Wednesday, February 1, 2012

အဘယ်ကြောင့်ဆိုသော်...


ကျွန်မ တိုက်ခန်းထဲမှ တိုးတိတ်စွာ ပြေးထွက်လာတယ်။ ၀မ်းနည်းမှုနဲ့အတူ အားငယ်မှုတချို့ ရင်ထဲပြည့်ပြီး ဆို့တက်လာတယ်။ မျက်ဝန်းတလျှောက် စီးကျလုဆဲဆဲ မျက်ရည်တချို့ကို မကျမိအောင် ကျွန်မအစွမ်းကုန်ထိန်းချုပ်ထားတယ်။ ကျွန်မငိုရင် သူ အနေခက်မှာ စိုးတယ်လေ။ ဒါကျွန်မ ရွေးခဲ့တဲ့လမ်းပဲ။ ဒီအခြေအနေတွေ ဖြစ်မယ်ဆိုတာ သိသိကြီးနဲ့ ကျွန်မရူးမိုက်စွာ လျှောက်ခဲ့တဲ့လမ်း။ ဒီတော့ ကျွန်မဆက်လျှောက်ရမယ်။ ကျွန်မ နောင်တမရပါ။ အဘယ်ကြောင့်ဆိုသော်.......

*******************************

သူက ကျွန်မရဲ့ သူငယ်ချင်းတယောက်လိုခင်ရတဲ့ အရမ်းရင်းနှီးတဲ့ အစ်ကိုတယောက်ပါ။ ကျွန်မအကြောင်းတွေ အကုန်နီးပါး သူသိသလို သူ့အကြောင်းလည်း ကျွန်မအကုန်သိတယ်လေ။ သူ့မှာဇနီးနဲ့ ချစ်စရာကလေးလေးရှိတာကအစ သူတို့အိမ်ထောင်ရေး အဆင်မပြေတာအဆုံးပေါ့။ ကျွန်မသူနဲ့စခင်တဲ့အချိန်မှာ သူတို့အိမ်ထောင်ရေးက ကွာရှင်းဖို့အခြေအနေထိ ရောက်နေကြပြီ။ သူ့အတွက် ကျွန်မစိတ်မကောင်းဖြစ်ခဲ့ရတယ်။ သိပ်မကြာပါဘူး။ သူတို့ ကွာရှင်းခဲ့ကြတယ်။ ကလေးလေးကတော့ သူ့ဇနီးနဲ့အတူ ပါသွားလေရဲ့။ သူချစ်တဲ့ သူ့သားလေးကို မခေါ်ထားနိုင်ဘူးဆိုပြီး သူစိတ်ဓာတ်အကျကြီး ကျခဲ့တယ်လေ။ ကလေးလေးအတွက်ရော သူ့အတွက်ပါ စိတ်မကောင်းဖြစ်ရုံကလွဲလို့ ကျွန်မဘာများတတ်နိုင်မှာလဲ?

တနှစ်ခန့်ကြာသော်....

သူကျွန်မကို ချစ်ရေးဆိုလာတယ်။ သို့သော် ကျွန်မအချစ်ကို သူ မတောင်းခံခဲ့ပါ။ တောင်းခံဖို့ အင်အားမရှိလို့လည်း ဖြစ်နိုင်တယ်။ သူ့အချစ်ကို ကျွန်မသိရုံသာ သူရင်ဖွင့်ခဲ့တာပါ။ ကျွန်မ အရမ်းပျော်ခဲ့ရတယ်။ ခင်မင်မှုကိုအရင်းပြုလို့ ဖြစ်တည်လာတဲ့ သံယောဇဉ်တချို့နဲ့ တအိအိရွေ့နေတဲ့ အချိန်စက်ဝိုင်းကြားမှာ ကျွန်မသတိမထားမိတဲ့ အချစ်တခုပွင့်အံနေပြီလေ။ ဒီအချစ်ကို သိလိုက်ချိန်တုန်းက ဦးနှောက်နဲ့ နှလုံးသားလွန်ဆွဲပွဲလေးတစ်ခု ကျွန်မစိတ်ထဲ တိုးတိုးတိတ်တိတ် ကျင်းပခဲ့သေးတယ်။ တကယ်တော့ ဒီဗိုလ်လုပွဲဟာ ဘယ်သူနိုင်မယ်ဆိုတာ သိသိကြီးနဲ့ ကျွန်မဇွတ်ကျင်းပခဲ့တဲ့ပွဲပါ။ သိပ်မကြာလိုက်ဘူး။ နှလုံးသားကပဲ ဗိုလ်စွဲခဲ့ပြီး ကျွန်မကိုယ်တိုင်ပဲ သူ့အချစ်ကို ကျေကျေနပ်နပ်လက်ခံခဲ့တယ်။ ကျွန်မရွေးချယ်မှုကို ကျွန်မကျေနပ်တယ်။ အချစ်တခုတည်းကြည့်တတ်တဲ့ ကျွန်မစိတ်ကို ကျွန်မသဘောကျတယ်။ ဒီအချစ်အတွက် အားလုံးကို ရင်ဆိုင်ဖို့ ကျွန်မပြင်ဆင်ထားတယ်။

