Wednesday, January 4, 2012

Hello 2012.. Please be nice to me!!


အချိန်တွေက ကုန်မြန်လိုက်တာနော်။ ဘာလိုလိုနဲ့ တစ်နှစ်ကုန်သွားပြန်ပြီ။ ဒီပိုစ့်လေးမှာ အရင်ဆုံး ၂၀၁၂ ကို မျှော်မကြည့်ခင် ၂၀၁၁ ကို ခဏလောက် သမင်လည်ပြန် ကြည့်ချင်သေးတယ်။

► ၂၀၁၁ရဲ့ ရွှေရောင်နေ့ရက်များ


၂၀၁၁မှာ ပညာရေးနဲ့ ပက်သက်လို့တော့ ဘာမှအထွေအထူးမရှိခဲ့ဘူး။ Term တစ်ခုနဲ့ တစ်ခုအကူး စာမေးပွဲဆို Depression တွေဝင်၊ စာတွေများလို့ အိပ်ရေးတွေပျက်။ ဒါတွေကစာမေးပွဲတိုင်း ကန်ဒီဖြတ်သန်းနေကျ ပုံစံလေ။ ဒါပေယ့် ၂၀၁၁ထဲမှာ အပြောင်းလဲကြီး ပြောင်းလဲခဲ့တာတော့ ဒီဘလော့လေးပေါ့။ တနေ့မှာ တယောက်တောင် လာခဲလှတဲ့ ဒီဘလော့လေးဟာ ခုဆိုသူ့ဟာနဲ့သူ မြိုင်မြိုင်ဆိုင်ဆိုင်လေး ဖြစ်နေပြီလေ။ ဘလော့အသိုင်းအ၀ိုင်းလေးမှာ ကန်ဒီပျော်တတ်နေပြီ။ ၂၀၁၀တည်းက ကန်ဒီစာစရေးခဲ့ပေမယ့် ၂၀၁၁ထဲရောက်မှ သေချာရေးဖြစ်ခဲ့ပါတယ်။ ၂၀၁၀ အတွင်းမှာ စာသိပ်မရေးဖြစ်ခဲ့တဲ့အကြောင်းတွေက (ကန်ဒီပြောလွန်းလို့လည်း နားညည်းနေလောက်ပြီ ဟီး) ကွန်ပျူတာက မြန်မာလို ရိုက်လို့မရဖြစ်သွားတာရယ်.. ဘလော့အသိုင်းအ၀ိုင်းမှာ ကိုယ့်ဟာကိုယ် သိမ်ငယ်နေတာရယ်.. ဒါတွေ ဒါတွေကြောင့်ပါ။ သိမ်ငယ်တယ်ဆိုတာက မြန်မာဘလော့ဂါအများစုက ကဗျာတွေ ၀တ္တုတွေ အသိပညာပေးတာတွေ ရေးတယ်လေ။ ကန်ဒီ့ဘလော့က သိတဲ့အတိုင်း ဟိုရေး ဒီရေးဆိုတော့ သွားလည်ရင်တောင် လင့်ခ်ထားခဲ့ရမှာကြောက်တယ်။ တိုတိုပြောရရင် အဲ့ဒါတွေကြောင့် သူငယ်ချင်းမရှိဘူးပေါ့။

