Sunday, July 29, 2012

Nothing^^

Humm... ဘာစပြောရင်ကောင်းမလဲ?? သိပြီ... ကန်ဒီ လုံးဝ လုံးဝ (လုံးဝ) မကြိုက်တဲ့ စကားပြောနည်းကို ပြောပြမယ်။ ဥပမာအနေနဲ့ ဒီ Conversation ကိုကြည့်ကြည့်...

Pinky: ကန်ဒီ.. ဒီအပတ်စနေနေ့ Shopping ထွက်မလို့ ငါနဲ့အဖော်လိုက်ခဲ့ပါလား??
Candy: ငါမအားဘူးဟ.. သွားစရာရှိတယ်
Pinky: သိပါတယ်ဟာ.. နင်ငါ့ကို မခင်ဘူးဆိုတာ သိပါတယ်.. နင့်မှာ ခင်စရာသူငယ်ချင်းတွေများတော့လည်း ငါ့လိုလူကို ဘယ်ခင်မလဲနော်.. ငါနားလည်လိုက်ပါပြီ
Candy: အဲ့လိုမဟုတ်ပါဘူးဟာ... (စိတ်ထဲတွင် >>> ဒေါသအလိပ်လိုက်ထွက်ပြီး သူ့ကိုအမှုန့်ကျိတ်ချင်နေသည်)

အဲ့ဒါ ကန်ဒီအမြင်အကတ်ဆုံး စကားပြောနည်းပဲ။ အနုနည်းနဲ့ လူကိုစိတ်မကောင်းဖြစ်အောင်လုပ်နေတာ။ ဘာလို့ တဖက်လူရဲ့ လွတ်လပ်ခွင့်နဲ့ အကျိုးအကြောင်းကိစ္စကို နားလည်မပေးနိုင်ရတာလဲ?? တကယ် တကယ် အဲ့လိုပုံစံမျိုးလာပြောရင် ကန်ဒီ တော်တော်အမြင်ကတ်တာ.. (ဘေးမှာချထားတဲ့ပဲနို့ တငုံမော့လိုက်သည်။)


ကန်ဒီမခံစားနိုင်တဲ့ နောက်တမျိုးကကျတော့ အနားကနေ စကားတောက်လျှောက်ပြောပြီး ပိကျိ ပိကျိ လုပ်နေတာမျိုး။ ပိကျိ ပိကျိ ဆိုတာ ဘာလဲဆိုတော့ အရေမရ မဖတ်မရတွေကို Repeat လုပ်နေတာကို ပြောတာ (ကိုယ့်ဟာကိုယ် Define လုပ်သည်.. From Candy's Myanmar Dictionary :P)။ ကိုယ်တိုင်က စကားနည်းတဲ့သူမို့လည်း ပါမှာပေါ့လေ။ မပြောပြတတ်ဘူး။ တချို့က စကားများတယ်။ ဒါပေမယ့် သူတို့ပြောတဲ့စကားက အကျိုးရှိတယ်။ အသိတခုခု ပေးတယ်။ ပျော်ရွှင်မှု တခုခုပေးတယ်။ ကန်ဒီပြောတာ နားလည်လားမသိဘူး(@_@)။ အဲ့ဒါမျိုးဆို ရတယ်။ တချို့ကကျတော့ တောက်လျှောက်ပြောနေသမျှစကားတွေက အရေမရ အဖတ်မရတွေ။ အရေမရ အဖတ်မရဆိုတာ သူများအကြောင်း အတင်းတုတ်တာတို့.. ပြောပြီးသား သိပြီးသားကိစ္စကို ထပ်ကာတလဲလဲ ကျော့နေတာတို့.. အဲ့ဒါမျိုးကို ပြောတာ။ အဲ့တော့ နားငြီးတာပဲ အဖတ်တင်တယ် >.<

ဒီရက်ပိုင်း ဖြုန်းဖြစ်တာ.. အဲ သုံးဖြစ်တာတွေ တော်တော်များတယ်။ ကန်ဒီက Decorate လုပ်ရတာ ၀ါသနာပါတယ်။ အဲ့လို ကိုယ့်စိတ်ကြိုက် ပြင်ဆင်ထားတဲ့နေရာမှာနေရတာ လူကို ပိုလန်းဆန်းစေတယ်လို့ထင်တယ်။ ကန်ဒီ ကြုံရင်ကြုံသလို တိုလီမုတ်စလေးတွေ ၀ယ်တတ်တယ်။ တကယ်တော့ လုပ်ချင်တာက အများကြီး.. အဲ့ဒါကို ဘယ်နားသွားပြင်ရမလဲ မသိတာ(:P)။ အခန်းက ကိုယ့်ပစ္စည်းနဲ့တင် ပြည့်နေတာလေ ဟီး။ နောက် ကိုယ့်အိမ်လည်း မဟုတ်တော့ နည်းနည်းပါးပါးပဲ လုပ်ဖြစ်တယ်။ ပိုက်ဆံရှိမှ ကန်ဒီ့စိတ်ကြိုက် Design ဆွဲပြီး အိမ်ဆောက်မယ်။ အထဲက Decoration ကို ကန်ဒီ့စိတ်ကြိုက် Theme တခုနဲ့ ပြင်မယ်။ Woww... စိတ်ကူးထဲမှာတောင် ပျော်စရာတော်တော်ကောင်းနေပြီ ဟီးဟီး :D

 အရင်ကထက်စာရင်တော့ နည်းနည်းပိုသပ်ရပ်သွားတယ် ထင်တာပဲ xD


အဟတ် တော်တော်လန့်သွားကြလား?? ဒါ ကန်ဒီပထမဆုံး လိမ္မော်ရောင် ဆိုးဖူးတာပဲ။ ဟိုတနေ့က Plaza Singapura ရောက်သွားတော့ Essie တွေ ဈေးချနေတာတွေ့တာနဲ့ တခါမှမ၀ယ်ဖူးတဲ့အရောင်တွေ ၀ယ်လာတာ။ တခါတလေ ပျင်းစရာကောင်းတဲ့ အရောင်တွေကနေ ကွဲထွက်ကြည့်ချင်တယ်။ အခု Neon colour တွေ အရမ်းခေတ်စားနေတယ်။ ကုလားအရောင်လို့ လာပြောတဲ့သူကို အမှုန့်ကျိတ်ချင်တယ် ဟွင်း.......

 လတ်တလော ကြည့်နေတဲ့ကား "Fortune Arterial"

ယုန်ကို ဘယ်လောက်တောင် စိတ်စွဲနေလဲ မသိဘူး.. အိမ်မက်ထဲမှာတောင် ထည့်မက်တယ်။ မနက်နိုးလို့ မေးလ်စစ်လိုက်တော့ ယုန်လေးတကောင်(ဓာတ်ပုံ) မေးလ်ထဲရောက်နေတယ်။ တိုက်ဆိုင်လိုက်တာ။ အရမ်း အရမ်းပျော်သွားတယ် (:D)။ ဟိုနေ့က YouTube မှာ ဟိုဟိုဒီဒီ လျှောက်ကြည့်ရင်း "Being Happy" ဆိုတဲ့ ဗွီဒီယိုလေးတခုတွေ့လို့ ကြည့်မိတယ်။ သူပြောတဲ့ထဲက တချက်ကို အရမ်းသဘောကျတယ်။ "ကြုံတွေ့လာတဲ့ကိစ္စ (အသေးအဖွဲလေးဖြစ်နေပါစေ) ပျော်တတ်တဲ့အကျင့်လုပ်ပါ"တဲ့။ သိပ်ကြီးမားတဲ့ အောင်မြင်မှုရမှ ပျော်ရမယ် မဟုတ်ပါဘူး။ လူတယောက်ဟာ နေ့စဉ်ကြုံတွေ့နေတဲ့ အရာလေးတွေကို တွေးပြီးပျော်တတ်တာနဲ့တင် အဲ့လူဟာနုပျိုနေမှာပဲ။ ဆိုလိုတာက ထီပေါက်မှ ပျော်စရာကောင်းတာ မဟုတ်ဘူး။ Pizza စားချင်နေတာ စားလိုက်ရတယ်ဆို ဒါလည်း ပျော်စရာပဲ မဟုတ်လား ^_^ 

♫♪ ဒီလို မချစ်ဘူး မပြောပါနဲ့... မင်းလုပ်သမျှအားလုံးကို ကျေနပ်တယ်..
ယုံပါ.. ဒီအချစ်များ မငြင်းပါနဲ့....♫♪
OMG!! အောက်ထပ်က(ကစားကွင်းထဲကလား မသိဘူး) ဂစ်တာတီးပြီး အဲ့သီချင်းဆိုနေတဲ့အသံ ကြားနေရတယ်။ မိုက်တယ်။ မြန်မာပြည် ပြန်ရောက်နေသလို ခံစားရတယ်။ အဲ့ဒါသာကြည့် စင်္ကာပူမှာ မြန်မာတွေ ဘယ်လောက်ပေါလဲဆိုတာ :D :D

