Wednesday, December 19, 2012

မေတ္တာဈေးကွက်

ကန်ဒီ ဒီနေ့ပိုစ့်အသစ်တင်ဖို့ အစီအစဉ်မရှိခဲ့ပါဘူး။ ညစာစားရင်း အမှတ်မထင်ဖတ်ဖြစ်ခဲ့တဲ့ မေတ္တာရှင်(ရွှေပြည်သာ)ဆရာတော်ရေးတဲ့ ၀တ္ထုတိုလေးတစ်ပုဒ်က စဖတ်ဖတ်ချင်းမှာတင် ကန်ဒီ့ကိုမျက်ရည်ဝဲစေခဲ့တယ်။ ဖတ်လို့ပြီးတဲ့အချိန်မှာ မျက်ရည်တွေကျနေပြီ။ ကန်ဒီ ဒီဝတ္ထုတိုလေးကို နက်နက်နဲနဲခံစားမိရတဲ့ အကြောင်းရင်းကတော့ အဲ့ဝတ္ထုထဲက ဇာတ်ကောင်မောင်ထွန်းသူလေးလို ခံစားခဲ့ရတဲ့ ကောင်မလေးတစ်ယောက် အပြင်လောကမှာ ရှိခဲ့ဖူးလို့ပါ။ ၀တ္ထုထဲက စာပိုဒ်တချို့ကို ကန်ဒီပြန်ရေးပြမယ်နော်...


ဆရာမဒေါ်စန်းစန်းသည် မောင်ထွန်းသူ၏ "ကျွန်တော့အဖေအကြောင်း" စာစီစာကုံး ပထမတစ်ကြောင်းလောက် ဖတ်ပြီးသည်နှင့် "ဟင်" ဟူသော အာမေဍိတ်သံနှင့်အတူ မျက်နှာတစ်ချက် ကွက်ခနဲဖြစ်သွားသည်။ သုံးတန်းကျောင်းသား မောင်ထွန်းသူလေးက သူမ၏နေရာနှင့် အနီးဆုံးရှေ့တန်းထိုင်ခုံမှာ ရှိသောကြောင့် ချက်ချင်းလှမ်းကြည့်လိုက်မိသည်။ သေချာပါပြီ... ကလေး၏မျက်လုံးအိမ်ထဲတွင် မျက်ရည်တွေဝဲနေသည်ကို တွေ့ရသည်။ တစ်မျက်နှာစာစီစာကုံး အတိုလေးကို ဒေါ်စန်းစန်း ဆက်ဖတ်လိုက်သည်။

"ကျွန်တော်သည် အဖေ့ကို တအားချစ်ပါသည်။ အဖေက ကျွန်တော့်ကို မချစ်ပါ။ အစ်ကိုနှင့် အငယ်ဆုံးနှမလေးကိုသာ ချစ်ပါသည်။ အဖေအလုပ်ပြန်လာချိန် အိမ်ရှေ့ထွက်ပြီး အတူကြိုကြလျှင် နှမလေးကိုသာ ပွေ့ချီနမ်းရှုတ်သော်လည်း ကျွန်တော့ကိုကား ဂရုမစိုက်ပါ။ အစ်ကိုကြီး ရှစ်တန်းအောင်စဉ်က စက်ဘီးဝယ်ပေးပါသည်။ ကျွန်တော်နှစ်တန်းအောင်စဉ်က ဘာမျှမ၀ယ်ပေးပါ။ အဖေ့ကို မေးကြည့်သောအခါ "ရှစ်တန်းအောင်မှ ၀ယ်ပေးမည်" ဟုပြောပါသည်။ အဖေသဘောကျသောအတန်းမှာ ရှစ်တန်းသာဖြစ်သောကြောင့် ကျွန်တော်ရှစ်တန်းစာကိုသာ သင်ချင်နေပါသည်။ ရှစ်တန်းစာမှတစ်ပါး ကျန်အတန်းစာများကို မသင်ချင်တော့ပါ။ ညအိပ်ရာဝင်ခါနီးရောက်သောအခါ ပုံပြင်ပြောပြဖို့ တောင်းဆိုသော်လည်း အဖေက ပြောမပြပါ။ "အလုပ်ပင်ပန်းလို့"ဟု ပြောပါသည်။ တစ်ခါတစ်ရံ အမေက ပြောပြပါသည်။ အဖေပြောပြသော ပုံပြင်ကိုလည်း နားထောင်ချင်ပါသည်။"

