Thursday, June 28, 2012

☼ St. John's Island ☼


ဟိုမနေ့တနေ့ကမှ မင်္ဂလာဆောင်သွားတဲ့ သူငယ်ချင်းနှစ်ယောက်က အပျော်တွေလွန်ပြီး Picnic သဘောမျိုး တနေရာရာသွားမယ်ဆိုတာနဲ့ သူငယ်ချင်းတွေအားလုံးနဲ့အတူ တနင်္ဂနွေနေ့က St. John's Island ဆိုတဲ့ ကျွန်းလေးဆီ ရောက်သွားတယ်။ Marina Bay ကနေ သင်္ဘောခဏလေးစီးသွားတာနဲ့ ရောက်တယ်လေ။ လက်မှတ်ခက တယောက်ကို SGD 15။ နောက်ကျွန်းတခုလည်း ရှိသေးတယ်။ ဒါပေမယ့် အားလုံးက လျှောက်သွားဖို့ထက် သူငယ်ချင်းတွေနဲ့ လွတ်လွတ်လပ်လပ် မုန့်စား ဂစ်တာတီးနဲ့ နားနားနေနေ နေဖို့ပဲဆိုတော့ နောက်ကျွန်းကို မသွားလိုက်တော့ဘူး။

 အဖွဲ့လိုက်ပုံလေးတော့ တင်သင့်တယ် ထင်တယ်နော်။ ကန်ဒီ့ပုံကြီးပဲ ကြည့်နေရရင် ပျင်းစရာကြီး :D

သူတို့ပုံတွေလည်း အများကြီး မတင်ရဲဘူး.. အပြောခံရမှာ စိုးလို့ ဟိဟိဟိ xD

စင်္ကာပူ မြို့ပြကို ကျောခိုင်းလို့ သင်္ဘောပေါ်မှာ...

သင်္ဘောပေါ်တက်တက်ချင်းပဲ အိတ်ထဲထည့်လာတဲ့ Sun screen ဗူးကြီးက အဖုံးပွင့်ပြီးဖိတ်လို့ တော်တော်လုပ်ယူလိုက်ရတယ်။ အိတ်ထဲဖိတ်တဲ့ Sun screen တွေကို ကိုယ့်ဟာကိုယ်လည်း လူးရင်း သူငယ်ချင်းတွေကို အတင်းလိုက်လူးပေးရတယ် xD

 ရောက်သွားပြီ...

 နေတော်တော်ပူလို့ ဘယ်သူမှ အဲ့မှာ သွားမရိုက်ဘူး။ ကန်ဒီတယောက်တည်း အပူခံရိုက်တာ :D :P


ပူပူနွေးနွေး သူငယ်ချင်းလင်မယားက အားလုံးစားဖို့ ကြာဆံကြော်နဲ့ ခေါက်ဆွဲကြော် ကြော်လာတယ်။ ကန်ဒီတို့က အအေးဗူးတွေ ၀ယ်တယ်။ ဘီယာသောက်တတ်တဲ့သူက ဘီယာဗူးတွေဝယ်တယ်။ ဒီပုံက စားတဲ့နေရာကနေ ရိုက်ထားတာ။ အမိုးလေးမိုးထားတဲ့နေရာက သင်္ဘောပေါ်ကနေ စဆင်းတဲ့နေရာ :D

 သတိထားမိလားတော့ မသိဘူး.. ကန်ဒီ ဆံပင်ညှပ်ထားတယ်။ အရင်လောက် မရှည်တော့ဘူး...


ကင်မရာနဲ့ ကိုယ့်ကိုကိုယ်ရိုက်တဲ့နေရာမှာ လုပ်နိုင်တဲ့ အမူအရာက အဓိကအားဖြင့် မျက်နှာပေါ်မှာပဲ ရှိတယ်။ တခါလာလည်း ဒီအပြုံး.. နောက်တခါလာလည်း ဒီအပြုံးပဲဆို ပျင်းစရာကြီးနော်။ ဒီ Concept ကို တချို့က နားမလည်ကြဘူး...

 တောထဲမှာ အရိပ်ကောင်းတဲ့နေရာ တွေ့လိုတွေ့ငြား သွားရှာကြတာ.. အိုက်တာမှ အသက်ထွက်မတတ်ပဲ..
ဆံပင်တောင် စည်းထားရတဲ့ ဘ၀ =.='

စိမ်းစိုနေတာပဲ.. အရမ်းမိုက်တယ်။ ဒါပေမယ့် ခင်းထိုင်ဖို့ 
အခင်းတွေ မေ့ကျန်ခဲ့လို့ ထိုင်ခုံရှိတဲ့နေရာပဲ ရှာရတယ် >.<

ဒီပန်းလေးကို ခုနကတောထဲကယူခဲ့တာ။ ထူးဆန်းတယ်နော်.. ကာတွန်းထဲက ပျားမျက်နှာလေးနဲ့တူတယ်။
 မျက်လုံးလည်း ပါတယ်။ တခါမှ မတွေ့ဖူးဘူး..

ညနေစောင်းတော့ ရေကူးတတ်တဲ့လူတွေက ရေကူးကြတယ်။ ကန်ဒီက ရေမကူးတတ်ဘူး.. အဲ့တော့ အပေါ်မှာပဲ စားလိုက် သောက်လိုက် ဓာတ်ပုံရိုက်လိုက် သီချင်းဆိုလိုက်ပေါ့။ နောက်ဆုံးသင်္ဘောက ၅နာရီခွဲလောက်ဆို လာတယ်။ အဲ့သင်္ဘောနဲ့ပဲ စင်္ကာပူ တဖက်ကမ်းကို ပြန်ခဲ့တယ် ဆိုပါတော့....

ပုံပြင်လေးကတော့ ဒါပါပဲကွယ် :P :P
Good Night.
Have a Candy Dream ^_^

Sunday, June 24, 2012

မိတ်ကပ် ဘယ်လိုလိမ်းမလဲ??

ခေါင်းစဉ်ကြည့်တာနဲ့တင် မိန်းကလေးတွေအတွက် ရည်ရွယ်မှန်း သိပါတယ်နော်။ တကယ်တော့ ဒီအကြွေးက တင်နေတာ တော်တော်ကြာပြီ။ မမီးမီးက မိတ်ကပ်လိမ်းနည်း ရေးပေးပါလို့ ပြောထားတာ ခုမှပဲ ရေးဖြစ်တော့တယ်။ ဒီပိုစ့်က "မိတ်ကပ်လိမ်းနည်း"ဆိုတာထက် "ကန်ဒီ့မိတ်ကပ်လိမ်းနည်း"ဆို ပိုမှန်မယ်။ မိန်းကလေးတယောက်နဲ့တယောက် လိမ်းနည်းတွေက ကွဲပြားကြမှာပဲလေ။ မိတ်ကပ်ပညာရှင်တယောက်လည်း မဟုတ်တော့ ဒီနည်းက အမှန်ပါလို့ မပြောချင်ဘူး။ ကန်ဒီသုံးတဲ့ Cosmetic တချို့ကိုလည်း အကြမ်းဖျင်း ပြောပြသွားမယ်နော်။ ဈေးကြီးတဲ့ Cosmetic တွေတော့ မမျှော်လင့်ထားပါနဲ့။ ပိုက်ဆံမရှိသော ကန်ဒီသည် Chanel တို့ Dior တို့ သုံးနိုင်စွမ်း မရှိပါ >.<