၂၀၁၁မှာ စာရေးဖို့ အဓိကခွန်အားပြန်ဖြစ်စေခဲ့တဲ့သူက တီတီ (Thet Nandar Family) ပါ။ တီတီက YouTube ကတဆင့် ကန်ဒီ့ဘလော့လေးကို တွေ့ပြီး သူ့ဆိုဒ်မှာ လင်ခ့်ချိတ်ပေးတယ်။ အဲ့အချိန်ကစပြီး လူသိပ်မလာတဲ့ ကန်ဒီ့ဆိုဒ်လေး တီတီ့ကျေးဇူးကြောင့် စည်စည်ကားကားလေးဖြစ်လာတယ်။ အဲ့လိုလာလည်တဲ့သူတွေကြောင့်ပဲ ကန်ဒီစာပုံမှန်ပြန်ရေးဖြစ်ခဲ့တယ်။ နောက်ပိုင်းတော့ အရမ်းခင်ဖို့ကောင်းတဲ့ ဘလော့ဂါတွေ စာဖတ်သူတွေနဲ့ ကန်ဒီခင်မင်ခွင့်ရခဲ့တယ်။ ဒါတွေကြောင့် ကန်ဒီ့ဘယ်လောက်ပျော်လဲဆိုတာ တကယ်မပြောပြတတ်ဘူး။ ကန်ဒီက တကယ့်လက်တွေ့အပြင်လောကမှာ သူငယ်ချင်းသိပ်မရှိတဲ့သူလေ။ အရမ်းခင်တဲ့ သူငယ်ချင်းနည်းနည်းကိုပဲ လှည့်ပေါင်းနေတတ်တာ။ တနေ့တနေ့ အပြင်လည်းမထွက်တော့ ဒီဘလော့လေးနဲ့ သူငယ်ချင်းတွေက ကန်ဒီ့ကို တကယ်ပျော်စေခဲ့တယ်။ စာရေးတာနဲ့ ပတ်သက်ပြီး ဒီနှစ်ထဲမှာ နောက်ထပ်အပျော်ကြီး ပျော်ခဲ့ရတာကတော့ Shwebeauty ဆိုဒ်မှာ စာရေးခွင့်ရခဲ့တာကိုပါ။ မရတနာက ကန်ဒီ့ဘလော့ကိုတွေ့ပြီး သူ့ဆိုဒ်လေးမှာ စာရေးပေးဖို့မေးလ်ပို့လာတယ်လေ။ ဒါလေးကလည်း ဒီဘလော့လေးနဲ့ပက်သက်ပြီးရခဲ့တဲ့ ပျော်ရွှင်မှုနောက်တစ်ခုပေါ့။

ခုချိန်မှာ ကန်ဒီငယ်ငယ်တုန်းကနဲ့မတူဘဲ လုံးဝအပြောင်းလဲကြီး ပြောင်းလဲသွားတာ ဘာလဲသိလား? ကန်ဒီ ကင်မရာကိုချစ်တတ်လာတာလေ။ Videoတွေ Editလုပ်ရတာ အရမ်းသဘောကျတယ်။ အဲ့ဒါတွေနဲ့ ကန်ဒီလုပ်သမျှ အမှတ်တရတွေကို သိမ်းထားချင်တယ်။ ဒါတွေက နောင်တချိန်ပြန်ကြည့်ရင် အရမ်းပျော်စရာကောင်းမယ်ဆိုတာ ကန်ဒီသိတယ်။ ခုပဲကြည့်လေ.. မနှစ်ကခရစ်စမတ်တုန်းကလုပ်ထားတဲ့ Videoလေး ဒီနှစ်ပြန်ကြည့်ရတာ ဘယ်လောက်ပျော်စရာကောင်းလဲ။ ၂၀၁၁မှာ ကန်ဒီလုပ်ဖြစ်တဲ့ ပေါက်တက်ကရ YouTube ဗွီဒီယိုတွေကတဆင့် သူငယ်ချင်းတွေ Subscriberတွေ ရခဲ့တယ်။ ကန်ဒီပျော်ခဲ့ရပါတယ်။

