Sunday, January 29, 2012

Dream did come true!!!


ဟိုးးးးးး......... ရှေးရှေးတုန်းက "ခြင်္သေ့ကျွန်း"လို့ခေါ်တဲ့ မြို့သေးသေးလေးမှာနေတဲ့ ကောင်မလေး တယောက်ရှိတယ်တဲ့။ သူက ပန်းတွေကို အရမ်း အရမ်းချစ်ပြီး သူတို့မြို့လေးမှာ နှစ်စဉ်ပြုလုပ်လေ့ရှိတယ် ပန်းပြပွဲကို အရမ်းသွားချင်ရှာသတဲ့။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ဒီနှစ်တော့ မသွားဖြစ်တော့ဘူးလို့ ထင်နေတဲ့အချိန်မှာ တန်ခိုးရှင်နှစ်ပါးက "ဘွားကနဲ" ပေါ်လာပါလေရောတဲ့။ အဲ့တန်ခိုးရှင်နှစ်ပါးက "ရောက်စေ"ဆိုပြီး နှုတ်ကရွတ်လိုက်တယ်ဆိုရင်ပဲ ကောင်မလေးတယောက် ပန်းခင်းကြီးထဲ ပြုတ်ကျသွားလေသတည်းတဲ့ ဟိဟိဟိ :D



ကန်ဒီပြောဖူးတယ်နော်။ ဟို တန်ခိုးရှင်ကြီးနှစ်ပါး အဲလေ ကိုညိမ်းနိုင်နဲ့ ကိုညီရဲတို့ Sentosa သွားဖို့ ကန်ဒီ့ကိုခေါ်တယ် ဆိုတာလေ။ သူတို့က အလှူနေ့က သွားမလို့ကို မသွားဖြစ်လိုက်ဘူး။ နောက်နေ့ကျတော့ ကန်ဒီနဲ့ သူတို့နဲ့ နေ့လည်စာစားကြတယ်။ စားပြီးတော့ ဘယ်သွားမလဲ စဉ်းစားရင်း စဉ်းစားရင်းနဲ့ အစီအစဉ်မရှိပါဘဲ Sentosa ရောက်သွားတယ်။ အဲ့မှာတင် ကန်ဒီတယောက် ပန်းခင်းကြီးထဲ ပြုတ်ကျသွားတယ်ဆိုပါတော့...

ဖုတ်... (ပြုတ်ကျသံ)


မတ်တပ်ပြုတ်ကျတာ :P

ဒီပိုစ့်ကတော့ ဓာတ်ပုံတွေချည်း အမုန်းတင်မှာ။ ပုံတွေကို ဘလော့လိပ်စာထည့်ထားတာက လွဲရင် ဘာမှမပြင်ထားဘူး။ ပန်းတွေနဲ့ ရှုခင်းတွေ သဘာဝအတိုင်း မြင်စေချင်လို့လေ။ သူများတွေတော့ မသိဘူး။ ကန်ဒီကတော့ ဓာတ်ပုံလေးတွေနဲ့ စာလေးတွေ တွဲဖတ်ရတာ အရမ်းသဘောကျတာ။ အင်.. စာဖတ်ပျင်းတာ ပေါ်ကုန်ပြီ ဟီး။ ဒါပေမယ့် မဖတ်ဘဲတော့ ဘယ်တော့မှ မမန့်ပါဘူး.. စိတ်ချ :D

ပန်းတွေနဲ့ ဝေ...

ပန်းတွေကို အဲ့လို ပန်းခင်းကြီးလို အပေါ်တည့်တည့်ကရိုက်တာ အကြောင်းရှိတယ်။
ကန်ဒီ့ဗွီဒီယိုတွေမှာ Title Background အဖြစ်သုံးချင်ရင် ရအောင်လို့။ အဲ့လို အမျှော်အမြင်ကြီးတာ :D


အနောက်က ခုံလေးမှာ ရိုက်မလို့။ သူများတွေ ရိုက်တာမစောင့်နိုင်လို့ ငုတ်တုတ်လေး ရိုက်လိုက်တယ်။ အဲ့လို စိတ်ကြီးတယ် :D အနောက်မှာ ကန်ဒီ့ထက် စိတ်ကြီးတဲ့လူ ရှိသေးတယ်။ ကင်မရာကြီးနဲ့ ပုရွတ်ဆိတ် နှုတ်ခမ်းမွှေးကို Zoomဆွဲ ရိုက်နေတာ ဟိဟိ :P

ခြင်္သေ့ကြီးအောက်မှာ နဂါးလေး။ ဒီနှစ် နဂါးနှစ်ကို ကိုယ်စားပြုတာလေ။ ပန်းနဲ့ အလှဆင်ထားတာ :D

Merlion ကြီးနဲ့...

Merlion လေးနဲ့...

ဟိုတယ်ထဲ ၀င်ရိုက်တာ။ အဲ့ဒါ အာဒံနဲ့ ဧ၀တဲ့။ ရိုမန်းတစ် မဆန်လိုက်တာ။
အာဒံနဲ့ ဧ၀ကို ၀တယ်လို့ ဘယ်သူပြောတုန်း >.<

ဒါဘယ်သူလို့ ထင်ပါသလဲ? ကိုညီရဲသစ်ပါ.. Black coffee လို့လဲ လူသိများတယ်။
သူက ဓာတ်ပုံရိုက်တဲ့ အချိန်ကလွဲပြီး ကျန်တဲ့အချိန်ဆို အမြဲရီပါတယ် :D

ခြေထောက်ညောင်းလို့ တွေ့ရာ လှေကားမှာ ထိုင်နေတာကို ကိုညိမ်းနိုင်ကြီး Snapshot လိုက်တာ။

ကိုညိမ်းနိုင်ရဲ့ ရိုက်ချက်။ ရေပန်းတွေနဲ့ :D

Beach ရောက်သွားပြီ။

အဲ့နေ့က အိမ်ပြန်ရောက်တော့ ခေါင်းတွေကိုက်ပြီး နေမကောင်းချင်သလိုလိုဖြစ်သွားတယ်။ ကန်ဒီတို့ သွားတဲ့အချိန်က နေ့လည်ကြီးလေ။ နေ တော်တော်ပူတာ။ ပုံထဲမှာသာ နေမပူဘူး ထင်ရတာ။ ကန်ဒီ အိမ်ပြန်ရောက်တော့ အန်တောင် အန်လိုက်သေးတယ်။ ဘာလို့လဲ မသိဘူး။ City Hall မှာ မနက်စာ ညစာ စားလိုက်တာ။ အစားမတည့်လို့လား မသိဘူး။ ဖျားပြီ ထင်တာ။ အန်ပြီးတော့ တော်တော်သက်သာသွားတယ်။ မဆီမဆိုင် ဘာတွေပြောမိနေမှန်း မသိဘူး =.=

ဓာတ်ပုံကြည့်ရတာ မောသွားပြီလား? :P
ပျော်ရွှင်စရာ Weekend လေး ဖြစ်ပါစေရှင် ^_^
Credit : ကိုညိမ်းနိုင် (မျောလွင့်တိမ်တို့ နားခိုရာ)၊ ကိုညီရဲသစ်နှင့် Candy (ကန်ဒီရိုက်တဲ့ပုံတွေလည်း ပါတယ်လေ :P)

Thursday, January 26, 2012

အလှူ + နှစ်ကူး Dinner


ဟိုနေ့က ရေးသမျှကို လစ်လျူရှုလိုက်နော် ဟီးဟီး :P လူက၀မ်းနည်းရင် စိတ်မကောင်းဖြစ်ရင် အဲ့လိုပဲ ထ ထ ရေးတတ်တယ်။ ဘာမှ စိတ်ပူမနေနဲ့တော့နော်။ အလှူနေ့လေးအကြောင်း ပြောပြမယ်။