မျက်နှာသစ် Moisturizer လိမ်းပြီးရင် Sunscreen လိမ်းပါတယ်။ ကန်ဒီသုံးတာ Neutrogena Ultra Sheer Dry Touch SunBlock (SPF 30) ပါ။ သူက တခြား Sunscreen တွေလို မျက်နှာကို အဆီမပြန်စေဘူး။ အဲ့ဒါပြီးရင် Nivea Lip Balm ကို နှုတ်ခမ်းမှာ လိမ်းထားပါတယ်။ အားလုံးပြီးရင် ဆိုးမယ့်နှုတ်ခမ်းနီအတွက် ကြိုတင်ပြင်ဆင်ထားတဲ့သဘောပေါ့။


Foundation အနေနဲ့ Revlon PhotoReady (သို့) Skin 79 BB cream ကို ကိုယ်သွားမယ့် နေရာပေါ်မူတည်ပြီး သုံးပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ ခဏပဲ သွားရမယ့်နေရာမျိုးဆို BB cream ပဲ လိမ်းပြီး တနေကုန်နေရမယ့် နေရာမျိုးဆို Revlon လိမ်းပါတယ်။ လိမ်းတဲ့နေရာမှာ နည်းနိုင်သမျှနည်းအောင် ပါးပါးလေးပဲ လိမ်းတယ်။ အမာရွတ်တွေဘာတွေ ဖုံးစရာလည်း မလိုဘူး။ အသားရောင်ကို ညီသွားရုံလောက်ပဲ လိမ်းပါတယ်။ ကန်ဒီ မျက်နှာလိမ်းဖို့ Foundation Brush မသုံးပါဘူး လက်နဲ့ပဲ လိမ်းပါတယ်။ အကြောင်းကတော့ Brush ကို ခဏခဏဆေးရမှာ ပျင်းလို့ပါ(:P)။ Brush အသုံးပြုတယ်ဆို အထူးသဖြင့် Foundation Brush ကို ပုံမှန်ဆေးဖို့ မမေ့ပါနဲ့နော်။


အဲ့ဒါပြီးရင် ကန်ဒီ့ရဲ့ မရှိမဖြစ် Concealer လိမ်းပါတယ်။ ကန်ဒီအခုသုံးနေတာ Maybelline mineral concealer ပါ။ အပေါ်မှာပြထားတဲ့နေရာတွေက ကန်ဒီ Concealer လိမ်းတဲ့နေရာတွေပေါ့။ အဲ့နေရာတွေပြီးရင် အမာရွတ်တွေပေါ် လိမ်းပါတယ်။ Concealer ကို အထူကြီး မလိမ်းပါနဲ့။ ကိုယ်ဖုံးချင်တဲ့အမာရွတ်ကို ဖုံးတယ်ဆိုရုံလေးလိမ်းပါ။ ဒါကိုလည်း ကန်ဒီလက်နဲ့ပဲ လိမ်းပါတယ်။ တချို့တွေပြောကြတာက Concealer ကို ကိုယ့်အသားရောင်ထက်  တဆင့်(သို့)နှစ်ဆင့်နုတာ ၀ယ်သင့်တယ်တဲ့။ ကန်ဒီကတော့ ကန်ဒီ့အသားရောင်နဲ့တူတာပဲ ၀ယ်ပါတယ်။ တဆင့်နုတဲ့အရောင်က မျက်လုံးအောက် မျက်ကွင်းညိုတာကို ဖုံးဖို့ အဆင်ပြေပေမယ့် အမာရွတ်ဖုံးဖို့မျိုးကျတော့ ကိုယ့်အသားရောင်နဲ့တူတဲ့ Concealer က ပိုအဆင်ပြေတယ်လေ။


ပြီးရင်တော့ ပေါင်ဒါနဲ့ အပြီးသတ်လိုက်လို့ရပါပြီ။ ပေါင်ဒါကို နည်းနှစ်နည်းနဲ့ လိမ်းနိုင်ပါတယ်။ Brush သုံးပြီး လိမ်းတာနဲ့ Puff သုံးပြီးလိမ်းတာပါ။ Brush သုံးပြီးလိမ်းတာက သဘာဝကျကျမျက်နှာလေး ရစေတယ်။ Concealer များများသုံးထားတယ်ဆိုရင်တော့ Puff သုံးတာ ပိုကောင်းပါတယ်။ Brush နဲ့ ပေါင်ဒါလိမ်းတာက ကိုယ်သုံးထားတဲ့ Concealer တွေနေရာရွေ့သွားစေပါတယ်။ ကန်ဒီကတော့ ဒီနောက်ပိုင်း Puff နဲ့ ပေါင်ဒါကို မျက်နှာပေါ်တို့ပြီးလိမ်းရတာကို သဘောကျနေတယ်။ မိတ်ကပ်လည်း ကြာကြာခံစေတယ် ထင်လို့လေ :)


ဒါ ကန်ဒီသုံးနေတဲ့ Brush တွေပါ။ တော်တော်များများက Ecotools Brush တွေလေ။ ဈေးအရမ်းမကြီးဘူး။ ဒါပေမယ့် Quality ကောင်းတယ်။ အမည်းနဲ့ အဖြူလေးက Elf ကပါ။
(1) Powder Brush
(2) Blush Brush
(3) Blending Brush
(4) Eyeshadow Brush 
(5) Eyeshadow Brush
(6) Eyeliner Brush (မျက်ခုံးမွှေးဆွဲဖို့)
(7) Eyeliner Brush (Eyeliner အတွက်)


မျက်လုံးအတွက် သုံးတဲ့Brushတွေမှာတင် သူရဲ့ပုံစံ ကွဲပြားမှုပေါ်မူတည်ပြီး အသုံးပြုပုံကွဲပြားတယ်လေ။ ဘယ်ဘက်ပုံက အတည့်ကို ပြထားတာ။ ညာဘက်ပုံက ဘေးက ရိုက်ပြထားတာ။ အထူအပါးမတူသလို အမွှေးလေးတွေ Shape လုပ်ထားပုံချင်းမတူဘူး။ နံပါတ်(၁) Brush က အရောင်တွေ ရောဖို့ပိုသင့်တော်တယ်။ နံပါတ်(၂)က မျက်ခွံပေါ် ကာလာတင်ဖို့အတွက်ပဲ ကောင်းတယ်။ နံပါတ်(၃) ကတော့ နှစ်မျိုးလုံးအတွက်ကောင်းတယ်။


မျက်ခုံးမွှေးအတွက်က ကန်ဒီ Eyeshadow အညိုရောင်ကိုပဲ ဟိုးအပေါ်ကပုံမှာပြထားတဲ့ နံပါတ်(၆) Brush နဲ့ဆွဲလိုက်တာများတယ်။ ပြီးရင် အပေါ်ပုံက Brush နဲ့ အရမ်းထင်းမနေအောင် အရောင်ပြန်ညှိလိုက်တယ်။ မျက်ခုံးမွှေး ဆွဲတာနဲ့ မဆွဲတာ လူတယောက်ရဲ့မျက်နှာကို အရမ်းပြောင်းလဲစေတယ်။ မျက်ခုံးမွှေးဆွဲမယ်ဆိုလည်း ကိုယ့်မျက်နှာနဲ့ လိုက်ဖက်တဲ့ မျက်ခုံးမွှေး Shape ကို သေချာ ပုံစံသွင်းပြီးမှ ဆွဲတာ ပိုလှတယ်။ မျက်ခုံးမွှေး မနှုတ်ဘဲ မျက်ခုံးမွှေးဆွဲတာ သိပ်မလှဘူး။ နောက်ပြီး မျက်ခုံးမွှေးကို မရိတ်စေချင်ဘူး.. နှုတ်တာကို ပိုအားပေးတယ်။ ရိတ်တာ အမွှေးကြမ်းကြမ်းကြီးတွေ ထွက်စေတယ်။ ခြေလွန်လက်လွန် မရိတ်/မနှုတ်မိဖို့လည်း လိုသေးတယ်။ မျက်ခုံးမွှေး အရမ်းပါးသွားရင် လူကိုရင့်စေတယ်။ မျက်ခုံးမွှေးထူထူလေးက လူကို ပိုနုစေတယ်။