► ၂၀၁၂ ကိုမျှော်ကြည့်ခြင်း


သေချာတာကတော့ ၂၀၁၂ဟာ ကန်ဒီ့ဘ၀အတွက် အရမ်းအရေးကြီးတဲ့နှစ်ပါ။ အမျိုးမျိုးပြောင်းလဲနိုင်တယ်။ ဘာဖြစ်မလဲ ကန်ဒီသေချာမသိဘူး။ April မှာကျောင်းပြီးရင် ကန်ဒီအလုပ်ရှာရမယ်။ အမေက ဒီမှာအလုပ်လုပ်စေချင်တယ်လေ။ တကယ်လို့ မရလည်း ပြန်လာလို့တော့ ပြောပါတယ်။ ဒါပေမယ့် သူ့ဆန္ဒလေးပြည့်အောင်တော့ ကန်ဒီအလုပ်ရချင်တယ်။ နောက်တဖက်ကပြန်စဉ်းစားကြည့်မိတော့ ကန်ဒီရန်ကုန်ပြန်ချင်ပြန်ရော။ အကြောင်းကတော့ မိဘတွေကို ရတဲ့အချိန်လေးမှာ အနီးကပ်ပြုစုခွင့်ရချင်တယ်။ အမေက အသက်တော်တော်ကြီးနေပြီလေ။ ခုဆို (၆၂)နှစ် ပြည့်တော့မယ်။ ဟုတ်တယ် အမေက အသက်ကြီးမှ အိမ်ထောင်ကျတာလေ။ ကန်ဒီမရှိတဲ့အချိန်ကြီး မတော်တဆ (လွဲစေပယ်စေ) တခုခုဖြစ်သွားမှာ ကြောက်တယ်။ အမေ့ဘက်ကကြည့်မယ်ဆိုလည်း ကန်ဒီကျောင်းပြီးတာ သူ့အတွက် တော်တော်ဝန်ပေါ့သွားမယ်။ ကန်ဒီ့ညီမအငယ်ဆုံးအတွက်ဖြစ်ဖြစ် ညီမအလတ်ကျောင်းဆက်တက်ဖို့ဖြစ်ဖြစ် သူဆက်လုပ်ပေးနိုင်မယ်လေ။ တကယ်တော့ ကန်ဒီအမေ့ကို ဘာမှမလုပ်စေချင်တော့ဘူး။ သူ့ကို ဘုရား တရားကိုပဲ အာရုံစိုက်စေချင်ပြီ။ ခုတော့ သူ့မှာ ကန်ဒီတို့ပညာရေးအတွက် လုံးပန်းနေရတုန်း။

တကယ်အလုပ်ရှာရတော့မယ်ဆိုတော့ ကြောက်လာတယ်။ လူ့အသိုင်းအ၀ိုင်းထဲကို လူကြီးတယောက်လို တိုးဝင်ရတော့မှာလေ။ ဒီနေရာမှာ သူများတွေထက် ကန်ဒီမှာ အခက်အခဲအများကြီး ရှိနိုင်တယ်။ အကြောင်းကတော့ ကန်ဒီက လူကြောက်ပြီး အေးအေးနေတတ်တဲ့လူမျိုး၊ ပေါင်းသင်းဆက်ဆံရေးကလည်း တော်တော်ညံဖျင်းတယ်၊ စကားလည်း သိပ်မပြောဘူး။ အရမ်းခင်မှ စကားအများကြီး ပြောတတ်တာ။ အဲ့ဒါတွေကို အမေက သိတော့ စိတ်ပူတယ်။ ကန်ဒီလည်း ပြင်သင့်တယ်ဆိုတာ သိပါတယ်။ အမေက အလုပ်လုပ်တဲ့အခါ လူကြောက်နေလို့ မရဘူးတဲ့။ သွက်သွက်လက်လက်ရှိရမယ်တဲ့။ အမြဲပြောတယ်။ ကြိုးစားပြီးပြင်ပါ့မယ် >.<