သူက ကျွန်မကိုအရမ်းချစ်ပြီး အလိုလိုက်တယ်။ သူ့မိဘတွေနဲ့ ကျွန်မကို မိတ်ဆက်ပေးပြီး ရင်းနှီးစေတယ်။ ခုဆို သူ့မိဘတွေကလည်း ကျွန်မကို သမီးရင်းတယောက်လို ချစ်ကြတယ်လေ။ သူ့အိမ်ကို ကျွန်မ အိမ်သားတယောက်လို ၀င်ထွက်ခွင့်ရှိတယ်။ ကျွန်မပျော်တယ်။ ကလေးသံယောဇဉ်ကြောင့် သူရော သူ့မိဘတွေပါ သူ့အရင်ဇနီးနဲ့ ပြောဆိုဆက်ဆံနေဆဲပဲ။ ဒါတွေကို ကျွန်မနားလည်တယ်။ သူ့သားလေးနဲ့ ဖုန်းပြောရရင် သူမျက်နှာမှာ အပြုံးပန်းတွေ ဝေနေတတ်တယ်။ သူ့မျက်နှာပေါ်မှာ ဖခင်တယောက်ရဲ့ အေးမြတဲ့မေတ္တာမျိုးကို အထင်းသားတွေ့နေရတယ်။ သူပြည့်စုံလာတဲ့တနေ့ သူ့သားလေးအတွက် သူဖြည့်ဆည်းပေးချင်တာတွေ ကျွန်မကို ပြောပြတတ်တယ်။ သူပြောတာတွေကို ကျွန်မက ပြုံးပြီးနားထောင်တတ်တယ်လေ။

***********************************

အဲ့ဒီနေ့ကပေါ့....

ကျွန်မ သူ့အိမ်ကို ထုံးစံအတိုင်းရောက်နေတယ်။
ချွင်... ချွင်..(အိမ်အောက်ထပ်က ခေါင်းလောင်းဆွဲသံ)
သူ့အရင်ဇနီးနဲ့သားလေး သူ့အိမ်ကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်လာခဲ့တယ်။ သူ့မိဘတွေရော သူရော အားလုံးပြာယာခတ်ကုန်တယ်။ သူ့မိဘတွေကလည်း ကျွန်မကို ကလေးနဲ့ မတွေ့စေချင်ကြဘူး။ ကလေးစိတ်ထဲ တမျိုးဖြစ်သွားမှာ စိုးရိမ်ပုံရတယ်။