မျက်လုံးမိတ်ကပ်နဲ့ပက်သက်ပြီးပြောရမယ်ဆို ကန်ဒီအမြဲလုပ်တာ ဒီပုံစံပဲ။ Eyelinerကို Eyeshadow အမည်းနဲ့ Brush နံပါတ်(၇)ကို သုံးပြီးဆွဲတယ်။ Liquid (or) Gel Liner မသုံးဖြစ်တာ တော်တော်ကြာပြီ။ ဘာလို့လဲဆိုတော့ Eyeshadow နဲ့ဆွဲတာ ပိုသဘာဝကျတဲ့ မျက်လုံးရစေတယ်။ Eyeliner အရမ်းကြီး ထင်းမနေဘူးလေ။ Cat Eyeliner မဆွဲဘူး။ ကန်ဒီ့မျက်လုံး Shape အတိုင်းကိုပဲ ဆွဲသွားတယ်။ မျက်လုံးအပေါ်နဲ့အောက်က Eyeliner ကို ထောင့်မှာ ဆက်တယ်။ အောက်ဘက်ကိုက တ၀က်ပဲဆွဲတယ်။ မျက်လုံးအောက်ဖက် Eyeliner မဆွဲရင် တမျိုးကြီးဖြစ်ပြီး မျက်လုံးက မပြည့်စုံသလိုပဲ ခံစားရလို့ အမြဲဆွဲဖြစ်တယ်။ Eyeshadow အတွက်တော့ ပန်းရောင်နဲ့အညိုသုံးတာများတယ်။

 
မျက်တောင်အတွက် Covergirl Lashblast Volume Mascara သုံးတယ်။ မျက်တောင်ကော့တဲ့ Eyelash Curler မသုံးဘူး။ အဲ့ဒါကို ကြောက်တဲ့ရောဂါရှိလို့ (>.<)။ Waterproof မသုံးဘူး။ ဖျက်ရခက်မှာစိုးလို့ တခါတလေပဲ သုံးတယ်။ ကန်ဒီ့ရဲ့ Mascara သုံးပြီး မျက်တောင်ကော့နည်းကတော့ ဒီလို.. မျက်တောင်ကို အပြင်ဘက်ရောက်အောင် ကော့တယ်။ ဘယ်လိုပြောမလဲ.. မျက်လုံးရှေ့ကနေ ကော့တဲ့အတံကို အပေါ်အောက် မဆွဲဘူး။ ၄၅ဒီဂရီ ဘေးကို ဆွဲတယ်။ အဲ့လိုလုပ်တာ မျက်လုံးကို ပိုSweet ဖြစ်စေတယ်။ ဒီလိုကြီး ကော့နေတာထက်စာရင်ပေါ့ >>>>>>>>>

ပါးနီ နဲ့ နှုတ်ခမ်းအတွက်တော့ ကန်ဒီပိုစ့်သက်သက်စီ ရေးဖူးပါတယ်။ ကိုယ်တိုင်လည်း အဲ့လိုပဲ လုပ်ဖြစ်တာများတယ်။ ဟိုတလောကမှ ဖတ်လိုက်ရတဲ့ ပါးနီချယ်နည်းနဲ့ ပက်သက်တဲ့ မှတ်သားစရာလေးကတော့ ပါးနီကို ပြုံးပြီးမချယ်ရဘူးတဲ့။ ပြုံးလိုက်တဲ့အချိန်မှာ ပါးကအပေါ်နည်းနည်းလေးတက်သွားတယ်လေ။ အဲ့လိုအချိန်မှာ ချယ်လိုက်ရင် မပြုံးဘဲ ပုံမှန် အနေအထားမှာ ပါးနီက ပုံမှန်ရှိသင့်တဲ့နေရာထက် အောက်ကျနေတတ်လို့ပါတဲ့။ သူပြောတာလည်း ဟုတ်တာပဲ။ ကိုယ့်ပါးရဲ့ အမြင့်ဆုံးနေရာကို မပြုံးလည်း ကိုယ့်ဟာကိုယ်တော့ သိပါတယ်။ ဟုတ်တယ်ဟုတ် ^_^


တော်တော်တောင် ရှည်သွားပြီ။ OK.. ဒါကတော့ မျက်နှာတပြင်လုံးစာအတွက် ကန်ဒီဘယ်လိုလုပ်တယ်ဆိုတာ အကြမ်းဖျင်းပြောပြတာပါ (အကြမ်းဖျင်းဆိုပေမယ့် ကုန်သလောက်နီးနီးပါပဲ :P)။ နောက်ပိုင်းမှာ အဆင်ပြေရင် ပြေသလို တခုချင်းစီခွဲပြီး ရေးပေးပါ့မယ်။ အထူးသဖြင့် မျက်လုံးအတွက်ပေါ့ :D

ပျော်ရွှင်ပါစေ^^

Wednesday, June 20, 2012

Sharing Happiness ♥


လွန်ခဲ့တဲ့ ၂ပတ်လောက်က...
Facebook Notification တစ်ခုတက်လာလို့ ဖတ်လိုက်တော့ OMG!! ထင်မှတ်မထားတဲ့သတင်းတစ်ခု။  ဇွန်လ ၁၆ရက်နေ့မှာ ကျင်းပမယ့် သူငယ်ချင်းနှစ်ယောက်ရဲ့ မင်္ဂလာဆောင်ဖိတ်စာလေး။ ဒီလောက်မြန်မြန်လက်ထပ်ဖြစ်မယ် မထင်ထားတော့ အံ့သြသွားတယ်။ ပြီးတော့ သူတို့နှစ်ယောက်အတွက်လည်း အရမ်းပျော်မိတယ်။


သူတို့နှစ်ယောက်ပုံတောင် ကန်ဒီ့ဘလော့မှာ တခါတင်ဖူးသေးတယ်။ သူတို့ခွင့်ပြုလို့လေ။ ကန်ဒီမမှားဘူးဆို သူတို့စတွေ့တာ မနှစ်က ကန်ဒီ့မွေးနေ့မှာပေါ့။ သူငယ်ချင်းတွေကို အိမ်မှာဆူရှီလုပ်ကျွေးတော့ တဖက်စီက သူငယ်ချင်းတွေဆုံကြတယ်လေ။ ကိုပြည့်ဖြိုးက ကန်ဒီ့ထက်ကြီးပြီး မေချိုက တနှစ်ငယ်တယ်။ အဲ့လို သူငယ်ချင်းမင်္ဂလာဆောင်ဖိတ်တာမျိုး တခါမှမကြုံဖူးသေးတော့ ပျော်လည်းပျော် တဆက်တည်း တွေးမိတာက ကန်ဒီ့အရွယ်က "မင်္ဂလာဆောင်ရမယ့်အရွယ်ရောက်နေပြီလား.." ဆိုပြီး (:P :P)။ အစ်မတယောက်က "ကန်ဒီ့အလှည့် ဘယ်တော့လဲ.."တဲ့ (ဟီးဟီး)။ Noooo ပါ.. ကန်ဒီက လွတ်လွတ်လပ်လပ်နေချင်သေးတယ် :D

အဲ့နေ့ကပုံတွေ ဖေ့ဘွတ်မှာတင်တော့ အမေက ကန်ဒီတို့ပုံတွေမြင်ပြီး ကန်ဒီ့ကို ၀ လာတယ်တဲ့။ အမှန်က ဒီရက်ပိုင်း နေမကောင်း ၀မ်းလျှောနဲ့ ပိန်သွားတာ ဟိ

 သတို့သမီးက သူကိုင်တဲ့ပန်းကို ဓာတ်ပုံရိုက်ဖို့ ပေးထားတာ :P

 ဒါ သူတို့ပေးတာ။ အဲ့ဒါကို ဘယ်လိုခေါ်လဲ? မင်္ဂလာဆောင်တွေမှာ လာတဲ့သူအားလုံးကို ပေးတဲ့ဟာလေ..