နောက်တစ်ခုက ကန်ဒီတကယ်လို့ ဒီမှာအလုပ်ရခဲ့ရင် ကန်ဒီချစ်သူကိုလည်း ဒီလာခိုင်းဖို့ ရည်ရွယ်ထားတယ်။ ဒါက ဟိုး.. လွန်ခဲ့တဲ့ (၂)နှစ် ကန်ဒီရန်ကုန်က စထွက်လာတည်းက Plan ထားတာပါ။ ခုဒီအချိန်ရောက်လာပြီလေ။ (၂)နှစ်ဆိုတာ ဒီလိုဆိုတော့လည်း ခဏလေးနော်။ ရန်ကုန်က ထွက်လာတဲ့ အချိန်တုန်းက လူတချို့ရဲ့ ထင်ကြေးစကားသံတွေကို မှတ်မိသေးတယ်။ Long Distance Relationship ဆိုတဲ့ဟာကြီး အကြောင်းပေါ့။ ခုချိန်မှာ အဲ့လူတွေ ပါးစပ်က ဘာမှထွက်မလာတာကို တခါတလေ ဟားတိုက်ချင်တယ်။

ဘုရား တရားနဲ့ ပက်သက်ပြီး လုပ်နေကျအလုပ်တွေ ပျက်ကွက်နေတာတွေ အများကြီးပဲ။ ကန်ဒီ ရန်ကုန်မှာတုန်းက သတ်သတ်လွတ် တပတ်ကို (၂)ရက်စားတယ်။ ဒီရောက်စတုန်းက ဆက်လုပ်ဖြစ်သေးတယ်။ ကြာလာတော့ အလွန်ပျင်းတဲ့ကန်ဒီတယောက် ဈေးသွားရမှာ ပျင်းရင်းပျင်းရင်းနဲ့ မစားဖြစ်တော့ဘူး။ ပုတီးလည်း ပုံမှန် မစိပ်ဖြစ်ဘူး။ စိပ်လိုက် မစိပ်လိုက် လုပ်နေတယ်။ မေတ္တာလည်း ပုံမှန်မပို့ဘူး။ ပို့လိုက် မပို့လိုက်ပဲ။ ခြုံပြောရရင်တော့ ဘာသာရေးမှာ တော်တော်အားနည်းနေတယ်။ အဲ့ဒီမကောင်းတဲ့အကျင့်တွေ ကန်ဒီပြန်ပြင်ရမယ်။ ဆရာတော်ကြီးတပါးဟောတဲ့ တရားတစ်ပုဒ် ဖတ်ဖူးတယ်။ အဲ့ထဲက ဆောင်ပုဒ်ကဗျာလေးက.....

မသစ်ချင်သစ်၊ သစ်ချင်သစ်
သစ်ကြ မျက်နှာရေ၊
မျက်စိ နား နှာ သွားနှင့် လျှာ
အာမှာ ချေးညှော်တွေ။

မစားချင်စား စားချင်စား
ဆေးဝါး ဓာတ်စာတွေ
ကိုးဆယ့်ခြောက်ဖြာ ဘေးရောဂါ
ကိုယ်မှာ ရှိ၍နေ။

မပြုချင်ပြု ပြုချင်ပြု
ကောင်းမှု ကုသိုလ်တွေ
ကိုယ်တွင်းရောဂါ ကိလေသာ
ကိုယ်မှာ ရှိ၍နေ။

အဲ့မှာ ဆရာတော် ဆက်ဟောထားတာက " ဘုရားကို ထရှိခိုးလိုက်ရတယ်၊ ပျင်းပေမယ့် ထရှိခိုးလိုက်ရတယ်၊ ငါးပါးသီလဖြစ်စေ ယူလိုက်ရတယ်၊ ပျင်းပေမယ့် ထယူလိုက်၊ အလေ့အကျင့်ပြုပါများတော့ ကုသိုလ်တွေ ဆက်လက်လုပ်ချင်လာတယ်၊ ကနေ့ ဥပုသ်မစောင့်ချင်ပေမယ့် ထစောင့်လိုက်ရတယ်၊ ဘာလို့လဲ ကုသိုလ်တွေက နိုင်တယ်၊ အကုသိုလ်တွေကို ကုသိုလ်ကအနိုင်ဆုံးပဲ၊ ၀မ်းမြောက်ဝမ်းသာနဲ့ ပြုရတယ်၊ မပြုချင်လဲပြု၊ ပြုချင်လည်း ပြုရမယ်.." တဲ့။