ဂလု ဂလု... ပဲနို့လည်း ကုန်ပြီ :P
မှတ်ချက် - ပဲနို့သည် ကျန်းမာရေးအတွက် အလွန်ကောင်းသည်ဟု ကြားဖူးသည် :D

တော်သင့်ပြီ...
Good Night^^

Wednesday, July 25, 2012

Sulfate-free Shampoo


Sulfate-free Shampoo ဆိုတာ ဘာလဲ၊ သူ့ကို သုံးခြင်းအားဖြင့် ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်လဲ ဆိုတာတွေကို ဒီပိုစ့်လေးနဲ့ ပြောပြသွားမယ်နော်။ ကန်ဒီတို့ နေ့စဉ်အသုံးပြုနေတဲ့ ခေါင်းလျှော်ရည်တွေ ဆပ်ပြာတွေထဲမှာ Sulfate ကို Sodium Lauryl Sulfate (SLS) အနေနဲ့ တွေ့ရတတ်ပါတယ်။ မယုံရင် ကိုယ်သုံးနေတဲ့ ခေါင်းလျှော်ရည် (သို့) ကိုယ်တိုက်ဆပ်ပြာရည်တွေရဲ့ ပါဝင်ပစ္စည်း List မှာ ဖတ်ကြည့်ပါ။

Sodium Lauryl Sulfate (SLS) ဆိုတာ ခေါင်းလျှော်ရည်တွေ ဆပ်ပြာတွေကို အမြှပ်ထစေတဲ့ အဓိက ပါဝင်ပစ္စည်း(Chemical)တမျိုးပေါ့။ နောက်တနည်းပြောရမယ်ဆို သူက Surfactant (Surface Active Agent) တမျိုးပါ။ Surfactant ဆိုတာ ပါဝင်ပစ္စည်းတွေထဲမှာ ပါဝင်တဲ့ ရေနဲ့ဆီကို တွဲနေအောင် လုပ်ပေးပြီး တသားတည်း ဖြစ်စေတဲ့ အမယ်ပစ္စည်းတမျိုးပေါ့။ လိုရင်းပြောရမယ်ဆို SLS ဆိုတာ အဓိက သန့်စင်ပေးတဲ့ ပစ္စည်းမဟုတ်ပါဘူး။

Sulfate ဆိုးကျိုးများ
► Sulfate molecule တွေဟာ အရမ်းသေးငယ်တဲ့အတွက် အသားထဲကို အလွယ်တကူ စိမ့်ဝင်နိုင်ပါတယ်။ အဲ့ဒါကြောင့် ဦးခေါင်းနဲ့ အသားအရေ ယားယံတာတွေ ဖြစ်စေနိုင်တယ်။ 
► ဆံပင်မှာ ရှိနေတဲ့ အစိုဓာတ်ကို ခမ်းခြောက်စေလို့ ဆံပင်နဲ့ ဦးရေပြားကို ခြောက်သွေ့စေပါတယ်။ ခြောက်သွေ့တဲ့ ဦးရေပြားဟာ ဗောက်ထလွယ်ပါတယ်။ 
► အရောင်ဆိုးထားတဲ့ဆံပင်တွေကို အရောင်မြန်မြန်ကျစေပါတယ်။
► ဆံပင်ကျွတ်ခြင်းကို အားပေးပါတယ်။ လေ့လာတွေ့ရှိချက်တစ်ခုအရ Sulfate ဟာ အသက် (၃၅)နှစ်နောက်ပိုင်း ဆံပင်ပိုကျွတ်ရခြင်းရဲ့ အဓိက အကြောင်းအရင်းပါတဲ့။

အဲ့လို Sulfate ပါဝင်မှုရဲ့ မကောင်းတဲ့အချက်တွေကြောင့် ဒီနောက်ပိုင်းမှာ Sulfate-free Shampoo ဆိုပြီး ပေါ်လာကြတယ်လေ။ Sulfate-free Shampoo တွေက ခုနကပြောတဲ့ ဆိုးကျိုးတွေကို ကာကွယ်ပေးတဲ့အပြင် ဆံပင်ဖြူခြင်းကိုလည်း နှေးကွေးစေပါတယ်တဲ့။ Sulfate-free Shampoo တွေဟာ ရိုးရိုး Shampoo တွေလောက် အမြှပ်ထွက်အား မကောင်းတတ်ဘူး။ တချို့ဆို အမြှပ်တောင် သိပ်မထွက်တတ်ဘူး။

ဈေးကွက်မှာ ရနိုင်တဲ့ Sulfate-free Shampoo များ
(1) TIGI Bed Head Superstar Sulfate-free Shampoo
(2) DermOrganic Sulfate-free Shampoo
(3) Pureology Anti-fade Complex Sulfate-free Shampoo
(4) L'oreal Sulfate-free Shampoo

သူတို့က ပုံမှန် Shampoo တွေထက်တော့ နည်းနည်းဈေးကြီးကြတယ်။ ကန်ဒီအကြံပေးချင်တာက L'oreal Sulfate-free Shampoo ပါ။ သူက တခြား Sulfate-free Shampoo တွေလောက် ဈေးမကြီးတဲ့အပြင် ကိုယ့်ဆံပင်အမျိုးအစားအလိုက်လည်း ရွေးဝယ်လို့ရတယ်။ L'oreal EverSleek Smoothing system, L'oreal EverCreme Moisture system အဲ့နှစ်ခုကို ကန်ဒီသုံးဖူးတယ်။ ခုလည်း သုံးနေတယ်ဆိုပါတော့။ EverSleek ကို ပိုသဘောကျတယ်။ အနံ့လေး သင်းသင်းလေးနဲ့ Fresh ဖြစ်တယ်။ EverCreme လည်း ကောင်းပါတယ်။ သူ့အနံ့က Shea Butter အနံ့။ ဆံပင်အရမ်းခြောက်တဲ့လူတွေအတွက် တော်တော်ကောင်းမယ်။ သူပြောထားတဲ့အတိုင်း Moisture တော်တော် ထိန်းနိုင်တယ်။ ကန်ဒီ ပုံမှန်ဆို တတ်နိုင်ရင် ၂ရက်ခြားမှ တခါ ခေါင်းလျှော်တယ်။ EverCreme နဲ့က မရဘူး။ ၁ရက်ခြားတာနဲ့ လျှော်မှရတယ်။ အဲ့ဒါကြောင့် EverSleek ကို ပိုသဘောကျတာ။ ခုသုံးနေတာ တဗူးကုန်သွားတော့ ထူးခြားမှုတွေ့လာသလိုပဲ။ ကန်ဒီ ဆံပင်ညှပ်လိုက်တာလည်း ပါမှာပေါ့။ Step တွေ ညှပ်ပစ်လိုက်တော့ ဆံပင်က ပိုထူပြီး ကျန်းမာလာသလို ထင်ရတယ်။ 


ဘယ်ဘက်ကပုံက လွန်ခဲ့တဲ့ ၃လလောက်ကပုံ... ညာဘက်ကပုံက ခုပုံ... 
ဘယ်လိုလဲ.. သိသာတယ်မလား :D


L'oreal Sulfate-free Shampoo က ရိုးရိုး Shampoo တွေလိုပဲ အမြှပ်ထွက်တယ်။ အဲ့တော့ စပ်စုချင်တဲ့ ကန်ဒီက "အမြှပ်ထွက်စေတဲ့ SLS မပါဘဲ ဘယ်လိုအမြှပ်ထွက်လဲ" ဆိုပြီး စဉ်းစားတော့တာပေါ့။ သူ့ Ingredient List ကို ဖတ်လိုက်တော့ Sodium Lauryl Sulfate နေရာမှာ Sodium Lauryl Sulfoacetate ထည့်ထားတာ တွေ့တယ်။ အဲ့ဒါနဲ့ ဘယ်ရမလဲ အဲ့ဒီနာမည်ရိုက်ပြီး Google တာပေါ့။ Google လိုက်တာ ဘာတွေ့လဲဆိုတော့ Sodium Lauryl Sulfoacetate ဆိုတာ Coconut တို့ Palm oil တို့ကရတဲ့ သဘာဝ Surfactant တမျိုးပါတဲ့။ သူလည်း အမြှပ်ထစေတယ်လေ။ ဒါပေမယ့် SLS လို Chemical မဟုတ်တော့ Safe ဖြစ်တယ်။ နောက်ပြီး Sulfate-free Shampoo တွေမှာ Glucoside တွေ Glycerin တွေလည်း ပါတတ်ပါတယ်တဲ့။ နှစ်မျိုးလုံးက အပင်တွေကရတဲ့ သဘာဝပစ္စည်းတွေပါ။ နိဂုံးချုပ်ရမယ်ဆို Sulfate-free Shampoo တွေက Chemical တွေအစား သဘာဝကရတဲ့ ပစ္စည်းတွေကို အဓိကသုံးထားတော့ နူးညံ့တယ်။ Sensitive ဖြစ်တဲ့သူတွေအတွက် အထူးသင့်လျှော်တယ်။ ဆံပင်အရမ်းပျက်စီးနေတဲ့သူတွေကို စမ်းသုံးကြည့်ဖို့ ကန်ဒီတိုက်တွန်းချင်ပါတယ် :D

