Thursday, September 27, 2012

ခံတွင်းအနံ့မထွက်အောင်


ခံတွင်းအနံ့ထွက်ခြင်းဟာ လူမှုဆက်ဆံရေးမှာ တော်တော်ဆိုးရွားတဲ့ ပြစ်ချက်တစ်ခုပါ။ အသိမိတ်ဆွေတွေနဲ့ စကားပြောတဲ့အခါမှာဖြစ်ဖြစ် ချစ်သူနဲ့ **** (ကိုယ့်ဟာကိုယ်နားလည်လိုက်ပါ xD) တဲ့အခါမှာပဲဖြစ်ဖြစ် ကိုယ့်ပါးစပ်က ဆိုးဆိုးရွားရွားအနံ့ထွက်နေရင် ဘယ်လောက်ရှက်စရာကောင်းလဲ?? အဲ့တော့ ခံတွင်းအနံ့မထွက်အောင် ကန်ဒီတို့ ကြိုတင်ကာကွယ်သင့်တာပေါ့နော် :)

♦ ဘာကြောင့် ခံတွင်းနံ့ထွက်တာလဲ?

ခံတွင်းအနံ့ထွက်ရခြင်းရဲ့ အကြီးမားဆုံးအကြောင်းရင်းကတော့ ခံတွင်းသန့်ရှင်းရေးအားနည်းလို့ပါ။ ကန်ဒီတို့ အစာစားပြီးလို့ သွားကြိုသွားကြားမှာ ကျန်နေတဲ့အစာတွေကို ပါးစပ်ထဲက ဘက်တီးရီးယားတွေက ချေဖျက်ပေးပါတယ်။ အဲ့ဒီဘက်တီးရီယားတွေကြောင့်ပဲ ခံတွင်းအနံ့ဆိုး ထွက်ပေါ်ရတာပေါ့။

တံတွေးသိပ်မထွက်ဘဲ အာခြောက်ရင်လည်း ခံတွင်းအနံ့ထွက်တတ်ပါတယ်။ တခါတလေ ကိုယ်အသုံးပြုနေတဲ့ဆေးတွေကြောင့် အာခြောက်တတ်ပါသေးတယ် (ဥပမာ- စိတ်ကျပျောက်ဆေး Antidepressants များ)။ ကန်ဒီတို့ ပါးစပ်တွင်းကထွက်တဲ့ တံတွေးမှာ အားသာချက်တွေ အများကြီးရှိတယ်။ သူက ခံတွင်းကို စိုစွတ်နေစေတဲ့အပြင် ဘက်တီးရီးယားတွေကိုလည်း လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့်ပေးတယ်။ အဲ့တော့ သူတို့ လွယ်လွယ်ကူကူ မျိုးမပွားနိုင်ဘူးပေါ့။ အိပ်မောကျနေတဲ့အချိန်မှာ တံတွေးထွက်နှုန်းလျော့ကျသွားပြီး ခုနကပြောသလို ဘက်တီးရီးယားတွေက စားကြွင်းစားကျန်တွေကို ချေဖျက်ပေးပါတယ်။ အဲ့ဒါကြောင့် ကန်ဒီတို့ အိပ်ယာနိုးနိုးချင်းအချိန်ဆို ခံတွင်းအနံ့ထွက်တတ်တာပေါ့။ တကယ်တော့ ဒါဟာ သဘာဝပါ။ မနက်ပိုင်းထွက်တဲ့ ခံတွင်းနံ့က ပျောက်အောင်လုပ်ဖို့လွယ်ပါတယ်။ အဲ့လိုမဟုတ်ဘဲ တနေကုန် အနံ့ထွက်နေတာဆိုရင်တော့ ဂရုစိုက်ဖို့လိုလာပါပြီ။

အနံ့ထွက်စေတဲ့ အစားအစာများစားခြင်း၊ သွားတိုက်တဲ့အခါ လျှာကိုတိုက်ဖို့ မေ့လျော့ခြင်းနဲ့ ဆေးလိပ်သောက်ခြင်းတို့ကြောင့် ခံတွင်းအနံ့ထွက်စေနိုင်သလို တချို့သော ရောဂါတွေကြောင့်လည်း ခံတွင်းနံ့ထွက်စေနိုင်ပါတယ်(ဥပမာ- ဆီးချို၊ နူမိုးနီးယား)။ ကန်ဒီဆို နေမကောင်းဖြစ်ရင် ခံတွင်းအနံ့ထွက်တတ်တယ်။ ဒါ ကိုယ့်ဟာကိုယ်သတိထားမိတာကို ပြောပြတာ။ (ကိုယ်သတိမထားမိတဲ့အချိန်တွေမှာရော ထွက်နေလား မပြောတတ် :P)

♦ ဘယ်လို ကာကွယ်မလဲ?