ကန်ဒီ လက်တလောဖတ်နေတဲ့ "လူ့ပြည်မှအပြန်" စာအုပ်လေးထဲကပါ။ မပျင်းမရိဘဲ တကယ့်ကို ဘုရားရှိခိုးချင်စိတ်လေးနဲ့ ရှိခိုးရင်တော့ အတိုင်းထက်အလွန် ကုသိုလ်ရတာပေါ့။ ဒါပေမယ့် စိတ်မပါပါဘူး။ လုပ်လည်း ကုသိုလ်ရမှာ မဟုတ်ဘူးလို့တော့ မတွေးပါနဲ့။ ဆရာတော်ပြောသလိုပဲ မလုပ်ချင်လည်း လုပ်ရမှာပဲ။ အဲလိုလုပ်တာက အလေ့အကျင့်တစ်ခုဖြစ်လာတယ်။ ကုသိုလ်လုပ်ကျင့်လေးရှိရင် လုပ်ချင်လာတယ်။

အင်း.. ပြောတာ ဘယ်ရောက်သွားပြီလဲ။ ကန်ဒီလည်း အဲ့လိုအပျင်းတစ်နေတယ်ပေါ့။ ပျင်းလည်း ပြန်လုပ်ရမယ်။ ဒါက ကိုယ့်ကိုကိုယ်သတိပေးနေတာပါ။ နိဂုံးချုပ်ရရင်တော့ ဒီ၂၀၁၂ဟာ ကန်ဒီ့အတွက် တကယ် Stress အရမ်းများမယ့်နှစ်ပါ။ အစစ အရာရာ အဆင်ပြေဖို့ မျှော်လင့်ပါတယ်။

ပိုစ့်တောင် တော်တော်ရှည်သွားပြီ။ ပျင်းနေပြီလား? ကန်ဒီ့ဆီ လာလည်နေတဲ့သူအားလုံးကိုရော.. ဘလော့ဂါသူငယ်ချင်းအားလုံးကိုရော.. ပျော်ရွှင်ဖွယ် နှစ်သစ်ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်တယ်နော်။ တကယ်ပါ ၂၀၁၁ တနှစ်လုံး အားလုံးကြောင့် ကန်ဒီပျော်ခဲ့ရတယ်။ စာတွေလည်း ရေးဖြစ်ခဲ့တယ်။ ဒီနှစ်လည်း ကန်ဒီနဲ့တူတူ ပျော်ပျော်ကြီး ရှေ့ဆက်ကြရအောင်နော် Peace :D :D

24 comments:

အောင်အောင် said...

အရာရာအားလုံး အဆင်ပြေပါစေလို့ ဆုတောင်းလိုက်ပါတယ်...။ Good Luck...ကန်ဒီ...။

တွတ်တွတ် said...

တိတ်ဆိတ်ခြောက်ကပ်လှတဲ့. တွတ်ရဲ့ဘလော့ထက် မမကန်ဒီကအများကြီးသာပါတယ်ဗျာ..အားပေးကြတဲ့ ဘလော့မိတ်ဆွေတွေလဲအများကြီး...ဘာမှအားမငယ်ပါနဲ့ဗျာ....မိဘရဲ့မေတ္တာရင်ခွင်ရိပ်ထက်အေးမြလုံခြုံတဲ့နေရာ ဘယ်မှာမှမရှိပါဘူး...ဒီပြန်လာရင်တော့..တွတ်လိုပဲ..ခပ်စုတ်စုတ်ဘားမားအင်တာနက်လိုင်းကိုကျော်ခွဖို့သာ..ခုကတည်းကအစွမ်းကုန်သာလေ့ကျင့်ထားပေတော့ဗျို့...:P
ဘာသာတရားကိုမမေ့မလျော့ ဖြစ်တာကတော့..သာဓုခေါ်ပါတယ်ဗျာ....အလုပ်ခွင်ဝင်ဖို့ ဘာမှမစိုးရိမ်ပါနဲ့..ကျွန်တော် အသက် ၂၄ နှစ်တုန်းက ခွေဆိုင်လေးစဖွင့်တုန်းက...ကြုံတွေ့ခံစားရတဲ့...အတွေ့အကြုံလေးတွေကို အဆင်သင့်ရင် ရေးပြပါ့မယ်.....