ကျွန်မနားထဲ တိုးဝင်လာတဲ့ စကားသံတချို့......
"သားတို့ မြန်မြန်သွားတော့..." သူ့အမေပြောတဲ့စကား
"ဖေဖေ.." အောက်ထပ်က အော်ခေါ်နေတဲ့ တီတာတဲ့ ကလေးလေးအသံ
ဒီကလေးလေးခေါ်သံကြားမှာ ကျွန်မရဲ့ ၀န်တိုမှုနဲ့ အတ္တတချို့ကို မသိမသာလှမ်းမြင်လိုက်ရတယ်။ ကျွန်မမွေးလာတဲ့ ကလေးလေးကျရင်ရော သူဒီလောက်ချစ်မှာလား? အတ္တဆန်တဲ့ မေးခွန်းတချို့စိတ်ထဲက သူ့အလိုလိုထွက်ကျလာတယ်။ ကျွန်မ ပြင်ဆင်ထားပြီးသားပါ။ ကျွန်မပြင်ဆင်ထားရဲ့သားနဲ့ စိတ်ထဲဖြစ်ပေါ်လာတဲ့ ခံစားချက်တချို့ကြောင့် ကိုယ့်ကိုကိုယ် ဘ၀င်မကျဖြစ်မိတယ်။

အဲ့ဒီနောက် ၀မ်းနည်းမှုနဲ့အတူဖြစ်လာတဲ့ မာန်မာနလေး...
ကျွန်မရှောင်ပေးဖို့ လိုလို့လား?
ကျွန်မ ဘာအမှားမှ မလုပ်ခဲ့ပါဘူး..
ကျွန်မ သူ့ကိုချစ်ခဲ့ရုံပါ..

တဖက်က ကြည့်ပြန်တော့လဲ အခြေအနေကို ကျွန်မလက်ခံတယ်။ ဒီလို နုနယ်တဲ့ကလေးစိတ်ထဲမှာ သူ့အဖေကို သူ့အမေမဟုတ်တဲ့ မိန်းကလေး (သို့) ကျွန်မနဲ့မြင်သွားပြီး ကလေးစိတ်လေး ထိခိုက်သွားမှာ ကျွန်မ မလိုလားဘူး။

ဒီအချိန်မှာ အကောင်းဆုံးနည်းလမ်းက ကျွန်မရှောင်ထွက်ပေးခဲ့ဖို့ပဲ မဟုတ်လား? ကျွန်မ တိုက်ခန်းထဲမှ တိုးတိတ်စွာ ပြေးထွက်လာတယ်။ ၀မ်းနည်းမှုနဲ့အတူ အားငယ်မှုတချို့ ရင်ထဲပြည့်ပြီး ဆို့တက်လာတယ်။ မျက်ဝန်းတလျှောက် စီးကျလုဆဲဆဲ မျက်ရည်တချို့ကို မကျမိအောင် ကျွန်မအစွမ်းကုန်ထိန်းချုပ်ထားတယ်။ ကျွန်မ နောင်တမရပါ။ အဘယ်ကြောင့်ဆိုသော်......

ကျွန်မသူ့ကို နက်ရှိုင်းစွာ ချစ်ခဲ့သည်လေ။

*******************************************************************************

ဒီပိုစ့်က ၀တ္တုလို့လည်း ပြောလို့မရဘူးထင်တယ်။ ကန်ဒီမသိဘူး။ "ကျွန်မ"လို့နာမ်စားသုံးထားတဲ့ မိန်းကလေးနေရာမှာ ကန်ဒီဝင်စားပြီး ရေးထားတယ်။ အဲ့လိုအခြေအနေကြုံခဲ့ရင် ဖြစ်ပေါ်လာမယ့် မိန်းကလေးတယောက်ရဲ့ ခံစားချက်မျိုးကို ပုံဖော်ထားတယ်။ ကန်ဒီ့စာအရေးအသား ညံ့ဖျင်းမှုကြောင့် သူ့ခံစားချက် ထင်ထင်ရှားရှား ပေါ်ချင်မှ ပေါ်မယ်။ စာဖတ်သူတွေ ၀င်ခံစားပေးကြည့်ပါလား? အဲ့ဒီကောင်မလေးနေရာမှာ ကိုယ်ဆိုရင် ဘယ်လိုတွေ ခံစားမိမလဲလို့ပေါ့။ အဲ့လိုဆိုရင် ကန်ဒီဆိုလိုချင်တာကို အားလုံး နားလည်သွားမယ် ထင်ပါတယ်။