24th Jan 2012 (Tuesday)
အလှူ

► မနက် ၆နာရီလောက်..
အိပ်မှုံစုံမွှားထပြီး မျက်နှာသစ်တယ်။ ပြီးတော့ အရွက်ကြော်ဖို့ အဆင်သင့်ဖြစ်အောင် ပန်းဂေါ်ဖီ၊ ရိုးရိုးဂေါ်ဖီ၊ ကန်စွန်းရွက်၊ မှို .... အဲ့ဒါတွေ ပြင်ပါတယ်။ လက်ဖက်နှပ်ထားတာ ချဉ်နေတယ်ဆိုလို့ ပုဇွန်ခြောက်နဲ့ ငရုတ်သီး ထောင်းပြီး ရောပါတယ်။ ထမင်းပွဲက အိပ်ခန်းထဲမှာ ပြင်မှာမို့လို့ ကုတင်တွေ ခဏ အိမ်ပြင်ပို့တယ်။ အဲ့ဒါတွေက သူငယ်ချင်းတွေနဲ့ ကန်ဒီ့ညီမလုပ်တယ်။ ကန်ဒီက မီးဖိုမှာပဲ ကူတယ်။ ကန်ဒီ့ကိုတောင် သူတို့နာမည်ပေးလိုက်သေးတယ်။ Chicken Helper တဲ့ :P (Kitchen Helper မှဆင်းသက်သည်)။

မနက်စာ ဆီထမင်းနဲ့ ကော်ဖီ

► ၉နာရီခွဲကျော်ကျော်လောက်...
အားလုံးပြီးတော့ ရေမိုးချိုးပြီး ဘုန်းဘုန်းတွေမကြွခင် လိုအပ်တာတွေပြင်ဆင်ပြီး စောင့်နေတာပေါ့။



► ၁၀နာရီခွဲပြီး နောက်ပိုင်း..
ဘုန်ဘုန်းတွေကြွတော့ တရားအရင်နာတယ်။ တရားနာပြီးတော့ ဘုန်းဘုန်းတွေ ဆွမ်းစားနေတုန်း အချိုပွဲ အသီးလှီးတယ်။ ပြီးတော့ လူတွေစားဖို့ပြင်ပေါ့။ အားလုံးပြီးတော့ ကန်ဒီတို့စားတယ်လေ :D :D :D

အလုပ်တွေရှုပ်နေတုန်း အပြင်မှာခဏထားထားတဲ့ ကုတင်ကြီးကို သူများက ပစ်ထားတယ်ထင်ပြီး မ သွားလို့ ပြန်သွားတောင်းရသေးတယ်။ ပြီးတော့ အဲ့ဒါတွေသူ့နေရာနဲ့သူပြန်ထည့်။ ကော်ဇောတွေသိမ်း။ အိုးတွေလှယ် ပန်းကန်တွေဆေး။ မီးဖိုချောင်သန့်ရှင်းရေးလုပ်။ တံမြက်စည်းလှည်း။ ကြမ်းတော့ မတိုက်နိုင်တော့ဘူး (မောလို့ :P)။ အားလုံးပြီးတော့ ၄နာရီလောက်။




ဘုန်းဘုန်းတွေ အချိုပွဲ ဘုန်းပေးနေတုန်းပဲ အားတယ်။ အဲ့အချိန်လေး မြန်မြန် သူငယ်ချင်းတွေနဲ့ ဓာတ်ပုံရိုက်လိုက်သေးတယ် :P

ဆံပင်က ပွနေတယ်.. ထိုင်နေပုံကလည်း မိန်းကလေး ပီပီသသပဲ ဟီးဟီး

ကောလင်းသားလေး ဦးကျောက်ပိနှင့် :P

ဦးကျောက်ပိဆိုတာ သူ့နာမည်ပြောင်ပါ။ ဒီပိုစ့်က ပုံ အားလုံးနီးပါး သူရိုက်ပေးတာလေ။ ကန်ဒီ မအားလို့ သူ့ကို ကင်မရာပေးထားတာ။ နောက်ပြီး ကန်ဒီ့ဘလော့မှာပြောပြလေ့ရှိတဲ့ ဟင်းချက်နည်း တော်တော်များများကလည်း သူ့ဆီက မေးတာပါ ဟီးဟီး

သူတို့နှစ်ယောက်ကတော့ ခွာလို့မရဘူး။ အဲ့တော့ ပူးရက်လေးပဲ ရိုက်လိုက်တယ် :P

သူ့ကိုတော့ အားလုံးသိပါတယ် :D

အားလုံး အားလုံးပြီးတော့ ကိုယ့်ဟာကိုယ် ဒီလို ဒီလို ရိုက်တယ် :D

21st Jan 2012 (Saturday)
နှစ်ကူး Dinner

စနေနေ့က ကိုကြီးတို့လင်မယားရယ်.. ကိုလေးရယ်.. ကန်ဒီတို့ညီအစ်မနှစ်ယောက်ရယ် Kallangမှာ ညစာသွားစားကြတယ်။ နှစ်ကူးလည်းဖြစ်တော့ မောင်နှမတွေ ဆုံတဲ့သဘောပါပဲ။ ကန်ဒီတို့က တရုတ်နည်းနည်းလေး စပ်တယ်။ အမေဘက်က အဘွားက တရုတ်လေ။ ရန်ကုန်မှာဆိုရင်တော့ နှစ်ကူးဆို အိမ်မှာ ကန်တော့လေ့ရှိတယ်။

Kallang မှာ နာမည်ကြီးတာ (၃)ခုရှိတယ်။ ဖားသားဆန်ပြုတ်ရယ်... ဒူးရင်းသီးရယ်.. နောက်တခုကတော့ အားလုံးသိပါတယ် ဟဲဟဲ မိန်းမပေါ့။ ကန်ဒီက အစက ဖားသားဆန်ပြုတ်ကျွေးမယ်ဆိုတာ မသိဘူး။ ဟိုရောက်တော့မှ ဘာသားလဲဆိုတော့။ ဖားသားတဲ့ >.< အဲ့လိုထူးဆန်းတာတွေဆို ကြောက်လို့ မစားတတ်ပါဘူးဆိုမှ ဖားသားကျွေးတယ်။ အဲ့ဒါနဲ့ မစားရဲတော့ မစားဘူးပေါ့။ ဖားသားတောင် ကိုယ်မစားတော့ ဓာတ်ပုံမရိုက်ခဲ့ရဘူး။ ထုံးစံအတိုင်း အရွက်ရယ်.. ပုဇွန်ရယ်ပဲ စားတယ်။ ငါးလိပ်ကျောက်လည်း စားသေးတယ် :D အဲ့နားမှာ စားစရာတွေ တော်တော်ပေါတယ်။

အဲ့လို အိုးလေးတွေနဲ့..

