် ကန်ဒီသေချာနားမလည်ခဲ့ဘူး... မမရိုစ့်ရဲ့ပိုစ့် ဖတ်ပြီးမှ နားလည်သွားတာ.. ကန်ဒီ့ကို သတိတရတက်ဂ်လို့လည်း ကျေးဇူးပါ မမရိုစ့်ရေ.. Blog day တက်ဂ်က ဘာလဲဆိုတော့ ကိုယ့်ဆီလာလည်နေကြစာဖတ်သူတွေကို New Blogger (၅)ယောက်နဲ့ မိတ်ဆက်ပေးရတာပါ... :) အဲ့ဒီမှာတင် ပြဿနာ စတက်တော့တာပဲ... ကန်ဒီကလည်း သက်တမ်းကြာပြီဖြစ်တဲ့ ဘလော့ဂါတစ်ယောက်မဟုတ်လေတော့... ခက်ပြီ .. >.< အဲ.. ဒါပေမယ့် သေချာရှာကြည့်လိုက်တော့.. ကန်ဒီအရမ်းခင်ပြီး သွားနေကြနေရာလေးတွေက ဘလော့ဂါတွေက ဘလော့ရေးတာသိပ်မကြာသေးဘူးပဲ.. ကန်ဒီ့ထက် နောက်ကျတယ်.. စာရေးကောင်းတော့ ကန်ဒီက ၀ါရင့် ဘလော့ဂါတွေထင်နေတာ.... အဟိ.. :D

သူတို့အကြောင်းမပြောခင် ကန်ဒီ့ဘလော့လေးအကြောင်း အရင်ပြောပါရစေနော်..

ကန်ဒီ ဘလော့စရေးတာ မတ်လ ၂၀၁၀ မှာပါ... ကန်ဒီက အိမ်မှာနေတာများတဲ့ အိမ်တွင်းပုန်းလေ.. နောက်ပြီး အဲဒီ့အချိန်တုန်းက ကျောင်းတက်ခါစဆိုတော့ စာလည်းသိပ်မများသေးတော့ အားလည်းအားနေတာနဲ့ ဘလော့စရေးဖြစ်တယ်ပေါ့.. နှင်းဆီဖြူဆိုတဲ့ ကန်ဒီညီမက အစစအရာရာ ပြောပြကူညီခဲ့တယ်... သူက ခုတော့ စာသိပ်မရေးတော့ဘူး.. သူကအိမ်မှာ အိပ်ဖို့လောက်ပဲနေတာလေ.. :P (ဒါတွေ့ရင် အပြောခံရဦးမယ်.. ) ... ဒီလိုနဲ့ စရေးဖြစ်တယ်ဆိုပါတော့.. ကန်ဒီ ဘလော့စရေးပြီး သိပ်မကြာဘူး... ကန်ဒီ laptop က မြန်မာလိုရိုက်လို့မရတော့ဘူး... ကန်ဒီဘယ်လိုလုပ်လုပ် မရဘူး... အဲ့ဒါနဲ့ စာရေးလို့မရဘူး... အဲဒါကြောင့် ၂၀၁၀ မှာ စာသိပ်မရေးဖြစ်ဘူး.. ကြားထဲမှာ အဆက်အသွယ်ပြတ်သွားတာပေါ့...

အဲဒီ့အချိန်တုန်းက ကန်ဒီဖတ်ဖြစ်တဲ့ ဘလော့ဂါတွေက ကိုသော်ဇင်စိုး (The starry night).. သူက ကန်ဒီ့ကို အမြဲအားပေးတယ်.. ကန်ဒီ့ပိုစ့်တွေမှာ comment အမြဲပေးတယ်.. ခုထိလည်း သူစာမရေးဖြစ်ပေမယ့်.. လာလာcomment ပေးတတ်တယ်... ကန်ဒီအမြဲ အမှတ်ရနေမယ့်သူပေါ့... နောက် ပိုးဟပ်လေး.. သူလည်း ခုစာမရေးတော့ဘူး... ဒီနောက်ပိုင်းဖတ်ဖြစ်တဲ့ဘလော့ဂါတွေကတော့ ကန်ဒီ Blog list ကသူတွေပေါ့... ကန်ဒီအရင်ကပြောခဲ့ဖူးသလိုပဲ ကန်ဒီ့မှာ ဘလော့ဂါသူငယ်ချင်းတော့နည်းတယ်... လူကြောက်တဲ့စိတ်ကြောင့်ရော.. ကန်ဒီ့ဘလော့ကလည်း ဘာမှထွေထွေထူးထူးမရှိတာကြောင့်ရော သွားသမျှနေရာတွေမှာ ခြေရာမထားခဲ့ဘူးလေ... အမှန်အတိုင်း ၀န်ခံရရင် အစ်ကိုတွေ အစ်မတွေ ဆူတာခံရမလားပဲ... အစ်ကိုချင်းတို့... မမရိုစ့်တို့... ခုကန်ဒီခင်နေတဲ့သူ တော်တော်များများဆီကို ကန်ဒီအရင်ရောက်ဖူးပြီး မွှေပြီးသား... ခြေရာမချန်ခဲ့တာပဲ ရှိတာ.. အဟိ... :P ..သူတို့ ကန်ဒီ့cbox မှာ လာရေးတော့ အရမ်းပျော်သွားတာ... :D

ကဲကဲ... ကန်ဒီလေပေါတာများနေပြီ... အဓိကဟာက မရောက်တော့ဘူး... :P

ကန်ဒီ့နောက်မှ ဘလော့စရေးတဲ့သူတွေကို New Bloggers လို့ သတ်မှတ်လိုက်တယ်နော်... တကယ်တော့ သူတို့က ကန်ဒီ့ထက်စာရေးကောင်းပြီး အပေါင်းအသင်းများတော့ အားလုံးလည်း သိပြီးသလောက်ဖြစ်မယ်ထင်ပါတယ်...

(၁) ကိုပဥာက်.... ကဗျာအများဆုံးရေးပြီး ၀တ္တုတိုလေးတွေလည်းရေးတယ်... ကဗျာရေးတာအရမ်းကောင်းတယ်.. ကန်ဒီက ကဗျာဆို သိပ်စဉ်းစားမှ ပေါ်လာတဲ့ကဗျာမျိုးမကြိုက်ဘူး... ဖတ်လိုက်တာနဲ့ ချက်ချင်းမျက်လုံးထဲမြင်တာမျိုး သဘောကျတယ်.. သူ့ကဗျာတွေက ကန်ဒီ့အသဲစွဲပေါ့...

(၂) အစ်ကိုချင်း.... စာရေးကောင်းသလို အရမ်းခင်ဖို့ကောင်းတယ်.. သူနောက်ဆုံးရေးထားတဲ့ ၀တ္တုတိုလေး ("လွမ်းဆွတ်ခြင်းအပြည့်နဲ့ တခါကအနမ်း")ကိုအရမ်းကြိုက်တယ်... ရီရလို့... နောက်ပြီး သူ့စာဖတ်သူတွေ မေးတာကို ပိုစ့်အနေနဲ့တောင် ရေးပြီးကူညီတတ်တယ်လေ... သဘောကောင်းချက်..

