Wednesday, December 12, 2012

Yummy Apple Strudel ♥

Apple Strudel!!!!!
ရှလွတ်... Nom Nom Nom

ကန်ဒီ့ညီမက ဘိုစာတွေစားတတ်တယ်။ ကြိုက်တတ်တယ်။ လုပ်လည်းလုပ်တတ်တယ်။ ကန်ဒီက မြန်မာအစားအစာတွေ ပိုကြိုက်တယ်။ အဲ့ဒါကြောင့် များသောအားဖြင့် ဘိုစာစားဖို့ အထူးတလည် ဆိုင်တွေဘာတွေသွားပြီး စားမကြည့်တတ်ဘူး။ သူက နေရာစုံရောက်တော့ ဘယ်ဆိုင်က ဘယ်ဟာကောင်းတယ်ဆိုတာ သူကပိုသိတယ်။ ကန်ဒီကြိုက်မယ်ထင်တဲ့ဟာမျိုးဆို စားကြည့်ခိုင်းတတ်တယ်။ ဟိုတခေါက်ကလည်း Marks & Spencer က မုန့်ကို သူကျွေးလို့ ကြိုက်သွားတာလေ။ ခုလည်း "Ritz" ဆိုတဲ့ဆိုင်က Apple Strudel က အရမ်းကောင်းဆိုပဲ။ အထဲမှာ ပန်းသီးကို Bake လုပ်ထားပြီး တခြား Cream တွေနဲ့ ရောညှပ်ထားတယ်။ Half Length ကို ~S$11... ပုံထဲမှာပါတဲ့ အပိုင်းမျိုး ၄ပိုင်းပါတယ်။  အရမ်းစားကောင်းတယ်။ ကြုံရင် ၀ယ်စားကြည့်နော် ^_^


အစားအသောက်နဲ့ပက်သက်ပြီး ဆက်ပြောရမယ်ဆို အမေတို့ရောက်ပြီးကတည်းက အမေချက်ကျွေးတာတွေ တဗြဲနှစ်ဗြဲစားပြီး အခုဘာဖြစ်နေတယ်ထင်လဲ???(>.<)။ ၀ိတ်တွေ တက်နေတယ်!!!! အမေ့ကို အဲ့လိုပြောတော့ ဘယ်မှာဝလို့လဲတဲ့... ဒီလောက်ပိန်ညှောင်နေတာကိုတဲ့။ တကယ်တော့ကိုယ့်ဟာကိုယ်အသိဆုံးပဲ။ ၀တ်နေကျဘောင်းဘီ နည်းနည်းကျပ်နေပြီဆို ပုံမှန်ထက် ၀လာလို့ပေါ့။ ပေါင်ချိန်ကြည့်လိုက်တော့လည်း ထင်တဲ့အတိုင်းပဲ(=.=')။  သူတို့ပြန်မှ လေ့ကျင့်ခန်းလေး ဘာလေးလုပ်... အစားလေးဘာလေး လျော့စားပြီး ၀ိတ်ပြန်ချရမယ်။ ခုတော့ တခါတလေလေး ကောင်းကောင်းစားရတုန်း ဆက်စားလိုက်ဦးမယ် xP

အစားအသောက်ထိန်းတာနဲ့ ပက်သက်လို့ကတော့ ကန်ဒီ့အတွက် သိပ်အခက်အခဲမရှိဘူး။ ကန်ဒီက များသောအားဖြင့် Healthy ဖြစ်တာတွေပဲ ရွေးစားတတ်တယ်လေ။ နောက်ပြီး ဗိုက်ဝတယ်ဆိုရုံစားတယ်။ အဲ့ဒါက အရမ်းအရေးကြီးတယ်နော်။ တော်တော်များများက စားကောင်းတယ်ဆိုတာနဲ့ ဇွတ်စားတာ... ဗိုက်ကြီးတင်းပြီး မအီမလည်ဖြစ်တဲ့အထိပေါ့။ အထူးသဖြင့် ယောက်ျားလေးတွေ အဲ့လိုအရမ်းလုပ်တတ်တယ်... အဲ့ဒါမကောင်းဘူး။ အစားနည်းနည်းကို ခဏခဏစားတာက ပိုကောင်းတယ်။ ဟီး... ကြုံလို့ တစ်ခုပြောပြဦးမယ်။ အစားအသောက်ကိုလေ အငမ်းမရစားတာ ဘယ်လိုမှ ဆွဲဆောင်မှု မရှိဘူး သိလား??? (ကန်ဒီ့အမြင်ပေါ့)။ အများကြီးမစားရဘူး မဟုတ်ပါဘူး... ဘယ်လောက်များများစားစား သပ်သပ်ရပ်ရပ်လေးစားရင် ပိုကြည့်မကောင်းဘူးလား။ တချို့တွေများ စားတာ မျက်လုံးပြူး မျက်ဆံပြူး... သူတို့ကြည့်ပြီး ကိုယ်စားနေတာတောင် စားချင်စိတ်ပျောက်သွားတယ်(>.<)။ ကိုယ်ကြိုက်နေတဲ့ မိန်းကလေး/ယောက်ျားလေးရှေ့မှာ အဲ့လိုသွားမလုပ်နဲ့နော်...  မြင်မြင်ချင်း စိတ်ကုန်သွားမယ် xD