ဒါက ကန်ဒီစားတာ.. ဆန်ပြုတ်က ရိုးရိုးပဲ အသားမပါဘူး။

ငါးလိပ်ကျောက်.. ကောင်း၏ :D

ကန်ဒီလည်း လိပ်စာတော့ အတိအကျ မသိဘူး။ မဖြူ (ကိုကြီးရဲ့ ဇနီး) ပို့ပေးတဲ့ sms ထဲကလိပ်စာကို သွားစားချင်တဲ့လူတွေ အဆင်ပြေအောင် ပြန်ကူးပေးလိုက်မယ်နော် :P :D

Frog Porridge Restaurant
At the corner of Geylang Road and Lor 9 (Between Kallang and Aljunied Mrt)

အားလုံးပဲ ပျော်ရွှင်ပါစေ ^_^
သူငယ်ချင်းပုံတွေက သူတို့ခွင့်ပြုလို့ တင်တာပါ :D

Monday, January 23, 2012

ပေါက်တဲ့စိတ်


အခု ည ၈နာရီ ၁၀မိနစ်။

တကိုယ်လုံးညောင်းပြီး မောနေတယ်။ တနေကုန် ကြက်သွန်တွေနွှာ အာလူးနွှာ.. ကောဇောခင်း ခုံတွေရွေ့.. ဒါတောင် မပြီးသေးဘူး။ အဲ့လို အဲ့လို စေတနာတွေ ကိုယ်ချင်းစာစိတ်တွေ ဗရဗွနဲ့ အိမ်မှာတူတူနေတဲ့ အန်တီကို ကူညီနေပါတယ်။ အကြောင်းကတော့ မနက်ဖြန် အိမ်မှာ ဘုန်းကြီး သုံးပါး နေ့ဆွမ်းကပ်မှာ မို့လို့ပါ။

စေတနာဗရဗွဆိုတာက...
သူတစ်ယောက်တည်း လူနှစ်ဆယ်စာလောက် ချက်ရမှာကို မကြည့်ရက်လို့ပါ။ ကန်ဒီ ဘာမှသိပ်မလုပ်တတ်ပေမယ့် ဟိုဟာခွာပေး ဒီဟာခွာပေးဆို သူချက်ရုံပဲလေ။ သူနည်းနည်း သက်သာတာပေါ့။ ဒီနေရာမှာ သူတယောက်တည်းလို့ ပြောရခြင်း အကြောင်းက သူ့သမီးက သူ့ကိုသိပ်ကူလေ့မရှိသလို မနက်ဖြန်အလှူရှိတာကို ဒီနေ့ Sentosa သွားပါတယ်။ အဲ့တော့ သူတယောက်တည်းပါ။ သူ့သမီးက ပြန်လာရင် ကြမ်းတိုက်ပေးမယ် ပြောခဲ့ပေမယ့် လူကြီးတွေက စိတ်လောတတ် စိတ်ပူတတ်တော့ သူပဲလုပ်နေမယ် ဆိုတာ ကန်ဒီသိတယ်။

ကန်ဒီစိတ်ကူးထားတာက Chinese New Year Holiday မှာ တနေရာရာသွားမယ်ပေါ့။ Sentosa မှာ ပန်းပြပွဲရှိတယ်။ ကန်ဒီ အရမ်းသွားချင်နေတယ်။ ကန်ဒီ ပန်းအရမ်းချစ်တယ်။ သူ့သမီးကလည်း ကန်ဒီနဲ့ ရွယ်တူပဲ။ ကန်ဒီ့ညီမရော သူတို့ရော သွားမယ်ဆိုတော့ အရမ်းလိုက်ချင်တယ်။ ဒါပေမယ့် အဲ့လို အလှူအတွက် တယောက်တည်းချက်နေရတဲ့ အန်တီ့ကို ထားခဲ့ရအောင် ကန်ဒီ့မှာ အင်အားမရှိပါ။ အဲ့တော့ အိမ်မှာ ကူဖို့နေခဲ့ပါတယ်။ အဲ့ဒါတင်ပဲလားဆိုတော့။ မဟုတ်သေးပါဘူး။ မနက်ဖြန်ကျရင် ကိုညိမ်းနိုင် (မျောလွင့်တိမ်တို့ နားခိုရာ)တို့ ကိုညီရဲသစ်တို့ကလည်း Sentosa သွားမယ်တဲ့။ ကန်ဒီ့ကို နေ့လည်ကတင် ဖုန်းဆက်ခေါ်တာ။ မလိုက်နိုင်ဘူး ပြောလိုက်ရတယ်။ အလှူအတွက် ကူရမယ်။ ကိစ္စမရှိပါ။ ကုသိုလ်ရတာပေါ့။

သို့သော် သို့သော် သို့သော်....
မသိတတ်တဲ့စကားတွေနဲ့ ထိုးနှက်ခံရတယ်။ စဉ်းစားကြည့်ပါ။ ကန်ဒီက တကယ်ဆိုအနေသာကြီး။ သူ့သမီးတောင် သွားချင်ရာသွား ပျော်နေတာ။ ကန်ဒီက စေတနာသက်သက်နဲ့ ကန်ဒီသွားချင်တာတွေ လုပ်ချင်တာတွေ ဖျက်ပြီး သူ့ကိုကူညီပေးနေတာ။ ဒါကို နားမလည်ဘူးလား?? ဖြစ်တဲ့အကြောင်းကတော့ ဟိုပိုစ့်မှာရေးဖူးတဲ့ ဇာတ်လမ်းဟောင်းကြီးပါပဲ။ သူ့အသိအိမ်လာတော့ ကန်ဒီနဲ့ ဖုန်တူတူသုတ်နေတယ်။ အဲ့မှာ သူပြောတဲ့စကားက "ငါက ပေါ်တင်ပဲ ပြောတတ်တယ်။ ဒီအိမ်မှာ ဘယ်သူမှ မလုပ်ဘူး။ ငါပဲ လုပ်နေရတာ။ ငါလည်း ပင်ပန်းတော့ ဖုန်မသုတ်နိုင်။ အဲ့မှာ မြင်တဲ့အတိုင်း ဖုန်တွေနဲ့ပေါ့"

ကန်ဒီ ဟိုတခေါက်ကိစ္စဖြစ်ပြီးတည်းက ထပ်ပြောခံရမှာစိုးလို့ အများကြီးလိုက်လုပ်ပေးနေတာ။ ဒါကိုတောင် သူများရှေ့မှာ အဲ့လိုပြောတယ်။ အဲ့ဒီအတွက် ကန်ဒီ့ Response က ဘာမှ မရှိဘူး။ ပြုံးပြလိုက်တယ်။ ပြီးပြီ။ ဒါပဲ။ ဒီနောက်ပိုင်းတွေ သူ့ကို ဘေးမဲ့ပေးထားတယ်။ ဟိုကိစ္စဖြစ်ပြီးတော့ အရမ်းဝမ်းနည်းခဲ့ရတယ်။ အဲ့တုန်းက သူကန်ဒီ့ကို စကားမပြောခဲ့ဘူး။ ကန်ဒီတို့ အခန်းပေါက်မှာ အ၀တ်တန်းထားပြီး သွားရလာရခက်အောင်လုပ်... မသိမသာ ဆန္ဒပြတာတွေ သူလုပ်ခဲ့ပေမယ့် ကန်ဒီ့ဘက်ကပဲ ပြန်စကားပြော ပုံမှန်ပြန်ဖြစ်အောင် ကြိုးစားခဲ့တယ်။ အဲ့လိုကြိုးစားနိုင်ခဲ့တာလဲ "ခွင့်လွှတ်ခြင်း"ဆိုတဲ့ လုပ်ရခက်သလောက် အရမ်းအေးချမ်းတဲ့စိတ်ကို ကြိုးစားမွေးယူခဲ့လို့။ ခုလည်း ခွင့်လွှတ်ပါတယ်။ စိတ်ကသာ ခဏထောင်းကနဲဖြစ်သွားတာ။ ငါဒီလိုသိတတ်သလောက် သူမမြင်ပါလား ဆိုတဲ့ အတွေးလေးလည်း ဖြစ်သွားတယ်။

ကန်ဒီ့စိတ်ကို ကန်ဒီ့လက်တွေ့ဘ၀က သူငယ်ချင်းတွေ မောင်နှမတွေ အားလုံးအားလုံးထက် ဒီဘလော့ကို ဖတ်နေတဲ့သူတွေ အသိဆုံးပဲ။ ကန်ဒီက အဲ့လို ခံစားချက်ကို လက်တွေ့ဘ၀မှာ မဖော်ပြတတ်တဲ့လူမျိုး။ အရင်ကရော ခုရော နောင်ရော ကန်ဒီ့ကိုဘာပဲပြောနေနေ လူကြီးကို ပြန်ပြောဖြစ်မှာမဟုတ်ဘူး။ စိတ်ထဲကတော့ မကောင်းဘူးပေါ့။ လူတွေမှာ စိတ်တမျိုးစီ ရှိကြတယ်။ အဲ့စိတ်တွေကို လိုက်ဖတ်နေရတာ.. သိလာရတာလဲ စိတ်ဝင်စားစရာပဲ။