ကန်ဒီပြောတဲ့ကောင်မလေးလည်း မောင်ထွန်းသူလေးလို ခံစားခဲ့ရရှာတယ်။ သူမရဲ့ ညီမအငယ်ဆုံးကို သူမအမေက တယုတယ နမ်းရှုံ့တတ်သလောက် သူမကိုကျ အကြီးပီပီ အကြီးလိုပဲ ဆက်ဆံခဲ့တယ်လေ။ ကန်ဒီသိသလောက်တော့ ဒီကောင်မလေးတစ်ယောက် သူမအမေရဲ့ လှိုက်လှိုက်လှဲလှဲ အနမ်းတစ်ပွင့်တောင် မရခဲ့ဖူးပါဘူး။ "အကြီးဖြစ်ပြီး အငယ်တွေကို အလျော့မပေးဘူး။ တစ်ကိုယ်ကောင်းဆန်လိုက်တာ..."စတဲ့ စကားတွေလည်း သူမနားထဲ ပဲ့တင်ရိုက်သလို ကြားခဲ့ဖူးတယ်။ ၀တ္ထုလေးအကြောင်းဆက်ရရင် နောက်တစ်နေ့မှာပဲ ဆရာမဒေါ်စန်းစန်းဟာ မောင်ထွန်းသူလေးရဲ့ အဖေဦးအုန်းနဲ့တွေ့ဖို့ သူတို့အိမ်ကို ရောက်ခဲ့တယ်။ ဦးအုန်းနဲ့တွေ့တော့ မောင်ထွန်းသူလေးကို တတ်နိုင်သမျှဂရုစိုက်ယုယဖို့ ပြောတော့တာပေါ့။

"အေးဗျာ... ကျွန်တော်ကလည်း အလုပ်နဲ့ ကိုယ်ဆိုတော့ အဲ့ဒီလောက်ကြီး သတိမထားမိဘူးဗျာ။ ဖအေတစ်ယောက်အနေနဲ့ သားသမီးတွေရဲ့ စားဝတ်နေရေး ပြည့်စုံအောင် ရှာဖွေပေးရင် ကျေနပ်ပြီလို့ပဲ သိထားတာ ခက်နေတယ်ဗျာ"

"ဟုတ်ပါတယ်။ ကျွန်မတို့လည်း စိတ်ပညာကိုမလေ့လာမီက ဒီအတိုင်းပဲ သိထားတာပါ။ လူမှာ အာဟာရနှစ်မျိုး လိုအပ်ပါတယ်။ ရုပ်အာဟာရနဲ့ နာမ်အာဟာရပါပဲ။ စားဝတ်နေရေးဆိုတာ ရုပ်အတွက်လိုအပ်တဲ့ အာဟာရပါ။ ယုယတာ၊ ကြင်နာတာ၊ ချစ်ခင်ခံရတာ၊ အရေးပေးခံရတာ ဆိုတာ နာမ်အာဟာရပါ။ ရုပ်အာဟာရပြည့်စုံစွာရရင် ကျန်းမာရေးကောင်းပါတယ်။ နာမ်အာဟာရပြည့်စုံစွာရရင် နာမ်ကျန်းမာရေးကောင်းပါတယ်"

"နာမ်ကျန်းမာရေးမကောင်းဘူးဆိုတာ စိတ်မှာရောဂါဖြစ်သွားတာပါပဲ။ စိတ်ရောဂါဆိုတာ ရူးသွားတာတစ်မျိုးတည်းကို ဆိုတာမဟုတ်ပါဘူး။ တစ်နေရာရာမှာ လွန်ကဲနေတာမျိုးပါ။ ဥပမာအားဖြင့် ငယ်ငယ်က မကြာခဏ အရိုက်ခံရတဲ့ ကလေးဟာ သူကြီးလာရင် အရိုက်ကြမ်းတဲ့မိဘ၊ အရိုက်ကြမ်းတဲ့ဆရာ ဖြစ်လာတတ်ပါတယ်။ အဲ့ဒါစိတ်ရောဂါတစ်မျိုးပါပဲ။"