ဆံကေသာ အလှပိုင်ရှင်လေးများ ဖြစ်နိုင်ကြပါစေရှင်^^

Sunday, July 22, 2012

Birthday Party


မနေ့က ညီမလေးတယောက်ရဲ့ (၁၂)နှစ်ပြည့်မွေးနေ့ပွဲ သွားတယ်။ အားလုံးကတော့ ထင်မှာပဲ။ ကန်ဒီတယောက် ကလေးနဲ့လည်း ပေါင်းတာပဲလားလို့ ဟီးဟီး(:P)။ ကန်ဒီနဲ့သူ့အမေနဲ့ကခင်တော့ သူနဲ့ပါ တခါတည်းခင်သွားတာပေါ့။ တနည်းပြောရရင် သူ့အမေက ကန်ဒီ့ဘလော့ကို လာလည်နေကျ စာဖတ်သူပါ။ စစတွေ့ချင်းတုန်းက အဲ့အစ်မက ကန်ဒီ့ကိုမှတ်မိပြီး နှုတ်ဆက်တယ်။ ကန်ဒီ့ပိုစ့်တွေအကြောင်းလည်း ပြောပြတတ်တယ်။ ဒီဘလော့ဖတ်ဖူးရင် ကန်ဒီ့အကြောင်း တော်တော်များများက ပြောစရာမလိုဘဲ သိပြီးနေပြီလေ။ အဲ့ဒါတွေကြောင့် ပိုခင်သွားတာလည်း ပါမှာပေါ့ :D


ဟား ဟား ဟား.. ရုပ်က ရီရတယ်။ ကလေးကို ဘာလက်ဆောင်ပေးတယ် ထင်လဲ??? ဘာမှ ထူးထူးခြားခြား မဟုတ်ပါဘူး။ ကန်ဒီလည်းကြိုက် ကလေးလည်းကြိုက်မယ် ထင်တာမျိုးလေးပေါ့။ ဘာလဲဆိုတော့......... ခုမပြောသေးဘူး ဟီးဟီး xD 


မွေးနေ့ရှင်လေးက သူ့စာအုပ်လေးထဲမှာ အမှတ်တရရေးပေးပါဆိုလို့ ရေးပေးထားတာ။ လက်ရေး သည်းခံပါ (:P)။ မွေးနေ့ရှင်ညီမလေးရဲ့ အပြုံးက အရမ်း Sweet ဖြစ်တယ် (မကြာမီ လာမည်.. မျှော် :P)။ သူတို့မိသားစုပုံစံလေးကို သဘောကျတယ်။ အရမ်းအေးချမ်းတယ်။ မိဘနဲ့သားသမီးကလည်း အရမ်းရင်းနှီးတယ်။ 


ကိတ်မုန့်လေးက Cinderella ပုံလေး။ ကန်ဒီ့ Childhood ကို ပြန်သတိရစေတယ်။ Disney Princess တွေထဲမှာ ကန်ဒီအကြိုက်ဆုံးက Cinderella... တခြား Princess တွေကို သူ့လောက်ချောတယ်လို့ကို မထင်တာ :P


ကန်ဒီပြောတာ မမှားပါဘူးနော်။ သူ့အပြုံးက ချိုတယ်ဟုတ်။ (၁၂)နှစ်သာဆိုတယ်.. အရပ်က ကန်ဒီ့လောက်ရှိတော့မယ်။ ဒါနဲ့ ကန်ဒီ့အရပ်ဘယ်လောက်ရှိလဲ သိလား??? တချို့က ကန်ဒီ့ကို အရပ်တော်တော်ရှည်တယ် ထင်ကြတယ်။ အမှန်က ၅ပေ ၂လက်မကျော်ကျော်ပဲ ရှိတာ(:D)။ ဒီပုံလေးတင်ဖို့ သူ့အမေကို ခွင့်တောင်းခဲ့သေးတယ်။ အစ်မက တင်ပါ။ ရပါတယ်တဲ့။ ဘယ်လောက် သဘောကောင်းလဲ ဟိ xD

အကုန် စားကောင်းသည်.. အများကြီး စားခဲ့သည် ^_^


ကန်ဒီ ကျောက်ကျောဆို မကြိုက်လို့ စားခဲတယ်။ အဲ့မွေးနေ့က အုန်းစိမ်းကျောက်ကျောက အရမ်းအရမ်းစားကောင်းတယ်။ ကျောက်ကျောအသားကိုက တမျိုးလေး.. ပုံမှန်ကျောက်ကျောတွေနဲ့ မတူသလိုပဲ။ ကိုယ့်ဟာကိုယ် လုပ်စားကြည့်ချင်လို့ အစ်မကိုတောင် လုပ်နည်း နည်းနည်းမေးခဲ့သေးတယ်။ အစ်မက လုပ်နည်းပြောပြတဲ့အပြင် ကျောက်ကျောလုပ်တဲ့ ပုံစံခွက်လှလှလေးနှစ်ခုတောင် အဆစ်ပေးလိုက်သေးတယ်။ "အစ်မရတယ် မယူဘူး...."ပြောတာလည်း မရဘူး။ "ချစ်လို့ပေးတာ ယူသွား..."တဲ့။ ကျောက်ကျောထုပ်တံဆိပ်ကို သူဓာတ်ပုံရိုက်ပြီး ပို့ပေးဦးမယ်တဲ့။ ကဲ... ဘယ်လောက် သဘောကောင်းလဲ??? ကန်ဒီကျောက်ကျောလုပ်ဖြစ်ရင် အားလုံးကို ကြွားမယ်နော်.. အဲ.. ပြမယ်နော်.. ဟီးဟီး xD

မွေးနေ့လက်ဆောင် ^_^

ပြောသားပဲ။ ဘာမှ မထူးခြားပါဘူးလို့။ အရုပ်လေးလေ။ သူများတော့ မသိဘူး။ ကန်ဒီ့ကို အရုပ်လက်ဆောင်ပေးရင် အရမ်းသဘောကျတယ်။ သူလည်း ကြိုက်မယ်လို့ မျှော်လင့်ပါတယ်။ လက်သည်းဆိုးဆေးလည်း ပါသေးတယ်။ အဲ့ဒါကတော့ မွေးနေ့လက်ဆောင်ရယ် မဟုတ်ပါဘူး။ သူဟိုတလောက ကန်ဒီဆိုးထားတဲ့အရောင်လေးကိုကြိုက်လို့ ဘယ် Brand က ဘာအရောင်လဲ ဆိုပြီး မေးဖူးတယ်။ အဲ့ဒါနဲ့ ကန်ဒီဆိုင်မှာတွေ့တုန်းက သူ့ကို ဒီတိုင်းလက်ဆောင်ပေးဖို့ ၀ယ်ပေးထားတာ။ ခုမွေးနေ့ဆိုတော့ မွေးနေ့လက်ဆောင်နဲ့အတူ တွဲထည့်ပေးလိုက်တယ် :D

The End^^
Good Night Zzzzz...

Wednesday, July 18, 2012

Brain fart :P

ခါတိုင်းဆို ရေးစရာတွေက တန်းစီနေတာ။ ခု "ရေးပေးပါ"လို့ ပြောထားတဲ့ အကြွေးတော်တော်များများကလည်း ဆပ်ပြီးပြီဆိုတော့ လောလောဆယ် ဘာရေးလို့ ရေးရမလဲ မသိဘူး။ ကျန်နေတဲ့ အကြွေးနည်းနည်းကလည်း ဘယ်လိုရေးရမလဲ မသိလို့ စဉ်းစားနေတုန်း ဟီးးး xD

ပြီးခဲ့တဲ့ Weekend က ဘယ်မှ ဟုတ်တိပတ်တိမသွားတော့ ပြစရာ ဓာတ်ပုံမရှိဘူး။ ကောင်း၏ (ရွဲ့ပြောသည် :P) အိမ်မှာ အပျင်းထူပြီး မဟုတ်က ဟုတ်က လုပ်သမျှ ဖုန်းနဲ့ရိုက်ထားတဲ့ ပုံတွေပဲ ပြတော့မယ်။ စိတ်ထဲ ရှိတာတွေ ချရေးရမယ် ဆိုရင်တော့ အများကြီးပဲ။ သိပ်မယ်မယ်ရရတော့ မဟုတ်ပါဘူး။ ဟိုဟိုဒီဒီပေါ့...