ဒီပိုစ့်ရေးတဲ့အချိန်မှာ ကန်ဒီတွေးတာတွေက မှားကောင်းမှားနေနိုင်တယ်။ ဒါက ထောင်းကနဲ ဖြစ်နေတဲ့အချိန်လေ။ ပြီးတော့ စာတွေလည်း ဟိုရောက်ဒီရောက်ဖြစ်နေမှာ ကျိန်းသေတယ်။ ခုဖြစ်နေတဲ့ ခံစားချက်ကို ခုတင် ချရေးလိုက်တာ။ ဘာမှ ပြန်မစစ်တော့ဘူး။ သည်းခံဖတ်ပေးနော် :)

Saturday, January 21, 2012

လွယ်လွယ်ကူကူ ဗွီဒီယိုလုပ်မယ် (Window Live Movie Maker)

ကန်ဒီကြိုက်တဲ့ Video Editing software လေးတစ်ခု Share မလို့ပါ။ အဲ့ဒါလေး မပြောခင် ကန်ဒီ ဘာEditing Software တွေသုံးလဲဆိုတာ အရင်ပြောပြပါရစေ။ ကန်ဒီ့ဗွီဒီယိုတွေကို ဘာနဲ့ Edit လုပ်လဲ မေးတဲ့သူတွေ ရှိလို့ပါ။ ကန်ဒီသုံးတဲ့ Software တွေက...

(၁) VAIO Movie Story...
ကန်ဒီ့ကွန်ပျူတာမှာ အစတည်းကပါတာလေ။ သိပ်မကောင်းဘူး။ သူက Auto movie လုပ်ပေးတာ။ ကိုယ့်စိတ်ကြိုက်သိပ်ပြင်လို့ မရဘူး။ ဆည်းလည်းသံသီချင်းလေးနဲ့ကန်ဒီလုပ်ထားတဲ့ ဗွီဒီယို ကြည့်ဖူးတယ်မလား။ ဒီပိုစ့်မှာ ရှိသည်။ အဲ့ဒါ VAIO Movie Story နဲ့ လုပ်တာလေ။

(၂) Sony Vagas Pro...
ှSony Vagas က ကန်ဒီ ဟိုတလောကမှ သူငယ်ချင်းဘလော့ဂါတယောက်ဆီက ရထားတာ။ သိပ်မကျွမ်းကျင်သေးဘူး။ သူက Pro Softwareလေ။ အရမ်းအရမ်း မိုက်တယ်။ နည်းနည်းလည်း ရှုပ်တယ်။ ခုမှ လေ့လာနေတုန်း။ လောလောဆယ်တော့ မြန်မာလို စာတန်းမထိုးတတ်လို့ အခက်တွေ့နေတယ် >.<

(၃) Window Live Movie Maker 2011...
ဒါကတော့ ကန်ဒီအကျွမ်းကျင်ဆုံးပေါ့။ သုံးတာလည်း ကြာပြီလေ။ သုံးရ အရမ်းလွယ်တယ်။ နောက်ပြီး Free Software လေးလေ။ Proတော့ မဟုတ်ဘူး။ ဒါပေမယ့် Feature တော်တော်စုံတယ် ပြောလို့ရတယ်။ Editing software တခုမှာ လိုအပ်တဲ့ Feature တွေပါတယ်လေ။ အဲ့တော့ သာမာန်ဗွီဒီယိုလေး တခုတော့ ကောင်းကောင်းထွက်တယ်။ ခရီးသွားရင်ပဲဖြစ်ဖြစ် ကိုယ်ရိုက်သမျှ ဓာတ်ပုံလေးတွေ ရှုခင်းလေးတွေကို ဗွီဒီယိုလေးတစ်ခုအဖြစ် သိမ်းထားရင် ဘာပဲဖြစ်ဖြစ် အမှတ်တရလေးဖြစ်တာပေါ့။ ဒီနေ့ အဲ့ဒီ Software လေးကို Share ချင်လို့ပါ။ ဒေါင်းလုပ်လုပ်ချင်ရင် ဒီနေရာ ကိုနှိပ်ပါ။ (ဒီနေရာဆိုတဲ့နေရာကို Pointer တင်ပြီး နှိပ်ပါ)

ကန်ဒီ့ ရုံးပတီသီးဟင်း ဗွီဒီယိုအတွက် လုပ်ထားတဲ့ Project လေးကို Screenshot ရိုက်ပြထားတယ်။ သူ့မှာပါတဲ့ Feature လေးတွေကိုလည်း ပုံလေးတွေနဲ့ ရှင်းမယ်လေ။ ဓာတ်ပုံတွေက Qualityတော့ တော်တော်မကောင်းဘူး။ ကန်ဒီပဲ Screenshot မရိုက်တတ်လို့လား မသိဘူး။ နည်းနည်းတော့ သည်းခံပေးနော်။ ဟုတ်ဘူး များများ သည်းခံပေး :P


ဒါက Edit လုပ်နေရင် မြင်ရမယ့်အနေအထား။ ဘယ်ဖက်မှာ ကိုယ်ပြင်ထားတဲ့ ဗွီဒီယိုကို ကြည့်လို့ရတယ်။ ညာဖက်ကတော့ ကိုယ်ထည့်ချင်တဲ့ Video Clip တွေ ဓာတ်ပုံတွေ ထည့်ရတာပေါ့။


Home မှာဆို ဒါလေးတွေပါတယ်။ Snapshot က ကိုယ့်ဗွီဒီယိုထဲကပုံကို ဓာတ်ပုံပြန်လိုချင်ရင် သုံးဖို့ပေါ့။ Candy's burmese ပိုစ့်မှာ ကန်ဒီထည့်ထားတဲ့ပုံက ဒီကနေ Snapshot နဲ့ ပြန်ရိုက်ထားတာ။ အပျင်းအရမ်းကြီးရင်တော့ Auto Movie Theme ကိုသုံးလို့ရပါတယ်။ သူ့ဟာသူ movie တစ်ခု လုပ်ပေးလိမ့်မယ်။ ကိုယ်က ခေါင်းစဉ်လေးလောက် ထည့်ရုံပဲလေ။


Animation နဲ့ Visual effect နဲ့က နည်းနည်းဆင်တယ်။ ဘာကွာလဲဆိုတော့ Animation က Transition သဘော။ Clip တခုနဲ့ တခု အပြောင်းမှာ ထည့်လို့ရတဲ့ Effect တွေပေါ့။ ဓာတ်ပုံဆိုလည်း Pan and Zoom မှာ Zoom ဆွဲလို့ရတယ်။ Visual effect ကကျတော့ Clip တခုလုံးကို Effect ထည့်တာမျိုးပေါ့။ အဲ့မှာ အလင်းအမှောင်လည်း ပြင်လို့ရတယ်။


Project က ကျတော့ ကိုယ့်ဗွီဒီယိုပေါ်မယ့် Ratio ကို ပြင်ချင်ရင် သုံးဖို့ပေါ့။ View ကတော့ သိပ်မသုံးပါဘူး။ ကိုယ် Edit လုပ်တဲ့အခါ မြင်ရတဲ့ Clip အရွယ်အစားတွေ ကြီးချင် သေးချင်ရင်ပေါ့။ Video နဲ့တော့ မဆိုင်ဘူး။