PURPLE VINE said...

ညီမလေးရေ..ဆရာတော်ကြီးရဲ့ သံပေါက်လိုလို ကဗျာလေးကို သဘောကျလိုက်တာ။ ကိုယ့်ကိုယ်ကိုယ် ဘုရားတရားလုပ်ချင်လာဖို့၊ သူများကို လုပ်အောင် တိုက်တွန်းဖို့ အတွက် ဆရာတော် ဆက်ဟောထားတဲ့အတိုင်း ပြန်ပြောပြလို့ ရတာပေါ့။ တခါတခါ သူငယ်ချင်းတယောက်ကို ဘုရားတရားလုပ်ဖို့ပြောရင် စိတ်မပါဘဲ လုပ်တော့ မရိုသေသလိုဖြစ်နေမှာစိုးလို့တဲ့။ နောက်ခါ အဲ့လိုပြောရင် ကန်ဒီမျှဝေတဲ့ ဒီပိုစ့်လေးကြောင့် ပြန်ပြောစရာ စကားရသွားပြီ။ အမကတော့ ဆရာတော် ရဝေနွယ်ရဲ့ မြင့်မြတ်သူတို့အလုပ် ဆိုတဲ့ စာအုပ်ကို လက်ကိုင်ထားတယ်။ ဒီစာလေး မျှဝေရသော အကျိုးကြောင့် ငါ့ညီမ ကုသိုလ်တွေ ဆထက်တပိုး ပွားများနိုင်ပါစေ။

မဒမ်ကိုး said...

ကဲသကြားလုံးလေးရေ တဖြည်းဖြည်းချင်းကျော်ဖြတ်လာနိုင်ပါမှာ
တခုပြီးတခုပေါ့ မဟုတ်လားး)
ကဲလက်တွဲပြီးရှေ့ဆက်ကြမယ် ဖိနပ်တော့မကျွတ်ခဲ့စေနဲ့း)

အမ
မဒိုးကန်

ကိုကိုမောင်(ပန်းရနံ့) said...

ကန်ဒီပိစိ။
အတိတ်ကို လှမ်းကြည့်လိုက် အနာဂတ်ကို မျှော်ကြည့်လိုက်နဲ့ ပစ္စပ္ပုန်တည့်တည့်ကို မေ့နေပါရောလား။း)

ပျော်ခဲ့သလို ပျော်ဆဲဖြစ်ပါစေ ပျော်လတ္တံ့ဖြစ်ပါစေ။

လမင်းငယ် said...

ချိုလေးရေ အလုပ်ကောင်းကောင်းရပြီ
လိုရာဆန္ဒပြည့်ပါစေနော်

blackroze said...

2012 မှာ သကြားလုံးလေးအခုထက်ပိုပြီး
အဆင်ပြေပါစေနော်..

Su said...

မမကန်ဒီ April ကျောင်းပြီးရင် အလုပ်ရပါစေလို့ ဆုတောင်းပေးမယ်နော် ၂၀၁၂ ဟာ အမအတွက် အပျော်ရွှင်ရဆုံး နှစ်တစ်နှစ်ဖြစ်ပါစေ။
ချစ်ညီမ
Nandar >.<

MG THANT said...