လေ့ကျင့်ခန်းအကြောင်းတော့ ကိုယ့်ကိုကိုယ်စိတ်ပျက်လွန်းလို့ မပြောချင်ဘူး (အဲ့ဒါပြောချင်လို့ အိုက်တင်ခံတာနော် :P)။ ကန်ဒီတို့နားမှာ ဘောလုံးကွင်းရှိတယ်။ အဲ့ကွင်းကို ပတ်ပြေးတာ ကွင်းတ၀က်လောက်ရောက်ရင် ဟောဟဲ ဟောဟဲဖြစ်နေပြီ။ ခုထိကွင်းတပတ်ပြည့်အောင် ဆက်တိုက်မပြေးနိုင်သေးဘူး။ မပြေးနိုင်ဆို ပုံမှန်လည်း ပြေးမှ မပြေးတာ။ ပြေးလိုက် အပျင်းထူပြီး မပြေးလိုက် လုပ်နေမှတော့ ဘယ်လိုလုပ်အောင်မြင်မှာလဲ။ ကန်ဒီနဲ့အတူ လိုက်ပြေးမယ့်လူရှိရင် ကောင်းမယ်။ တစ်ယောက်တည်း ပြေးတာထက်စာရင် လူများများဆို ပိုပြီးများ Motivate ဖြစ်မလားလို့ :P :D


ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ဆရာတော်အရှင်ဇ၀နကို နေ့ဆွမ်းကပ်ပြီး တရားနာတဲ့အခမ်းအနားလေးမှာ သွားကူလိုက်သေးတယ်။ ဧည့်သည်တွေကို ဒံပေါက်ကျွေးတယ် (ကန်ဒီ့အကြိုက်ပေါ့ :P)။ အဲ့လို အဖွဲ့လေးနဲ့ ဝေယျာဝစ္စကူရတာလည်း တမျိုးပျော်စရာကောင်းတယ်။ အမှန်အတိုင်းပြောရရင် ကန်ဒီအဖွဲ့အစည်းတွေထဲ မပါချင်ဘူး။ ပြဿနာတွေ များလွန်းလို့လေ။ အဲ့ထဲကိုလည်း ဘယ်လိုက ဘယ်လိုရောက်သွားမှန်းတောင် မသိပါဘူး။ ခုတော့လည်း အဲ့မှာ ပျော်တတ်နေပြီ။ တကယ်တော့ အဓိကက ကိုယ်နေတတ်ဖို့ပဲ။ ကိုယ်လုပ်ပေးနိုင်တာရှိ လုပ်ပေး... စကားအခွန်းတိုင်းကို Seriously မတွေးနဲ့။ ဒါဆို အိုကေပြီ :D