နေရာက East Coast Goldkish Restaurant.. အဲ့မီးခွက်လေးတွေ နှင်းဆီပွင့်ဖတ်လေးတွေက မေချိုကိုယ်တိုင် လုပ်ထားတာတွေ။ Restaurant က လုပ်တဲ့ ဒီဇိုင်းမဟုတ်ဘူး။ အရမ်းသဘောကျတယ်။


မေချို့တူလေး.. တနှစ်ကျော်ကျော်ပဲ ရှိသေးတယ်။ အရမ်းချစ်ဖို့ကောင်းတယ်။ သူနဲ့ ဓာတ်ပုံရိုက်ချင်တာ ငြိမ်ငြိမ်မနေတော့ ၀ါးသွားတယ်။ ကန်ဒီ ကလေးချစ်တတ်တယ်။ ဒါပေမယ့် ကလေးချစ်အောင် မပြောတတ်ဘူး။ ဘယ်လိုပြောမလဲ... ကလေးသဘောကျအောင် မလုပ်ပြတတ်ဘူး။ တကယ်တော့ လူကြီးချစ်အောင်လည်း မပြော/မလုပ်တတ်ပါဘူး(>.<)။ ကန်ဒီ့မှာ ခုထိ တူတွေ တူမတွေ မရှိသေးဘူး။ အရမ်းလိုချင်တယ်။ အိမ်ထောင်ကျသွားတဲ့အစ်ကိုတယောက်ကလည်း ခုထိ ကလေးမရသေးဘူး >.<


သူ့ကိုတော့ တွေ့ဖူးမယ်ထင်ပါတယ်။ ကန်ဒီ့ဘလော့မှာရော ဗွီဒီယိုတချို့မှာပါ  ပါဖူးတယ်။ ဟင်းချက်ကောင်း ဂစ်တာတီးကောင်းပြီး အရမ်းခင်ရတဲ့ အစ်ကိုတယောက်ပါ။ သူ့မကောင်းကြောင်းတော့ ဒီမှာရေးလို့မဖြစ်ဘူး။ သူက ခုတောင် ဖတ်ရင် ဖတ်နေမှာ.. ဟဟဟ (နောက်တာနော် :P)

မင်္ဂလာလက်ဖွဲ့ကတော့ သူငယ်ချင်းတွေပေါင်းပြီး နာရီဆင်တူလေး ပေးလိုက်တယ် (ဓာတ်ပုံမရိုက်လိုက်ရဘူး)။ သူတို့အတွက် ကန်ဒီသီးသန့်လုပ်ပေးတဲ့ လက်ဆောင်ကတော့ ဒါလေးပါ...


အံ့သြသွားအောင် ဟိုနေ့ကပဲ သူတို့ဖေ့ဘွတ်မှာ တင်ပေးလိုက်တယ်။ ကန်ဒီ့ Channel မှာတင်ဖို့ မေချို့ကို ခွင့်တောင်းတော့ သူကခွင့်ပြုတယ်လေ။ အဲ့ဒါနဲ့ YouTube မှာလည်း တင်ဖြစ်သွားတယ် :D

ကန်ဒီ့လက်ဆောင်လေး သူတို့နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်^^
ဒီပိုစ့်လေးက သူတို့နှစ်ယောက်ရဲ့အပျော်တွေ မျှဝေတာဆိုလည်း မမှားဘူးပေါ့ :D

Good Night..

Saturday, June 16, 2012

Green Tea


Green Tea, Black Tea, White Tea အစရှိသဖြင့် Tea အမျိုးအစားများစွာ ရှိပါတယ်။ သူတို့တွေကို Camellia sinensis လို့ခေါ်တဲ့အပင်တမျိုးက ရရှိပြီး Process လုပ်ပုံကွဲပြားမှုအလိုက် အမျိုးအစား ခွဲခြားထားပါတယ်။ ဥပမာ အပင်က ခူးပြီးပြီးချင်း ချက်ချင်း Preserve လုပ်ထားတာကို Green Tea လို့ခေါ်ပြီး နည်းနည်းကြာကြာထားပြီးမှ ရတဲ့အရွက်တွေနဲ့ Black Tea ပြုလုပ်ပါတယ်။ နောက်တနည်းပြောရမယ်ဆို Green Tea ကို Streamed Tea Leave နဲ့ပြုလုပ်ထားပြီး Black Tea ကိုတော့ Fermentated Tea Leave နဲ့ ပြုလုပ်ပါတယ်။ ရှုပ်သွားပြီထင်တယ်။ Streamed ဆိုတာ ရေနွေးငွေ့ရိုက်တဲ့သဘောပဲလေ။ သူ့မှာပါဝင်တဲ့အာနိသင်တွေ မပျက်စီးစေဘူးပေါ့။ Fermentated ဆိုတာကျတော့ ဒိန်ချဉ်တွေအချဉ်ဖောက်သလို ကြာကြာထားတဲ့သဘောကို ပြောတာ။ ဒီနေ့ Green Tea အကြောင်းပဲ အဓိက ပြောမယ်နော်....

တခြား Tea အမျိုးအစားတွေနဲ့ ယှဉ်မယ်ဆို Green Tea က Antioxidant (Polyphenol) ပါဝင်မှုအများဆုံးလေ။ အကြောင်းကတော့ အပေါ်မှာ ပြောခဲ့သလို သူက ခူးခူးပြီးချင်း အာနိသင်တော်တော်များများ မဆုံးရှုံးခင် Preserve လုပ်ထားတဲ့အရွက်တွေနဲ့ ပြုလုပ်လို့ပါ။