ပျင်းလို့ ခေါက်ထားတာ...

ဒီတလော လူတယောက်က ကိစ္စမရှိဘဲ ဖုန်းခေါ်ခေါ်နေတယ်။ ကန်ဒီက များသောအားဖြင့် ဖုန်းကို ကိစ္စရှိမှ ပြောတတ်တဲ့ လူစားမျိုး။ နောက်ပြီး ဟိုသွားဖို့ ခေါ်လိုက်.. ဒီသွားဖို့ ခေါ်လိုက်နဲ့ မလိုက်ချင်လို့ "မလိုက်ချင်ဘူး" ငြင်းရတာ ပါးစပ်တော်တော်ညောင်းတယ်။ တခါခေါ်လို့မရရင် နောက်တခါခေါ်.. နောက်တခါခေါ် ကြည့်လို့မှ မလိုက်ဘူးဆို မခေါ်နဲ့တော့ပေါ့။ သူ့ဟာက ၁၀ခါငြင်းလည်း ခေါ်တုန်း။ အဲ့လိုငြင်းပြီး အချိန်ကုန်နေရတာကို တော်တော်စိတ်ညစ်တယ်။

ဒီနောက်ပိုင်း သူငယ်ချင်း/မိတ်ဆွေ တော်တော်များများက ကန်ဒီဘလော့ရေးတာ သိကုန်ပြီ။ ကန်ဒီမပြောပါဘူး။ သူတို့နည်း သူတို့ဟန်နဲ့ သိကြတာ။ အဲ့တော့ ဖြစ်လာတဲ့ ပြဿနာက ကန်ဒီ့စိတ်ထဲရှိရာရေးတာမျိုးကို တချို့က "မကောင်းဘူးလေ မရေးနဲ့.. သူဖတ်မိသွားရင် ဘယ်လိုလုပ်မလဲ.." ဘာညာ ဘာညာဆိုတာတွေ ပါလာရော(>.<)။ OK.. ကန်ဒီပြောချင်တာက ကန်ဒီ့စာတွေထဲမှာ ဘယ်သူ ဘယ်ဝါဆိုပြီး နာမည်တပ်ပြီး ရေးဖူးလား?? ကန်ဒီ့ ခံစားချက်ကို အဓိက ရင်ဖွင့်တာပဲလေ။ ဘယ်သူ့အပေါ်ကိုမှ နာမည်တပ်မစော်ကားခဲ့ဖူးဘူး။ ကန်ဒီပြောဖူးပြီးသားပါ။ ဒီဘလော့က ကန်ဒီ့ရင်ဖွင့်ရာ နေရာပါလို့။ ဒီတော့ ဟိုဟာကိုတော့ မရေးဘူး ဒီဟာကိုတော့ မရေးဘူးဆိုပြီး စည်းဘောင်မသတ်မှတ်ချင်ဘူး။ တချို့ကတော့ ထင်မှာပဲ.. "ဒီကောင်မလေး တခါခလုတ်တိုက် လဲကျဖူးတာတောင် မမှတ်သေးဘူး"လို့... မှတ်ပါတယ်။ အဲ့တုန်းက အနာက ခုချိန်ထိ စိတ်ထဲမှာ စွဲစွဲမြဲမြဲ ရှိနေသေးတယ်။ စိတ်ချပါ။ အဲ့လို ထပ်မဖြစ်စေရဘူး။ ကန်ဒီ စာကို ထိန်းပြီး ရေးတတ်နေပါပြီ (ဟုတ်မဟုတ်တော့ မသိ.. ကိုယ့်ဟာကိုယ် ထင်တာပြောတာ :P)

From Google Image

တော်ပြီ တခြားဟာပဲ ပြောတော့မယ်။ ယုန်လေး မွေးချင်လို့။ ဘယ်လိုမှတော့ မဖြစ်နိုင်ပါဘူး။ အိမ်ရှင်နဲ့က မွေးလို့ ဖြစ်မှာမဟုတ်ဘူး။ ဒါပေမယ့် မွေးချင်တယ် အဟင့် :( ကန်ဒီတယောက်တည်းနေရတာ ပျင်းတယ်။ အဲ့လိုအကောင်လေးတွေနဲ့ ဆော့နေချင်တယ်။ အဲ့ရောဂါက မမပူပူးရဲ့ Hamster ပိုစ့်တွေဖတ်ပြီး စတာ။ Hamster ကသေးတယ်။ မကိုင်ရဲဘူး။ အဲ့ဒါကြောင့် ယုန်လေး မွေးချင်တာ။ နောက်ပြီး Spiderman ကြည့်ချင်တယ်။ အဖော်မရှိဘူး။ လိုက်ပြမယ် တကဲကဲပြောနေတဲ့လူနဲ့ကျတော့ မသွားချင်ဘူး။ နောက်ဆုံးတော့လည်း အိမ်မှာပဲ မြန်မာကားကို Popcorn လေးနဲ့ ရုပ်ရှင်ရုံမှာလိုလို ထိုင်ကြည့်နေရတယ်။ ဘာကားလဲ မမှတ်မိတော့ဘူး။


ဒီရက်ပိုင်း အစားတွေ အရမ်းစားနေတယ်။ မကောင်းဘူး.. လျော့စားမှ ဖြစ်မယ်။ ဗိုက်ခေါက်ထွက်လာမှာ ကြောက်တယ်။ ဗိုက်ခေါက်ဆိုလို့ ဒီရက်ပိုင်း ဗိုက်ဖော်ဝတ်တာ တော်တော်ခေတ်စားနေပုံရတယ်။ မင်းသမီးတွေ တွေ့လိုက်ရင် ဗိုက်ကလေးတွေ ပေါ်လို့။ ဗိုက်ကို ဖော်ဝတ်မယ်ဆိုလည်း ဗိုက်ခေါက်မရှိအောင်တော့ ထိန်းသင့်တာပေါ့.. နော်.. >.<

သူငယ်ချင်းဘလော့ဂါတယောက်က သူတို့မြို့လေးနဲ့ပက်သက်ပြီး လုပ်ထားတဲ့ Facebook Fan Page ကို ဖိတ်ထားတာ လာမလည်လို့ (Like မလုပ်လို့) စိတ်မကောင်းဘူးတဲ့။ စင်္ကာပူမြို့၊ ရန်ကုန်မြို့လို သူတို့မြို့လေးက စွဲမက်ဖို့ မကောင်းလို့လားတဲ့.. ဟင်းးး (သက်ပြင်းချသံ) လူကို စိတ်မကောင်းဖြစ်အောင် ပြောတယ်။ Facebook က Notification အားလုံးကို လိုက်မဖတ်နိုင်ဘူးလေ။ သူဘယ်တုန်းက ဖိတ်လိုက်မှန်းတောင် မသိလိုက်ဘူး။ အကျိုးအကြောင်းပြောပြပြီး လင်ခ့်ပြန်ပေးပါ လာခဲ့ပါ့မယ် ပြောရတယ်။ နောက်ပြီး သူငယ်ချင်းတွေ Tag သမျှ Like မလုပ်မိရင်လည်း သည်းခံပေးကြပါ >.<

တခါကလည်း ဘလော့ဂါတယောက်က သူ့ဆိုဒ်လင့်ခ်လေးကို ကန်ဒီ့ Blogger List မှာ မတွေ့တော့လို့ ဆိုပြီး လာပြောတယ်။ ကန်ဒီ့ Blogger List မှာ ကန်ဒီနဲ့သိတဲ့ ဘလော့တွေအကုန်ရှိပါတယ်။ အရမ်းများလို့ Show 10 ပဲ လုပ်ထားတာ။ အဲ့အောက်နားက Show All ကိုနှိပ်လိုက်ရင် အကုန်ပေါ်လာလိမ့်မယ်။ လတ်တလော ပိုစ့်အသစ်တင်ထားတဲ့ ဘလော့တွေက အပေါ်မှာ တက်တယ်လေ။ အထင်တွေ အမြင်တွေ မလွဲကြပါနဲ့နော် =.='


ကိုဖြိုး (တခါတလေတော့လဲ) ကို "ကန်ဒီ့ပုံဆွဲပေးပါ"လို့ အာပေါက်အောင် ပြောပြီး ဆွဲခိုင်းထားတာ။ သူက ပန်းချီဆရာလား? ဆိုတော့ မဟုတ်ပါဘူး။ ဟိုတလောက ဖေ့ဘွတ်မှာ နောက်ရင်းပြောင်ရင်း ဆွဲခိုင်းလိုက်တာ။ အမှတ်တရပေါ့။ ကန်ဒီနဲ့တူလား... Anime နဲ့ တူတယ်နော်။ Anime ဆိုလို့ ကန်ဒီ့ကို အသိတယောက်က Sailor Moon နဲ့ တူတယ်တဲ့။ အဲ့လို ဘယ်သူမှ မပြောဖူးဘူး။ ကာတွန်းနဲ့လူ ဘယ်လိုတူသွားတယ် မသိဘူး ဟီး။ ဒါနဲ့ ကန်ဒီ Anime အရမ်းကြိုက်တယ်။ သတိထားမိလားတော့ မသိဘူး။ ကန်ဒီ့ဘလော့က ကာတွန်းပုံတော်တော်များများက Anime တွေချည်းပဲ ^_^

ဘာရေးရမှန်း မသိလို့ စိတ်ထဲရှိရာ ချရေးတာ တော်တော်ရှည်သွားပြီ။
Have a Nice Day နော်
တာ့တာ

Saturday, July 14, 2012

Let me *CURL* it!!