(၃) မမမိုးပန်းချီ .... မမက online ၀တ္တုတိုဆုတောင် ရဖူးတယ်.. သူဆုရတဲ့ဝတ္တုလေးက " နေခြည်မှာ ရွှေရည်လောင်း"တဲ့.. ကန်ဒီဆို ဖတ်ပြီး မျက်ရည်တောင်ဝဲတယ်...

(၄) မမ Jasmine .... မမကိုတော့ အားလုံးသိကြပြီးဖြစ်မယ်ထင်ပါတယ်... ဘယ်သွားသွား မမကိုတွေ့တယ်.. သူမရှိတဲ့နေရာမရှိဘူး.. ဟီးဟီး.. အရမ်းခင်ဖို့ကောင်းပြီး ကဗျာကောင်းကောင်းတွေ ရေးတတ်တယ်...

(၅) သနပ်ခါးမေ... အလှကြိုက်တဲ့ မိန်းကလေးသိပ်ဆန်တဲ့ မိန်းကလေးတွေအတွက် အရမ်းမိုက်တဲ့ ဘလော့လေးပေါ့...

(၆) အိပ်ယာ... သူကတော့ ဘလော့ဂါအသစ်စက်စက်လေးပါ... အထင်တော့ မသေးနဲ့နော်... စာရေးတာ ကောင်းတယ်...

(၇) မမခရမ်းနွယ်... စာရေးကောင်းပေမယ့် မမက အလုပ်ရှုပ်ပုံရတယ်... ခုတော့ စာရေးကျဲနေတယ်.... သူ့ကဗျာလေး တစ်ခုဆိုကန်ဒီကြိုက်လွန်းလို့ ကူးတောင်ကူးထားတယ်...

ဟီးဟီး.. ၇ ယောက်ဖြစ်သွားတယ်... ၂ ယောက်က bonus ပေါ့နော်.. :P
ဒီပိုစ့်လေးရေးရင်း ကြုံတုန်း ကန်ဒီ Blogger တချို့နဲ့ တကူးတက စာလာဖတ်သူတွေကို ကျေးဇူးတင်စကားပြောချင်ပါတယ်...

ပထမဆုံး ဒီပိုစ့်ရေးဖြစ်အောင် တက်ဂ်ပေးတဲ့ မမရိုစ့် ... နောက်ပြီး ကန်ဒီဘာလုပ်လုပ်အားပေးတတ်တဲ့ တီတီနဲ့ ကိုဖြိုး (ရေးမိရေရာအဖြာဖြာ) ... ကန်ဒီ နည်းပညာဆိုဒ်တွေ သိပ်မလည်တတ်ဘူး... ဒါပေမယ့် အစ်ကိုချင်းဆိုဒ်ကနေ DecemberMgMg ဆိုတဲ့နည်းပညာ ဆိုဒ်လေးရောက်သွားတယ်... သူကြောင့် ခုဆို ကန်ဒီ YouTubeက သီချင်းတွေ download လုပ်လို့ရပြီ... အဲ့ဒါကြောင့် သူ့ကိုလည်း ကျေးဇူးတင်စကားပြောချင်ပါတယ်...

နောက်ကျေးဇူးတင်စကားပြောချင်တာက ကန်ဒီ့ဆီလာလည်နေတဲ့ စာဖတ်သူတွေကိုပါ... အကြောင်းအမျိုးမျိုးကြောင့် comment တို့ cbox တို့မှာ မအော်သွားကြပေမယ့် (ကန်ဒီ့ကိုယ်ပွားတွေလေ.. :P ) ကန်ဒီသိပါတယ်လို့... ကန်ဒီ့ဆီလာလည်နေတဲ့သူတွေ ဘယ်သူဆိုတာသေချာမသိပေမယ့် ဘယ်သူက ခဏခဏလာတတ်တယ်.. ဘယ်ကလာတတ်တယ်ဆိုတာ ကန်ဒီအမြဲကြည့်ပါတယ်... လာလည်သူအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်ရှင့်... :D

ဒီပိုစ့်ထဲမှာ ကန်ဒီရေးသမျှသူအားလုံးကို ကန်ဒီတက်ဂ်ပါတယ်... ကန်ဒီတက်ဂ်တာကို တာဝန်ကြီးတစ်ခုလိုတော့ မယူဆပါနဲ့နော်.. ကန်ဒီက ခင်လို့တက်ဂ်တာ... အားလည်း အားပြီး အဆင်ပြေမှ ရေးပါနော်... မရေးလို့လည်း ကန်ဒီစိတ်မဆိုးပါဘူး..... :D

Sunday, August 21, 2011

အာရုဏ်ဆွမ်း


ဒီနေ့မနက် ၅ နာရီ ထတယ်... အာရုဏ်ဆွမ်းကပ်ဖို့ ကူရမှာလေ... Clementi ဘုန်းကြီးကျောင်းမှာ....

ကန်ဒီတို့နဲ့ အတူနေတဲ့ အန်တီရဲ့ သူငယ်ချင်းအလှူပေါ့.. ကန်ဒီတို့ကတော့ လုပ်အားပေး... ဘာပဲဖြစ်ဖြစ်ကုသိုလ်ရတာပဲလေ.. ဟုတ်တယ်ဟုတ်.. :)

လူတွေဖယ်ပြီးကြည့်ပါ... ကျောင်းဘုရားခန်းကို ရိုက်ပြတာပါ.. :D

အသိအလှူရှိတိုင်း လုပ်အားပေးနေကြဆိုတော့ Clementi ကျောင်းတော့ ခဏခဏရောက်ဖြစ်တယ်... ကြက်သားပလာတာကျွေးတာ... အာလူးက ကန်ဒီနွှာထားတာလေ... ဟီး.. ကိုယ်တိုင်ကမချက်တတ်တော့ ဒီလိုလေးတွေပဲ ကြွားရတာ.. အဲလေ.. ကူရတာ... :P


ကော်ဖီလည်း ကန်ဒီဖျော်တာလေ... :D .. တကယ်တော့ ဖျော်ဖို့ အစီအစဉ်မရှိပါဘူး.. ကန်ဒီက ကိုယ့်အတွက်ဆို စိတ်ကြိုက်ရှယ်ဖျော်တတ်ပေမယ့် သူများက ကိုယ်ကြိုက်သလို ကြိုက်ချင်မှ ကြိုက်မှာလေ.. နောက်ပြီး ဘုန်းဘုန်းတွေအတွက်မို့လို့ ပိုမလုပ်ချင်ဘူး.. မကောင်းမှာ စိုးလို့... ဒါပေမယ့် ကန်ဒီ့ညီမကလည်း သူမလုပ်ဘူး.. ကျန်တဲ့ အစ်မကလည်း မလုပ်တတ်ဘူးဆိုတော့... ကန်ဒီပဲ လက်စွမ်းပြလိုက်ပါတယ်... ကိုယ့်ဟာကိုယ်ကြိုက်တဲ့ အရသာတော့ မဟုတ်ဘူး.. ကန်ဒီက ကော်ဖီအချိုမသောက်ဘူးလေ...ဒါပေမယ့် သူများကောင်းတယ် ဆိုတော့လည်း ကောင်းတယ်ပေါ့.. :P

ဘုန်းဘုန်းတွေက ၆ နာရီခွဲ ဘုန်းပေးတော့ ၆ နာရီလောက် ကျောင်းအရောက်သွားရတယ်... ဟိုမှာ ပန်းကန် ဇွန်း အစုံရှိတယ်.. ဘာမှယူသွားစရာမလိုဘူး.. ဟိုရောက်တော့ ပြန်နွှေးပြီး ကပ်လိုက်ရုံပဲလေ... ပြီးတော့ တရားနာ... ဧည့်သည် နည်းနည်းပါးပါးအတွက် ပြင်ပေး... ၁၁ နာရီခွဲလောက် အိမ်ပြန်ရောက်တယ်လေ...