အရေးကြီးတဲ့အပိုင်း ရောက်လာပြီ။ Video Tool နဲ့ Music Tool မှာ Fade in .. Fade out ရှိတယ်နော်။ Video Tool က Fade in .. Fade out က Video ထဲမှာပြောတဲ့ ကိုယ့်အသံစ၀င်တာနဲ့ ပြီးတာကို ပြင်တာ။ Music Tool က Fade in.. Fade out ကကျတော့ သီချင်းအ၀င်နဲ့ အပြီးကို ပြင်တာ။ အဲဒါလေးထည့်မှ ကောင်းတယ်။ အထူးသဖြင့် အပြီးကိုပေါ့။ သီချင်းက မပြီးသေးဘူး ဗွီဒီယိုက ပြီးသွားတဲ့အခါမျိုးဆို Music ကို Fade out မလုပ်ထားရင် ဒုံးတိကြီး ပြီးသွားတတ်တယ်။ Video volume မှာ ကိုယ့်Videoထဲက အသံကို adjust လုပ်လို့ရတယ်။ ဒီဗွီဒီယိုမှာဆို အဲ့ဒါကို ကန်ဒီ Off ထားတယ်။ Music နဲ့ပဲ သွားထားတာလေ။

Video Tool အကြောင်းဆက်မယ်နော်။ အဲ့မှာ Trim Tool ဆိုတာက ကိုယ်လျှောက်ရိုက်ထားတဲ့ Video တွေမှာ မလိုတာတွေကို ဖယ်တာပေါ့။ Split ကကျတော့ Clip တခုစီ ဖြတ်တာ။ ဒီနေရာမှာ Editing Software တခုနဲ့ တခု အသုံအနှုန်းတွေ ကွာတတ်တယ်။ သဘောကတော့ အဲ့ဒါပါပဲ။ Speed ကကျတော့ မြန်တာ နှေးတာပေါ့။ Slow motion လုပ်ချင်လား။ မြန်မြန်လုပ်ချင်လားပေါ့။ အဲ့ Feature က အရင် Version မှာ မပါဘူး။ 2011 Version မှာမှ သူတို့အသစ်ထည့်ထားတဲ့ Feature လေ။ မိုက်တယ် :D


ဒါကတော့ Text Tool ပါ။ အဲ့မှာ ကိုယ်ထည့်ထားတဲ့စာကို ဘယ်လိုပုံစံနဲ့ ၀င်ချင်လဲ ပြင်လို့ရတယ်။ Font.. Font size.. Text Duration အစုံပေါ့ :D


ဒါက Edit လုပ်နေတဲ့ အနေအထားမှာ မြင်ရတာကို ပြထားတာ။ နံပါတ် (၁)က Music လေ။ သူက အပေါ်မှာ ပြတယ်။ နံပါတ် (၃)က Music တခုနဲ့ တခု အဆက်ကို မြင်အောင် ၀ိုင်းပြထားတာ။ ကန်ဒီ ပထမသုံးထားတာက ငှက်သံလေးတွေ။ ပြီးမှ တကယ့်သီချင်းဝင်တာပေါ့။ နံပါတ် (၂)က စာတန်းထိုးတာကို ပြထားတာ။ သူက အောက်မှာ ပြတယ်။ နံပါတ် (၄)မှာ Transtion effect ကို ကန်ဒီ ၀ိုင်းပြထားတယ်။ မြင်အောင်လို့လေ။ ကြည့်ကြည့် ကန်ဒီ Clip တိုင်းကို Tansition မထည့်ဘူး (မမြင်ရလောက်ဘူး >.<) လုပ်လက်စ Video ကို သိမ်းချင်ရင် Save Project နဲ့သိမ်းနော်။ အားလုံးပြီးလို့ Movie File ပြောင်းချင်ရင်တော့ Save Movie နဲ့ ပြောင်းပေါ့ :D :D

ရှင်းပြတာတော့ ပြီးသွားပြီ။ အရမ်း လိုက်ရှင်းပြနေသလိုများ ဖြစ်သွားလား?? အဲ့လိုဖြစ်သွားရင်လည်း ကန်ဒီ့စေတနာလေးကို နားလည်ပေးနော် ဟီးဟီး။ အားလုံးပြီးတော့မှ ထွက်လာတဲ့ Result ကို မပြရင် တမျိုးကြီး ဖြစ်နေမယ်ထင်လို့ ကန်ဒီ့ ဗွီဒီယိုလေးပါ တင်ပေးလိုက်တယ်နော်။ ဒီဗွီဒီယိုလေးကို ဟင်းချက်သင်နေတယ်ဆိုတာမျိုးအနေနဲ့ မကြည့်ဘဲ ကန်ဒီ လက်ဆော့ထားတဲ့ ဗွီဒီယိုလေးတခုအနေနဲ့ပဲ ကြည့်ပေးပါ။ ကန်ဒီ ဟင်းသိပ်မချက်တတ်တာလည်း အားလုံး သိတာပဲ။ ကန်ဒီ့အတွက်က ဟင်းချက်ချင်တယ်ဆိုတာထက် ဗွီဒီယိုလုပ်ချင်တယ် ဆိုတာက အဓိကလေ :P



ဟိုနေ့ကပဲ နန်းကြီးသုပ်လုပ်နည်း ဗွီဒီယိုလုပ်ပေးပါတဲ့။ မန့်သွားတယ်။ ခုနန်းကြီးသုပ်လုပ်နည်းတွေ လိုက်ဖတ်နေတယ်။ အဲ့လိုတော်တာ ဟီး :P Chinese New Year Holidayမှာ ဘာလုပ်ကြမှာလဲ??? ကန်ဒီကတော့.......................................... ပြောဘူး :P xD

ပျော်ရွှင်ပါစေနော်..

Wednesday, January 18, 2012

Toa Payoh ဘုန်ကြီးကျောင်း

အောက်ဆုံးထပ်...

ပြီးခဲ့တဲ့ စနေနေ့က Toa Payoh ဘုန်းကြီးကျောင်းမှာ တရားပွဲရှိတယ်။ အဲ့ဒါ ကန်ဒီတို့က ရေသန့်ဗူး အအေးဗူးဝေတာတို့.. လက်ကမ်းစာစောင်ဝေတာတို့.. အဲ့လို တိုလီမုတ်စလေးတွေကူဖို့ သွားတာ။ အစကတော့ အဲ့မှာကူဖို့ လူမလောက်ဖူးထင်လို့လေ။ တကယ့်တကယ်သွားတော့ တရားနာတဲ့လူကသိပ်မလာဘူး။ ခန်းမပဲ ကျယ်နေလို့လား မသိဘူး။ တခြားတရားပွဲတွေလောက် လူမစည်ဘူး။ ကူတဲ့သူတွေလည်း များတော့ ကန်ဒီတို့တောင် ဘာမှသိပ်မလုပ်လိုက်ရဘူး။

ပထမထပ်...

ဒုတိယထပ်... (တရားပွဲ ကျင်းပရာနေရာ)

ကန်ဒီတို့ ခေါက်ထားတာ.. တရားခွေ၊ ပြက္ခဒိန်.. အစုံပဲ..

ဒါကတော့ ဘယ်သူတွေလည်း မသိပါဘူး :P :P

Toa Payoh ဘုန်းကြီးကျောင်းကို ဒါပထမဆုံးအကြိမ် ရောက်ဖူးတာ။ ကန်ဒီသွားနေကျက Clementi ဘုန်းကြီးကျောင်း။ Toa Payoh မှာကြတော့ ဘုရားဆင်းတုတော်တွေက အကြီးကြီးတွေ။ အဲ့လို မမြင်တာကြာလို့လား မသိဘူး။ အရမ်း သပ္ပာယ်တာပဲ။ (ကန်ဒီ စကားလုံး သုံးနှုန်းတာတွေ မှားရင် သည်းခံပေးနော်..) တရားပွဲက ည(၇)နာရီစတယ်။ တရားပွဲမစခင် သိမ်ဆင်းသေးတယ်။ အဲ့မှာ အားလုံး တန်းစီပြီး လှူကြတာပေါ့။ အဲ့လိုမျိုးလေး တွေ့ရတော့ ပျော်တယ်။ ကန်ဒီတို့က (၅)နာရီထဲက ကူဖို့ရောက်နေတာလေ။ လက်ကမ်းစာစောင်အတွက် စာရွက်တွေ ခေါက်တယ်။ ရောက်နှင့်နေတဲ့ သူတွေကို ဝေတယ်။ ရေသန့်ဗူး အအေး ပြက္ခဒိန်ဝေတယ်။ ဆရာတော်က အသက်တော်တော်ကြီးပြီ။ (၁)နာရီပဲ ဟောတယ်။ သံဝေဂတရားကို အဓိက ဟောသွားတယ်။ ဆရာတော် သင်ပေးတဲ့ ကဗျာလေးက..