ယုံကြည်ချက်လေးသာထား အရာရာအဆင်ပြေမယ်... ဖြစ်မှ ဖြစ်ပါ့မလားလို့ မတွေးနဲ့ ဒီအတိုင်းပဲ ဖြစ်လာမယ်လို့ပဲတွေး... ဖြစ်လာမယ်
AAL IZZ WELL

လွင်ပြင်လှိုင်းငယ် said...

2012မှာ ညီမလေးဆန္ဒတွေအားလုံးပြည့်စုံပါစေလို့ ဆုတောင်းပေးပါတယ်

ဇက်ဗီ said...

ပျော်ရွှင်စရာကောင်းတဲ့ ဘ၀လေးပိုင်ဆိုင်နိုင်ပါစေ...စိန်ကပူမှာပဲ ဆက်နေပါနော်... ဆက်ခင်လို့ရတာပေါ့။
စကားမစပ် ကန်ဒီနဲ့ ကျနော်က ၉၀% တူတာရှိတယ်။ဟဲဟဲ ဘာလဲဆိုတော့ စကားနည်းတာပါ...ဘေးနားမှာ အမြဲ ပက်ပက် လုပ်နေတာ မကြိုက်ဘူး။အေးအေးဆေးဆေးလေး နေတာ ကြိုက်တယ်။ကျနော်လည်း အပြင်မှာ သူငယ်ချင်းသိပ်မရှိဘူး။

ညိမ်းနိုင် said...

အင်း..ကျောင်းပြီးပြီဆိုတာနဲ့ အလုပ်အတွက် ဖိစီးမှုတွေ
ဝင်တတ်တာတော့ ကျောင်းသားတိုင်းထင်ရဲ့....၊အကို့
သယ်ရင်းတစ်ယောက်လည်း ခုကျောင်းပြီးပြီ...၊အလုပ်မရှာ
ဝံဘူးဖြစ်နေလေရဲ့...၊ဘာမှဖိစီးမှုများမနေနဲ့..ရလာလိမ့်
မယ်...ရှာသာရှာ..၊လျှောက်သာလျှောက်ကြည့်...။ပြီး ညီး
ကိုကြည့်ရတာ စကားနဲပြီး အေးအေးဆေးဆေးနေတတ်ပေ
မယ့် ကိုယ့်ကိုယ်ကိုတော့ ယုံကြည်မှုရှိတဲ့ပုံရပါတယ်ဟ..။
မပူနဲ့ဘာမှ....ရသွားလိမ့်မယ်....။

ညီရဲ said...

လူကြီးဖြစ်လာပြီ လို့ ထင်ရင် လူကြီးတစ်ယောက်လို နေနိုင်ဖို့ ကြိုးစားရမှာပေါ့ ညီမရယ်... ဘာမှ ကြောက်စရာ မလိုပါဘူး။ အဆင်ပြေသွားမှာပါ... ဒါနဲ့ ကလေးမ ပြင်ရမယ် ပြင်ရမယ်ချည်း ပြောမနေနဲ့ ပြင်ဖို့ ကိုလဲ ကြိုးစားဦးလေ...

camomilla said...

ကန်ဒီရေ အမလဲ လူမှုဆက်ဆံရေးညံ့ဖျင်းတဲ့သူတစ်ယောက်ပါ။ တခွန်းမေးမှတခွန်းဖြေတဲ့လူစားမျိုးလေ။ ဒါပေမယ့်လဲ အလုပ်ထဲရောက်တော့ သူ့ဟာနဲ့သူတဖြည်းဖြည်းနဲ့ အဆင်ပြေသွားပါတယ်။
လိုအင်ဆန္ဒ ပြီးပြည့်စုံတဲ့ ၂၀၁၂လေးဖြစ်ပါစေ။

မောင်(စွယ်စုံကျမ်း) said...