Clementi ကျောင်းထိုင် ဘုန်းဘုန်းက သဘောအရမ်းကောင်းတယ်.. တရားနာပြီးတာတောင် ကန်ဒီတို့ကို ဓာတ်(၁၈)ပါးရယ် သိသင့်တာလေးတွေရယ် ထပ်သင်ပေးလိုက်သေးတယ်... နောက်ပရိတ်ကြိုးလည်း ချည်ပေးလိုက်သေးတယ်....


ဘုန်းဘုန်းဟောတဲ့ တရားထဲက ကန်ဒီမှတ်လာတာလေး မျှဝေလိုက်တယ်နော်...

ဘာပဲဖြစ်ဖြစ် စိတ်မညစ်နဲ့...
တောင်တွေးမြောက်တွေး စိတ်မလေးနဲ့...
တောင်ကြံမြောက်ကြံ မပူပန်နဲ့...

Clementi ကျောင်းမှာ အပတ်စဉ် စနေ၊ တနင်္ဂနွေဆို တရားပွဲရှိတယ်.. ၁ နာရီခွဲလောက်က စတယ်.. နောက်ပြီး ခုဆိုကလေးတွေကို စာသင်ပေးနေပြီ... စေတနာ့ဝန်ထမ်း ဆရာမလေးတွေနဲ့လေ.. မြန်မာစာပေါ့... ကန်ဒီသွားလုပ်ချင်တာ အရမ်းပဲ... ဒါပေမယ့် စဉ်းစားနေရတယ်... တပတ်ကို ဘယ်နှစ်ရက်လဲ မသိလို့... ကန်ဒီ့အိမ်နဲ့က ကားနဲ့ဆိုလည်း နှစ်ဆင့်စီးရတယ်.. ရထားနဲ့ဆိုလည်း ကားတဆင့်ပြန်စီးရတယ် ဆိုတော့ နေ့တိုင်းဆိုရင်တော့ အဆင်မပြေဘူးလေ... နောက်တစ်ခုက ခုနောက်ပိုင်း ကျောင်းက စာတွေကလည်း Term တစ်ခုထက်တစ်ခု ပိုပိုများလာတယ်... :(

ကန်ဒီ ငယ်ငယ်က အရမ်းဖြစ်ချင်တာ ဆရာမလေ.. အရင်ပိုစ့်တစ်ခုမှာ ရေးဖူးတယ်.. အထူးသဖြင့် စေတနာ့ဝန်ထမ်းလို အခမယူတဲ့ ဆရာမဖြစ်ချင်တာ... ဘုန်းဘုန်းဆီ မေးလ်ပို့ပြီး အချိန်မေးကြည့်ရင် ကောင်းမယ်.... /hmm

အားလုံးတော့ ထင်ကြမှာပဲ... ဒီကောင်မလေး လုပ်ချင်တာတွေ တော်တော်များတာပဲ.. ပုံဆွဲချင်ရတာနဲ့.. ခုနောက်တမျိုးလာပြန်ပြီဆိုပြီး... ဟီးဟီး.. xD




Singapore မှာနေတဲ့သူတွေအတွက် Clementi ကျောင်းလိပ်စာ ရေးပေးလိုက်မယ်နော်... လှူချင်ရင်ပဲဖြစ်ဖြစ် သွားချင်ရင်ပဲဖြစ်ဖြစ် အဆင်ပြေအောင်လေ... :)

ဇယျမင်္ဂလာဗုဒ္ဓ၀ိဟာရ ကျောင်းတိုက်
23A Jalan Mas Puteh,
Along West Coast Road,
Singapore, 128628.
Tel: 6778 1678
(Opposite Blk 701, Near Esso Station)

အားလုံးလဲ ပျော်စရာနေ့လေး ပိုင်ဆိုင်ပါစေရှင့်... :)

Friday, August 19, 2011

YouTuber??!!!

ဒီပိုစ့်လေး ရေးရတဲ့အကြောင်းကတော့ ကန်ဒီ့Blogger သူငယ်ချင်းတွေ... အစ်ကိုတွေအစ်မတွေ... မသိသေးတဲ့ စာလာဖတ်တဲ့ ချစ်ခင်ရတဲ့သူတွေကို အသိပေးချင်လို့ပါ။ ကန်ဒီဘလော့မှာ သိပ်မပြောဖူးတဲ့ ကန်ဒီ့ဝါသနာနောက်တစ်ခုက Video editing ပါ။ ဒီတိုင်းရိုက်ထားတဲ့ Random clipတွေကို မလိုတာတွေဖြုတ်ပြီး သီချင်းလေးနဲ့ ပုံဖော်ရတာ ကန်ဒီကြိုက်တယ်။ နောက်ပြီး Video တစ်ခုဖြစ်ဖို့ တွေးပြီး Director တစ်ယောက်လို ပုံဖော်ရတာ ကန်ဒီသဘောကျတယ်။ အဲ့ဒါတွေကြောင့်ပဲ ကန်ဒီ Edit လုပ်ပြီးသား အမှတ်တရ Video လေးတွေကို ကန်ဒီ YouTube မှာတင်ဖြစ်တယ်။ အဓိကက ကိုယ့်အတွက် အမှတ်တရဖြစ်အောင်ပေါ့။ အားရင် အဲဒီ့ Video လေးတွေပြန်ကြည့်ရတာ ပျော်တယ်။

ကန်ဒီ YouTube ကနေစခင်တဲ့ Blogger တွေကတော့ မဗေဒါတို့... တီတီတို့ပေါ့။ မဗေဒါဆို ကန်ဒီ့ Videoမှာ လိုအပ်ချက်လေးတွေ ဝေဖန်ပေးတတ်တယ်။ တီတီနဲ့က သူ့ဘလော့လေးမှာ ကန်ဒီ့ Video လေး share ရင်းက သိတာပါ။ ကန်ဒီ့ကို အမြဲအားပေးတယ်လေ။ ကန်ဒီ့ YouTube channelမှာ Blog လေးကို link လုပ်ထားပေမယ့်... ကန်ဒီ့ဘလော့မှာတော့ YouTube channel အကြောင်းမပြောတော့ ကန်ဒီ့ ဘလော့မောင်နှမတွေ သိမှာမဟုတ်ဘူး။ မပြောဖြစ်တာကလည်း တခြားကြောင့် မဟုတ်ပါဘူး... ကန်ဒီ့Video တွေက အမှတ်တရလေးတွေများတယ်လေ.. ဘလော့မှာလည်း Photo တော်တော်များများက တင်ပြီးသားဖြစ်နေပြန်တော့ Video ထပ်မတင်ဖြစ်တော့တာ... နောက်ပြီး ကန်ဒီဘလော့စရေးတော့ YouTube channel မရှိသေးဘူးလေ.. အဲဒါကြောင့်ပါ။