ဆိုးပင်ပျိုးက ဆိုးကျိုးရ
လောက ဓမ္မတာ။
ကောင်းပင်ပျိုးက ကောင်းကျိုးရ
လောက ဓမ္မတာ။

အားလုံးပြီးတော့ (၈)နာရီကျော်လောက်ပေါ့။ ပြန်တော့ အောက်ထပ်မှာ ထမင်းနဲနဲ့ အအေးတွေ ဝေနေတယ်။ အဲ့ဒါနဲ့ ထမင်းနဲထုပ် ဆွဲခဲ့တာပေါ့ ဘယ်ရမလဲ အဟိ။ မစားရတာ ကြာပြီလေ။ အဲ့ကနေ Bus နဲ့ပြန်တယ်။ အဲ့နေ့က လုပ်ဖြစ်တာဆိုရင်တော့ ဒါပါပဲ။

ဘတ်စ်ကားဂိတ်တွင် ထမင်းနဲ စားနေသည်။

ကြုံတုန်းလေး ကန်ဒီတွေးမိတာလေးတွေ နည်းနည်းဆက်ပြောဦးမယ်။ သိမ်ဆင်းတော့ တန်းစီပြီး လှူကြတယ်မလား။ အဲ့မှာ ဓာတ်ပုံတွေလည်း ရိုက်ကြတာပေါ့။ အန်တီကြီးတယောက်က သူ့အလှူငွေအိတ်လေးကို ဆရာတော်က ထိထားပြီး သူကကပ်နေတဲ့ပုံလေး ဓာတ်ပုံထဲမှာ ပါချင်တယ်ပေါ့။ အဲ့ဒါနဲ့ ဓာတ်ပုံဆရာက ရိုက်တယ်။ ဘာဖြစ်တယ်မသိဘူး။ အဆင်မပြေဘူး။ ပြန်ရိုက်တယ်။ အဲ့မှာတင် ဆရာတော်ကို အဲ့ဒါ ၃ခါလောက် ကပ်လိုက်တယ်။ ဆရာတော်ကလည်း ဆက်မသွားနိုင်။ ဟိုက ကင်မရာက ပြဿနာဖြစ်နေတာကိုး။ ဒကာမကလည်း ရိုက်ချင်တော့ ကပ်ပြီးရင်းကပ် ဟီး။ အနောက်က တန်းစီလာတဲ့ ဆရာတော်တွေလည်း ဆက်သွားလို့မရ။ အဲ့မှာတင် လမ်းပိတ်နေတယ်။ အဲ့အဖြစ်လေး ကြည့်ပြီး ရီချင်သွားတယ်။ အဲ့ဒီအချိန်မှာ အမှန်ဖြစ်သင့်တာက ကိုယ်လှူတဲ့ကုသိုလ်လေးကို အောက်မေ့နေသင့်တာမလား?? ခုတော့ ကင်မရာဆီကိုပဲ စိတ်တွေရောက်ပြီး အလှူကိုရော တွေးမိရဲ့လား မသိဘူး ဟီးဟီး

သိမ်ဆင်းလှူနေကြတာ...

တချို့ဒကာဒကာမတွေက ဆရာတော်အစွဲသိပ်ထားတယ်။ တရားပွဲတခုပြီးရင် သူတို့သဘောကျတဲ့ ဆရာတော်ဟောတာနဲ့ယှဉ်ပြီး ဝေဖန်တာမျိုးတွေရှိတယ်။ တကယ်တော့ ဘယ်လိုဟောဟောပါ။ အဲ့ဒီဝေဖန်လိုက်တဲ့စိတ်နဲ့တင် ငရဲက အလကားနေရင်း ရဦးမယ်။ နောက်ရှိသေးတယ်။ ဘုန်းကြီးကျောင်း ဝေယျဝစ္စတွေလုပ်တဲ့ ဒကာ ဒကာမတွေအချင်းချင်း ကြိတ်ဖိုက်နေတာလေ ဟီးဟီး။ အဲ့ဒါတွေ ကန်ဒီအရင်က မသိဘူး။ ဒီရောက်ပြီးမှ ဘုန်းကြီးကျောင်းလည်း ခဏခဏသွားဖြစ်နေတော့ မြင်နေကြားနေရတာလေ။ ဥပမာ - သူက သူ့ဆရာတော်မို့လို့ ပိုလုပ်ပေးတာ.. စသဖြင့် စသဖြင့် ပြောရရင် ရှုပ်နေတာပဲ။ အံ့သြစရာကောင်းတာက အဲ့လိုတွေဖြစ်နေတဲ့သူတွေက ဘုရားတရား အရမ်း အရမ်းလုပ်တဲ့ လူကြီးပိုင်းတွေ။ အားလုံးကုသိုလ်ယူနေကြတာချင်းတူတူ ဘာလို့အဲ့လိုစိတ်တွေထားနေကြတာလဲ ကန်ဒီနားမလည်ဘူး။ အားလုံးက ကန်ဒီ့ထက်ပိုသိမှာပါ။ "သတိ"က အရမ်းအရေးကြီးတယ်လေ။ ဒီနေရာမှာ "သတိ"ဆိုတာကို ကန်ဒီနားလည်တာက တရားထိုင်တဲ့နေရာမှာ ၀င်လေထွက်လေကို သတိလေးနဲ့ ကပ်ပြီးမှတ်နေတာတင် ပြောတာမဟုတ်ဘူး။ ကိုယ်ဘာလုပ်နေတယ် ကိုယ်ဘာစိတ်ဖြစ်နေတယ်ဆိုတာကိုပါ မြင်တတ်တာကို ဆိုလိုတာ။ ဥပမာ- ဒါ ငါမနာလိုဖြစ်နေတာပဲ။ ငါဒေါသတွေဖြစ်နေတာပဲ။ အဲ့လိုလေးတွေးမိလိုက်ရင် အဲ့ဒါတွေက အလိုလိုလျော့သွားတယ်။ ခုနေရာမှာလည်း အဲ့လိုဖြစ်နေတဲ့ သူတို့စိတ်တွေကို သူတို့မမြင်ကြဘူးလား??