ဘာကြောင့်ဖြစ်လဲဆိုတာသိပြီဆိုမှတော့ ဘယ်လိုကာကွယ်ရမလဲဆိုတာလည်း သိလောက်ပြီပေါ့နော်။ ခံတွင်းနံ့မထွက်အောင် ပူရှိန်းလေးတွေငုံတာထက် ခံတွင်းနံ့ထွက်စေတဲ့အဓိကအကြောင်းရင်းတွေကို ကာကွယ်ဖို့လိုပါတယ်။
 
(၁) သွားပုံမှန်တိုက်ပါ။ 
(၂) သွားကြားထဲမှာ ကျန်နေတဲ့အစာတွေကို ပိုးကြိုး(Floss)နဲ့ အနည်းဆုံး ၃ရက်ခြားတခါဆွဲပေးပါ။ 
(၃) အချွဲအကျိတွေပြောင်တဲ့အထိ လျှာကို သေချာတိုက်ပေးပါ။
(၄) ရေများများသောက်ပါ။

တကယ်တော့ ကန်ဒီရေးပြနေတာတွေကို အားလုံးသိလောက်ပါတယ် (>.<)။ ခံတွင်းသန့်ရှင်းဖို့နဲ့ ခံတွင်းအနံ့မထွက်အောင် ကိုယ့်ဟာကိုယ်ထိန်းသိမ်းဖို့ အရေးကြီးတယ်ဆိုတာကို ထောက်ပြချင်ရုံသက်သက် ဒီပိုစ့်လေးကို ရေးဖြစ်သွားတာ...

အားလုံးကျန်းမာပျော်ရွှင်ကြပါစေ^^
Mwah* (သွားတိုက်ပြီးသားပါ :P)

23 comments:

မေမြို့မိုး said...

ကျေးဇူးပါအစ်မရေ..။
ကျွန်တော်လည်းသေချာမှတ်သွားတယ်.။
ကြက်သွန်ပါတဲ့ အသုတ်တွေဘာတွေစားပြီးတဲ့အခါမျိုးဖြစ်ဖြစ်. စကားပြော စရာကိစ္စကိုသွားတဲ့အခါဖြစ်ဖြစ်.။ ပလုတ်ကျင်းတဲ့ အရည်..(ဘိုလိုတော့ ဘီလိုခေါ်သည်မသိ..)နဲ့ ပလုတ်ကျင်းပြီးသွားပါတယ်.။ ကိုယ့်ကိုယ်ကို မသိပေမယ့် အဲဒီလူတွေနဲ့တွေ့ဖူးလို့ တကယ်လို့ ဆိုတဲ့အသိနဲ့အားနာလို့ပါ.။

ဝိ၀ိ said...

ကျေးဇူး.......အစ်မ....

မောင်(စွယ်စုံကျမ်း) said...

ချစ်တူနဲ့  star ..star ဆို ဘာရဲဟင်..တားမတိဝူး ဖွားလေးအချိန်ရမယ်ဆို ပုံနှင့်တကွ ရှင်းပြပါ..ခိခိ

Anonymous said...

ရှင်း ရှင်း

mstint said...

ပညာပေးလေးဝင်ဖတ်သွားတယ် ချိုချဉ်လေးရေ။
နေကောင်းတယ်ဟုတ်?
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ကိုတူး said...

GOOD :D

လွင်ပြင်လှိုင်းငယ် said...

မှတ်သားစရာလေးတွေအတွက်ကျေးဇူးပါ ညီမလေးရေ

အိမ်မက်ကောင်းကင် said...

အခုလို သိသင့်တာလေးတွေကိုမျှဝေပေးတဲ့ မမချိုချဉ်လေး ကျေးဇူးပါ
ပျော်ရွှင်နိုင်ပါစေနော်
(သွားတိုက်ပြီးသားပါ ခွိခွိ )

Vista said...

အာဘွား ... ( သွားတိုက်ထားပါတယ် ဟိ )

မိုးငွေ့........ said...

ပို့စ်လေးအတွက်ကျေးဇူး...Mwah....(မွှေးမွှေးလေးနော်..) ...း))

ဘုန်း၂တောက် said...