အကျိုးအာနိသင်များ
► Green Tea မှာ Antioxidant Polyphenol ပါဝင်လို့ အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေတယ်။ တနည်းအားဖြင့် အရွယ်တင်နုပျိုစေတယ်ပေါ့။ ခန္ဓာကိုယ်ရဲ့ ခုခံနိုင်မှုစွမ်းအားကိုလည်း မြင့်မားစေပါတယ်။
► တနေ့ကို Green Tea ခွက်တ၀က်ပဲ သောက်တဲ့လူတွေမှာတောင် သွေးတိုးတဲ့လက္ခဏာတွေ လျော့နည်းစေတာ တွေ့ရပါတယ်။ အကြောင်းကတော့ သွေးကြောတွေကို ကျဉ်းစေပြီး သွေးတိုးခြင်းကို အားပေးတဲ့ Angiotensin Converting Enzyme (ACE) ကို တားဆီးပေးလို့ပါ။ အခုဈေးကွက်မှာ အသုံးများနေတဲ့ သွေးတိုးချဆေးတွေကလည်း ACEကို တားပေးတဲ့ဆေးတွေပါပဲ။ ACE Inhibitors လို့ ခေါ်ပါတယ်။
► ပါဝင်ပစ္စည်းတမျိုးဖြစ်တဲ့ EGCG ဟာ ခန္ဓာကိုယ်တွင်း ကယ်လိုရီအသုံးပြုမှုကို အားပေးတဲ့အတွက် အ၀လွန်ခြင်းကို ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။
► Green Tea ဟာ Cholesterolကို ကျစေပြီး သူ့မှာပါဝင်တဲ့ Polyphenolဟာ အဆစ်အမြစ်ရောင်ခြင်းကို သက်သာစေပါတယ်။ သွေးတွင်းသကြားဓာတ်ကို လျော့ပါးစေတဲ့အတွက် သွေးချို ဆီးချိုဝေဒနာရှင်တွေအတွက် သင့်တော်ပါတယ်။
► Green Tea မှာ Anitoxidant Catechin များစွာပါဝင်ပါတယ်။ Catechin တမျိုးဖြစ်တဲ့ Epigall ocatechin gallate (EGCG) ဟာ ကင်ဆာဆဲလ်တွေ ပွားများနိုင်ဖို့လိုအပ်တဲ့ Enzyme တမျိုးကို တားဆီးပေးကြောင်း လေ့လာချက်တွေအရ သိရပါတယ်။ အဲ့တော့ ကင်ဆာဝေဒနာရှင်တွေအတွက် အထူးသင့်လျော်တာပေါ့။ လက်ရှိကင်ဆာအတွက်အသုံးပြုနေတဲ့ ဆေးအများစုဟာ မလိုချင်တဲ့ ကင်ဆာဆဲလ်တွေအပြင် ပုံမှန်ဆဲလ်တွေကိုပါ တိုက်ခိုက်တတ်လို့ ကင်ဆာလူမမာအများစုဟာ ဘေးထွက်ဆိုးကျိုးများစွာကို ခံစားနေရတာပါ။ Green Tea မှာပါဝင်တဲ့ EGCG ဟာ ကင်ဆာဆဲလ်ကိုပဲထိခိုက်စေပြီး ပုံမှန်ဆဲလ်တွေအပေါ် အာနိသင်မရှိပါဘူးတဲ့။ ဘယ်လောက်ကောင်းလဲနော်။ ဒါပေမယ့် ဆေးအဖြစ်သုံးဖို့ဆိုရင်တော့ စမ်းသပ်မှုတွေအများကြီး ထပ်လုပ်ဖို့ လိုသေးတာပေါ့။
► Green Tea မှာ အရောင်ကျစေတဲ့အစွမ်းရှိတဲ့အပြင် ဟော်မုန်းဓာတ်ကိုလည်း ထိန်းညှိပေးလို့ ၀က်ခြံတွေကို သက်သာစေပါတယ်။
► ခန္ဓာကိုယ်တွင်း အဆိပ်အတောက်တွေကို ဖယ်ရှားပေးတယ်လို့လည်း ဆိုပါတယ်။ ဒါကတော့ လူတိုင်းတွေးကြည့်ရင် သိပါတယ်။ အိမ်သာခဏခဏသွားရတာပဲ ကြည့်လေ :D

အားလုံးကတော့ "သူ့အာနိသင်တွေက များလှချည်လား.. ဟုတ်ရော ဟုတ်ရဲ့လား.." ဆိုပြီး တွေးနေမှာပဲ။ ကန်ဒီကိုယ်တိုင်လည်း စာတွေဖတ်ပြီး အဲ့လိုတွေးမိပါတယ်။ "Green Tea သည် အကုန်လုံးအတွက်ကောင်းပါသည်" ဆိုပြီး ရေးလိုက်ရင်တောင် ပိုမြန်မယ်ထင်တယ်နော်(:P)။ ကန်ဒီ့အမြင်ကတော့လေ အပေါ်မှာ ပြောထားတဲ့အချက်တွေက လေ့လာချက် Research တခုစီကနေရတဲ့အချက်တွေလို့ ထင်တယ်။ အဲ့တော့ ယေဘူယျအားဖြင့် ကောင်းတယ်လို့ပဲ မှတ်လိုက်ပေါ့နော်။ Green Tea သောက်တာနဲ့ ဆီးချို သွေးတိုး ကင်ဆာရောဂါတွေ ***ဟတ်ချလောင်း!!*** ဆိုပြီး ပျောက်တယ် ဆိုတာမျိုးတော့ မဟုတ်ဘူးပေါ့။ အဲ့လိုပြောနိုင်ဖို့ဆို Research အများကြီးလုပ်ဖို့ လိုအပ်နေပါသေးတယ်။

ဒီပိုစ့်လေးရေးပေးဖို့ပြောထားတဲ့ အစ်မ/ညီမလည်း ကျေနပ်မယ်ထင်ပါတယ်နော်။ ကြာသွားလို့ မေ့တောင်သွားပြီလား :P :P

OK ကန်ဒီလည်း ရေနွေးတခွက်လောက်သွားယူလိုက်ဦးမယ်^^

Wednesday, June 13, 2012

အလာပ သလာပ


ခေါင်းအုံးပေါ်ကျကျနနမှီပြီး စိတ်ထဲပေါ်လာသမျှရေးတဲ့ဒီလိုပိုစ့်မျိုးကို ကန်ဒီအကြိုက်ဆုံးပဲ။ ဒါမျိုးပိုစ့်က ရည်ရွယ်ချက်မရှိဘဲ ဟိုရောက်ဒီရောက် ရှုပ်ပွနေတတ်တယ်။ ဒါပေမယ့် စိတ်ထဲရှိနေတာတွေ တယောက်ယောက်ကို ပြောပြရသလို အရသာရှိတယ်။ ပြောသမျှနားထောင်ပေးတဲ့လူတွေကတော့ စာဖတ်သူတွေပေါ့ :D

ဟိုနေ့က တရားပွဲ လူအရမ်းစည်တယ်။ အဲ့လောက်လူများမယ် မထင်ထားဘူး။ ကန်ဒီက ကြိုဆိုရေးဆိုတော့ လာတဲ့သူတွေကို "မင်္ဂလာပါရှင့်.. အပေါ်ကြွပါရှင့်" အဲ့လိုပြုံးပြီးပြောရတာ(^_^)။ ကိုယ်တိုင်မရိုက်ဖြစ်တော့ ဖေ့ဘွတ်ကပုံလေးတွေ နည်းနည်းမလာတယ် :P


ဆရာတော်သုံးတဲ့မိုက်က စံပယ်ပန်းလေးတွေက ကန်ဒီတို့ ဒီလိုသီထားတာလေ :D 
(ကန်ဒီ့ကိုတွေ့လား??)

 ကြိုဆိုရေးအဖွဲ့တွေ :D

 ရခဲ့တဲ့ စာအုပ်.. မဖတ်ရသေးဘူး :D

အဲ့ပွဲလည်းပြီးရော နောက်နေ့ ဖျားတော့တာပဲ။ ဒီလောက်လေးတောင် ခံနိုင်ရည်မရှိတဲ့ ကိုယ့်ကိုကိုယ်လည်း တော်တော်စိတ်ပျက်တယ်(>.<)။ ခုတော့ နည်းနည်းပြန်ကောင်းလာပြီ :D


ဟိုနေ့က အင်တာနက်ပေါ်မှာ Google ပြီး ထိုင်ကလိလိုက်တာ ဒီဆိုဒ်လေးတွေ့တယ်။ အဲ့မှာ Blackberry ဖုန်းတွေအတွက် Zawgyi Font install လုပ်နည်းကို ပြောပြထားတယ်။ သူပြောတဲ့အတိုင်းလုပ်လိုက်တာ ကန်ဒီ့ဖုန်းမှာ မြန်မာ Font ဖတ်လို့ရသွားပြီ။ ဒါပေမယ့် စာလုံးတွေက ထပ်နေတယ်။ ကြည့်ရတာ အဲ့Appက ကန်ဒီ့ဖုန်းModelကို supportမလုပ်လို့ဖြစ်မယ်။ ဘာပဲဖြစ်ဖြစ် မမြင်ရတာထက်စာရင်တော့ တော်သေးတာပေါ့ :D :D

သူငယ်ချင်းတယောက်က မေးတယ်။ အဲ့ဒါ ဘာပုံလဲတဲ့?? ကန်ဒီ မဖြေနိုင်ခဲ့ဘူး။ အားလုံးကို ပြန်မေးမယ်နော်။ အဲ့ဒါ ဘာပုံလဲ???