ဒါ ကန်ဒီ့အတွေးသက်သက်ပါ။ မှားတာရှိ ခွင့်လွှတ်ပါနော်။ ဘွာတေး :P ဟိုနေ့က တရားပွဲ Infoတွေ ပြန်ကော်ပီပေးမယ်နော်။ ကန်ဒီ့အကြောင်းလည်း သိတဲ့အတိုင်း။ ဒီပိုစ့်တင်တာစောင့်နေရင် သွားချင်တဲ့သူတွေ တရားပွဲလွတ်ကုန်မှာစိုးလို့ ဟိုနေ့က အမြည်းအနေနဲ့ ထည့်လိုက်ရတာ။


မမြင်ရဘူး မလား?? မပူပါနဲ့.. ပြန်ရေးပေးထားပါတယ် ဟဲဟဲ

ဆရာတော် ဦးပုညသေဋ္ဌ၊ ကမ္မဋ္ဌာနာစရိယ၊ သဲအင်းဂူ ၀ိပဿနာကမ္မဋ္ဌာန်းကျောင်းတိုက်၊ မှော်ဘီမြို့၏ "ဒုတိယအကြိမ်မြောက်" စင်္ကာပူသာသနာပြု အစီအစဉ်

တရားပွဲ အစီအစဉ်

♣ 9 Jan 2012 to 13 Jan 2012
♣ 15 Jan 2012 to 22 Jan 2012
ညစဉ် 8:00PM to 9:00PM (တရားပို့/ တရားထိုင်)
နေရာ - ဦးမျိုးမြင့်နှင့် ဒေါ်မြင့်မြင့်သိန်းနေအိမ် Blk 676 #04-447, Choa Chu Kang Crescent, Singapore. 680676 (Near Yew Tee MRT)

♣ 14 Jan 2012 (Saturday)
အချိန် - 6:30PM to 9:00PM
နေရာ - Clementi ကျောင်း 23A, Jalan Mas Puteh, Along West Coast Road, Singapore. 128628

♣ 15 Jan 2012 (Sunday)
အချိန် - 9:00AM to 6:00PM
နေရာ - Function Room 1, The ARENA Country Club, 511 Upper Jurong Rd, S638366 (Near Joo Koon MRT)

♣ 4 Feb 2012 (Saturday)
အချိန် - 6:30PM to 8:00PM
နေရာ - Toa Payoh ဘုန်းကြီးကျောင်း

♣ 5 Feb 2012 (Sunday)
အချိန် - 9:00AM to 6:00PM
နေရာ - နေရာကို သစ္စာပါရမီအဖွဲ့မှ ထပ်မံကြေညာပါမည်။

ဆက်သွယ်ရန်...
ဒေါ်မြင့်မြင်သိန်း
(RES) 6762 8232, (H/P) 9299 1406
ဒေါ်စိုးစိုး
(H/P) 9141 3931

အားလို့ အဆင်ပြေရင် တရားသွားနာလိုက်ပေါ့။ စိတ်ချ အကျိုး(အကျိုးကျေှးဇူး) ပဲ ရမှာ :D

Saturday, January 14, 2012

သူမ


သူမကိုမွေးဖွားခဲ့တာ နှစ်တစ်နှစ်ရဲ့ ပထမဆုံးလ။ ညီအစ်မတွေထဲမှာတော့ အလတ်ပေါ့။ တချို့သူတွေ ပြောတာကြားဖူးတယ်။ အလယ်အလတ်မွေးတဲ့သူတွေက လစ်လပ်နေတတ်တယ်တဲ့။ အကြီးဆုံးဆိုလည်း သားဦး သမီးဦးမို့ အချစ်ပိုတတ်ပြီး အငယ်ဆုံးဆိုလည်း အထွေးလေးမို့ အလိုလိုက်အခံရဆုံး အချစ်ဆုံးတဲ့လေ။ အဲ့ဒါအမှန်လား? ကန်ဒီတို့ မိသားစုမှာတော့ အဲ့လိုမရှိပေမယ့် သူကတော့ ညီအစ်မတွေထဲမှာ အလျော့ပေးတတ်ဆုံးသူ။ အမေက သူ့သမီး (၃)ယောက်အတွက် ပစ္စည်း (၃)ခု ၀ယ်လာရင် ကန်ဒီနဲ့ အငယ်ဆုံးညီမက မွေးလလည်းတူ ကြိုက်တာချင်းလည်းတူလို့ လုနေတဲ့ အချိန်မှာ သူကတော့ နောက်ဆုံးကျန်တာပဲ အမြဲယူတတ်တယ်။ အမြဲအလျော့ပေးတတ်တဲ့ မိန်းကလေးမျိုးပေါ့။ ပေါင်းသင်းဆက်ဆံရေး အရမ်းကောင်းပြီး ပေါ့ပေါ့ပါးပါး ပျော်ပျော်နေတတ်တယ်။ ပြောရရင် ကန်ဒီ့လို တခုခုကို အကြာကြီး စိတ်ညစ်မနေတတ်ဘူး။ လူမကြောက်ဘူး။ သူက စိတ်အရမ်းရှည်သလောက် ဒေါသလည်းအရမ်းကြီးတယ်။ သူ့ကို ဒေါသထွက်အောင်တော့ မဆွလိုက်နဲ့။ သူ့ထက် ဒေါသကြီးတဲ့သူတောင် သူလောက် မကြီးဘူး။ လူဖြောင့် စိတ်တိုပေါ့။


အသက်ကြီးလာတဲ့အခါမှာ အဲ့ဒီအလျော့ပေးတတ်တဲ့အကျင့်က သူ့ရဲ့ အားနည်းချက်တစ်ခု ဖြစ်လာတယ်။ သူငယ်ချင်းတွေကို ကူညီတယ်။ သူဘယ်လောက်ပင်ပန်းနေပါစေ သူတတ်နိုင်တဲ့ဘက်က လုပ်ပေးတတ်တယ်။ ဒါကောင်းတဲ့အကျင့်ပါ။ အားပေးတယ်။ အဲ့လို ညီမမျိုးရထားတာ ဂုဏ်ယူတယ်။ ဒါပေမယ့် မသိတတ်တဲ့လူမျိုးတွေကျတော့ သူ့ကို ခိုင်းဖတ်တစ်ခုလို သဘောထားတယ်။ သူက ခိုင်းရင်လုပ်ပေးပါတယ် ဆိုပြီး အရေးမပါတာတွေ ခိုင်းတယ်။ စားဖို့ ခေါက်ဆွဲပြုတ်ခိုင်းတာမျိုး။ စိတ်တိုင်းမကျရင် သူ့ကိုကျွန်တယောက်လို အော်ငေါက်ဆက်ဆံတာမျိုး။ အလျော့ပေးတယ်ဆိုပြီး သူလုပ်တာတွေကိုလည်း ကန့်သတ်ကြတယ်။ ဒီနေ့ ဒေါက်ဖိနပ်မစီးနဲ့ ဆိုတာမျိုး။ ဒီထက်ပြောရင် ပေါက်ကွဲမိတော့မယ်။ ကန်ဒီလည်း အားနာတတ်ပါတယ်။ သူများ အကူအညီတောင်းရင် လိုက်လုပ်ပေးတတ်တယ်။ ဒါပေမယ့် ကန်ဒီ့ကိုသူများ လွှမ်းမိုးတာ မခံဘူး။ ဖိနပ်စီးတဲ့ ကိစ္စလိုမျိုးပေါ့။

ကန်ဒီ သူ့လောက် စိတ်မရှည်ပါ။ အဲ့ဒါ အမှန်အတိုင်းဝန်ခံတာ။ ကန်ဒီ့အကျင့်က အပေါင်းအသင်းနဲ့ ပတ်သက်ရင် အစွဲအလန်းမကြီးဘူး။ ဘယ်သူဖြစ်ဖြစ်ပေါင်းတယ်။ ကန်ဒီ ကူညီနိုင်တာဆို ကူညီတယ်။ သူ့လောက်အလျော့ပေးတာမျိုးမရှိသလို သူများကိုလည်း ဒုက္ခမပေးဘူး။ ပုံမှန်ပဲ ဆက်ဆံတယ်။ သူက အဲ့လိုမဟုတ်ဘူး။ သူ့သူငယ်ချင်း စိတ်ဆိုးမှာ ကြောက်နေတာမျိုး.. အဲ့လိုမျိုးတွေ ရှိတယ်။ အဲ့တော့ အလိုက်မသိတဲ့ သူမျိုးကျတော့ သေးသေးမွှားမွှားကအစ သူ့ကိုခိုင်းတယ်။ သူ့လွတ်လပ်မှုတွေကို ကန့်သတ်တယ်။ ကန်ဒီက အဲ့လို အနိုင်ကျင့်တာမျိုးဆို အရမ်းမုန်းတယ်။ သူကတော့ သူ့ကိုအနိုင်ကျင့်လို့ ကျင့်နေမှန်းတောင် သိရဲ့လား မသိဘူး။ ကိုယ်ကသာ ဘေးကကြည့်ပြီး စိတ်မကောင်းဖြစ်နေတာ။