သူများဝိုင်းမှာ မုန့်သွားလုစားတာ :P

ဒီနေ့မနက်တင် Facebook ကြည့်မိတော့ Status တိုင်းလိုလိုက 12/12/12 နဲ့ ဆိုင်တာတွေချည်းပဲ။ ဆုတောင်းတဲ့သူက ဆုတောင်းပေါ့။ ဆုတောင်းတာတွေကို ယုံလားဟင်??? တခုခုလိုချင်လို့ ဘုရားရှိခိုးပြီး ဆုတောင်းတာမျိုးပေါ့။ ကန်ဒီဘုရားရှိခိုးရင် ဆုမတောင်းတတ်ဘူး။ ကိုယ်တိုင်မလုပ်ဘဲ ဖြစ်ဖို့ကံပါမလာဘဲ ဘာမှသူ့အလိုလို ဖြစ်မလာဘူး ထင်တာပဲ။ ဒါကလည်း လူတစ်ယောက်ချင်းစီရဲ့ အယူအဆနဲ့ ဆိုင်တယ်နော်။ ဘယ်သူမှန်တယ် ဘယ်သူမှားတယ်ဆိုတာ ပြောလို့မရပြန်ဘူး။ ဗေဒင်တွေဘာတွေဆိုလည်း ကောင်းတာဆို လက်ခံတယ်။ မကောင်းတာဆို လက်မခံဘူး။ ပြီးရော... ကိုယ်စိတ်ချမ်းသာဖို့က အဓိက ဟဟဟ xD

အမေတို့ကို J Cube လိုက်ပို့တုန်းက...

ကန်ဒီ့ညီမနဲ့...

အထက်တန်းကျောင်းတုန်းက ခင်ခဲ့ဖူးတဲ့ သူငယ်ချင်းနှစ်ယောက် ကလေးလေးတွေ မွေးကြတာ Facebook မှာ တွေ့တော့ ကိုယ့်အသက်မငယ်တော့ဘူးဆိုတာ တွေးမိလာပြန်ရော(=.=')။ ဟုတ်မဟုတ်တော့ မသိဘူး... အမေက ပြောတယ်... "ညည်းအဖေက မြေးချီချင်လို့"တဲ့ LOL(xD)။ သူတို့သမီးတွေကဖြင့် ယောက်ျားယူဖို့တောင် မစဉ်းစားသေးဘူး။ ဘယ်နားက မြေးကပါလာတာလဲ မသိဘူး (xD xD)။ အမေတို့အဲ့လိုပြောတာ တသက်နဲ့တကိုယ် တခါမှမကြားဖူးတော့ အံသြရသေးတယ်(xP)။ ငယ်ငယ်ကဆို ပညာရေးကအဓိကနော်... ပြီးမှ ကျန်တာစဉ်းစား ဘာညာ ဘာညာ ပိကျိ ပိကျိဆိုတော့ ခုနကလိုစကားကြီးကြားတော့ တမျိုးကြီး(xD)။ လာမယ့်စနေဆို အမေတို့ ပြန်ပြီ ဟင့် :(

ဒါက 313 Somerset မှာ...

ခရစ်စမတ်ပိတ်ရက်နဲ့ဆိုတော့ ဒီရက်ပိုင်း မြန်မာပြည်ပြန်တဲ့လူတွေ များတယ်နော်။ သူငယ်ချင်းတွေကလည်း သူတို့အမေတွေနဲ့အတူ မြန်မာပြည်အလည်လိုက်ပြန်သွားကြတယ်။ ကန်ဒီသာ ဒီမှာသောင်တင်နေတာ။ ရန်ကုန်မှာ Shopping Mall အသစ်တွေ အများကြီးဖွင့်တယ်တဲ့။ စင်္ကာပူစတိုင်လ်တွေ လုပ်ထားတယ်ပြောတယ်။ မရောက်ဖူးသေးဘူး။ ခုနောက်ပိုင်း ခရီးသွားရင်လည်း အရမ်းအဆင်ပြေတယ်တဲ့။ ကားကြီးတွေက အရမ်းကောင်းဆိုပဲ။ ပြင်ဦးလွင်သွားချင်တယ်။ ပြောရင်း ၀မ်းနည်းလာပြီ(T_T)။ ပြောမယ့်သာ ပြောတာပါ။ မြန်မာပြည်မှာ သူငယ်ချင်းရှားတယ်။ ဒီမှာ သူငယ်ချင်းများတယ်... ဟီးဟီး ဒီလိုပဲ ကိုယ့်ဟာကိုယ်ဖြေသိမ့်ရတာပဲ :P xD

Have a Great Day!!
တာ့တာ^^

14 comments:

မိုးငွေ့........ said...

အဲဒီမုန့်လေးစားချင်စရာနော်.... အမေပြန်တော့မှာမို့...လွမ်းကျန်ရစ်ဦးမပေါ့...

mstint said...