Hello Hello^^

***ခုဖတ်နေတဲ့သူက ယောက်ျားလေးဆိုရင် ကျန်တာမဖတ်ရင်တောင် အောက်ဆုံးတပိုဒ်ကိုတော့ ဖတ်ပေးပါ Thanks :D***

ဒီနေ့ ရှားရှားပါးပါး Beauty ပိုစ့်လေးတင်ပေးလိုက်တယ်နော်။ ဘာလို့ရှားရှားပါးပါးလို့ ပြောတာလဲဆိုတော့ ဗွီဒီယိုနဲ့ ပြမှာမို့ပါ။ ထုံးစံအတိုင်း Unlisted (Unlisted = Only those with the link can see it)။ ကန်ဒီ့ဘလော့စာဖတ်သူတွေအတွက်ပဲ။ ဟိုနေ့က သူငယ်ချင်းတယောက်က Facebook မှာ Message ပို့လာတယ်။ ကန်ဒီ့သူငယ်ချင်း မင်္ဂလာဆောင်တုန်းကလုပ်ထားသလို ဆံပင်ကောက်နည်းနဲ့ ကောက်ပြီးရင် ကြာကြာခံအောင် လုပ်တဲ့နည်း ရေးပါလားတဲ့။ ကန်ဒီအရင်ကလည်း ဒီလိုပိုစ့်မျိုးရေးဖို့ တွေးဖူးတယ်။ ဒါပေမယ့် ဓာတ်ပုံနဲ့ ဘယ်လိုပြရမလဲ မသိတာရယ်.. နောက်ပြီး ဆံပင်ကောက်တာ သိပ်မခက်ဘူး ထင်တာရယ်ကြောင့် မရေးဖြစ်ခဲ့ဘူး။ ခု သူငယ်ချင်းက ရေးစေချင်တော့မှ ရေးဖြစ်သွားတယ် ဆိုပါတော့။ ကန်ဒီ့ ဆံပင်ကောက်နည်းနဲ့အတူ ဆံပင်ကောက်ခြင်းနဲ့ပက်သက်တဲ့ တခြား Tips လေးတွေပါ ထည့်ပြောပြသွားမယ်နော် :D

ဆံပင်ကို ဓာတုဗေဒဆေးတွေနဲ့ အသေကောက်တာမျိုးကို ကန်ဒီအားမပေးဘူး။ အဲ့ဒါဆံပင်သားကို အရမ်းပျက်စီးစေတယ်။ Curling Tool နဲ့ ခဏတာကောက်တာပဲ အားပေးတယ်။  သူက ကိုယ်လိုချင်တဲ့ ပုံစံကောက်နိုင်ပြီး ဆံပင်လည်း သိပ်မပျက်စီးဘူးလေ။ Curling Tools တွေက Size မျိုးစုံရှိတော့ ကိုယ့်ကြိုက်တဲ့ Size ကို ရွေးဝယ်ထားပေါ့။ Set လိုက်လာတာတွေလည်းရှိတယ်။ အသေးအကြီး မျိုးစုံပါတယ်လေ။

တချို့က သဘာဝကျကျ မကောက်တကောက် ပုံစံလေးကြိုက်တယ်။ တချို့က အဖျားလေးပဲ ကောက်တာကိုကြိုက်တယ်။ ဒါကတော့ လူတယောက်နဲ့တယောက် အကြိုက်ချင်းမတူဘူးပေါ့နော်။ ကန်ဒီကတော့ အရင်းကနေ အဖျားထိ လုံးဝကောက်တာမျိုးကို သဘောကျတယ်။ အဲ့ဒါမျိုးက အကောက်နည်းနည်းပြေသွားရင်လည်း သိပ်ရုပ်မဆိုးဘူးလေ။ သဘာဝအကောက်လေးလိုလို ကျန်ခဲ့တယ်။ နောက်ပြီး Volume လည်း ဖြစ်စေတယ်။ ဆိုလိုတာက ဆံပင်လေးက ပွယောင်းယောင်းလေးနဲ့ ခေါင်းမှာ ကပ်ကပ်ကြီးဖြစ်မနေဘူးပေါ့။ အဲ့လိုလုပ်တာ မျက်နှာကို ပိုသေးသွားစေတယ်။

ခေါင်းလျှော်ပြီး တရက် (သို့) နှစ်ရက် ထားထားတဲ့ ဆံပင်က ပုံသွင်းရ ပိုလွယ်တယ်။ နောက်ပြီး ခေါင်းမှာ သဘာဝအဆီနည်းနည်းရှိနေတော့ ဆံပင်ကို သိပ်မပျက်စီးစေဘူး။ အဲ့ဒီအချိန်ကောက်တာ အကောင်းဆုံးပေါ့။


► ဆံပင်အထူအပါးပေါ်မူတည်ပြီး အလွှာကို အဆင်ပြေသလို ခွဲလိုက်နော်။ ကန်ဒီကတော့ ၃လွှာ ခွဲကောက်ထားတယ်။
► မကောက်ခင် Heat Protectant လိမ်းဖို့တော့ မမေ့ပါနဲ့။ အပူကြောင့် ဆံပင်ပျက်စီးတာကို ကာကွယ်ပေးတယ်လေ။ တချို့က Heat Protectant ကို တခေါင်းလုံးဖြန်းပြီးမှ စကောက်တယ်။ ကန်ဒီကတော့ တလွှာချင်းစီ လိမ်းလိုက် ကောက်လိုက်လုပ်တယ်။ ဆံပင်အဖျားကို ပိုဂရုစိုက်လိမ်းပေးပါ။ အဲ့နေရာက ပိုပျက်စီးလွယ်တယ်လေ။ Heat Protectant ခေါင်းမှာ စိုစိုကြီးဖြစ်နေတုန်း မကောက်နဲ့နော်။ ခဏစောင့်ပြီးမှ ကောက်ပါ။
► ဆံပင်အလယ်က စကောက်ပါ။ အဲ့တော့မှ ဆံပင်အရင်းတွေပါ ကောက်ကြောင်းရစေမှာ။ အဲ့လိုလုပ်တာ အဖျားကိုလည်း သိပ်မပျက်စီးစေဘူးလေ။
► ကန်ဒီက အတွင်းအပြင် နှစ်မျိုးကို တလှည့်စီကောက်တယ်။ အတွင်းဆိုတာကို မျက်နှာဘက်ကို လှည့်ပြီး ကောက်တာပါ။ အပြင်ကတော့ မျက်နှာရဲ့အဝေးဘက်ကို လှည့်ပြီးကောက်တာ။ အတွင်းအပြင် တလှည့်စီကောက်တာက Volume ပိုရစေတယ်။ အတွင်းချည်းပဲ ကောက်ချင်လည်းရတယ်။ အပြင်ချည်းပဲ ကောက်ချင်လည်း ရတယ်။ ဒါကတော့ ကိုယ့်အကြိုက်နဲ့ ကိုယ်ပေါ့နော်။
► မျက်နှာနဲ့ အနီးဆုံးအပိုင်းတွေက ဆံပင်ကောက်တဲ့နေရာမှာ အရေးကြီးဆုံးပေါ့။ ခုနက ကန်ဒီ အပေါ်အောက် အလွှာ ၃လွှာခွဲတယ်လို့ ပြောထားတယ်နော်။ အောက်ဆုံးအလွှာရဲ့ မျက်နှာနဲ့အနီးဆုံးအပိုင်းကို အတွင်းဘက်လှည့်ကောက်တယ်။ အပေါ်နှစ်လွှာကိုတော့ အပြင်ဘက်လှည့်ကောက်တယ်။ အဲ့လိုလုပ်တာက မျက်နှာလေးကို ပိုပေါ်စေတယ်။


