Saturday, June 2, 2012

အလှူခံခြင်း နည်းဗျူဟာ


အလှူတခုပြုတော့မယ်ဆို အရေးကြီးဆုံးက သဒ္ဓါစိတ်လို့ ကန်ဒီထင်တယ်။ နည်းတာ များတာထက် လှူချင်တယ် ပေးကမ်းချင်တယ်ဆိုတဲ့ စိတ်ကလေးကပဲ ကုသိုလ်ကိုဖြစ်စေတာလေ။ ဒါဆို လှူပြီး ကုသိုလ်မရဘဲ အကုသိုလ်ရတဲ့အဖြစ်အပျက်မျိုး ကြုံဖူးလား?? တခြားလူတွေတော့ မပြောတတ်ဘူး။ စိတ်တိုလွယ်သော.. မရင့်ကျက်သော.. နားလည်နိုင်မှု အားနည်းသော.. ကန်ဒီသည် လှူပြီး အကုသိုလ်များ ရလေသည်။

ကျိုက်ထီးရိုးမှာတင် အဲ့လိုအဖြစ်မျိုး နှစ်ခါတိတိ ဖြစ်ခဲ့တယ်။ ပထမအဖြစ်က လှူတာနဲ့ မပက်သက်ပေမယ့် ထူးထူးဆန်းဆန်း အလှူခံပုဂ္ဂိုလ်တယောက်နဲ့ တွေ့ခဲ့တယ် ဆိုပါတော့။ အဲ့တခေါက်က ကန်ဒီ့သူငယ်ချင်းတွေနဲ့ ရေတံခွန်ကို တက်ညီလက်ညီ ချီတက်ကြပါတယ်။ ရေတံခွန်သွားတဲ့ လမ်းအစမှာပဲ မဏ္ဍပ်တခုရောက်တော့ အဲ့က အလှူခံပုဂ္ဂိုလ်က နားပြီး ဘုရားဖူးပါဦး လှူပါဦး ဘာညာပြောတော့.. ကန်ဒီတို့က အပြန်ကျရင် ဖူးပါမယ်လို့ပြောလိုက်မိတယ် (ဟုတ်တယ်လေ.. အားလုံးကလူငယ်တွေဆိုတော့ အဲ့အချိန်မှာ ရေတံခွန်ဆီပဲ စိတ်ရောက်နေကြတာ)။ အဲ့မှာတင် စပေါက်ကွဲတော့တာပဲ.. ဘုရားမဖူးရကောင်းလား ဆိုပြီး ထ ဆဲ ပါလေရော.. (>.<)။ လူတောင် ကြောင်တောင်တောင်ဖြစ်သွားတယ်။ အလှူခံနေတဲ့ပုဂ္ဂိုလ်က ထ ဆဲတယ်ဆိုတော့.. ကြောက်လည်းကြောက်.. စိတ်လည်းတို.. ကိုယ့်နားတောင် ကိုယ်မယုံနိုင်အောင်ပဲ =.="

ဒုတိယတခေါက်က ကန်ဒီတို့ ကျိုက်ထီးရိုးဘုရားကနေ ကျောက်ထပ်ကြီးဘုရားသွားကြတယ်။ လမ်းမှာ ထုံးစံအတိုင်း အလှူခံမဏ္ဍပ်တွေ ရှိတာပေါ့။ တနေရာရောက်တော့ ကန်ဒီတို့ဝင်လာတယ်ဆိုရင်ပဲ အဲ့က ဦးလေးကြီးတယောက်က ကန်ဒီ့ကို ရေပုံးလှမ်းပေးပြီး ဘုရားနားခေါ်သွားတယ်။ ကန်ဒီလည်း ကြောင်တောင်တောင်လေးပါသွားတာပေါ့။ ဟိုရောက်တော့ "ရေသပ္ပာယ်လေ သမီးလေး.." ဆိုတာနဲ့ ရေသပ္ပာယ်လိုက်တယ်။ ပြီးတော့ ခွာပေးပြီးသား ရွှေသင်္ကန်းစက္ကူလေးကို လှမ်းပေးပြီး "ကပ်လိုက်.. ကပ်လိုက် သမီး.." ပြောတော့ သူပြောသလို ကပ်လိုက်တာပေါ့။ အားလုံးလည်း ပြီးရော.. အလှူငွေဖြတ်ပိုင်းကို လှမ်းပေးတယ်။ သူတို့ပုံစံတွေက "အဲ့ဒါတွေလုပ်တာ ဒီလောက်ကျတယ်.. ပေးးးး" ဆိုတဲ့ အထာမျိုး။ What?!?!?!?!?! ... စိတ်ထဲမှာ ဘယ်လိုဒေါသတွေ ထွက်သွားမှန်းမသိဘူး။ ဒါ အလှူခံနေတာလား.. ဓားပြတိုက်နေတာလား..။ သူတို့ဖြတ်ပိုင်းမှာပြတဲ့ ပိုက်ဆံပေးပြီး တန်းပြန်တာ။ ကျောက်ထပ်ကြီးဘုရားလည်း ဆက်မသွားဖြစ်တော့ဘူး။ စိတ်ထဲမှာ အဲ့လိုခုသွားရင် ဘယ်လိုမှ မရတော့ဘူး။ ကန်ဒီလှူချင်ပါတယ်။ ဒါပေမယ့် အဲ့လိုပုံစံ လာလုပ်တာမျိုးကို ဘယ်လိုမှခံစားလို့မရဘူး။ နောက်ပြီး အဲ့တုန်းက ကန်ဒီ့မှာ ပိုက်ဆံမလုံလောက်တဲ့ အနေအထားဖြစ်နေတာလေ။ ပြောရမယ်ဆို သုံးစရိတ်အားလုံးနဲ့ လှူဖို့ကို ကွက်တိတွက်ထားပြီးသား။ အဲ့ဒီအချိန်မှာ အဲ့လိုဖြစ်သွားတော့ စိတ်ကပိုတိုသွားတယ်။ အကုသိုလ်တွေ ရတယ် >.<