ကန်ဒီလေးရေ လှေပေါ်ရောက်ပြီး လှော်တက်မရှိရင် ကိုယ်လိုရာကမ်းခြေကို မရောက်နိုင်သလို ဒါန သီလ ဘာဝနာ သမထ ၀ိပဿနာ ပြုလုပ်ပြီး ဆုမတောင်းရင် လှော်တက်မရှိတဲ့ လှေလို ဦးတည်ရာ ပျောက်နေတတ်တယ် ဆိုတဲ့တရားမျိုး တီတင့်နာခဲ့ဘူးတယ်။
မိဘဆိုတာ အသက်ရလာရင် မြေးချီတာလည်း သဘာဝတရာပေါ့နော်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

လရိပ်အိမ် said...

ပန်းသီးမုန့်စားချင်လိုက်တာ။ အင်းလေ ဒီလောက်ပိန်တာကို။
အဝါရောင်မျက်နှာဖုံးနဲ့လူကိုသိတယ်။ သူ့ရဲ့အရိုးတွေမြင်ပြီး သိသွားတာ။ :D
မြေးချီချင်ရင် ယောက်ကျားမြန်မြန်ယူပြီး မွေးပေးလိုက်ပေါ့။ ရည်းစားအဆင်သင့်ရှိနေတာဘဲ (အချွန်နှင့် မ သွားသည် :P)

Anonymous said...

အဟင်း ...အဟင်း.....
မိဘတွေရဲ့ ဆန္ဒကို မြန်မြန်သာ ဖြည့်ပေးလိုက်း))။

( ဦးကြံသကာ )

မောင်သစ္စာ said...

အားကျလိုက်ပါဘိသနယ့်ငါ့နှမရယ်.အလိုတရားပွဲလေးတွေ
ပါဝင်ချင်လိုက်တာ..။

ချစ်စံအိမ် said...

အစားအသောက်နဲ့ ပတ်သက်ရင် အမတော့သတိထားရမယ် အချိန်ပြည့်ကိုစားချင်နေတာ တစ်ခါတလေလည်းစဉ်းစားမိတယ် ညီမလိုကိုယ်လုံးလေးလောက်ဆိုကောင်းမလားလို့ ဟီး မဖြစ်နိုင်တာပြောသွားခြင်းပါ

မိုးသူ(တောင်ကြီး) said...

စားမှာပဲ ... စားမှာပဲ

ဟီးဟီး Candy ရေ ရောက်ခဲ့တယ်

မြန်မာပြည်ကွန်နက်ရှင်နိုပ်စက်နေလို့ 

blog မရေးနိုင်တာ ကြာပေါ့

ခင်တဲ့ 

မိုးသူ(တောင်ကြီး)

Anonymous said...

ကန်ဒီ ဒူးရင်းသီး ကြိုက်လားတော့မသိဘူး အဒိဆိုင်က ဒူးရင်းနဲ့လုပ်ထားတဲ့ဟာလဲ အရမ်းစားကောင်းတယ် :)

အိပ်မက်ကောင်းကင် said...

ဘာမှမပြောဘူး တစ်ခုပဲပြောမယ်
အပေါ်ကမုန့်စားချင်တယ် :P ^_^
အရှင်ဇ၀န တရားဟောတာတွေကို ကျွန်တော်အရမ်း
နှစ်သက်မိတယ်
မေတ္တာရှင်(ရွှေပြည်သာ) အရှင်ဇ၀နရေးသားထုတ်ဝေတဲ့
စာအုပ်တိုင်းလိုလိုကိုလည်း ၀ယ်ဖတ်ဖြစ်တယ်
ပျော်ရွှင်နိုင်ပါစေနော် မမသကြားလုံး
ခင်တဲ့(အိပ်မက်ကောင်းကင်)

Candy said...

ဟုတ်လား.. ဒူးရင်းသီး ကြိုက်တယ်။ အများကြီးတော့ မစားဘူး။ နောက်တစ်ခါ Try ကြည့်မယ် Thanks for your recommendation :D :D

ညီလင်းနိုင် said...