ခုပြောပြရတဲ့အကြောင်းကတော့ YouTube နဲ့ပတ်သက်တဲ့ comment လေးတွေတွေ့ရင် ကန်ဒီ့ချစ်ခင်ရတဲ့ အစ်ကိုတွေအစ်မတွေ.. သူငယ်ချင်းတွေ... ဇဝေဇ၀ါဖြစ်မှာစိုးတာကြောင့်ရယ်.. နောက်ပြီး မတော်လို့များ ကန်ဒီ့ကို YouTube မှာတွေ့ခဲ့ရင်(သိပ်တော့ မဖြစ်နိုင်ပါဘူး) ဒီကောင်မလေး ငါတို့ကို မပြောဘူးဆိုပြီး ဖြစ်မှာစိုးတာကြောင့် ဒီပိုစ့်လေးရေးပြီး အသိပေးလိုက်တာပါ။

ကန်ဒီတင်ဖြစ်တဲ့ Video အများစုက...
(၁) ကန်ဒီ့ အမှတ်တရတွေ
(၂) ကန်ဒီ့ ချစ်သူရေးတဲ့ သီချင်းတွေ
(၃) အမှတ်တရနေ့လေးတွေမှာ တစုံတယောက်အတွက် ကန်ဒီလုပ်ပေးဖြစ်တဲ့ Video လေးတွေ
(၄) ဟင်းချက်တဲ့ Video တစ်ချို့ (ပျင်းရင်လုပ်တာပါ...)

ကန်ဒီ Video စတင်ဖြစ်တုန်းကတော့ ကိုယ့်အတွက်ကိုယ်ပဲလေ။ ကိုယ်လုပ်ချင်တာလုပ်တာပဲရှိတာ.. အမှတ်တရလေးတွေ ပြန်ကြည့်ရအောင်ပေါ့။ အမှတ်မထင်ပဲ ကန်ဒီ့ Video တစ်ခုက View အရမ်းများသွားတယ်။ စင်္ကာပူသင်္ကြန်တုန်းက ကန်ဒီတို့ မုန့်လုံးရေပေါ်သွားလုံးတုန်းကလုပ်ထားတဲ့ Videoလေးပါ။ အဲဒီ့မှာ ကန်ဒီ Subscriber (၁)ယောက်ရတယ်.. Subscriber ရမယ်လို့ တခါမှ မထင်ထားတော့... ကန်ဒီ့ Video ကိုကြည့်ချင်တဲ့သူရှိတယ်ဆိုပြီး အရမ်းပျော်သွားတယ်။ နောက်ပိုင်း ခဏခဏမဟုတ်ပေမယ့် ပုံမှန်လေးဖြစ်အောင် တင်ဖြစ်တယ်။ အနည်းဆုံး တစ်လတစ်ခါလောက်ပေါ့။ အဓိက ကတော့ subscribe လုပ်ထားတဲ့ သူတွေအတွက်ပါ။ တချို့ Video တွေမှာ စကားပြောတယ်။ စိတ်ထဲမှာတော့ သူတို့ကို ပြောတာပေါ့။ တစ်ယောက်တည်းဖြစ်နေတတ်တဲ့ကန်ဒီ အလုပ်တစ်ခုရတယ်လေ။ Video တွေလုပ် Blog ရေး.. တကယ်တော့ ဒီနေရာလေးတွေ... ဒီဘလော့မောင်နှမတွေက ကန်ဒီ့အတွက် အားဆေးတွေပါ... :)

ဒါဆို ကန်ဒီ့ Video တစ်ချို့ကို တင်ပေးလိုက်မယ်နော်.. YouTubeက မသိတဲ့သူတွေကြည့်မှာ မရှက်ပေမယ့်... ကန်ဒီနဲ့ အရမ်းခင်နေတဲ့ မောင်နှမတွေပြရမှာကြတော့ နည်းနည်းရှက်တယ်ဂျ.. :P

ဒါကတော့ ကန်ဒီ့မေမေမွေးနေ့အတွက် ကန်ဒီလုပ်ပေးထားတာပါ။ ၀မ်းနည်းစရာက မိသားစု ၅ ယောက်လုံး စုံစုံညီညီ တစ်ပုံမှ မပါတာပဲ။ ပါတဲ့ဟာကလည်း Photoshop နဲ့ ထည့်ထားတာ။ နောက်ပြီး အခုအရွယ်ညီအစ်မ (၃)ယောက်လုံးပါတဲ့ပုံလည်း တစ်ပုံမှ မရှိဘူး။ ဘာပဲဖြစ်ဖြစ် သည်းခံပြီး ကြည့်လိုက်နော် :D ... နောက်ဆုံးမှာ အရှားပါးဆုံးပုံပါတယ်။ မိသားစု ဆူရှီသွားစားတာ.. ဒါပေမယ့် ညီမအလတ်မပါဘူး.. :(



ဒါကနောက်ဆုံးတင်ထားတဲ့ Video.. ဘူဖေးသွားစားတဲ့နေ့က.. ကန်ဒီစကားပြောထားတယ်။ ပုံတော်တော်များများတော့ ကြည့်ပြီးသားဖြစ်မှာပါ။



ဘလော့ဂါ မောင်နှမတွေတော့ ထင်ကြမှာပဲ.. ရူးသွားပြီလို့... ဟီး

ကျန်တဲ့အရူးထ ထားတာလေးတွေ ကြည့်ချင်ရင်တော့.. ဒီမှာနှိပ်ပြီး ကန်ဒီ့ Channel မှာသာ မွှေကြည့်လိုက်ပါနော်... xD

အားလုံးကို ခင်မင်တဲ့...
Candy.

Tuesday, August 16, 2011

Art supplies!!!


ကန်ဒီ Charcoal နဲ့ စမ်းဆွဲကြည့်ချင်နေတာ ကြာပြီ.. ကန်ဒီ့စိတ်ထဲမှာ Charcoal drawing က Blending ပိုလှသလိုပဲ.... စင်္ကာပူမှာဘယ်နား သွားဝယ်ရမလဲ မသိတာနဲ့... ရန်ကုန်ကို ပြန်တဲ့သူငယ်ချင်းတွေနဲ့ မှာလိုက်တာ.. ခုသူတို့ပြန်လာတော့ ရပြီလေ... xD ... ခဲဖျက်ရော.. ဆွဲတဲ့စာရွက်ရော.. Charcoal pencil ရော....