ကိုပဥာက်(ထာဝရသစ္စာ)က ကန်ဒီ့ကို ဒီလိုစာမျိုးလေးတွေရေးဖို့ ခဏ ခဏတိုက်တွန်းတတ်တယ် (သူ့ညီမ စာအရေးအသားကို တော်တော်ယုံကြည်ပုံရတယ် :P) ကန်ဒီရေးချင်ပါတယ်။ ဒါပေမယ့် ကန်ဒီက ဇာတ်လမ်းမဖန်တီးတတ်ဘူး။ နောက်ပြီး စာကောင်းကောင်း မရေးတတ်ဘူး။ ဒီဟာကလည်း ကန်ဒီဖန်တီးထားတဲ့ ဇာတ်လမ်းမဟုတ်ဘူးနော်။ လက်တွေ့ဘ၀မှာ တကယ်ဖြစ်နေတဲ့မိန်းကလေးတယောက်နေရာမှာ ကန်ဒီဝင်ခံစားပေးထားတာ။ အဲ့လိုတခုခုကို နက်နက်နဲနဲတွေးပြီး အဲ့နေရာမှာ ကိုယ်တိုင်ဝင်ခံစားမိမှ စာတွေက သူ့အလိုလိုထွက်ကျလာတယ်။ တခါတလေ ကိုယ့်ဟာကိုယ်ရေးနေရင်း ငိုနေတတ်တယ်။ အဲ့လောက်ခံစားချက်ပြင်းမှ ဒီလိုစာမျိုး ရေးလို့ရတယ်။ ဒါတောင် ကာယကံရှင်ရဲ့ ခံစားချက်ကို ပေါ်လွင်အောင် မရေးနိုင်သေးဘူး >.< အပြင်လက်တွေ့ဘ၀မှာ ကိုယ်သာဆိုရင်... ဆိုတဲ့အတွေးလေးနဲ့ ဖတ်ကြည့်ရင်တော့ ဆိုလိုရင်း ပေါ်လွင်မယ်ထင်ပါတယ်။

မှတ်ချက် - ပိုးစိုးပက်စက် ဝေဖန်နိုင်သည် :P

26 comments:

မေမြို့မိုး said...

မိုက်လှချည်လား.. နာ့အစ်မက ..လက်ရှိတာပဲ..။
(လက်ရှိလို့ပဲရိုက်ထားတာပေါ့.. ပုံတွေမှအများ
ကြီး...:P) မိုက်တယ်ဗျာ..။ အတုယူစရာတွေရှိ
တယ်.. (အကြောင်းအရာကိုပြောတာဟုတ်ဘူး
အရေးအသားကိုပြောတာ.)နောက်ထပ်ထပ်ရေး
ပါဦးအစ်မ.. ။

Aung Htut said...

ဟ.. ကောင်းလိုက်တဲ့ အရေးအသား... အမလေး ဇတ်လမ်းထည့်ချင်တာများ မကန်ဒီရယ် လွယ်လွယ်လေး....... ရှေ့နားမှာ နည်းနည်းလေး ပျိုးပေး (ဇီးထုပ်ဝယ်စားရင်းနဲ့ ခလုပ်တိုက်၊ အဲ့ဒီအချိန်မှာ ဖားပြုတ်ကိုက်၊ တရုတ်ကြီးနှစ်ယောက်က ဘေးမှာ ထရိုက်၊ လေတွေကတိုက်၊ မိုးကြိုးတွေကပစ် အဲ့ဒီအချိန်မှာ သူနဲ့စတွေ့။ တွေ့တော့ သူက မုဆိုးမအိမ်အောက်ထဲက ကြွက်သိုက်ထဲက မိုးမိနေတဲ့ ကြွက်စုတ်လိုမျိုး စိုစိုရွှဲ၊ မိုးကြိုးက ထပစ်၊ သစ်ကိုင်းကြီးကျိုး၊ သူမပေါ်တည့်တည့်ကျ၊ သူက ၀င်ကယ်၊ ခြေထောက်ထိ၊ ဆေးရုံရောက်၊ ရင်းနှီး၊ သူ့အကြောင်းသိ၊ ခင်တွယ်... အဲ့ဒီလို စပေး၊ ပြီးတော့မှ ခုရေးတဲ့ဟာထည့်ရေး။ ပြီးတော့ ခပ်လွမ်းလွမ်းလေးနဲ့ ဇာတ်သိမ်း)
အဲသလိုဆို မကောင်းဘူးလားဟင်....... ဟီး ဟီး

MG THANT said...