ကန်ဒီတွေးတာ ဟုတ် မဟုတ်တော့ မသိဘူးနော်။ ကန်ဒီယူဆတာ လှူတဲ့သူရဲ့ သဒ္ဓါစိတ်က အလှူခံတဲ့လူရဲ့ အပြုအမူပေါ်မှာ အနည်းအကျဉ်းတော့ မူတည်တယ်။ ဥပမာ ခုနကကိစ္စလိုပေါ့။ ကန်ဒီ့နေရာမှာ တခြားသူဆိုရင်ရော စိတ်ကသိကအောက် မဖြစ်ပဲနေမလား?? ပြောတော့ "တတ်နိုင်မှလှူပါ.. သဒ္ဓါစိတ်လေးကသာ အဓိကပါ.."ဆိုပြီး Text message ပို့ပြီး အလှူခံတာလည်း တွေ့ဖူးတယ်။ ကန်ဒီ့ရဲ့ မကောင်းတဲ့အကျင့်တခုက (အလှူမှ မဟုတ်ဘူးနော်..) အဲ့လို ကိုယ့်စိတ်နဲ့ကိုယ်မဟုတ်ဘဲ အတင်းလိုက်တိုက်တွန်းနေရင် လုပ်ကို မလုပ်ချင်တာ >.<

နိဂုံးချုပ်ရရင် လှူတယ်ဆိုမှတော့ ကန်ဒီ့လို အကုသိုလ်မရစေဘဲ ကုသိုလ်လေးရအောင်တော့ ယူပါနော်။ ကန်ဒီလည်း ကြိုးစားပါ့မယ် :D :D (အလှူခံတဲ့ပုဂ္ဂိုလ်တွေကလည်း အတင်းအဓမ္မကြီးမဟုတ်ဘဲ တော်ရုံတန်ရုံလေးဆို ပိုအဆင်ပြေတာပေါ့ နော့ ဟိ :P)

Good Night^^

19 comments:

ကိုကိုမောင်(ပန်းရနံ့) said...

ပိစိ။
အလှူကိစ္စနီးလာပြီနော်။ ပိစိ ဘယ်လောက်လှူမှာလဲ။ အဲဒါလေး ပြောဦး။း)))

Anonymous said...

ကိုယ်လည်းကန်ဒီ့လိုဘဲ။ အဖေါ်တွေ့ ပြီ။
ကိုယ့်အစီအစဉ်နဲ့ ကိုယ်အလှူအတန်းအမြဲလုပ်ပါတယ်။ နည်းနည်းများများ။
အိုင်အိုရာ

ချစ်စံအိမ် said...

ဟုတ်တယ် ညီမရေ ကျိုက်ထီးရိုးကနာမည်ကြီးတယ်
အလှူခံတာ လမ်းတစ်လျှောက်ခံလိုက်တဲ့အလှူခံ
မမလည်း မသိဘူးလေ ပထမစရောက်တော့ပျော်လည်းပျော်အလှူခံတိုင်းလှူနေတော့ ပြန်လာတော့ ပိုက်ဆံမရှိတော့လို့ ဖရဲသီးစားပြီပြန်လာရဖူးတယ်။။
သွားကြတာ သူငယ်ချင်း၅ယောက် ငွေကိုင်တာ အမပေါ့
အားလုံးကလှူတယ်ဆိုတော့လည်းတားရခက်နေကြတာပေါ့ .. အားလုံးမေတ္တာဝိုင်းပို့လိုက်ကြတာမှတ်မိသေးတယ်။။။
များက သိမှမသိတာလို့ :D

စံပယ်ချို said...