ဒီပုံလေးကို အရမ်းသဘောကျလို့ အဲ့သူငယ်ချင်းဆီက ယူလာတာ။ ကန်ဒီ တက်တူးထိုးတာ မကြိုက်ပါဘူး။ ဒီပုံကို ကြိုက်တဲ့အကြောင်းက ထိုးပေးတဲ့သူရဲ့အနုပညာကို လေးစားလို့ဆို ပိုမှန်မယ်။ ကန်ဒီ အရှုံးပေးတယ်ဆိုလို့ သူအဖြေပြောတာတောင် ကန်ဒီချက်ချင်းမြင်အောင် မကြည့်နိုင်ဘူး (အဲ့လောက်တော်တာ)။ အဖြေက... ဒေါ်အောင်ဆန်းစုကြည်ပုံတဲ့။ မြင်လား?? အနီရောင်ဘက်က မျက်နှာ။ ဘယ်ဖက်ခြမ်းက အလင်းထိုးနေတဲ့ပုံမျိုး ဆွဲထားတာ။ ညာဖက်က အစိမ်းရင့်ရောင်နောက်ခံပေါ်မှာ ခိုလေးတွေ ပျံနေတယ်။ ကန်ဒီ နိုင်ငံရေးတွေ မသိသလို စိတ်လည်းမ၀င်စားဘူး။ ဒါကိုထိုးတဲ့သူရဲ့ပန်းချီပညာနဲ့ စိတ်ကူးကိုပဲ အရမ်း အရမ်းသဘောကျတယ်။

ကြားနေရတဲ့ ရခိုင်ကသတင်းတွေအတွက် စိတ်မကောင်းဘူး။ ပိုဆိုးတာက အသိရခိုင်အစ်ကိုကြီးတယောက်ရဲ့ အမျိုးတွေဆိုင် မီးလောင်သွားတယ်ဆိုတဲ့ သတင်းပဲ။ သူ့အတွက် စိတ်မကောင်းဘူး။ သူ့မိသားစုအတွက် ဒီကနေ ဘယ်လောက်စိတ်ပူနေမလဲ? ဆုတောင်းပေးနေရုံကလွဲလို့ သူဘာများတတ်နိုင်မှာလဲ?? ဘယ်ဟာကမှန်ပြီး ဘယ်ဟာကမှားလဲ ကန်ဒီသေချာမသိပါဘူး။ အပြစ်မရှိတဲ့လူတွေ မထိခိုက် မနာကျင်ရဘဲ မြန်မြန်အေးချမ်းစေဖို့ပဲ မျှော်လင့်မိတယ်။

ဒီရက်ပိုင်း စိတ်သဘောထားပြည့်ဝတဲ့ လူတချို့ကို တွေ့မိတယ်။ သူတို့တွေက ကန်ဒီတွေ့ဖူးသမျှထဲမှာ လက်ချိုးရေလို့ရတဲ့ လူမျိုးတွေပေါ့။ ကန်ဒီ့အပေါ်တင်ကောင်းလို့ ပြောနေတာ မဟုတ်ပါဘူး။ သူတို့ရဲ့လူတိုင်းအပေါ် ဆက်ဆံတတ်တဲ့ ဂရုစိုက်မှုတချို့ကို အမှတ်မထင်မြင်မိလို့ပါ။ သူတို့က အပြင်မှာ စကားပြောမကောင်းကြဘူး။ ဒါပေမယ့် တပါးသူလိုအပ်နေချိန်မှာ သူတို့စိတ်ကို လက်တွေ့ဖော်ပြတတ်ကြတယ်။ ကန်ဒီ့အကျင့်က အဲ့လိုလူမျိုးတွေနဲ့တွေ့ရင် မနေနိုင်မထိုင်နိုင် အရမ်းသဘောကျ လေးစားပြီး ပိုခင်မင်မိတယ်။ ကန်ဒီလည်း သူတို့လို ဖြစ်ချင်တယ်။ ဖြစ်အောင်လည်း အမြဲကြိုးစားနေတယ်။ သူတပါးလိုအပ်နေချိန်မှာ အသင့်ရှိနေတတ်တဲ့ အားဆေးလေးအဖြစ်ပေါ့ ^_^

တော်သင့်ပြီ.. တော်တော်တောင် ရှည်သွားပြီထင်တယ်။
Good Night^^

Photo Credit: Ko Aung Chan Mon (For 3 photos from Dhamma Talk)

Saturday, June 9, 2012

လက်ဆောင်!!

ပြီးသွားတာ တလလောက်ရှိပြီဖြစ်တဲ့ မွေးနေ့အတွက် ခုမှရတဲ့ တခုတည်းသော မွေးနေ့လက်ဆောင်ကို ပြမလို့ :D လက်ဆောင်ပေးတဲ့ကန်ဒီ့ညီမကိုလည်း ကျေးဇူးတင်တဲ့အထိမ်းအမှတ်အဖြစ်ပေါ့။ ခုဖတ်နေတယ်ဆိုရင် THANK YOU!!!

မှတ်မိလားတော့ မသိဘူး။ ကန်ဒီမျက်ကပ်မှန်အကြောင်း ပိုစ့်တပုဒ်ရေးဖူးတယ်။ ကန်ဒီ့မှာ Cylinder (ခေါ်) Astigmatism ရှိလို့ Color contact lens တပ်လို့မရဘူးလို့ရေးထားတယ်။ ခု Astigmatism ရှိတဲ့လူတွေအတွက် Color contact lens တွေ ပေါ်နေပြီ။ အဲ့ဒါမျိုးကို Toric Lens လို့ ခေါ်တယ်။ ရှားတာတော့ အရမ်းအရမ်းရှားတယ်။ ဈေးလည်း တော်တော်ကြီးတယ်။ တပ်ကြည့်ချင်ပေမယ့် ပိုက်ပိုက်($$)မရှိလို့ မ၀ယ်နိုင်တဲ့အပြင် ဈေးကမတန်တဆကြီးတယ်ထင်လို့ မ၀ယ်ဖြစ်ဘူး >.<

ခုဆို လက်ဆောင်ကို မှန်းလို့ရနေပါပြီ။ ဟုတ်တယ်... ကန်ဒီ့ညီမပေးတဲ့လက်ဆောင်က Prescription Color Contact Lens (:D) Circle lens ဆို ပိုမှန်မယ် ထင်တယ်။ သူက မျက်ဆံကို နည်းနည်းပိုကြီးသွားစေတယ်။ အဲ့တခုတော့ သိပ်မကြိုက်ဘူး။ အရောင်(Choco Brown)တော့ ကြိုက်တယ် :D



 

ဝတ်ရတာ ကန်ဒီ့အရောင်မပါတဲ့ ရိုးရိုး Lens တွေထက်တောင် ပိုသက်တောင့်သက်သာရှိတယ်။ ဘာကွာလို့လဲတော့ မပြောတတ်ဘူး။ ဒါပေမယ့် တခါတလေပဲ ၀တ်ဖြစ်မယ် ထင်တယ်။ သိပ်သဘာဝမကျလို့...