ချိုချဉ်က ရယ်စရာလေးတွေ ကြားညှပ်ပြီး ပြောတတ်တယ်နော်။ အထူးသဖြင့် ကွင်းစကွင်းပိတ်တွေထဲက စာသားလေးတွေ ဖတ်ရတိုင်း ရယ်ရတယ်။ အဲဒီအတွက် ရှဲရှဲနော်။

ဒွေးနဲ့တင့်တင့်ထွန်းတို့ ရုပ်ရှင်ကားကို သွားအမှတ်ရတယ်။ ဒွေးက မတင့်ကို ရည်းစားစကားပြောမယ်လုပ်တော့ မတင့်ရဲ့သွားမှာ ငြုပ်သီးဖတ် ကပ်နေတာနဲ့...

သွားတော့ နေ့စဉ် တိုက်ဖြစ်သလိုလိုပဲ။ ဒါပေမယ့် ပြောင်မပြောင်တော့ မှန်ထဲ ပြန်မကြည့်ဖြစ်ဘူး။

မြတ်နိုးသူ(MUFL) said...

ခံတွင်းနံ့ထွက်ခြင်းအကြောင်းရင်းလေးတွေ
မှတ်သားသွားပါတယ်အမ

ဆူးသစ် said...

ဗဟုသုတပေါ့ညီမလေးရေ။အစ်ကိုတို့လည်းကိုယ့်ဘာသာသတိမထားမိတဲ့အချိန်ဆိုဖြစ်တာပေါ့။သတိထားမိလည်းဘာမှလုပ်လို့မရတဲ့အချိန်တွေရှိရဲ့။ပိုသတိထားစရာပေါ့။ကျေးဇူးတင်လျက်......။

အလွမ်းမြို့ said...

ချစ်စရာညီမလေးရေ

မကြီးမှတ်သားသွားတယ်။
လုပ်လည်းလုပ်ဖြစ်ပါတယ်။



ခင်တဲ့
မကြီးလွမ်း

နွေတေးရှင် (မင်းဧရာ) said...

ဤထောက်ပြ မှု့သည် အလွန်မှန်ကန်၏း)

မှန်တာပေါ့ သတိထားရမည့် အရေးတွေပါ
အကိုကြီး ကိုဆူးသစ်ပြောသွားသလိုပေါ့ကွယ်
သတိထားတဲ့ ကြားက ဘယ်လိုမှ လုပ်ခွင့်မသာတဲ့ အချိန်တွေ လည်းရှိခဲ့တာပေါ့လေ ကာကွယ်နိုင်ရင်တော့ အကောင်းဆုံးပေါ့ ။

နွေမိုး said...

မန့်ပီးတားပြန်လာအော်သည်.. ။ လင့်ခ်ပြောင်းချိတ်ပေးပါဗျို့..။ အမျိုးအရင်းတွေပဲနောက်ကျနေတယ်နော်.. :D

ချစ်စံအိမ် said...

ခံတွင်းနံဆိုးတာတော့တော်တော်ဆိုးတာညီမရေ..
အမဆိုအဲအနံတွေရရင်ခေါင်းမူးရော..
အခုလိုပိုစ့်တွေများများရေးပါညီမရေ..
ပြောရမယ်ဆိုမြန်မာတွေကပိုနံကြတယ်..သန့် ရှင်းမှုလိုကြတယ်ထင်တယ်..

မိုးသူ(တောင်ကြီး) said...

မှတ်သားသင့်တဲ့ ကျန်းမာရေးဗဟုသုတပါ

ကျေးဇူးပါ ကင်ဒီရေ

ခင်တဲ့
မိုးသူ(တောင်ကြီး)

blackroze said...

မှန်ပါတယ်..တခါတလေ ပါးစပ်ကထွက်တဲ့
အနံကို ကိုယ်ကမရပေမဲ့သူများကနံနေတော့
အ၇မ်းကိုရှက်ဖို့ကောင်းသလို
အားနာဖို့လည်းကောင်းပါတယ်..

လရိပ်အိမ် said...

ကျေးဇူးပါဘဲကွယ်။
Mwahh!မမလဲ သွားတိုက်ပြီးသားနော်။

Thazin said...

အမြဲအားပေးနေတယ်နော်ညီမရေ

ညီရဲ said...

ခံတွင်း အနံမထွက်အောင် ဂရုစိုက်ရမယ်... ဗဟုသုတလေး တစ်ခုတော့ တိုးသွားပြီ...

ရင်ဆူး said...

ကျေးဇူးပါ ကန်ဒီရေ....မှတ်သားသွားပါတယ်... အစ်ကိုလည်း ဘယ်ဘလော့တွေမှကိုမရောက်ဖြစ်ဘူးကွယ်....အလုပ်တွေရှုပ်နေလို့...