အဲ့ဒီ ခဲဖျက်က ပုံစံပြောင်းလို့ရတယ်... :D

တကယ်တော့ ကန်ဒီ Graphite pencil နဲ့တောင် သေချာဖြောင့်အောင် မဆွဲတတ်သေးပါဘူး.. ဒါပေမယ့်လဲ ၀ါသနာကိုတားမရလို့ ၀ယ်လိုက်ပါတယ်.... ကန်ဒီက Portrait ဆွဲရတာ အရမ်းသဘောကျတယ်... အထူးသဖြင့် Colour တွေပါတာထက် Black and White ကိုပဲ အလင်းအမှောင် value တွေနဲ့ ပုံဖော်ရတာ ပိုကြိုက်တယ်...

ကန်ဒီသဘောကျတဲ့ YouTube က Charcoal drawing တချို့ပါ.... ^_^






စာလာဖတ်တဲ့သူအားလုံး ပျော်စရာနေ့လေး ဖြစ်ပါစေနော်... /bye

Saturday, August 13, 2011

Saturday Veggie + အာဒံရယ် ဧ၀ရယ် ဒသရယ်...

ဒီနေ့လဲ သရေကျအောင် ဒီနေ့စားဖြစ်တာလေး တင်မယ်နော် (ဟင်းတော့ အဲ့လောက်မကောင်းပါဘူး) .. ကန်ဒီဟင်းသီးဟင်းရွက်ကြိုက်တာ ကန်ဒီ့ဘလော့လေးကို လာလည်နေကြသူဆို သိမှာပါ.. ဟင်းရွက်ကြော်ရယ် စွန်တန်ဟင်းရည်ရယ်... ကိုယ့်ဟာကိုယ် လုပ်တာနော်... အထင်မသေးနဲ့... :P

ဟင်းရွက်ကြော်...

စွန်တန်ဟင်းရည်...

ညနေကျတော့ City hall သွားတယ်.. စာအုပ်ပြန်အပ်စရာရှိလို့.. ညစာအဲ့ဒီမှာ တို့ဖူးနွေးစားတယ်... နောက်ပြီး မုန့်ဝယ်စားတယ်.. ဗမာမုန့်ပဲ.. ဘာခေါ်လဲတော့ မသိဘူး.. သာဂူနဲ့ အပေါ်က ပူတင်းလိုလိုပဲ....

အစ်ကိုချင်းရေ.. မုန့်စိမ်းပေါင်းတော့ မတွေ့ဘူး.. ဒါပဲတွေ့တယ်... ရှိတာစားနော်... :P

ပြီးတော့ လမ်းမှာ ဟိုလျှောက် ဒီလျှောက်နဲ့ ပိုစတာတွေ့တယ်... "အာဒံရယ် ဧ၀ရယ် ဒသရယ်" ရုပ်ရှင်ကားကို စင်္ကာပူမှာ ပြမယ်တဲ့...


နေ့ရက်က စက်တင်ဘာလ (၄)ရက်နေ့ ၂၀၁၁...
နေရာက Kreta Ayer Theatre (Chinatown)...
အချိန်က 3:30 pm to 5:30 pm, 6:00 pm to 8:00 pm, 9:00 pm to 11:00 pm...

စိတ်ဝင်စားသူများ သွားကြည့်နိုင်အောင် သတင်းပေးတာပါရှင့်.. :D (ပြောသာပြောရတယ်.. ကိုယ်ကနောက်ဆုံး သိနေတာလား မသိဘူး.. :P)

ကြော်ငြာနေသလိုလို ဘာလိုလို... :P

Wednesday, August 10, 2011

ဘူဖေး... :D

မနေ့က ကန်ဒီ့သူငယ်ချင်းတစ်ယောက် မွေးနေ့... သူက ကန်ဒီတို့ကို ဆာကူရာမှာ ညစာ ဘူဖေးလိုက်ကျွေးတယ်လေ.. (၀ါးတီးပေါ့.. xD) ... ညနေ ၅:၃၀ လောက်ကသွားကြတာ.. ညစာစား.... စားပြီးတော့ သူငယ်ချင်းကို Plaza Singapura မှာ မွေးနေ့လက်ဆောင်ဝယ်ပေး.. ပြီးတော့ အိမ်ပြန်.. အိမ်ပြန်ရောက်တော့ ည ၉:၃၀...

အော်.. ဒါနဲ့... မနေ့က စင်္ကာပူ အမျိုးသားနေ့ ဆိုတော့ မီးရှူးမီးပန်းတွေ ဖောက်သေးတယ်.. ဒါပေမယ့် ကန်ဒီတို့နေရာက မမြင်ရဘူး.. :( .... ရဟတ်ယာဉ်တွေပြတာလည်း မတွေ့လိုက်ရဘူး.. တစ်စီးပဲ တွေ့လိုက်တယ်...


စားခဲ့တာတွေ သရေကျအောင် တင်ပါသည်.... :D

Ice-cream နဲ့ အချိုတည်းမယ်..

တော်ပြီ.. ဗိုက်တင်းသွားပြီ....

တော်ပြီ တော်ပြီ.. ဆက်တင်နေရင် ဒီရုပ်ကြီးပဲမြင်နေရတယ် ဆိုပြီး နောက်လာမလည်ဘဲ နေဦးမယ်.... >.<

သူငယ်ချင်းဖို့ လက်ဆောင်ဝယ်ပေးရင်းနဲ့ ကိုယ်ပါအဆစ်.... :P (sooo cute)

ကန်ဒီကျောင်းပြန်တက်နေရပြီ သိလား.... Post ခဏခဏမတင်နိုင်တော့ရင် ခွင့်လွှတ်နော်.. =)

Tuesday, August 9, 2011

တောင့်တမိသော...


သူတစ်ယောက်ထဲ နေတတ်တယ်....
သူ့အထီးကျန်မှုရဲ့ ကနဦးအစက.... >>>>

"အိမ်နားက ကလေးတွေနဲ့ မဆော့နဲ့နော်.."
"အမေ မပါဘဲ သူများနဲ့ ရုပ်ရှင်သွားမကြည့်နဲ့.. "
"ဇီးထုပ်မစားရဘူး.. "
"ညဘက် အပြင်မသွားရဘူး.. "
"ဘာလို့ အဆင့်က ကျသွားတာလဲ.. "

တင်းကျပ်တဲ့ စည်းမျဉ်းတွေအောက်မှာ ကျုံ့ကျုံ့လေးနေခဲ့တာ ခုဆို (၂၃)နှစ်.....
အဲ့ဒီ စည်းမျဉ်းတွေကပဲ သူ့ကို သူမတူတဲ့ မိန်းကလေးတစ်ယောက်ဖြစ်စေခဲ့သလို.....
ရင်းနှီးပွင့်လင်းမှုမရှိတဲ့ တစိမ်းဆန်ဆန်မိသားစုဘ၀သို့ တွန်းပို့.....
နောက်ဆုံး ပိန်းပိန်းမှောင်နေတဲ့ အခန်းထောင့်တစ်နေရာမှာ သူတစ်ယောက်ထဲ...
ခါးသီးဖွယ် အထီးကျန်မှုတွေက သူ့တကိုယ်လုံးကို မသိမသာချည်နှောင်နေကြတယ်....