အရေးအသားက တကယ် လက်ကုန် ကောင်းပါတယ် ဒေါ်ကန်ဒီ... များများရေးပါခင်ဗျ။

ဒို့ရဲ့ နှလုံးသားအဟာရတွေကို ဒီလိုရသတွေနဲ့ ဖြည့်ချင်နေတာ... အဟိ

ညီရဲ said...

ရေးထားတာလေး ကောင်းတယ် ညီမရေ... ဒါကြောင့် ဒီလို ဇာတ်လမ်းလေးတွေ ရေးပါလို့ ပြောတာပေါ့... ငါ့ညီမ တော်တယ်....

Anonymous said...

ခံစားချက်နဲ့ ရေးတဲ့စာတိုင်းကဖတ်ကောင်းတယ် ရေးလို့ ကောင်းတယ်ထင်တာဘဲ။
အိုင်အိုရာ

အောင်အောင် said...

ကျွန်မ တိုက်ခန်းထဲမှ တိုးတိတ်စွာ ပြေးထွက်လာတယ်(ဒုန်း...ဒုန်း) ၀မ်းနည်းမှုနဲ့အတူ(ဝမ်းနုပ်ဆေး သောက်ထားလို့..) အားငယ်မှုတချို့(လက်ဝှေ့ ပွဲမှာ...) ရင်ထဲပြည့်ပြီး ဆို့တက်လာတယ်(တံတွေးတွေ...) မျက်ဝန်းတလျှောက်(ဒါဏ်ရာတွေ...) စီးကျလုဆဲဆဲ မျက်ရည်တချို့ကို(ဒိုင်လူကြီး မမြင်အောင်...) မကျမိအောင် ကျွန်မအစွမ်းကုန်ထိန်းချုပ်ထားတယ်။ ကျွန်မငိုရင်သူ(ဒိုင်...) အနေခက်မှာ စိုးတယ်လေ။ ဒါကျွန်မ ရွေးခဲ့တဲ့လမ်းပဲ(အင်းဟုတ်ပါတယ်...)ဒီအခြေအနေတွေ ဖြစ်မယ်ဆိုတာ(အားမမျှတာကို...) သိသိကြီးနဲ့ ကျွန်မရူးမိုက်စွာ(စိန်ခေါ်မိပြီး....) လျှောက်ခဲ့တဲ့လမ်း။ ဒီတော့ ကျွန်မဆက်လျှောက်ရမယ်(နောက်ဆုံးအချီထိ...)ကျွန်မ နောင်တမရပါ။ အဘယ်ကြောင့်ဆိုသော်.......(ရွှေခါးပတ် ချန်ပီယံ ဖြစ်ချင်သောကြောင့်...)ဟိ..ဟိ...စတာနော် စိတ်ဆိုးပါနဲ့နော် တယ်ချင်း....(မှတ်ချက် - ပိုးစိုးပက်စက် ဝေဖန်နိုင်သည် :P)

ချစ်စံအိမ် said...

ပိုးစိုးပက်စက်ဝေဖန်ရရင်ကောင်းတယ်ဟီဟီ
မမတောင်မရေးတတ်ဘူး

ကိုရင် said...

because of u :)

အောင်သက်ခိုင် said...

"သတိ တစ်ဘ၀လုံးအတွက် အရေးကြီးသည်

စည်းမဲ့ကမ်းမဲ့ မချစ်ရ"


အချစ်ကြီးလွန်းရင် ဘ၀ရည်းမှန်းချက်တွေ



ပျောက်ကွယ်သွားတတ်ပါတယ်။

သံယောဇဉ် ဖြစ်မိပြီဆိုရင် ရုန်းထွက်မရအောင်


ရူးသွပ်တဲ့အထိ ခံစားမိကြပါတယ် ။


မျှော်လင့်ချက်ကြီးစွာနဲ့ ချစ်ခဲ့သူရဲ့


ပစ်ပယ်မှုကို အမှတ်မထင် ခံစားလိုက်ရရင်


ဘ၀ဟာ ဦးတည်ရာမဲ့သွားတတ်တယ် ။



ကိုယ်တိုင် ခံစားဖူးရင်တော့ သိမှာပါ



ဒါကြောင့်....စည်းမဲ့ ကမ်းမဲ့ မချစ်စေချင်ဘူးဗျာ ။ မှတ်ချက် - ပိုးစိုးပက်စက် ဝေဖန်နိုင်သည် :P

မြတ်ကြည် said...

good story :)

BRAINLESS said...