THEကြားလုံးရေးတာလေးတွေ လာဖတ်ရတိုင်း

ကြည်ကြည်နူးနူးခံစားရတယ် ။

နွေးထွေးတဲ့ မိသားစု ဘဝလေးကို

ပိုင်ဆိုင်ထားတာရယ်

အမြဲတမ်း တက်ကြွလန်းဆန်းနေတာတွေရယ်ဟာ

ဝန်းကျင်ကိုပါ ရိုက်ခတ်လာပြီး

အပျော် အပြုံးတွေ ကူးစက် ခံစားစေရလို့ပါ ။

တစ်သက်တာလုံး အရာရာအေးချမ်းနိုင်ပါစေ ညီမလေး ။

ဆူးသစ် said...

ညီမရေ-မရောက်တာလည်းကြာပြီ။ရန်ကုန်ကဇနီးသည်နဲ့မိဘတွေနားပြန်ရောက်နေတော့အလုပ်ရှုပ်နေတာနဲ့ပဲဘလော့တွေသိပ်မလည်ဖြစ်ဘူး။ကိုယ့်ဘလော့ကိုယ်လည်းမနည်းကြိုးစားရေးနေတာ။အစားအသောက်တော့အစ်ကိုကနားမလည်ပါဘူး။ဇနီးကျွေးတာပဲစားနေကျ။အရင်ကဆိုအမေပေါ့။ဆုတောင်းတာတော့အစ်ကိုမှတ်ထားဖူးတာတစ်ခုရှိတယ်။ဆုဆိုတာတောင်းမှပြည့်တယ်တဲ့။မတောင်းရင်အတောင်းခံပုဂ္ဂိုလ်ကဘာပေးရမှန်းဘယ်သိပါ့မလဲ။လေ့ကျင့်ခန်းကတော့စလုံးမှာအလုပ်လုပ်သူအနေနဲ့ပြောရရင်လုပ်နိုင်ရင်တော့ကောင်းပါတယ်။ဒါပေမဲ့အချိန်ကိုပြူးပြဲရှာနေရတော့မလွယ်လှဘူး။အလုပ်ကလည်းပင်ပန်းတော့လေ့ကျင့်ခန်းသာလုပ်ရမယ်ဆိုပိုကျသွားနိုင်တယ်။မိဘတွေလာလည်တယ်ဆိုတော့ပျော်မှာပဲနော်။ကောင်းပါရဲ့။ရန်ကုန်ကတော့အစ်ကိုလည်းဟုတ်တိပတ်တိဘယ်မှမသွားတော့သေသေချာချာတော့မသိရသေးဘူး။လမ်းတွေကားကျပ်တာတော့အမှန်ပဲ။

မေမြို့မိုး said...

အာ့လေးပြောဦးမယ်. သိလားအစ်မ. ဒီက ကောင်မလေးတွေများလေ. ကျွန်တော်တို့ ဘောလုံးတွေဘာတွေဆင်းကန်ရင်ကွင်းထဲမှာ ပတ်ပြေး
နေတာ..။ ကျွန်တော်တို့ကလည်း ပွဲပေါင်းကိုတော်တော်များတယ် ကန်ပြီး အဆောင်ပေါ်ပြန်တက်တဲ့အထိ မပြန်ကြသေးဘူး.။တစ်ခါတစ်ခါပြေးရင်
(မရှိဘူးဆို)အပတ် ၃၀ လောက်တော့ ပုံမှန်လေးပြေးကြတယ်.။ကိုယ်တောင် သူတို့လောက် ဇွဲမကောင်းဘူးရယ်.။
အစ်မတို့ ညီအစ်မက အန်တီနဲ့တူတာဗျ..။ ကံကောင်းတယ်.။ လိမ္မာတဲ့သာမီးလေးဒွေ ချိလို့...။ အဲ့သာမီးလည်းကံကောင်းပါတယ်.။
လိမ္မာတဲ့ မောင်လေးချိလို့..:D

အလွမ်းမြို့ said...

မုန့်လေးက ချားချင်ချယာ..
မေမေလည်းချော ကန်ဒီလေးလည်းချစ်စရာကောင်း။
ဒီလိုမိသားစုတွေမြင်တိုင်း စိတ်ထိခိုက်ရတယ်။
ခုလိုပျော်ရွှင်စရာမိသားစုလေးလိုချင်စိတ်လေး
အမြဲလွှမ်းမိုးထားခံရတယ်။
တစ်ခါတစ်လေ ဒီလိုပျော်စရာမိသားစုတွေမြင်တော့
တစ်ယောက်တည်း ငိုမိတယ်



ချစ်တဲ့
မကြီးလွမ်း