သူနားလည်ထားတဲ့ ဟန်ချက်ညီတဲ့ မိသားစုဘ၀ဆိုတာ လက်ရည်တပြင်တည်းမဟုတ်တောင်
မိသားစုစုံစုံညီညီနဲ့ စားတဲ့ထမင်းဝိုင်းလေးက နံပါတ်(၁)...
နောက်တော့ ပွင့်လင်းမှု ရင်းနှီးမှု ညှိနှိုင်းမှု......
ဒါတွေက သူတခါမှမရခဲ့ဖူးတဲ့ သူအတတ်သိတဲ့ နွေးထွေးမှု....
သူပြင်းပြစွာ ဆာလောင်နေတဲ့ တောင့်တမှု...

ဆို့နင့်စွာ ခံစားရတဲ့ ဝေဒနာတွေကို မြိုသိပ်....
သူသက်ပြင်း တစ်ချက်ချလိုက်တယ်...
ကြမ္မာရဲ့ စေရာပဲပေါ့လို့...

P.S. ကဗျာလည်း မဟုတ်ပါ.. ဘာမှန်းလဲ မသိပါ.. ရင်ဖွင့်ခြင်းမျှသာ...

Saturday, August 6, 2011

Photo ပြင်မယ်

ကန်ဒီ Photo editing software လေးတစ်ခု share မလို့ပါ.. ကန်ဒီ့လို Photo ပြင်တာဝါသနာပါတဲ့သူတွေအတွက်ပေါ့.. သုံးရတာအရမ်းလွယ်တယ်.. Photoscape တဲ့.. (Download လုပ်ချင်ရင် ဒီနေရာ ကိုနှိပ်ပါ).. Free software လေးပါပဲ.. ဓာတ်ပုံတင်တာများတဲ့ ဘလော့ဂါတွေအတွက် Batch editor ပါတော့ ပိုအဆင်ပြေတယ်လေ.. တခါ edit လုပ်တာနဲ့ အားလုံးပုံစံတူ ပြောင်းမှာ.. ဥပမာ ဓာတ်ပုံအောက်နားမှာ ဘလော့နာမည်ရေးတာမျိုးပေါ့..

Center ကို Focus လုပ်တဲ့ effect ...

တစ်ခုချင်းစီလည်း ပြင်လို့ရတယ်.. Effect တွေအများကြီးပါတယ်.. Frame ထည့်ချင်လဲရတယ်.. ကန်ဒီက ဓာတ်ပုံကို ဘောင်လေးနဲ့မှ ပိုကြည့်ကောင်းတယ်ထင်တာလေ...

Low Cross Process effect...


Middle cinema effect..


Antique photo effect...

နောက် Combine လုပ်လို့ရတယ်.. Page ခွဲလို့ရတယ်.. ကန်ဒီ့ ဘလော့ကပုံတွေတော်တော်များများက Photoscape နဲ့ လုပ်ထားတာလေ.. အရမ်း detail ပြင်ချင်ရင်တော့ ကန်ဒီ Adobe Photoshop သုံးတယ်.. Photoscape မှာလည်း နည်းနည်းတော့ detail ပြင်လို့ရတယ်ထင်တယ်.. ကန်ဒီက detail ပြင်တာမျိုးကြတော့ Adobe Photoshop နဲ့ သုံးနေကျဖြစ်နေလို့ပါ..

နောက်တစ်ခုက Animated လည်း လုပ်လို့ရတယ်... :D

Good Luck .. Peace .. xD

Wednesday, August 3, 2011

တိုင်းရင်းဆေး


ကန်ဒီ ဒီပိုစ့်လေးရေးတာ တိုင်းရင်းဆေးကို မကောင်းဘူးလို့ ဆိုလိုတာ မဟုတ်သလို၊ အင်္ဂလိပ်ဆေးပဲ ကောင်းတယ်လို့ ဆိုလိုတာလည်း မဟုတ်ဘူးနော်... ကန်ဒီ့ ပတ်ဝန်းကျင်မှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တစ်ချို့ကို နမူနာယူပြီး အားလုံးဆင်ခြင်နိုင်ဖို့ပဲ ရည်ရွယ်ပါတယ်.. ^_^

ကန်ဒီ သူငယ်ချင်းတစ်ယောက်ရဲ့အဖွားပါ.. လူကြီးဆိုတော့ ထုံးစံအတိုင်း ဆီးချို သွေးတိုးရှိတယ်.. အင်္ဂလိပ်ဆေးနဲ့ ကုနေတာပေါ့... အဲဒီ့အချိန်မှာ ဗမာဆေးရွက်တစ်ခုပဲ.. (ဘာလဲ ကန်ဒီသေချာမမှတ်မိလို့ စိတ်မရှိပါနဲ့နော်) .. အဲ့ဒီ့ဆေးရွက်က သွေးတိုးကျစေတယ်လို့ ကျန်းမာရေးစာစောင်တွေရော.. တိုင်းရင်းဆေးစာအုပ်တွေရောမှာ အရမ်းညွှန်းတဲ့အခါမှာ.. ကန်ဒီ့ သူငယ်ချင်းရဲ့ ဦးလေးက သူ့အမေအတွက်ဆိုပြီး ကျိုကျိုတိုက်တယ်ပေါ့.. တချိန်တည်းမှာပဲ ဆရာဝန်ညွှန်ကြားတဲ့ အင်္ဂလိပ်ဆေးကိုလည်း ဖြတ်လိုက်တယ်.. (ဘယ်လောက်ဆိုးလဲနော်).. သွေးတိုး ဆီးချိုရောဂါဆိုတာ ကုလို့မရတဲ့ရောဂါတွေပါ.. ဆေးသောက်ပြီး ဆိုးရွားမလာအောင် ထိန်းနေရတာ.. အဲဒီ့ထိန်းထားတဲ့ဆေးကို ဖြတ်လိုက်တော့ တခါတည်း အဖွားခမျာ ဆေးရုံရောက်သွားတော့တာပေါ့.. ဆေးရုံရောက်တဲ့အချိန်က တော်တော်နှောင်းနေပြီလေ.. ဆေးရုံတပတ်လောက်တက်ပြီး ဆုံးသွားရှာတယ်... :(

ကန်ဒီ့အမြင်ပြောရရင် သူတို့ညွှန်းတဲ့အရွက်က တကယ်လည်းဆေးဖက်ဝင်ကောင်းဝင်မှာပါ.. ဒါပေမယ့် ဆေးရွက်ကိုကျိုလို့ရတဲ့အရည်မှာ ဆေးဖက်ဝင်တဲ့ပစ္စည်းအပြင် တခြားဟာတွေလည်းပါသေးတယ်လေ... အင်္ဂလိပ်ဆေးကျတော့ တကယ့်အာနိသင်ရှိတဲ့ပစ္စည်းကိုပဲ ဆေးလုံးလိုလုပ်ထားတာလေ.. ဆေးလုံးပုံစံပေါ်ရုံပဲ safe ဖြစ်တဲ့ပစ္စည်းတွေနဲ့ရောထားတာ.. အဲတော့ (၂)ခုယှဉ်ရင် အင်္ဂလိပ်ဆေးရဲ့အာနိသင်က ပိုတာပေါ့.. လက်ရှိ သောက်နေနဲ့ အင်္ဂလိပ်ဆေးကိုဖြတ်လိုက်တာတော့ အတော်ဆိုးတာပေါ့နော်..