အဲ့ဒါသိပ်မှန်တာပဲ။ တကယ်တော့ စိတ်ရောဂါဆိုတာ ရူးနေတဲ့သူတွေမှာမှ ရှိတတ်တာ မဟုတ်ဘူး။ လူတစ်ယောက်ရဲ့ အနေအထိုင် အပြောအဆို အမူအကျင့်တွေဟာ အဲ့ဒီလူငယ်ရွယ်စဉ်က ခံစားခဲ့ရတဲ့ ခံစားချက်တွေနဲ့ အများကြီးဆက်နွယ်နေတယ်။ အမြဲတမ်း အဆူခံရတဲ့ကလေးဟာ သူ့ကိုယ့်သူယုံကြည်မှုပျောက်နေမှာပဲ။ အမြဲတမ်း ချီးမွမ်းခံရတဲ့ကလေးဟာ ကိုယ့်ကိုကိုယ် ယုံကြည်နေမှာ အသေချာပဲ။ 

အဲ့လိုနဲ့ ဦးအုန်းကိုနားချပြီး ဆရာမဒေါ်စန်းစန်းလည်း ပြန်သွားတယ်။ တစ်ညနေ ဦးအုန်းရုံးက စိတ်မကြည်မလင်နဲ့ ပြန်လာပြီး ထိုင်ခုံပေါ်ထိုင်နားနေတုန်း မောင်ထွန်းသူလေးက သူ့နားရစ်သီရစ်သီလုပ်နေတာနဲ့ ဆရာမနားချထားတာကို သတိရပြီး သူ့သားကို ဂရုတစိုက်မေးတော့တာပေါ့။

"သားလတ်လေး... လာလေ၊ ဖေဖေ့ကို ဘာမေးချင်လို့လဲ"
"ဖေဖေ.. ဖေဖေ့လစာကို နေ့တွက်နဲ့တွက်လိုက်ရင် တစ်ရက်ကို ဘယ်လောက်ရသလဲဟင်"

ဦးအုန်း ထောင်းကနဲ ဒေါသထွက်သွားပြီး မောင်ထွန်းသူလေးကို "ဟေ့ကောင်.. အဲ့ဒါမင်းနဲ့ ဘာဆိုင်သလဲ၊ ကလေးက ကလေးစကားမပြောဘူး" ဆိုပြီး အော်လိုက်မိပြီးမှ ကလေးဆတ်ခနဲတုန်သွားတာကြည့်ပြီး နောင်တရပြန်သည်။

"ကဲ... သားလေးလာ၊ သားလေးသိချင်တာ ပြောပြမယ်။ ဖေဖေ့ရဲ့ တစ်ရက်နေ့တွက်က သုံးထောင်ရတယ် သားရဲ့"
"ဖေဖေ့မှာ ငါးရာလောက် အလွယ်ရှိလားဟင်"
"ဟင်... သားက ဘာလုပ်မှာတုန်း"
"ခဏ ချေးမှာလေ၊ တစ်ပတ်လောက်ရှိတော့ ပြန်ပေးမှာပေါ့"
"ဟာ၊ ဒီကောင် နားရင်းရိုက်မိတော့မယ်။ ဒီအရွယ်လေးကများ အဖေ့ဆီက ပိုက်ဆံလာချေးရတယ်လို့" ဟုပြောရင်း လက်ကို မြှောက်လိုက်မိရာ မောင်ထွန်းသူလေးသည် ၀မ်းနည်းပန်းနည်း ရှိုက်ကြီးတငင် ငိုပါလေတော့သည်။ ငိုနေသော သားကိုကြည့်ပြီး ဦးအုန်းတော်တော် စိတ်မကောင်းဖြစ်သွားသည်။