စာအရေးအသား ကောင်းပါပေတယ်ဗျာ၊ကျွန်တော်မှအဲဒီလို မရေးတတ်တာ၊

မဒမ်ကိုး said...

ပိုးစိုးပက်စက် မိုးဒိုးမတ်တပ် ဝေဖန်သွားရရင်ဖြင့် ကောင်းလိုက်တာ သကြားလုံးရယ် ဆက်ကြိုးစားအေ

စကားမစပ် ခုဂျာရစ်ရဘီ လာပြန်ဖတ်ပါ ဒါဘဲး)))


ချစ်တဲ့
အမ မဒိုးကန်

မိုးငွေ့...... said...

ကိုယ်တိုင်ဝင်ခံစားထားလို့ထင်တယ် ဖတ်လို့ကောင်းတယ်.... ဖတ်ရင်းတကယ်ဖြစ်နေတာလားလို့ ထင်သွားတယ် အောက်ဆုံးရောက်မှ ..အော်...။

rose said...

It's very nice novel, Candy. This novel could continue, at last what happen to the girl and that man? They can't be together anymore??

₭Ǿ2 said...

အဟင့် ! ငိုတောင်ငိုချင်သွားတယ် တကယ်ပါ .. တကယ်ခံစားရပါတယ်။ စာပေရသ အနုပညာဆိုတာ ဖတ်တဲ့သူကို ငိုချင်တဲ့အထိ စွဲဆောင် တယ် .

ကိုကိုမောင်(ပန်းရနံ့) said...

အစကထဲက ခပ်ရှင်းရှင်းဘဲ ကောင်းပါတယ်။
နို့မဟုတ်ရင် တစ်သက်လုံး စိတ်ဆင်းရဲနေရမဲ့ အဖြစ်မျိုးကြီး။
စိတ်ပြတ်သားခိုင်မာတဲ့သူတွေအတွက်ဆိုရင်တော့ တစ်မျိုးပေါ့လေ။ အချစ်ရေးဆိုတာကလဲ နားလည်ရခက်တဲ့ ကိစ္စတစ်ခုဆိုတော့ ဘာမှတော့ ဝေဖန်မှု မပြုချင်ပါဘူး။
ဒါပေမဲ့...
မလုပ်ခင်တော့ လုပ်သင့်သလား၊ တစ်သက်လုံး အချစ်စိတ်တစ်ခုထဲနဲ့ နားလည်ပေးနိုင်သလားဆိုတာကိုတော့ စဉ်းစားဖို့ လိုမယ်ထင်ပါတယ်။

တော်တော်ဆိုးတဲ့ ပိစိ။ ဒီလိုမျိုးရေးတတ်တယ်။ လူကို စိတ်မကောင်းအောင်။း)

san htun said...

ကန်ဒီရေ ဒီလိုမျိုးလေးတွေ များများရေးပါဟ

ချောကလက်ကျူးပစ်လေး said...

အားပေးသွားတယ်မချိုချဉ်ရေ
ကောင်းဒယ်ဗျို့..:)

Anonymous said...

ဖတ်လို့ကောင်းတယ်ကန်ဒီး)
ဒီမိန်းကလေး..နေရာမှာဆိုရင်တော့
မစဉ်းစားတတ်ဘူး
အလွမ်းဇာတ်တွေမြင်ရတိုင်း..စိတ်မကောင်းပါဘူးး)
နောက်ဆို..ဇာတ်သိမ်းခန်းလေးပေါင်းပေးပါ
ဇာတ်ဆရာ :P
(ဒီဇာတ်လမ်းက.အမှန်ဆိုတော့.
နောက်တစ်ပုဒ်မှာရေးပေးပါး)

ချစ်ခင်လျှက်
သမီးစံ

jasmine(တောင်ကြီး) said...