အရမ်းကိုမှန်တဲ့အရေးအသားလေးပါပဲကန်ဒီရေ
မကြီးနဲ့ကိုလွင်ပြင်က လတိုင်းကိုယ့်အစီအစဉ်နဲ့ကိုယ်ရှိ
ကြတယ် နဲနဲပါ-------

မေမြို့မိုး said...

စာမွဲရှိတယ်..ပို့စ်တော့မတင်နိုင်သေးဘူး.။ အစ်မတို့ ပို့စ်အသစ်တွေ့ရင်လည်း မဖတ်ပဲနေနိုင်ဘူး.။
အလှူခံတာတွေကလည်းဆိုးတယ် အစ်မရာ.။အဲ့လိုလူတွေက ပိုများနေတယ်.။ကုသိုလ်တစ်ပဲ ၊ ငရဲတစ်ပိဿာ ဖြစ်တာပေါ့ဗျာ.။

AH said...

ဟုတ်ပ ဟုတ်ပ... အကျင့်၊ သီလ၊ သိက္ခာနဲ့ ပြည့်စုံတဲ့ လူတွေကို လှူရတာက တစ်မျိုး။ ဒါလည်း ပိတိစိတ်ဖြစ်တယ်။ လမ်းဘေးက ငတ်နေတဲ့ ခွေးဝဲစားလေးကို စားသောက်ဆိုင်က ထမင်းနဲ့ ဟင်းချကျွေးပြီး ကြည့်ရတာကလည်း တစ်မျိုး။ ပီတိစိတ်ဖြစ်တယ်။ အင် တွေကိုကတော့ သူတို့ဟာ သူတို့ ဘယ်လိုတောင်းတောင်း၊ တောင်းမရလို့ ဆဲဆဲ လှူကို့ မလှူဘူး။ အဲ့ဒါ စိတ်ပြတ်တယ် ပြီးရော... :P

နွေလ said...

တစ်ခါမှတော့ မကြုံဖူးသေးဘူး အစ်မရေ
ကြုံရင်လည်း သူတို့တောင်းတဲ့ ပိုက်ဆံ
ပေးဖြစ်မှာ မဟုတ်ဘူး
သဒ္ဓါမှ မပါတာဗျ
ဒီအတိုင်း လစ်ပြေးခဲ့မှာ
( နောက်က ဘယ်လောက်အော်အော် ...
လိုက်ပဲ တောင်းတောင်း )

mstint said...

တရားစခန်းဝင်တုန်းက ဆရာတော် မိန့်မှာတာ မှတ်မိတယ် ချိုချဉ်လေးရေ။
"လှူလျှင်ပေါ နှမြောကရှား
လှူတာဟာ လှူတာပဲ
ငွေမလှူနိုင်သော် ရေလှူရမည်" တဲ့။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မောင်ဘုန်း said...

ချိုချဉ် ရေ ... အဲ့လိုပဲ ဖြစ်ဘူးပါတယ် ... ကျိုက်ထီးရိုး မှာပါပဲ ... ဖြစ်စဉ်ကတော့ နည်းနည်းလေပဲ လွဲတယ် ...
တစ်နေ့ က ရန်ကုန်က သူငယ်ချင်း တစ်ယောက်နဲ့  စကားပြော ဖြစ်တယ် ...အခု ချိန်ထိ အဲ့လို ပဲတဲ့ .... ။

ဖြိုးဇာနည် said...

အလှူ့ ဓမ္မသတ် ထဲမှာဆိုရင်တော့ဒါဟာ အလှူခံခြင်း
မမည်ဘူး တူမလေးရဲ့ဒါပေမဲ့ အလှူတော့
လှူခြင်းမည်ပေတယ်။ဘာလို့လဲဆိုတော့ အရပ်သား
ပုထုဇဉ်တွေကိုတောင်မှ တောင်းခံရင်လှူခြင်းမြောက်ပါတယ်။ အခုက ဘန်းပြပြီးအလှူခံတာနဲ့ ရိုးရိုးတောင်းခံတာ
ပဲကွာခြားပေမဲ့ လှူလိုက်တာကတော့ ဒါနဖြစ်သွားပါတယ်။မွန်မြတ်စွာ သာဓုခေဓဖို့သာပြင်ပါတော့ တူမလေးရေ

နွေတေးရှင် (မင်းဧရာ) said...