"ဟောဒီမှာ သားလေးလိုချင်တဲ့ ငါးရာ ရော့... ယူ"
"၀မ်းသာလိုက်တာ ဖေဖေရယ်" ဟုပြောပြီး မောင်ထွန်းသူလေးက ဦးအုန်းလက်ထဲမှ ငါးရာတန်ကိုလှမ်းယူပြီးလျှင် သူ့အိပ်ရာဘက်သို့ ထွက်သွားလေသည်။ ဦးအုန်းက စိတ်ဝင်တစား သေချာလိုက်ကြည့်နေမိသည်။ မောင်ထွန်းသူသည် သူ့ခေါင်းအုံးကိုယူပြီး ခေါင်းအုံးအောက်ပိုင်း ခေါင်းအုံးစွတ်ကြားထဲသို့ နှိုက်လိုက်သည်။ သူ့လက်ကို ပြန်ဆွဲထုတ်လိုက်သောအခါ ငါးဆယ်တန်များ၊ တစ်ရာတန်များ ပါလာသည်။ ဦးအုန်းသေချာသိလိုက်ပါပြီ။ သားလေးသည် သူ့တစ်ရက်မုန့်ဖိုးငါးဆယ်ရသည်ကို မစားရက် မသောက်ရက် စုထားခြင်းပါလား။ သားလေး ဘာများဝယ်ချင်လို့ပါလိမ့်။ သားလေး သူ့နားကို ပိုက်ဆံတွေကိုင်လျက် ရောက်လာသည်။

"ဟောဒီမှာ သားမုန့်ဖိုးရတဲ့ ငါးဆယ်ကို နေ့တိုင်းစုထားတာ နှစ်ထောင့်ငါးရာ၊ အခုဖေဖေ့ဆီက ငါးရာ စုစုပေါင်း သုံးထောင်၊ ရော့ အဲ့ဒါဖေဖေယူလိုက်"
"ဟင်... သားဆီက ငွေတွေယူပြီး ဖေဖေက ဘာလုပ်ရမှာတုန်း"
"ဖေဖေ တစ်ရက် အလုပ်မသွားဘဲ သားနားမှာနေပေးရမယ်။ ပြီးတော့ သွားချင်တဲ့နေရာတွေကို လိုက်ပို့ရမယ်လေ"
"သားလေးရယ်..."

ဦးအုန်း မျက်ရည်မဆည်နိုင်တော့။ သားလေးကို ဖက်ပြီး သားရဲ့မျက်နှာတစ်ပြင်လုံး နေရာအနှံ နမ်းလိုက်မိသည်။ ဦးအုန်းမျက်ရည်တို့ကလည်း သားမျက်နှာနှင့် တကိုယ်လုံးမှာ စိုရွှဲကုန်ပါပြီ။ တကယ်တော့ သားလေးက သူ့ဆီက ဖခင်မေတ္တာကို တစ်ရက်စာသူစားမယ့် ရက်ငါးဆယ်စာ မုန့်ဖိုးလေးတွေကိုစုပြီး ၀ယ်နေတာ မဟုတ်ပါလား...

အရမ်းကောင်းတဲ့ ၀တ္ထုတိုလေးပဲနော်။ ကန်ဒီ့ရင်ကို ထိတယ်။ အရမ်းလည်း ၀မ်းနည်းတယ်။ ဒီဝတ္တုတိုလေးကပေးတဲ့ သင်ခန်းစာလေးကို သားသမီးရှိတဲ့မိဘတိုင်း ယူတတ်စေချင်တယ်။ သားသမီးတိုင်းကို တန်းတူယုယမှုမျိုးပေးပါ။ အငယ်ဆုံးမို့အချစ်ဆုံး အကြီးဆုံးမို့အချစ်ဆုံး အလတ်လေးကတော့ ဘယ်သူနဲ့တူလို့အချစ်ဆုံး ဆိုတာမျိုးတွေ မဖြစ်စေချင်ဘူး။ တစ်စုံတစ်ယောက်သောသူအတွက် ယုယကြင်နာမှုတွေ လစ်လပ်မကျန်ခဲ့ပါစေနဲ့လို့.....