► ကောက်ထားတာကို ကြာကြာခံစေချင်ရင် တလွှာပြီးတာနဲ့ Wax (သို့) Hair spray ဖြန်းပါ။ Wax ကို ပိုအားပေးတယ်။ Hair spray က အဲ့လောက်မခံဘူး။ အားလုံးပြီးရင် တခါ Wax (သို့မဟုတ်) Hair spray ထပ်ဖြန်းပါ။ ကန်ဒီကတော့ တလွှာပြီးရင် Wax တခါလိမ်းတယ်။ အားလုံးပြီးရင် Hair spray ဖြန်းလိုက်တယ်။ (ဗွီဒီယိုထဲမှာ အဲ့လို မလုပ်ထားဘူး။ ကန်ဒီအပြင်သွားမှာ မဟုတ်တော့ Wax မလိမ်းချင်လို့ Spray ပဲ ဖြန်းပြထားတယ်နော်)
► ပြီးရင်တော့ ကိုယ့်ကြိုက်တဲ့ Accessories လေးတွေ တပ်ပေါ့။ ဆံပင်အကောက်က အလှဆင်လို့ အကောင်းဆုံးပဲ ^_^

ကန်ဒီပြောတာတွေ ဗွီဒီယိုလေး ကြည့်လိုက်ရင် နားလည်မယ် ထင်ပါတယ်နော်။ တခု တောင်းပန်ချင်သေးတယ်။ ကန်ဒီ ဒီဗွီဒီယိုကို သိပ်စိတ်တိုင်းမကျဘူး။ အားလုံးပြီးမှ ပြန်စစ်လိုက်တော့ စာလုံးပေါင်းတချို့လွဲနေတယ်။ နောက်ပြီး တခြား ပြင်ချင်တာလေးတွေလည်း ရှိသေးတယ်။ အဲ့ဒါနဲ့ Save ထားတဲ့ Project ကို Edit လုပ်ဖို့ ပြန်ဝင်တော့ တချို့ဖိုင်တွေက ပျောက်နေတယ်။ အဲ့ဒါနဲ့ ဒီတိုင်းလေးပဲ ဖြစ်သွားတယ်။ သည်းခံပြီး ကြည့်ပေးနော် ^_^


ဒါနဲ့ ကန်ဒီ့ဆိုဒ်က ကန်ဒီသိသလောက် အားလုံးကို ပြန်ရှယ်တဲ့သဘောပါ။ စာဖတ်တဲ့ အစ်မ/ညီမတွေကလည်း ကိုယ်သိထားတဲ့ နည်းလေးတွေ ကန်ဒီမှားနေတာလေးတွေကို ကွန်မန့်မှာရေးပြီး ထောက်ပြနိုင်ပါတယ်။ ကန်ဒီ စိတ်မဆိုးတတ်ပါဘူး ^_^

ကန်ဒီ့ဗွီဒီယိုတွေနဲ့ ကန်ဒီ့ဓာတ်ပုံတွေပါတဲ့ Beauty ပိုစ့်တွေကို ShweBeauty မှာ မတင်တာ အကြောင်းရှိပါတယ်။ အဲ့ဆိုဒ်က ကန်ဒီ့ကိုယ်ပိုင်ဆိုဒ်မဟုတ်တဲ့အပြင် သူက နည်းနည်း Professional ပိုဆန်တယ်လေ။ ကန်ဒီ့ဆိုဒ်ထက် Visitorလည်း ပိုများမယ် ထင်တယ်။ ကန်ဒီကိုယ်တိုင်က မော်ဒယ်လ်တယောက်မဟုတ်တော့ အဲ့လိုဆိုဒ်မျိုးမှာ ဒီလိုမျိုးတင်ဖို့ မရဲဘူး။ အဲ့ဒါကြောင့်ပါ။ ကန်ဒီ့ဆိုဒ်မှာကျ Beauty ပိုစ့်တွေတက်ပြီး ShweBeauty မှာကျ မတက်ဘူးဆိုပြီး တမျိုးမထင်ပါနဲ့နော် >.<

အားလုံးပြီးတော့ ဓာတ်ပုံရိုက်ဖို့ မေ့သွားလို့ အရင်ပုံလေးပဲ ကြည့်လိုက်တော့နော် ဟီး :D

OK OK... ကန်ဒီပြောတာတွေ အရမ်းများနေပြီ။ ဒါနောက်ဆုံးပဲနော်။ တခြားဘလော့ဂါတွေတော်တော်များများလည်း တင်ပြီးသလောက်ဖြစ်နေပြီဆိုတော့ အားလုံးလည်း သိပြီးလောက်ပြီထင်ပါတယ်။ မြန်မာမုဒိတာလူငယ်များအဖွဲ့ရဲ့ တတိယမြောက်အလှူအကြောင်းပါ။ ဒီမှာ နှိပ်ပြီး သွားဖတ်နိုင်ပါတယ်။ အားလုံးကိုလည်း သဒ္ဓါတတ်အားနည်းများမဆို ပါဝင်လှူဒါန်းပြီး ကုသိုလ်ယူကြဖို့ တိုက်တွန်းပါရစေ ^_^

Have a Nice Day^^

Tuesday, July 10, 2012

နေ့ဆွမ်း++


တနင်္ဂနွေနေ့က သူငယ်ချင်းမွေးနေ့အလှူရှိလို့  Clementi ဘုန်ကြီးကျောင်း ရောက်သွားတယ်။ နေ့ဆွမ်းကပ်တာလေ။ ဟင်းတွေကတော့ စုံလို့။ ကြက်သားကချင်ချက်၊ ပုဇွန်ဆီပြန်၊ ၀က်သားလုံးချက်၊ သရက်သီးသုပ်နဲ့ ပဲဟင်း။ နေ့ဆွမ်းကပ်တဲ့ အလှူရှင်က နှစ်ဦးဆိုတော့ ဟင်းတွေမှ အများကြီး။ ဘုန်းဘုန်းတွေ အဲ့လောက်ဟင်းအများကြီးကို ဘယ်လိုဘုန်းပေးလိုက်လဲ မသိဘူး ဟီးး :D


Clementi မှာနေတဲ့ သူငယ်ချင်းတယောက်အိမ်မှာပဲ ဟင်းချက်ကြတယ်။ စနေနေ့ကတည်းက အဲ့သူငယ်ချင်းအိမ်မှာ သွားကူလုပ်ဖြစ်တယ်။ Clementiမှာ နေရတာ မိုက်တယ်နော်။ တခုခုလိုအပ်ရင်ဝယ်ဖို့ မြန်မာဆိုင်တွေရှိတယ်။ နောက်ပြီး Food Court မှာလည်း မြန်မာအစားအစာရတယ်။ ဈေးလည်း မကြီးဘူး။ အရမ်းသဘောကျတယ်။

 မွေးနေ့ရှင် သူငယ်ချင်းအလှူငွေ လှူနေတာ...

ဗွီဒီယိုရိုက်ထားသေးတယ်။ တကယ်တော့ သူငယ်ချင်းတွေပဲ ကန်ဒီ့ကင်မရာကြီးကိုင်ပြီး လျှောက်ရိုက်ပေးတာပါ။ ကန်ဒီက ကူနေတာနဲ့ မရိုက်ဖြစ်ဘူး။ Edit မလုပ်ရသေးဘူး။ လုပ်ပြီးရင် Twitter Update မှာ လင့်ခ်တင်ပေးမယ်နော်။ ကြည့်ချင်တဲ့သူ ကြည့်ရအောင် ^_^


အဲ့ဒီ ကလေးလေးက အရမ်းလိမ္မာတယ်။ ကန်ဒီတွေ့ဖူးသမျှကလေးတွေထဲမှာ အလိမ္မာဆုံး ကလေးပဲ။ တကယ်အပိုပြောတာ မဟုတ်ဘူး။ ကန်ဒီတို့သူတို့အိမ်ရောက်တော့ သူက ကာတွန်းကားကြည့်နေတယ်။ သူ့အမေက ရေချိုးနေတယ်။ ကြမ်းပြင်မှာပြန့်ကျဲနေတဲ့ အရုပ်တွေကို ချက်ချင်းကောက်သိမ်းတာ။ ပြီးတော့ ကန်ဒီတို့ကို ထိုင်ခိုင်းတယ်။ အအေးတိုက်တယ် မုန့်ကျွေးတယ်။ လူကြီးလေး တယောက်လိုပဲ။ အရမ်းသိတတ်တယ်။ အဲ့လို လိမ္မာတဲ့ကလေးလေး လိုချင်တယ် :)