ဇန်န၀ါရီလ ၁၁ရက်နေ့ သူမမွေးနေ့အတွက် မွေးနေ့ဆုတောင်းပေးပါဆိုရင် ကောင်းကင်ကျယ်ကြီးမှာ အနှောင်အဖွဲ့ကင်းတဲ့ ငှက်တကောင်လို လွတ်လွတ်လပ်လပ် ပျံသန်းနိုင်ပါစေလို့.................. အဲ့လို ဆုတောင်းလို့ အားလုံးကကြီးကျယ်လိုက်တာလို့ ထင်ကောင်းထင်နိုင်တယ်။ ဟုတ်တယ်။ ခုကန်ဒီ့မျက်လုံးထဲမှာသူ့ကို လှောင်အိမ်ထဲက ငှက်တစ်ကောင်အနေနဲ့ပဲ မြင်နေတယ်။ တော်ပြီ။ ဒီအကြောင်းတွေ ဒီနေရာမှာတင် ရပ်။ ပျော်စရာလေးတွေပဲ ပြောတော့မယ်။


ဒါသူ့အတွက် ကန်ဒီ့လက်ဆောင်ပေါ့။ ဈေးမကြီးဘူး။ ဒါပေမယ့် သူကြိုက်တာ သူသုံးတာလေးတွေပေါ့။ သူ့ Fashion Style က "Emo" လေ။ အဲ့လို လက်ကောက်တွေ သူဝတ်တတ်တယ်။ Lip Balm ကလည်း သူနေ့တိုင်း သုံးနေကြ။ နောက်ဘာဆက်ဝယ်ရမလဲ မသိတော့လို့ အဲ့နှစ်ခုပဲ ပေးလိုက်တာ။ ဒါနဲ့ ကန်ဒီ့ကိုလည်း သူဘာမှ မကျွေးသေးဘူး :P

ဆက်ပြီး သူနဲ့ပုံလေးတွေ တင်ပါမယ်။ သူများပုံ ကန်ဒီ့ဘလော့မှာ တင်ရရင် သိပ်ပျော်တာ ဟီး။ ဟုတ်တယ်လေ.. လာလည်တဲ့သူအားလုံးလည်း အားနေ ကန်ဒီ့ပုံပဲ ကြည့်နေရတာ။ ပျင်းမှာပေါ့။ ကန်ဒီ သိပါတယ်။ သူငယ်ချင်းတွေနဲ့ ရိုက်တဲ့ပုံတွေ တင်ချင်ပေမယ့် သူများမကြိုက်မှာစိုးလို့ မတင်ရတာ။ သူ့ပုံကတော့ရတယ်။ သူက အေးဆေး။ သဘောကောင်းတယ် :)

သူက ကန်ဒီ့ထက် ၂နှစ်ငယ်တယ်.. OMG!! အကျီင်္လည်း ပါဘူး -^.^-


ဟီးဟီး.. ပုံစံလေးတွေက ရှက်ကိုးရှက်ကန်းနဲ့.. ဟုတ်တယ် ကန်ဒီငယ်ငယ်က ဓာတ်ပုံရိုက်မှာ အရမ်းကြောက်တာ။ ဒီပုံမှာ ဦးထုပ်ဆောင်းထားတာ အကြောင်းရှိတယ်။ နှစ်ယောက်လုံး ကတုံးလေးတွေဖြစ်နေလို့။ ကန်ဒီတို့ ငယ်ငယ်က ကတုံးအမြဲတုံးရတယ်။ အမေက ဆံပင်ရှည်လာတာနဲ့ တုံးတာပဲ >.< ကျောင်းတက်တော့လည်း တုံးတယ်။ ဒီနေ့စာမေးပွဲကြီးပြီးရင် နောက်နေ့ကတုံးဖြစ်ပြီပဲ။ ကတုံးတုံးပြီးရင် ခေါင်းကို ကွမ်းရွက်ရည်နဲ့ လိမ်းတယ်။ မျက်ခုံးကို ကွမ်းရိုးနဲ့ ဆွဲတယ်။ ဆံပင်သန်အောင်တဲ့။ အဲ့လို ကတုံးတုံးခံခဲ့ရလွန်းလို့ ကန်ဒီဆံပင်အရှည်ကို အရမ်းကြိုက်တာ :D

ဒါကတော့ အရွယ်ရောက်သွားတဲ့ပုံပေါ့ xD

ငယ်ငယ်က ကင်မရာရှေ့ အိနြေ္ဒရသလောက် ကြီးတော့ အဲ့လိုဖြစ်သွားကြတယ် :D

နောက်ပိုစ့်အတွက် အမြည်း :P

ဒီနေ့ Toa Payoh ဘုန်းကြီးကျောင်းရောက်တယ်။ ပထမဆုံးရောက်တာပေါ့.. အမြည်းက များသွားဦးမယ်။ တော်ပြီ.. နောက်ပိုစ့်မှ ဆက်မယ်။ အဓိက အမြည်းထည့်ရခြင်း အကြောင်းက စင်္ကာပူက စာဖတ်သူတွေကို ဒါလေးမြန်မြန် အသိပေးချင်လို့...

ဆရာတော် ဦးပုညသေဋ္ဌ၊ ကမ္မဋ္ဌာနာစရိယ၊ သဲအင်းဂူ ၀ိပဿနာကမ္မဋ္ဌာန်းကျောင်းတိုက်၊ မှော်ဘီမြို့၏ "ဒုတိယအကြိမ်မြောက်" စင်္ကာပူသာသနာပြု အစီအစဉ်

တရားပွဲ အစီအစဉ်

♣ 9 Jan 2012 to 13 Jan 2012
♣ 15 Jan 2012 to 22 Jan 2012
ညစဉ် 8:00PM to 9:00PM (တရားပို့/ တရားထိုင်)
နေရာ - ဦးမျိုးမြင့်နှင့် ဒေါ်မြင့်မြင့်သိန်းနေအိမ် Blk 676 #04-447, Choa Chu Kang Crescent, Singapore. 680676 (Near Yew Tee MRT)

♣ 14 Jan 2012 (Saturday)
အချိန် - 6:30PM to 9:00PM
နေရာ - Clementi ကျောင်း 23A, Jalan Mas Puteh, Along West Coast Road, Singapore. 128628

♣ 15 Jan 2012 (Sunday)
အချိန် - 9:00AM to 6:00PM
နေရာ - Function Room 1, The ARENA Country Club, 511 Upper Jurong Rd, S638366 (Near Joo Koon MRT)

♣ 4 Feb 2012 (Saturday)
အချိန် - 6:30PM to 8:00PM
နေရာ - Toa Payoh ဘုန်းကြီးကျောင်း

♣ 5 Feb 2012 (Sunday)
အချိန် - 9:00AM to 6:00PM
နေရာ - နေရာကို သစ္စာပါရမီအဖွဲ့မှ ထပ်မံကြေညာပါမည်။

ဆက်သွယ်ရန်...
ဒေါ်မြင့်မြင်သိန်း
(RES) 6762 8232, (H/P) 9299 1406
ဒေါ်စိုးစိုး
(H/P) 9141 3931

အဲ့လို အဲ့လို တရားပွဲတွေ ရှိပါတယ်ဆိုတဲ့အကြောင်း နိဗ္ဗာန်အကျိုးမျှော်လို့ နှိုးဆော်လိုက်ရပါတယ်ရှင် ^_^