Candy^^

14 comments:

ကိုကိုမောင်(ပန်းရနံ့) said...

"ဟောဒီမှာ သားမုန့်ဖိုးရတဲ့ ငါးဆယ်ကို နေ့တိုင်းစုထားတာ နှစ်ထောင့်ငါးရာ၊ အခုဖေဖေ့ဆီက ငါးရာ စုစုပေါင်း သုံးထောင်၊ ရော့ အဲ့ဒါဖေဖေယူလိုက်"
"ဟင်... သားဆီက ငွေတွေယူပြီး ဖေဖေက ဘာလုပ်ရမှာတုန်း"
"ဖေဖေ တစ်ရက် အလုပ်မသွားဘဲ သားနားမှာနေပေးရမယ်။ ပြီးတော့ သွားချင်တဲ့နေရာတွေကို လိုက်ပို့ရမယ်လေ"
"သားလေးရယ်..."
..

အဲဒီစာပိုဒ်ကလေးက ဒီဝတ္ထုတိုလေးရဲ့ အထွတ်အထိပ်ပါဘဲ။ အဲဒီစာပိုဒ်ကလေး မပါရင် ဒီဝတ္ထုတိုလေးက သိပ်ရသမြှောက်မှာ မဟုတ်ဘူး။ ဒါပေမဲ့ သူ့ချည်းသက်သက် ဆိုပြန်ရင်လဲ ဒီလောက် ရသ မြောက်မှာ မဟုတ်ဘူး။ နှစ်ခုပေါင်းပြီး ဖတ်မိတဲ့ ပိစိလေး မျက်ရည်ဝဲရောပေါ့။
ဒါနဲ့.. အဲဒီ မောင်ထွန်းသူလို မိန်းခလေး ဘယ်သူလဲ ဆိုတာ စိတ်ထဲက သိနေသလိုလိုဘဲ။း(
မငိုနဲ့တော့နော်။ ။ အမေချက်ထားခဲ့တဲ့ ဟင်းလေးတွေ နွေးစားပြီး အလွမ်းဖြေ ကြည်နူးလိုက်ပါဦး။း)

မောင်သစ္စာ said...

တန်ဖိုးရှိတဲ့ပို့စ်လေးပါငါ့နှမရေ..မှတ်သားသင့်..လိုက်နာသင့်တဲ့အရာတွေပါပဲ

Suzy said...

:(((

မေမြို့မိုး said...

စိတ်မကောင်းချင်းကြီးစွာနဲ့ ဖတ်သွားတယ်အစ်မ... မိဘဖြစ်တဲ့အခါကျရင်လည်း အဲဒီလို မဖြစ်အောင်ကြိုးစားရမယ်..

ဆုမြတ်မိုး said...

so sad :(
my mom also ignore me so much , will write a post soon . thx sweet girl :(

ကူးကူးလှိုင် said...

ကန်ဒီရေ အစ်မတို့လဲ မျက်ရည်ဝဲရပါတယ် သင်ခန်းယူသင့်တဲ့အရာပါပဲနော်...

ဆူးသစ် said...

လူအမျိုးမျိုးစိတ်အထွေထွေလို့ဆိုကြတယ်ညီမလေး။မိဘတိုင်းဂရုမစိုက်တာမဟုတ်သလိုမိဘတိုင်းလည်းဂရုစိုက်နိုင်ကြတာမဟုတ်ပါဘူး။ဒီအဖြစ်ပျက်လေးဟာဝတ္ထုတိုလား။အဲဒီလိုဆိုရင်တော့တော်တော်ကောင်းတယ်လို့ပြောရမယ်။ဒါမျိုးအပြင်မှာရှိနိုင်တာကိုး။အစ်ကိုကတကယ့်အဖြစ်အပျက်လို့တောင်ထင်နေတာ။အပြင်မှာရှိတဲ့ကောင်မလေးကိုတော့မှာချင်တယ်။မိဘတွေကိုနားလည်ပေးလိုက်ပါလို့။သူတို့တတ်နိုင်တဲ့အချိန်မှာသူတို့ပေးနိုင်တာတွေပေးတတ်ကြပါတယ်။သူတို့ဦးစားပေးတာလည်းတခြားလူမှမဟုတ်ဘဲ။ကိုယ့်ညီမလေးပဲဟာ။ကိုယ်ကအကြီးဆိုရင်ဖြည့်တွေးပေးလိုက်ပါ။ပိုမြတ်ပါတယ်ညီမလေး။

မိုးငွေ့........ said...