အထူးအရေးပေါ် သတင်း
လက်ဆောင်အကြောင်းကို ဒီမှာတင်ရပ်ပြီး အဲ့ထက်အရေးကြီးတာ ပြောပြစရာရှိတယ်။ မနက်ဖြန် ဇွန်လ၁၀ရက်(တနင်္ဂနွေနေ့)မှာ ကန်ဒီတို့ Volunteerအဖွဲ့(မေတ္တာရှင်ဖောင်ဒေးရှင်း)က ကြီးမှူးကျင်းပတဲ့ မေတ္တာရှင်ဆရာတော်ရဲ့တရားပွဲရှိတယ်။ 


ကန်ဒီလည်း ဒီရက်ပိုင်း အဲ့ဒါနဲ့ပက်သက်ပြီး အလုပ်တွေရှုပ်နေလို့ အစ်ကို အစ်မတွေဆီ ဘလော့လည်ပြီး စာတောင်မဖတ်နိုင်ဘူး ဖြစ်နေတယ်။ ရှုပ်ဆို ဆရာတော်ကြွလာမယ့်အကြောင်း သတင်းတွေ၊ မနက်ဖြန်တရားပွဲဖိတ်တဲ့ပိုစ့်တွေနဲ့ အလှူမှတ်တမ်းတချို့ကို အဲ့ဒီဘလော့မှာ ကန်ဒီဒိုင်ခံတင်နေတာလေ။ တရားပွဲမှာဝေမယ့်စာရွက် ခေါက်တာတွေနဲ့ အခမ်းအနားပြင်ဆင်တာတွေ ဒီနေ့ညသွားလုပ်ရမယ်။ မနက်ဖြန်လည်း ကြိုဆိုရေးမှာ ကူရမယ်။

အဲ့ဒါတွေကြောင့် တရားပွဲသတင်းကို ကန်ဒီ့ဘလော့မှာ ခုမှပဲတင်နိုင်တော့တယ်။ ဒီနေ့စနေဆိုတော့ တော်တော်တောင် နောက်ကျနေပြီ။ ဘာပဲဖြစ်ဖြစ် မတင်ဖြစ်လိုက်တာထက်စာရင်တော့ တော်သေးတာပေါ့ ဟုတ်တယ်ဟုတ်..

တရားပွဲအစီအစဉ်
နေ့ရက် - ၁၀.၆.၂၀၁၂ (တနင်္ဂနွေနေ့)
အချိန် -  ညနေ (၆)နာရီမှ ည (၉)နာရီ အထိ
နေရာ - Function Room 1 , The Arena Country Club, 511 Upper Jurong Road, Singapore 638366

မနက်ဖြန် အားရင် တရားနာလာခဲ့ဖို့ ကန်ဒီ ဖိတ်ပါတယ်နော်...

Have a nice day^^

Tuesday, June 5, 2012

မပြည့်စုံခြင်းများ


လူတိုင်းမှာ ချို့ယွင်းချက်ကိုယ်စီ ရှိကြပါတယ်။ ဘယ်သူကများ အစစအရာရာ ပြီးပြည့်စုံနေလို့လဲ??? အဲ့လောက် ရိုးရှင်းတဲ့အကြောင်းအရာလေးကို မသိကြလို့လား?? အားနည်းချက်ကိုယ်စီရှိကြသူချင်းအတူတူ ဘာလို့ သူများအားနည်းချက်ကို ရှုံ့ချချင်နေကြတာလဲ??

Physically ချို့ယွင်းမှုတွေပဲ ပြောရအောင်နော်..... ပြင်လို့မရနိုင်တဲ့အရာတွေပေါ့။ ဥပမာ အသံမကောင်းတဲ့ လူတယောက်ကို တည့်တည့်ကြီး "၀ါးဟားဟား.. မင်းအသံကြီးက နားဝင်ဆိုးလိုက်တာကွာ..."လို့ ပြောသင့်လား?? နဖူးပြောင်တဲ့ လူတယောက်ကို "မင်းနဖူးကြီးက ပြောင်လိုက်တာကွာ.."လို့ ပြောရင် အပြောခံရတဲ့လူက ကြိုက်မယ်ထင်လား? ဒါတွေက လူရွှင်တော်တွေပဲ ရီရအောင် ပြက်တာပါ.. တကယ့်လက်တွေ့ဘ၀မှာ ဘယ်သူမှ အဲ့လိုမပြောပါဘူးလို့ ထင်နေလား?? တချို့ တချို့သော လူတွေက အပြောအဆိုမတတ်ဘူးပဲ ပြောရမလား.. လူတဖက်သားကို နှိမ့်ချချင်တယ်ပဲ ဆိုရမလား.. နားမလည်နိုင်လောက်အောင် တဖက်လူကို မှိုချိုးမျှစ်ချိုး ပြောတတ်ပါတယ်။ အဲ့လိုပြောလိုက်လို့ သူတို့ဘာရလဲတော့ ကန်ဒီလည်း မဝေခွဲတတ်ဘူး။

တချို့ပြင်လို့ရတဲ့အရာတွေက အမှန်ကိုမြင်အောင် ပြောပြသင့်ပေမယ့် ပြင်လို့မရတဲ့ မွေးရာပါ Physically ချွတ်ယွင်းချက်တွေကို မလှောင်ပြောင်သင့်ဘူး။ အဲ့လိုလှောင်ပြောင်လိုက်တဲ့အတွက် အပြောခံရတဲ့လူမှာ ကိုယ့်ကိုကိုယ်ယုံကြည်မှုတွေ အားနည်းလာတတ်တယ်။ အထူးသဖြင့် ကလေးတွေကို စမယ်ဆိုရင်တောင် အဲ့ဒီချို့ယွင်းချက်ကို ဖိပြီးမစသင့်ဘူး။ ကလေးတယောက်စိတ်ထဲမှာ အားငယ်စိတ်ဝင်သွားပြီဆိုရင် အဲ့ဒီစိတ်က ကြီးတဲ့အထိ အသေဖြစ်သွားတတ်တယ်။

လူတယောက်ရဲ့ကောင်းကွက်တွေကို ချီးမွမ်းဖို့ အဲ့လောက်မခက်ပါဘူး။ ဘာလို့ဆိုးကွက်တွေပဲ လှောင်ပြောင်ချင်နေတာလဲ?? ဒါလူ့သဘာဝလို့ပဲ ပြောရမလား? မလှတာကို လှတယ်လို့ပြောခိုင်းနေတာမဟုတ်ဘူး။ မလှတာကို မလှဘူးလို့ မပြောလည်း ဖြစ်တာပဲ ဟုတ်တယ်ဟုတ်... သူများအတွက်ရော ကိုယ့်အတွက်ရော အကျိုးမရှိတဲ့စကားကို ဘာလို့ပြောမှာလဲ...

ဒီပိုစ့်က မတော်တဆစိတ်ကူးရလို့ ရေးတဲ့ပိုစ့်တပုဒ်တော့ မဟုတ်ဘူးနော်။ ဒီရက်ပိုင်းအဲ့လိုလူမျိုးတွေ တွေ့နေရလို့ ဖြစ်ဖြစ်ချင်းမရေးဘဲ စိတ်ပြေတဲ့အချိန်ထိစောင့်ပြီး အချိုသာဆုံး ပေါက်ကွဲထားတာ..