ဒါနဲ့ ပြောပြစရာတစ်ခုရှိတယ်။ ကန်ဒီ့ဆီလာလည်နေကြသူတွေအတွက် ရည်ရွယ်ပြီး Gmail အသစ်တစ်ခုလုပ်ထားတယ်။ ကန်ဒီ့ကို မေးချင်တာ ရေးစေချင်တာ ပြောချင်တာရှိရင် (သို့) ခင်ချင်ရင် စာရေးနော်။ လိပ်စာက candy4u1988@gmail.com

တင်ပြီးခဲ့တဲ့ "နှလုံးလှပြိုင်ပွဲ" ပိုစ့်လေးနဲ့ ပက်သက်ပြီး နည်းနည်းပြောမယ်နော်။ အဲ့ပိုစ့်ကို ရေးဖြစ်တဲ့အကြောင်းရင်းတွေ အများကြီး အများကြီးရှိတယ်။ ကိုယ်တိုင်ကြုံခဲ့ဖူးတဲ့ ပြဿနာတွေနဲ့ သူငယ်ချင်းတွေရဲ့ ပြဿနာတွေကို အခြေခံပြီးရေးထားတယ်။ တချို့ပြဿနာတွေက အဲ့လိုစိတ်ထားနိုင်မှ ကိုယ်အကျမနာမှာလေ။ အဲ့မှာ ပြောပြသွားတဲ့ အချက်(၃)ချက်လုံးကို ကန်ဒီကိုယ်တိုင်လည်း မလုပ်နိုင်သေးပါဘူး။ ပထမဆုံးတချက်တော့ ကန်ဒီအောင်မြင်ခဲ့ဖူးတယ်။ ဒုတိယတချက် ခွင့်လွှတ်ခြင်းဆိုတာထက် လစ်လျှူရှုလိုက်မိတယ်ဆိုရင် ပိုမှန်မယ်။ နောက်ဆုံးတချက်ကိုတော့ ကန်ဒီမလုပ်နိုင်သေးဘူး။ သေချာတာတခုကတော့ အမှားတခု/ပြဿနာတစ်ခုက ကန်ဒီ့ကို ပိုရင့်ကျက်အောင် သင်ခန်းစာတစ်ခုပေးတယ်။ ဒါလည်း အမြတ်တစ်ခုပဲနော်...

အားလုံးပဲ Good Night^^

Friday, July 6, 2012

နှလုံးလှ ပြိုင်ပွဲ

စိတ်ထားလှသူတွေရဲ့အလှကို ဘယ်နတ်မိမယ် ဘယ်အလှဘုရင်မမှ မယှဉ်နိုင်ပါဘူး။ ဒါကန်ဒီခံယူထားတဲ့ အလှစစ်ပေါ့။ ဒါဆို ဒီလိုအလှမျိုးပိုင်ဆိုင်ဖို့ ကန်ဒီတို့ ဘာလုပ်သင့်လဲ?? သိပ်ရှင်းတဲ့ ဒီအဖြေအတွက် ကန်ဒီဖြေပေးဖို့ လိုမယ် မထင်ပါဘူး...

ကန်ဒီတို့ နေ့စဉ်ဖြတ်သန်းနေရတဲ့ဘ၀မှာ မကြာခဏဆိုသလို ပြဿနာစစ်ပွဲလေးတွေနဲ့ ကြုံတွေ့ရတတ်တယ်နော်။ လူတယောက်နဲ့တယောက် တွေးခေါ်ပုံ ယူဆပုံခြင်း ဘယ်လိုမှ မတူနိုင်တော့ ဘ၀လမ်းခုလတ်တနေရာမှာ အမှတ်မထင် ၀င်တိုက်မိတတ်ကြတယ်။ အဲ့ဒီက အစပြုလို့ ဖြစ်ပေါ်လာတဲ့ ပြဿနာစစ်ပွဲတွေကို ကန်ဒီတို့ ဘယ်လိုနည်းနဲ့ အနိုင်ယူနေကြလဲ??


► ကိုယ်အနိုင်ရဖို့ သူတပါးကို နှိမ့်ချမိခဲ့လား??
► ကိုယ်အနိုင်ရဖို့ သူတပါးကို အနိုင်ကျင့်မိနေလား?? 
► ကိုယ်အနိုင်ရဖို့ သူတပါးကို ထိခိုက်နာကျင်စေခဲ့လား??


OK.. အဲ့ဒီပြဿနာစစ်ပွဲတွေအားလုံးကို နှလုံးလှစိန်ခေါ်ပွဲတွေအဖြစ် မြင်ကြည့်ပြီး သိပ်လှတဲ့ နှလုံးသားတစ်စုံနဲ့ ဘယ်လိုအနိုင်ယူမယ်ဆိုတဲ့ စစ်ဆင်ရေးနည်းဗျူဟာတခု ချကြည့်ရအောင်။ သိပ်တော့ မလွယ်ဘူးနော်။ အဓိကကတော့ ကန်ဒီတို့ စိတ်ကို တွေးတတ်အောင် လေ့ကျင့်ယူရမယ်။ စိတ်ထဲ အဲ့ဒီအတွေးတခုရသွားပြီဆို ဒီပြိုင်ပွဲမှာ ကန်ဒီတို့နိုင်ပြီ။ ဘယ်သူ့ကိုမှ မထိခိုက် မနာကျင်စေဘဲ လှလှပပကို နိုင်မှာ :D

ကိုယ့်အသားထိရင်/ကိုယ့်ကိုစော်ကားလာရင် ဆတ်ဆတ်ထိမခံဘဲ ကတ်ကတ်လန် ရန်ပြန်တွေ့တတ်ကြတာ လူ့သဘာဝပဲလေ။ ဒီလိုနဲ့ပဲ ရန်ပွဲတွေက အပြီးမသတ်နိုင်ဘဲ ရန်ကိုရန်ချင်းဆင့်ပြီး အမုန်းပွားနေကြတာ မဟုတ်လား။ အဲ့လို သူတပြန် ကိုယ်တပြန် အပြိုင်ချဲနေတဲ့ ရန်ပွဲမျိုးမှာ ကိုယ့်ဘက်ကအရင်လျော့ကြည့်လိုက်ပါလား? အဲ့ဒီရန်ပွဲ တမျိုးတဖုံပြောင်းလဲသွားမှာတော့ အမှန်ပဲ။ အတ္တကိုယ်စီနဲ့ မွေးဖွားလာတဲ့ လူ့စိတ်ဆိုတာကလည်း ကိုယ်မှန်တယ်ထင်ရင် ရှေ့ဆက်တိုးချင်ကြတာချည်းပဲနော်။ အဲ့ဒီစိတ်နဲ့ အဲ့ဒီမာန်တွေကို ရိုက်ချိုး.. ကိုယ်မှန်ရဲ့သားနဲ့ ကိုယ့်ဘက်က တောင်းပန်ပြန်လျော့ဖို့ဆိုတာ လွယ်တဲ့ကိစ္စတခုတော့ မဟုတ်ဘူး။ ဒါပေမယ့် အဲ့မလွယ်တာကို လုပ်နိုင်တဲ့သူကမှ နှလုံးလှသူ မဟုတ်လား...

နောက်တခုကတော့ ခွင့်လွှတ်တတ်တဲ့စိတ်ကို မွေးမြူဖို့ပါ။ ရန်ပွဲမှာ ကိုယ့်ဘက်က စလျော့ပေးလိုက်ပေမယ့် စိတ်ထဲကနေ တဖက်လူကို တနုံနုံနဲ့ ခွင့်မလွှတ်နိုင်သေးရင် စစ်မှန်တဲ့ အောင်မြင်မှု မရနိုင်သေးဘဲ ကိုယ့်စိတ်က ပူလောင်နေဦးမှာပဲ။ ရန်သူကို ခွင့်လွှတ်ဖို့ဆိုတာ သိပ်ခက်ပါတယ်။ ဒါပေမယ့် ခွင့်လွှတ်ခြင်းရဲ့ အေးမြတဲ့အနှစ်သာရကို ခွင့်လွှတ်ဖူးသူတွေ အသိဆုံးလို့ ထင်တယ်နော်။ ဒီတော့ ကြိုးစားကြည့်ပါ။ ပြီးရင်တော့ ပြဿနာတွေအားလုံးကို မေ့လိုက်တော့ပေါ့။ အဲ့ဒီအခါ စစ်မှန်တဲ့ ပျော်ရွှင်မှုမျိုးကို ပိုင်ဆိုင်မှာ မလွဲဧကန်ပဲလေ။

အနှစ်ချုပ်ရမယ်ဆို ဒီနှလုံးလှပြိုင်ပွဲမှာနိုင်ဖို့ အဓိက စစ်ဆင်ရေးနည်းဗျူဟာ သုံးခုက တောင်းပန်ခြင်း၊ ခွင့်လွှတ်ခြင်းနဲ့ မေ့ဖျောက်ခြင်း...