ဟိုဟို..ခေါ်မယ်ဆိုလည်းခေါ်ပါ..ဟဲဟဲ..ရေးတတ်ပ
ရေးတတ်ပ...

အောင်သက်ခိုင် said...

မကန်ဒီ ဒီ့ထက်မကအောင်မြင်တိုးတတ်ပါစေဗျာ

jasmine(တောင်ကြီး) said...

candy မေမေနဲ့ ဂျက်မေမေ အသက်တူတူပဲ
မေမေကိုတောင်လွမ်းမိတယ်
အရာအားလုံးကျော်ဖြတ်နိုင်ပါစေ
အောင်မြင်ပါစေ

ဟန်ကြည် said...

အင်း ဒီပို့စ်ဖတ်မိမှ ငပေါမလေးလည်း လူကြီးတွေးတွေးတတ်နေမှန်း သိတော့တယ်...ဘ၀ဆိုတာက ဒီလိုပါပဲလေ...ကြိုးစားရတာချည်းပါပဲ...

တစ်ခုအကြံပေးတာက ဘာပဲလုပ်လုပ် မိဘကို ရှေ့တန်းတင်ဖို့ပါ...ပြန်မရတော့တဲ့ နာရီ မိနစ်တွေနဲ့အတူ ကိုယ့်မိဘတွေရဲ့ အသက်တွေ ကုန်ဆုံးလာနေတယ်ဆိုတာတော့ သတိထားစေချင်ပါရဲ့...

အိုခေသော ၂၀၁၂ ဖြစ်ပါစေဗျား...

san htun said...

၂၀၁၂မှာ ကန်ဒီ အရာအားလုံး အဆင်ပြေပါစေဗျား..

ပန်းချီ said...

ညီမငယ် Candy..
နှစ်သစ်အတွက် ရေးထားပုံလေးချစ်စရာကောင်းလိုက်တာ။ ဆရာတော်ကြီးရဲ့ သံပေါက်ကိုပါထည့်ပြီး မျှဝေထားတော့ ပိုပြီးပြည့်စုံ တန်ဖိုးရှိလိုက်လေ။ ကျေးဇူးတင်ပါတယ် ညီမလေးရေ။

ပျော်ရွှင်ချမ်းမြေ့စွာ အောင်မြင်မှုများဆက်လက်ထွေးပိုက်နိုင်ပါစေ။

Angelhlaing(May everybody be happy and healthy! said...

Happy New Year ပါ Candy ရေ..:):)
နောက်ကျသွားတယ် ခွင့်လွတ် ...လေယာဉ်လက်မှတ်က မရဘူးလေ...:P:P

ဘိုဖြူ said...

၂၀၁၂ မှာ အစစအရာရာပြည့်စုံပါစေညလေးရေ
မအားလို့ကိုဘိုဖြူခုမှလာရတယ်နော်
တစ်ကယ်ပါ အလုပ်များတာလေ နောက်ကျသွားတာလဲတောင်းပန်ပါတယ်နော်

8Yar said...

အောင်မလေး ဖတ်ရတာမောလိုက်တာ။ :P ဟီး ဘုရားတရား လုပ်ရအုံးမယ်။ ဘုရားစာ မဆိုတာလဲကြာသွားပြီ။ သတိပေးလို့ ကျေးဇူးဗျာ။ စလုံးမှာ လစာကောင်း၊ ကောင်း၊ လုပ်ဖော်ကိုင်ဖက်ကောင်း ရပါစေလို့ ကျွန်တော် 8Yar က ဆုတောင်းပေးပါတယ်ဗျာ။

သော်ဇင်စိုး said...

ရိုးရိုးသားသားနဲ့ ပွင့်ပွင့်လင်းလင်း ရေးထားတဲ့ စာတွေမို့ အဖွဲ့အနွဲ့တွေ မပါလည်း စိတ်ဝင်စားပြီး အရမ်းဖတ်လို့ ကောင်းပါတယ်.. :)