နောက်အဖြစ်အပျက်တစ်ခုက တရုတ်တိုင်းရင်ဆေးပါ.. ကန်ဒီ့ ဆရာမရဲ့အမေဖြစ်တာပေါ့နော် (Singaporean ပါ).. အဲဒီ့အဖွားကို သူ့သမက်က ဒီတိုင်း အားဆေးသဘောပေါ့... တရုတ်တိုင်းရင်းဆေးတစ်ခုကို ၀ယ်လာပြီး တိုက်တယ်... တိုက်ပြီး (၂)ရက်လောက်ပဲ ရှိသေးတယ်.. အဲ့အဖွား ဆေးရုံတင်လိုက်ရတယ်.. အကြောင်းကတော့ အဲဒီ့ တရုတ်တိုင်းရင်းဆေးမှာ Toxic ဖြစ်တဲ့ Chemical တစ်ခုပါနေတယ်.. အရောအနှောအနေနဲ့ပါတာပါ.. အဲဒီ့အဖွားအသက်ကို ကယ်လိုက်နိုင်ပေမယ့်... အသည်းတော့ တော်တော်ပျက်စီးသွားတယ်.. အဲဒီ့ဆေးရောင်းတဲ့လူနောက်ကိုလည်း လိုက်လို့မရတော့ပါဘူးတဲ့..

ခုချိန်မှာ တိုင်းရင်းဆေးတွေကို နိုင်ငံတကာမှာ သေချာ Regulate မလုပ်နိုင်သေးဘူးလေ.. စင်္ကာပူမှာဆိုရင် တရုတ်တိုင်းရင်းဆေးတွေကို အဆိပ်ဖြစ်စေတဲ့အရောအနှော ပါမပါစစ်တယ် (အဲ့လိုစစ်တာတောင်ဖြစ်သွားသေးတယ်နော်) .. Quality နဲ့ Safety ပဲစစ်တယ်ပေါ့.. Efficacy အာနိသင်ကိုတော့ မစစ်ဆေးနိုင်သေးဘူး... လက်တွေ့ကျတဲ့ စမ်းသပ်နည်းတွေလည်းမရှိသေးတော့လေ... Health Supplement (Vitamin) တွေ.. Herbal medicine တွေကိုတော့ License တောင်မလိုပဲ ရောင်းခွင့်ရှိတယ်.. အဲတော့ အဓိကက သောက်သုံးတဲ့လူပေါ်ပဲ မူတည်တာပေါ့.. မြန်မာနိုင်ငံမှာတော့ တိုင်းရင်းဆေးတွေဘယ်လို regulate လုပ်လဲ ကန်ဒီလည်းသေချာမသိပါဘူး.. ဒါပေမယ့် အဓိကက မိမိကိုယ်တိုင်ချင့်ချိန်နိုင်ဖို့ပဲလေ..

စေတနာမွန်ဖြင့်....
Candy =)

Monday, August 1, 2011

ကျွန်မ ကြိုက်၏.. မကြိုက်၏... (Tag)

ဒီနေ့လည်း Tag လေးပဲရေးမယ်.. အစ်ကိုချင်းကလေး (ခင်မောင်ချင်း) Tag ထားတဲ့ post လေးပေါ့... Tag လေးရဲ့အကြောင်းအရာလေးက အရမ်းကောင်းတယ်... Blogger မောင်နှမတွေ တစ်ယောက်နဲ့တယောက် ပိုရင်းနှီးစေဖို့ပေါ့... အားလုံးလဲ သိကြတဲ့အတိုင်း ကန်ဒီက စာမရေးတတ်ဘူး.. ကန်ဒီ့ blog လေးရဲ့ Style ကိုက Diary blog လေးလေ... ဒါပေမယ့် ဒီ Tag လေးကတော့ ကိုယ့်အကြောင်းကိုယ်ရေးရတာဆိုတော့ နည်းနည်းတော့ ဖြစ်မယ်ထင်တယ်... အဲဒါကြောင့်ပဲ ရေးလိုက်ပြီနော်... xD

*************************************************

ကန်ဒီ့ပုံစံကတော့ သိပ်သိသာပါတယ်... ကန်ဒီ့ Blog မှာ ကန်ဒီ့ပုံတွေအများကြီး ရှိတာကို.... :P .. သေသေချာချာပြောပြရရင်တော့ အရပ်က (၅)ပေ (၂)လက်မခွဲ၊ ကိုယ်အလေးချိန်က (၉၄)ပေါင်.. ဟုတ်တယ် ကန်ဒီအရမ်းပိန်တယ်... လူတိုင်းပြောတယ်... အမေကလည်း အမြဲပိန်လိုက်တာ ပိန်လိုက်တာနဲ့.. ဒါပေမယ့် အစားမစားဘူးလဲ မဟုတ်ဘူး.. စားတယ်... ကန်ဒီကတစ်ခါတည်း အများကြီးထက် နည်းနည်းစီ စားနေတတ်တာ.. အစားအသောက်တော့ ချေးများတယ်ပဲ ပြောရမလား.. ကန်ဒီ အသားမှာဆို ကြက်သားနဲ့ ပင်လယ်စာပဲစားတယ် ... ၀က်သား၊ အမဲသား မစားဘူး... မစားဘူးဆိုတာက ဘာသာရေးအရရယ်လည်း မဟုတ်ဘူး.. ကန်ဒီကိုယ်တိုင်က ခုံခုံမင်မင် မကြိုက်တာ.. (၇)တန်းနှစ်လောက်တည်းက ၀က်သားမစားတော့ဘူး... (၁၀)တန်းဖြေပြီးတော့ အမဲသားပါရှောင်လိုက်တယ်.. ကြက်သားဆိုလည်း အရေခွံမစားဘူး (ချေးများပုံ ပြောပါတယ်).. အသီးအနှံနဲ့ ငါးတော့ အရမ်းကြိုက်တယ်.. ကော်ဖီအရမ်းကြိုက်တယ်... fast food တွေမစားဘူး.. ကြိုက်လည်းမကြိုက်ဘူး.. ကိုယ်တိုင်သိပ်မချက်တတ်ပေမယ့် ချက်စားတာများတယ်.. ငါးဟင်းတော့ လုံးဝမချက်တတ်ဘူး... :( ...အားကစားကတော့ အခုလောလောဆယ် ဘာမှမလုပ်ဖြစ်ဘူး.. ငယ်ငယ်တုန်းကတော့ ကန်ဒီကျောင်းမှာ Aerobic ဆော့တယ်.. (မရီနဲ့နော်.. ဟီး) .. ပြိုင်ပွဲတွေလည်း ပြိုင်တယ်.. တိုင်းအဆင့်မှာ အုပ်စုလိုက် ဒုတိယရဖူးတယ်.. :D

မိတ်ကပ်ပြင်ရတာ ကျော့ကျော့လေးနေရတာ ကန်ဒီအရမ်းကြိုက်တယ်.. အဲ့ဒါ ကန်ဒီဝါသနာပဲလေ.. တခါတလေ အိမ်မှာအားနေရင် မျက်နှာပေါ်မှာ လုပ်ချင်တာ လုပ်နေတတ်တာ.. ပြီးရင် ဓာတ်ပုံရိုက်.. ပြီးရင်မျက်နှာပြန်သစ်... ဒါပေမယ့် အပြင်သွားရင်တော့ သာမာန်ထက် ပိုမပြင်ပါဘူး..