အင်........
တွေ့လေ့ တွေ့ထရှိတဲ့ အဖြစ်လေးတွေပေါ့ကွယ်
ရေးလည်း ရေးပြသင့်ပါတယ်
တခါတလေ ကိုယ်လှူလိုက်တာထက် အဆပေါင်းများစွာ ပိုတဲ့ အကုသိုလ်ရတတ်ပြန်တာပေါ့။ု

အကိုအလှူလိုက် ခံနေတဲ့အခါတွေများ မြင်လိုက်စေချင်ရဲ့
အနုကြမ်းစီးတာကမှ သက်သာဦးမယ်)း။

မြတ်ကြည် said...

ကုသိုလ် တစ်ပဲ ငရဲ တစ်ပိသာ တဲ့။ ဘာပဲဖြစ်ဖြစ် လှူလိုက်တော့လည်း ကုသိုလ်ရတာပေါ့။ တခါတလေ လှူစေချင်လို့ ကိုယ်လည်း တိုက်တွန်းတာ အတင်းအကြပ် မရောက်မှန်းမသိ ရောက်သွားတာ ဖြစ်တတ်တယ်။ ပြန်ထိန်းရတယ်။ :D

san htun said...

အဲလိုမျိုး အလှုခံတွေနဲ့ တွေ့ ရင် သဒ္ဓါဖြစ်ရမယ့်အစား စိတ်တိုရတယ်...

Evy said...

အဲဒါတော့ ဟုတ်တယ် ကန်ဒီရေ။ အစ်မလဲ စိတ်မပါလို့ကတော့ ဘယ်လိုမှလှူလို့မရဘူး။

ဆူးသစ် said...

စိတ်ထဲရှိတဲ့အတိုင်းရေးလိုက်တာ ကောင်းပါ့ဗျား။ အစ်ကိုစီးပွားရေးတက္ကသိုလ်မှာ ဘွဲ့လွန်ဒီပလိုမာတက်ဖူးတော့ Tactic တို့၊ Strategy တို့တော့ သင်ဖူးတယ်။ အလှူခံတာကိုတော့ အဲဒီလိုနည်းဗျူဟာရှိတယ်လို့မသင်ဖူးဘူး။ နောက်တာ။ ဟုတ်တယ်။ တစ်ခါတစ်ခါကျတော့ အလှူခံသူရဲ့ အပြုအမူက လှူတဲ့သူအပေါ်သက်ရောက်မှုအများကြီးရှိတယ်။ တချို့က အလှူခံတာကို စီးပွားရေးလိုလုပ်တာ။ ပြောရင် အကုသိုလ်များလို့ မပြောတော့ပါဘူးညီမရယ်။ သည်းခံပေါ့ကွယ်။

အဏၰဝါ(သခ်ာၤ) said...

သူငယ်ချင်းရဲ့နည်းဗျူဟာလေးကို အားပေးဖတ်ရှုသွားပါကြောင်း...

မိုးဇက် said...

တကယ်တန်းက အဲလိုအနေအထားမျိုးတွေမဖြစ်သင့်ပါ ၊
အဲ့အနေအထားတွေဟာ ဗုဒ္ဓဘာသာလမ်းစဉ်နှင့် လုံးဝမဆီလျှော်ပါ ၊ သို့ပေမယ့်လဲ ခုချိန်ထိ အဲဒီအနေအထားတွေရှိနေတာ မြန်မာနိုင်ငံရဲ့ဘာသာရေးအတွက် ရင်လေးစရာဖြစ်နေတယ် ၊ ကျနော်လဲ ကန်ဒီနှင့် ထက်တူစိတ်ဖြစ်ပါတယ် .......

ချမ်းမင်းကို(ပဥာက်) said...

ခတ်တော့ခတ်သား ညီမရ..ပြောရင်လည်းငရဲကြီးမှာစိုးရသေးတယ်...
ညီမ စေတနာတော့ ပေါ်လွင်ပါပေ့ဗျာ

ပစ်ပစ် said...

ဟုတ်တယ်...သကြားလုံးရေ
တချို့ တချို့သောအလှုခံတွေကအဲလိုဘဲ
ကျိုက်ထီးရိုး သွားတုန်းကအမလည်း
တွေ့ဖူးကြုံဖူးတတယ်..
အဲတာမျိုးနဲ့ဆုံရင်တော့
ကုသိုလ်ရဖို့ထက် ငရဲ က
ပိုများတယ်ညီမရေ