စာရေးသူရဲ့ခံစားချက်ကိုမြင်လိုက်ရသလိုလို

လရိပ်အိမ် said...

တစ်ခေါက်ဖတ်ဖူးတယ်။ အဲဒီတုန်းကလဲ ငိုတယ်။
ခုထပ်ဖတ်တယ်။ ထပ်ငိုခဲ့တယ် ကန်ဒီလေးရေ။
အမလဲအဲလိုခံစားခဲ့ရဖူးတယ်။ တရုတ်ဆိုတော့ ယောက်ကျားလေးဘဲချစ်တာလေ။ အဲလိုခံစားချက်မျိုးနဲ့အမေကိုရင်ဖွင့်ခဲ့ဖူးတယ်။ ခုတော့ အမေက ညီတူမျှတူ ချစ်သွားပြီ။ အမကိုတောင်ပိုပြီးချစ်နေလားလို့ ခံစားမိတယ်။
ပျော်ရွှင်ပါစေ ကန်ဒီလေး။

ညိမ်းနိုင် said...

ဒို့မြန်မာအများစုက ချစ်ရုံသာချစ်တတ်ပြီး သူတို့ဘယ်
လောက်ချစ်ကြောင်းကို ထုတ်မပြောတတ်ကြဘူးကွယ့်၊
ပြီး သားသမီးကို လိမ္မာစေချင်လို့ဆုံးမတဲ့အခါမှာလည်း
အပြောအဆိုလေးတွေ လွဲမှားသွားတတ်တာမျိုးတွေ
ရှိတယ်...၊ဥပမာ ကိုယ့်သားသမီးကို စာတော်စေချင်လို့
ဆုံးမတာမှာ ဘယ်သူကတော့ ကြိုးစားလိုက်တာ...နင့်
ကို သူ့ချေးကျွေးဖို့ပဲကောင်းတယ်ဆိုတာမျိုးပေါ့၊အကြီး
တွေကို အငယ်တွေရဲ့ စံနမူနာပြဖြစ်စေချင်တဲ့စိတ်နဲ့
ကိုယ်က အကြီးပဲ....အငယ်တွေကို အလျော့ပေးမှပေါ့
ဆိုတာမျိုး ပြောဆိုတတ်ကြလေရဲ့.....၊သူတို့ကမသိလို့
ပြောလိုက်တဲ့စကားတွေက ကလေးတွေရဲ့စိတ်မှာ ဒဏ်
လေးတွေဖြစ်သွားတာပေါ့လေ...၊ဒါပေမယ့် ကိုယ်က
အသက်အရွယ်လေးရလာပြီး၊စာပေတွေလည်း ဖတ်
မှတ်မိလာပြီ ဆိုတဲ့အချိန်မှာ ဒါဟာ မိဘတွေရဲ့ မရည်
ရွယ်တဲ့ အမှားတွေပဲလေ...ဆိုပီး ကိုယ့်စိတ်ကိုဖြေယူ
ကွယ့်....၊ဘုရားဟောထဲမှာ ဖြစ်ပြီးသော အကုသိုလ်
ကို မေ့ပျောက်ပစ်ရမယ်လို့ပါသလို၊စိတ်ပညာမှာ
လည်း အတိတ်က စိတ်ဒဏ်တွေကို ခဏခဏမအောင့်
မေ့သင့်ဘူးလို့ဆိုတယ်...၊အဆိုးထဲကအကောင်းဆို
သလို ကိုတိုင်မိဘဖြစ်လာတော့ ဒါလေးတွေကိုဆင်
ခြင်နိုင်တဲ့ သင်ခန်းစာရတယ်လို့မှတ်ကွယ်....နော့။

အလွမ်းမြို့ said...