♥ The first to Apologize is the Bravest.
♥ The first to Forgive is the Strongest.
♥ The first to Forget is the Happiest.

စာဖတ်သူအားလုံးလည်း ပြဿနာတခုခုနဲ့ကြုံလာလို့ အတိုက်အခံတွေဖြစ်နေရပြီဆို ဒီအဆင့်(၃)ဆင့်ကို အမြဲသတိရပေးပါနော်။ ပြဿနာစစ်ပွဲတိုင်းကို နှလုံးသားတစ်စုံနဲ့ အနိုင်ယူပါ။ ထိုနှလုံးသားသည် လှပါစေ^^

စာကြွင်း >> ကန်ဒီ ဒီစာကိုရေးနေတုန်း Twitter မှာ အဲ့ဒီ English Quote လေးတွေ့လို့ အရမ်းသဘောကျတာနဲ့ ထည့်ထားတယ်။ ပိုစ့်လေးနဲ့လည်း လိုက်ဖက်တယ်လေ ^_^

Monday, July 2, 2012

Clarke Quay


Hello^^
တကယ်တော့ တင်ဖို့ရည်ရွယ်ထားတာ ဒီပိုစ့်မဟုတ်ဘူး။ ခုလောလောဆယ် ဟိုဟိုဒီဒီ စကားပြောချင်စိတ်ပေါ်လာလို့ ဒီပိုစ့်လေး အရင်ရေးလိုက်တာ။ ဟိုနေ့က မရည်ရွယ်ဘဲ Clarke Quay ရောက်သွားတယ်။ အဲ့ကို မရောက်တာ တော်တော်ကြာပြီ။ ဝေးတာလည်း မဟုတ်ဘဲနဲ့ မရောက်ဖြစ်ဘူး။ ခုပြန်ရောက်သွားတော့ အရင်ထက် ပိုလှနေသလို ခံစားရတယ်။ တိုက်လေးတွေကို ဆေးရောင်ဆန်းဆန်းလေးတွေ သုတ်ထားတာ အရမ်းမိုက်တယ်။ နောက်ပြီး အပျော်စီးလှေလေးတွေနဲ့ ကန်ရေပြင်နားက နေမင်းကြီးက ညနေဆည်းဆာအလှကို ပိုပြီးပြည့်စုံစေတယ်။ အဲ့ဒီအချိန်မျိုးဆို ကန်ဘောင်မှာထိုင်ပြီး သီချင်းနားထောင်ရတာ အရမ်းသဘောကျတယ်။

 

ဒီအပတ် City Hall က မန္တလေးဆိုင် ရောက်ဖြစ်တော့ တခုသတိထားမိတယ်။ စားပွဲထိုးတွေက အရင်လူတွေ မဟုတ်တော့ဘဲ အသက်ကြီးတဲ့ အန်တီကြီးတွေ ဦးလေးကြီးတွေ ဖြစ်နေတယ်။ နောက်ပြီး ပန်းကန်တွေကလည်း တခါသုံးပန်းကန်တွေ။ ကန်ဒီကြားမိတာတော့ ခုတလော Part Time ခိုးလုပ်တဲ့လူတွေကို ဖမ်းနေတယ်တဲ့။ အဲ့ဒါကြောင့် အလုပ်လုပ်မယ့်လူ နည်းသွားပုံရတယ်။ အဲ့လို ဦးလေးကြီး အန်တီကြီး အရွယ်တွေ ကိုယ်ထိုင်တဲ့စားပွဲ သုတ်ပေးနေတာ.. ကိုယ်စားဖို့ ဟင်းချပေးနေတာတွေ မြင်တော့ စိတ်ထဲအားနာတယ်။ Part Time လုပ်မယ့်လူမရှိတော့ အားနေတဲ့ လူကြီးတွေ ၀င်လုပ်နေရတယ် ထင်တာပဲလေ။


စိတ်ထဲ ဘ၀င်မကျတာလေး တခုရှိတယ်။ ဒီဘက်ခေတ်ကြီးမှာ မိန်းကလေးနဲ့ ယောက်ျားလေး နှစ်ယောက်အပြင်သွားတာကို စချင်တဲ့ လူတွေရှိသေးတာ အံ့သြတယ်။ သမီးရည်းစားမှ နှစ်ယောက်တည်း သွားရမှာလား? (>.<) ကန်ဒီအပြင်သွားရင် ဘယ်သူနဲ့မှ သွားရမယ်ဆိုပြီး အကန့်အသတ်မရှိဘူး။ များသောအားဖြင့် တယောက်တည်းသွားဖြစ်တယ်။ လိုက်ချင်တယ်ဆို ခေါ်တယ်။ လိုက်ခဲ့ပါ အကူအညီတောင်းရင် လိုက်ပေးတယ်။ မိန်းကလေး ယောက်ျားလေး မရွေးဘူး။ ယောက်ျားလေးနဲ့ နှစ်ယောက်တည်းမို့ မသွားချင်ဘူး ဆိုတာလည်း မရှိဘူး။ တချို့က ဘာလို့အဲ့လောက်ကြီးတွေ လိုက်တွေးနေလဲ မသိဘူး။  ကလပ်လို နေရာမျိုး သွားနေတာလည်း မဟုတ်ဘူး။ ဒါကို စချင်သလိုလို ဘာလိုလိုနဲ့ (>.<)။ နောက်ပြီး နှစ်ယောက်တည်း သွားတာနဲ့ကို ထင်ချင်တာတွေ စွတ်ထင်ကုန်တော့တာပဲ။ ဟိုတလောကလည်း ကိုလေး(ကန်ဒီ့အစ်ကိုငယ်)က ညစာကျွေးမယ်ဆိုပြီး ကန်ဒီ့ကိုခေါ်တယ်။ မသွားခင် ကိစ္စလေးတစ်ခုရှိလို့ဆိုပြီး City Hall ၀င်တယ်။ အဲ့မှာ သူ့သူငယ်ချင်းက ကန်ဒီတို့မောင်နှမကို သမီးရည်းစားထင်ပါလေရော။ "မင်းကွာ ကောင်မလေးကို မိတ်မဆက်ပေးဘူး.. လျှိုထားတယ်.." တဲ့ =.="

ခုလည်း ကြည့်လေ။ Clarke Quayကို ခင်နေတဲ့အစ်ကိုတယောက်ရဲ့ ကိစ္စရှိလို့ လိုက်ပေးရင်းနဲ့ ရောက်သွားတာ။ အဲ့ဒါကို စချင်နေကြတယ်။ ဒါလည်း တဒုက္ခပဲ (>.<)။ "ကျုပ်မှာ ရည်းစားကြီး ငုတ်တုတ် ရှိတယ်ဟေ့" လို့ပဲ အော်လိုက်ချင်တော့တယ်။ ကန်ဒီ့မှာ မိန်းကလေး သူငယ်ချင်းနည်းတယ်။ မိန်းကလေးတွေက ကန်ဒီ့ကိုသိပ်မခင်ချင်ဘူးလား ဘာလား မသိပါဘူး။ သိပ်ဟတ်ဟတ်ပက်ပက် မရှိလှဘူး။ ကန်ဒီကလည်း မပွင့်တပွင့်ဆို မကြိုက်ဘူး။ ရီစရာရှိ ရီ.. ပွင့်ပွင့်လင်းလင်းဆက်ဆံတာမျိုးကို သဘောကျတယ်။ အဲ့တော့ ယောက်ျားလေးတွေနဲ့ ပိုပေါင်းဖြစ်တယ်။ ကန်ဒီ့ကို ယောက်ျားလေးတွေနဲ့ တွေ့တိုင်းသာ ထင်ချင်ရာ ထင်ရရင် လူလည်း ရည်းစားပရပွ ဖြစ်နေလောက်ပြီ (>.<)။ မိန်းကလေးတွေထဲမှာဆို ကန်ဒီ့ဘလော့ဆီ လာလည်နေတဲ့ အစ်မ/ညီမတွေပဲ ကန်ဒီ့ကို ခင်တာများတယ် ^_^  (Love them so much :D)

ဒီကောင်မလေးနဲ့ ကောင်လေးက သမီးရည်းစားလား.. သူငယ်ချင်းလား.. ကြည့်ပြီးခွဲဖို့ အဲ့လောက်မခက်ပါဘူး။ ကန်ဒီဆို ခွဲတတ်တယ်(:P)။ အဲ့တော့ ဝေဖန်ရေးနဲ့ လေကန်ရေးလုပ်မယ်ဆိုလည်း ကြည့်ကျက်ပြီး လုပ်ကြစေချင်တယ် (ပြောတဲ့လူတွေကို ပြောတာပါ)

တော်ပြီ တော်ပြီ..
အိပ်တော့မယ်..
အားလုံးပဲ Good Night^^