အပြင်သွားရင် ပြင်တဲ့ပုံ...

အိမ်မှာ နေရင်းပုံ...

အိမ်မှာနေရင် moisturizer ကလွဲပြီး ဘာမှမလိမ်းဘူး... ညအိပ်ဝတ်စုံနဲ့ ကော်ဖီတစ်ခွက်နဲ့ ကွန်ပြူတာရှေ့ထိုင်နေတတ်တယ်.. နောက်ကန်ဒီ့အကျင့် တစ်ခုက နှုတ်ခမ်းနီဆိုးပြီးရင်လည်း သိပ်ဂရုမစိုက်တတ်ဘူး.. စားချင်သလိုစားတာပဲ.. စားပြီးရင်လည်း ပါးစပ်ပြန်သုတ်တာပဲ.... ပြန်လဲမဆိုးဘူး... ဒီတိုင်းပဲ.. အဲတော့ ဘာမှမထူးဘူး မဆိုးတာနဲ့.. :P .. အဲ.. ငယ်ငယ်တုန်းကတော့ နှုတ်ခမ်းနီဆိုးပြီးရင် ဒီလိုဖြစ်နေတတ်တယ်.. ကန်ဒီငယ်ငယ်က ပုံတိုင်းအဲ့ပုံပဲ.. xD (သိပ်တော့မမြင်ရဘူး.. :( )

ကန်ဒီက အကြီးဆုံး .. (အလယ်က)

ဆံပင်ကတော့ အရှည်ထားရတာအရမ်းကြိုက်တယ်.. ကန်ဒီငယ်ငယ်က ဆံပင်က ခါးကျော်တယ်... ခုတော့ အဲလောက်ရှည်တော့ဘူး.. ကျောလည်ခါးနားမရောက်တရောက်ပဲ... ဆံပင်အရောင်က ခုလက်ရှိ အညိုနု(မနေ့ကမှ ဆိုးထားတာ.. :P) ... လက်သည်းက မရှည်တရှည်.. တိုကပ်နေအောင်မထားတတ်လို့... လက်သည်းနီက ဆိုးတဲ့အခါဆိုးတယ်.. မဆိုးတဲ့အခါမဆိုးဘူး...

ကန်ဒီက ပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ်နေနိုင်တဲ့ အ၀တ်အစားမျိုးကြိုက်တယ်.. လုံခြုံရမယ်... ကန်ဒီအတိုသိပ်မ၀တ်တတ်ဘူး... ၀တ်မယ်ဆိုလည်း ဘောင်းဘီတိုဝတ်တာများတယ်... စကပ်တိုမ၀တ်တတ်ဘူး... ကန်ဒီက အားနာတတ်တယ်.. တခါတလေ ကိုယ့်ကိုလိမ်နေမှန်းသိရက်နဲ့တောင် အားနာလို့ ပေးရင်ပေးလိုက်တတ်တာ... လူကြောက်တယ်... (မမခရမ်းနွယ်ရေးတာ ဖတ်ဖူးတယ် အဖေနဲ့မကြီးပြင်းလာတဲ့ ကလေးတွေက အဲလိုဖြစ်တတ်တယ်တဲ့.. သိပ်မှန်တာပဲ... ကန်ဒီအသက်ကြီးမှ အဖေက နိုင်ငံခြားက ပြန်လာတာလေ...) သူငယ်ချင်းလိုခင်သွားရင်တော့ ပျော်ပျော်နေတတ်ပါတယ်.... သူငယ်ချင်းတွေနဲ့အုပ်စုလိုက် ဟေးလားဝါးလားပေါ့... များသောအားဖြင့်ကတော့ ကန်ဒီတစ်ယောက်တည်း သွားတတ်လာတတ်တယ်.. ကန်ဒီ့စိတ်ထဲမှာ ဘယ်ကမှန်းမသိတဲ့ အထီးကျန်မှုတစ်ခုက အမြဲရှိတယ်.. (Psycho တစ်ခုပေါ့) .. စကားပြောရင် အသံကမတိုးမကျယ်... Presentation တွေဆိုရင်တော့ အကျယ်ကြီးပဲ.. အရင်ကတိုးလို့ သူများပြောလွန်းလို့ ကျင့်ရင်းကျင့်ရင်း ကျယ်သွားတာ.. :P

ကန်ဒီ့အကြောင်းကတော့ ဒါပါပဲရှင်... :D

**************************************************

ဒီTagလေးက ကိုယ့်အကြောင်းကိုယ်ရေးရတဲ့ Tag ကလေးလို့ ကန်ဒီနားလည်လိုက်တယ်.. ကန်ဒီရေးတာ မှန်မယ်ထင်ပါတယ်နော်.. ကန်ဒီကို Tagတဲ့ အစ်ကိုချင်းကလေးကိုလဲ ကျေးဇူးတင်ပါတယ်ရှင့် ... အမှန်အတိုင်းပြောရရင် ကန်ဒီမှာ ဘလော့ဂါ သူငယ်ချင်းတွေလည်း သိပ်မရှိပါဘူး.. ကန်ဒီကလျှောက်လည်ဖြစ်ရင်လည်း link သိပ်မထားခဲ့တတ်ဘူး... ရှက်လို့.. ကန်ဒီBlogက သူများတွေလိုလဲ စာကောင်းကောင်းတွေမရှိဘူး.. ဗဟုသုတရစရာတွေလည်းမရှိဘူး... ကန်ဒီ့အကြောင်းပဲရေးတာများတဲ့ Diary blog လေးဆိုတော့လေ... ကန်ဒီ့ဆီလာလည်ကြတဲ့၊ ကန်ဒီမဟုတ်က ဟုတ်ကရေးသမျှ comment ပေးကြတဲ့ အစ်ကိုတွေကိုရော အစ်မတွေကိုရော အရမ်းကျေးဇူးတင်ပါတယ်..

ကဲ ခုချိန်ကစပြီး ဆက်Tag ပါတော့မယ်ရှင်... မမမိုးပန်းချီနဲ့ မမခရမ်းနွယ် ရေ အားရင်ရေးပေးပါဦးနော်... ကိုပဥာက်.. ကဗျာဆရာကြီး... ရေးပေးဦးနော်.. ကဗျာလိုရေးချင်လည်းရတယ်... :P ... စာမရေးတာကြာပြီဖြစ်တဲ့ ကိုသော်ဇင်စိုး (The Starry Night)ရေ အချိန်ရရင်ရေးပေးပါနော်... နောက်ပြီး တီတီ (Thet Nandar Family).. ကန်ဒီကို အချိန်ရရင်ရေးပေးပါနော်.... အားလုံးကို မေတ္တာရပ်ခံပါတယ်ရှင့်.. :P