♫♪ You made me insecure... Told me I wasn't good enough
But who are you to judge.. When you're a diamond in the rough
I'm sure you got some things.. You'd like to change about yourself
But when it comes to me.. I wouldn't want to be anybody else ♫♪


အဆုံးစွန်ထိတွေးရမယ်ဆို အားလုံးက ဗိုက်ဆာရင် တခုခုစားရပြီး တနေ့တခါ အိမ်သာတက်ရတဲ့လူတွေချည်းပဲ.. ဟုတ်တယ်ဟုတ် =.="

Ekk.... ဥပမာ နည်းနည်း ပြင်းထန်သွားတယ်(:P)။ ပြင်ဆင်ချက် >>> အနည်းဆုံးတော့ ၀မ်းနည်းရင် ငိုတတ်တဲ့လူတွေချည်းပဲ ဟုတ်တယ်ဟုတ် ^_^

Saturday, June 2, 2012

အလှူခံခြင်း နည်းဗျူဟာ


အလှူတခုပြုတော့မယ်ဆို အရေးကြီးဆုံးက သဒ္ဓါစိတ်လို့ ကန်ဒီထင်တယ်။ နည်းတာ များတာထက် လှူချင်တယ် ပေးကမ်းချင်တယ်ဆိုတဲ့ စိတ်ကလေးကပဲ ကုသိုလ်ကိုဖြစ်စေတာလေ။ ဒါဆို လှူပြီး ကုသိုလ်မရဘဲ အကုသိုလ်ရတဲ့အဖြစ်အပျက်မျိုး ကြုံဖူးလား?? တခြားလူတွေတော့ မပြောတတ်ဘူး။ စိတ်တိုလွယ်သော.. မရင့်ကျက်သော.. နားလည်နိုင်မှု အားနည်းသော.. ကန်ဒီသည် လှူပြီး အကုသိုလ်များ ရလေသည်။

ကျိုက်ထီးရိုးမှာတင် အဲ့လိုအဖြစ်မျိုး နှစ်ခါတိတိ ဖြစ်ခဲ့တယ်။ ပထမအဖြစ်က လှူတာနဲ့ မပက်သက်ပေမယ့် ထူးထူးဆန်းဆန်း အလှူခံပုဂ္ဂိုလ်တယောက်နဲ့ တွေ့ခဲ့တယ် ဆိုပါတော့။ အဲ့တခေါက်က ကန်ဒီ့သူငယ်ချင်းတွေနဲ့ ရေတံခွန်ကို တက်ညီလက်ညီ ချီတက်ကြပါတယ်။ ရေတံခွန်သွားတဲ့ လမ်းအစမှာပဲ မဏ္ဍပ်တခုရောက်တော့ အဲ့က အလှူခံပုဂ္ဂိုလ်က နားပြီး ဘုရားဖူးပါဦး လှူပါဦး ဘာညာပြောတော့.. ကန်ဒီတို့က အပြန်ကျရင် ဖူးပါမယ်လို့ပြောလိုက်မိတယ် (ဟုတ်တယ်လေ.. အားလုံးကလူငယ်တွေဆိုတော့ အဲ့အချိန်မှာ ရေတံခွန်ဆီပဲ စိတ်ရောက်နေကြတာ)။ အဲ့မှာတင် စပေါက်ကွဲတော့တာပဲ.. ဘုရားမဖူးရကောင်းလား ဆိုပြီး ထ ဆဲ ပါလေရော.. (>.<)။ လူတောင် ကြောင်တောင်တောင်ဖြစ်သွားတယ်။ အလှူခံနေတဲ့ပုဂ္ဂိုလ်က ထ ဆဲတယ်ဆိုတော့.. ကြောက်လည်းကြောက်.. စိတ်လည်းတို.. ကိုယ့်နားတောင် ကိုယ်မယုံနိုင်အောင်ပဲ =.="

ဒုတိယတခေါက်က ကန်ဒီတို့ ကျိုက်ထီးရိုးဘုရားကနေ ကျောက်ထပ်ကြီးဘုရားသွားကြတယ်။ လမ်းမှာ ထုံးစံအတိုင်း အလှူခံမဏ္ဍပ်တွေ ရှိတာပေါ့။ တနေရာရောက်တော့ ကန်ဒီတို့ဝင်လာတယ်ဆိုရင်ပဲ အဲ့က ဦးလေးကြီးတယောက်က ကန်ဒီ့ကို ရေပုံးလှမ်းပေးပြီး ဘုရားနားခေါ်သွားတယ်။ ကန်ဒီလည်း ကြောင်တောင်တောင်လေးပါသွားတာပေါ့။ ဟိုရောက်တော့ "ရေသပ္ပာယ်လေ သမီးလေး.." ဆိုတာနဲ့ ရေသပ္ပာယ်လိုက်တယ်။ ပြီးတော့ ခွာပေးပြီးသား ရွှေသင်္ကန်းစက္ကူလေးကို လှမ်းပေးပြီး "ကပ်လိုက်.. ကပ်လိုက် သမီး.." ပြောတော့ သူပြောသလို ကပ်လိုက်တာပေါ့။ အားလုံးလည်း ပြီးရော.. အလှူငွေဖြတ်ပိုင်းကို လှမ်းပေးတယ်။ သူတို့ပုံစံတွေက "အဲ့ဒါတွေလုပ်တာ ဒီလောက်ကျတယ်.. ပေးးးး" ဆိုတဲ့ အထာမျိုး။ What?!?!?!?!?! ... စိတ်ထဲမှာ ဘယ်လိုဒေါသတွေ ထွက်သွားမှန်းမသိဘူး။ ဒါ အလှူခံနေတာလား.. ဓားပြတိုက်နေတာလား..။ သူတို့ဖြတ်ပိုင်းမှာပြတဲ့ ပိုက်ဆံပေးပြီး တန်းပြန်တာ။ ကျောက်ထပ်ကြီးဘုရားလည်း ဆက်မသွားဖြစ်တော့ဘူး။ စိတ်ထဲမှာ အဲ့လိုခုသွားရင် ဘယ်လိုမှ မရတော့ဘူး။ ကန်ဒီလှူချင်ပါတယ်။ ဒါပေမယ့် အဲ့လိုပုံစံ လာလုပ်တာမျိုးကို ဘယ်လိုမှခံစားလို့မရဘူး။ နောက်ပြီး အဲ့တုန်းက ကန်ဒီ့မှာ ပိုက်ဆံမလုံလောက်တဲ့ အနေအထားဖြစ်နေတာလေ။ ပြောရမယ်ဆို သုံးစရိတ်အားလုံးနဲ့ လှူဖို့ကို ကွက်တိတွက်ထားပြီးသား။ အဲ့ဒီအချိန်မှာ အဲ့လိုဖြစ်သွားတော့ စိတ်ကပိုတိုသွားတယ်။ အကုသိုလ်တွေ ရတယ် >.<

ကန်ဒီတွေးတာ ဟုတ် မဟုတ်တော့ မသိဘူးနော်။ ကန်ဒီယူဆတာ လှူတဲ့သူရဲ့ သဒ္ဓါစိတ်က အလှူခံတဲ့လူရဲ့ အပြုအမူပေါ်မှာ အနည်းအကျဉ်းတော့ မူတည်တယ်။ ဥပမာ ခုနကကိစ္စလိုပေါ့။ ကန်ဒီ့နေရာမှာ တခြားသူဆိုရင်ရော စိတ်ကသိကအောက် မဖြစ်ပဲနေမလား?? ပြောတော့ "တတ်နိုင်မှလှူပါ.. သဒ္ဓါစိတ်လေးကသာ အဓိကပါ.."ဆိုပြီး Text message ပို့ပြီး အလှူခံတာလည်း တွေ့ဖူးတယ်။ ကန်ဒီ့ရဲ့ မကောင်းတဲ့အကျင့်တခုက (အလှူမှ မဟုတ်ဘူးနော်..) အဲ့လို ကိုယ့်စိတ်နဲ့ကိုယ်မဟုတ်ဘဲ အတင်းလိုက်တိုက်တွန်းနေရင် လုပ်ကို မလုပ်ချင်တာ >.<

နိဂုံးချုပ်ရရင် လှူတယ်ဆိုမှတော့ ကန်ဒီ့လို အကုသိုလ်မရစေဘဲ ကုသိုလ်လေးရအောင်တော့ ယူပါနော်။ ကန်ဒီလည်း ကြိုးစားပါ့မယ် :D :D (အလှူခံတဲ့ပုဂ္ဂိုလ်တွေကလည်း အတင်းအဓမ္မကြီးမဟုတ်ဘဲ တော်ရုံတန်ရုံလေးဆို ပိုအဆင်ပြေတာပေါ့ နော့ ဟိ :P)

Good Night^^