ညီမလေးရေ

ဖတ်ပြီး စိတ်မကောင်းဖြစ်သလို မှတ်ယူသင့်တာ မှတ်ယူ
သွားတယ်။ပြန်လည်ဖော်ပြပေးတဲ့ ညီမလေးကို ကျေးဇူး
တင်တယ်။ ဒီစာအုပ်လေးရရင် စာအုပ်လေးဖတ်ချင်ပါတယ်။

ချစ်တဲ့
မကြီးလွမ်း

မိုးနတ်ကြယ်စင် said...

ကန်ကန်ရေ...မငိုပါနဲ့ဟယ်...ဘာကြောင့်ဆို
မိုးနတ်လဲ အဲလောက်ကြီးမဟုတ်တောင် အလားတူ
ဆင်တဲ့ ခံစားချက်မျိုးငယ်ငယ်ကရခဲ့လို့ပါ..
မိုးနတ်တို့က မောင်နှမ၂ယောက်ရှိတယ်...မိုးနတ်က
အငယ်..ဒါပေမဲ့ ဘယ်တုန်းကမှ အငယ်ဆိုပြီး ဦးစားပေး
မခံရဘူး...မိဘတွေက မိုးနတ်ထက် ၅နှစ်လောက်ပိုကြီး
တဲ့ အကိုကြီးကိုပဲ ချစ်ကြအားကိုးကြတာ...အင်းလေ
ကိုကြီးကလဲ ငယ်ငယ်ကတည်းက မိဘတွေအရမ်းအား
ကိုးရပြီး လိမ္မာတာကိုး...နောက်ကျုတော့ ကိုကြီးက
အိမ်ထောင်အစောကြီးကျသွားပြီး မိုးနတ်တို့နဲ့ အတူမနေရတော့ဘူး...မိုးနတ်တစ်ယောက်ထဲရှိ
တော့မှ မေက မိုးနတ်ကို ဂရုစိုက်ပြီးချစ်လာတာ
ခုကျတော့ အရမ်းအလိုလိုက်ပြီး လိုချင်တာမှန်သမျှ
ဝယ်ပေးတယ်..မိုးနတ်ကလဲ ဟိုးငယ်ငယ်လေးက
ဆိုးလို့မရခဲ့သမျှ ခုမှအရမ်းဆိုးပြီး ဗိုလ်ကျနေတယ်.
ပြောင်းပြန်လေ...သူများတွေဆို ၂နှစ် ၃နှစ်လောက်
ငယ်ရင်ပဲ အငယ်လေး..အငယ်လေးနဲ့ အရမ်းဂရုစိုက်
ကြတာ...မိုးနတ်နဲ့ ကိုကြီးနဲ့က ၅နှစ်တောင်ကွာပြီး
မေက မိုးနတ်ကို ငယ်ငယ်တုန်းကဘာလို့ ဂရုမစိုက်
ခဲ့တာလဲမသိဘူးနော်.....:(

ဇာတ်လမ်းလေးဖတ်ပြီးမိုးနတ်ငိုနေမိတယ်..
တကယ်ဆို အဲလိုမဖြစ်သင့်ဘူးနော်..ကိုယ်လဲ
မိဘနေရာရောက်ရင် အဲလိုမဖြစ်အောင်ဂရုစိုက်ရမယ်
ကလေးတွေရဲ့စိတ်မှာ ဒဏ်ရာမရအောင်ပေါ့..
အဲဒါသိပ်အရေးကြီးတယ်လေ....
ကန်ကန်လေးရေ..မငိုနဲ့တော့နော်..
အဖော်ရှိတယ်.သိလား...:)
ချစ်တဲ့...မိုးနတ်

KhaingSuMon said...

ဒီ ပို့်စ်လေးကြိုက်တယ် အစ်မေ၇....ခံစားချက်တူလို့  :'(

cho cho said...

မိသားစု တစုမှာ အလတ်တွေ ကအများအားဖြင့် အဲလိုခံစားရတတ်တယ်။ အမလဲ ငယ်ငယ်တုန်းက အဲလို ခနခနဖြစ်ဘူးတယ်လေ။