ဖတ်ရတာ အရမ်းကောင်းလို့ဘာပြောရမလဲ မသိတော့ဘူး

♫♪★လွမ်းပိုင်ရှင်★♪♫: said...

အရေးအသားတွေကောင်းတယ်ဗျို့
ခင်မင်လေးစားစွာဖြင့် (လွမ်း)

သဒ္ဓါလှိုင်း said...

ညီမလေးက စာရေးကောင်းပါတယ်။ ခုလိုမျိုးလေးတွေရေးပါလို့ ပြောချင်တယ်။ သိတယ်မလား ဘာကြောင့်ဆိုတာ။။။။
ချစ်တဲ့
မမသဒ္ဓါ

နွေတေးရှင် (မင်းဧရာ) said...

အဲ လုပ်ပဟ.....
ကောင်းကောင်းဖတ်ခဲ့တယ် နည်းနည်းလေးတော့ ပြောချင်သေတယ်ဗျာ့။

အချစ်က ကြီးအာသီးလိုမျိုး ထင်တယ်
ထိုင်ကြည့်နေတုန်းသာ ကောင်းတာ လက်ထဲရောက်လာရင် မကောင်းတော့ဘူး။

ကျန်တာကတော့ သူကြီးမင်းပြောသလိုဘဲးးD။

ချစ်သူရင်ခွင် said...

အင်း ဝေဖန်ကြည့်ရရင်တော့.... စိတ်ကူးယဉ်သက်သက်ဆိုရင်တော့ ဖတ်ရတဲ့သူအနှစ်သာရ သိပ်မရှိလှဘူးဗျ... အဲ..တကယ့် ဖြစ်စဉ်လေးဆိုရင်တော့ ဒါမျိုးက ဖြစ်တတ်ကြပါတယ်.. ဘယ်သူ့ကိုမှ အပြစ်မဆိုနိုင်ပါဘူး... အဟီးးး..ထင်ရာလျှောက်ဝေဖန်လိုက်တာနော်...:D

Anonymous said...

ညီမလေးေ၇.. ကိုယ်တိုင်ဝင်ခံစားပြီးဖတ်သွားတယ်.
အရေးအသားလေးမဆိုးဘူး
မမ camomilla

ချမ်းမင်းကို(ပဥာက်) said...

အမ်းး...ခဏခဏလာဖတ်တယ်..ဘယ်လိုပြောရရင်ကောင်းမလည်းလို့စောင့်နေတာ....ဖြစ်တည်မူ့ပုံမှန်တိုင်းလူ့တွေရဲ့ခံစားချတ်သဘာဝကို ထင်ဟပ်စေတယ်...။ဝတ္ထုရှည်ကြီးထိဆွဲ့ဆန့်လိုက်ရင်အကောင်းဆုံး တစ်အုပ်ဖြစ်နိုင်တယ်...။ဇာတ်ကားတစ်ခုထိဖြစ်မယ်ဆိုဒီကောင်မလေးကို အကယ်ဒီမီပေးချင်သား...။မျော်လင့်တဲ့စိတ်...တွေဝေတဲ့စိတ်နဲ့ဒွန်းတွဲပြီး..ဖြူစင်စွာချစ်သလို မနာလိုခြင်းတွေရောပြွန်းပြီးအချစ်တစ်ခုကို မရဲတရဲအားကိုး..ပေးဆပ်ခြင်းတွေဖြည့်စွတ်ခြင်းတွေနဲ့အတူ...စွန့်လွတ်ရခြင်းဟာ သူအနားရောက်လာတျေွာလိုလို...အမ်း..ဒီကောင်မလေး...ဒီကောင်မလေး...၂၀၁၂ရဲ့ အကောင်းဆုံး ဇာတ်လမ်းကို...အဘယ်ကြောင့်ဆိုသော်....၂၀၁၂ရဲ့ အကောင်းဆုံး သရုပ်ဆောင် ဒီကောင်မလေး.....