Monday, January 7, 2013

အရေးအကြောင်းများနှင့် ဆောင်ရန်၊ ရှောင်ရန်များ


ကန်ဒီ ဒီနေ့ အရေးအကြောင်းနဲ့ပက်သက်ပြီး ဆောင်ရန် ရှောင်ရန်လေးတွေ ဆွေးနွေးမယ်နော်။ အစ်မတစ်ယောက်က ရေးပေးဖို့ Request လုပ်ထားတာ ကြာပြီ။ ခုမှပဲ ရေးဖြစ်တော့တယ်။ ကန်ဒီ့ကိုရေးခိုင်းထားတာတွေကို ကန်ဒီစာအုပ်နဲ့ သေချာမှတ်ထားပါတယ်။ ကိုယ်တိုင်က အပျင်းဆိုတော့ ပိုစ့်တွေက နည်းနည်းတော့ကြာတယ်။ ဒါပေမယ့် ကန်ဒီရေးနိုင်တာမျိုးဆို ရေးဖြစ်အောင် ရေးပေးပါတယ် ^_^

► အရေးအကြောင်းဆိုတာ 


ကန်ဒီတို့ အသားအရေမှာရှိတဲ့ Collagen နဲ့ Elastin တွေဟာ အသားအရေကို တင်းရင်းနုပျိုအောင် လုပ်ဆောင်ပေးတဲ့ အရာတွေပေါ့။ အသက်ကြီးလာတာနဲ့အမျှ အဲ့ဒီ Collagen တွေ Elastin တွေ ဆုံးရှုံးလာပြီး အရေးအကြောင်းတွေ အသားအရည်တွဲကျတာတွေ ဖြစ်ပေါ်လာရတယ်လေ။ အသက် ၂၅ နှစ်နောက်ပိုင်းကစပြီး အသားအရေဟာ စတင်အိုမင်းစပြုလာပါပြီတဲ့။ ဒါတွေဟာ ကန်ဒီတို့အသက်ကြီးလာတာနဲ့အမျှ ရှောင်လွှဲလို့မရတဲ့အရာတွေဆိုတာမှန်ပါတယ်။ ဒါပေမယ့် အားလုံးတွေ့ဖူးမှာပေါ့။ ရွယ်တူအချင်းချင်းတောင် တချို့က ပိုအိုသလိုဖြစ်နေတာမျိုးလေ။ အရေးအကြောင်းဖြစ်ပေါ်လာခြင်းကို တားဆီးလို့မရပေမယ့် ပုံမှန်ဖြစ်ပေါ်နှုန်းထက် ပိုမြန်မြန်မဖြစ်အောင်တော့ ထိန်းသိမ်းနိုင်တယ်လို့ ကန်ဒီယူဆတယ်။

► အရေးအကြောင်း ဖြစ်ပေါ်ရခြင်းအကြောင်းများ
အသက်ကြီးလို့ အရေးအကြောင်းဖြစ်တာမျိုးကို ခဏထား။ အဲ့လိုမဟုတ်ဘဲ တခြားဘယ်လိုအကြောင်းအရာတွေက အရေးအကြောင်းတွေ ပိုမြန်မြန်ဖြစ်စေလဲဆိုတာ လေ့လာရအောင်နော်...
၁) အရေးအကြောင်းဖြစ်ပေါ်စေတဲ့ အဓိကတရားခံကတော့ ခြောက်သွေ့တဲ့အသားအရေပါ။ ခြောက်သွေ့တဲ့အသားအရေပိုင်ရှင်တွေမှာ အရေးအကြောင်းဖြစ်ဖို့ ပိုလွယ်ကူတယ်။ ငယ်ရွယ်တုန်းမှာ အဆီပြန်တဲ့အသားအရေ/ပုံမှန်အသားအရေ ပိုင်ဆိုင်ရာကနေ အသက်ကြီးလာမှ ခြောက်သွေ့တဲ့အသားအရေကို ပြောင်းလဲသွားတာတွေလည်း ရှိတယ်။ 
၂) နေရောင်နဲ့ ထိတွေ့မှုများခြင်းကြောင့်လည်း အိုမင်းရင့်ရော်မှုနှုန်းကို မြန်ဆန်စေတယ်။ အရေးအကြောင်းဖြစ်ပေါ်ရတဲ့ ၉၀ ရာခိုင်နှုန်းဟာ နေရောင်ကြောင့်ပါတဲ့။
၃) စီးကရက်မှာပါဝင်တဲ့ Chemical တွေဟာ သဘာဝ Collagen နဲ့ Elastin တွေကို ပျက်စီးစေပြီး ၄၀ ရာခိုင်နှုန်းလောက် အသားအရေကို ပါးလွှာစေပါတယ်။
၎) တချို့ဆေးဝါးတွေနဲ့ Thyroid တို့ ဆီးချိုတို့လို ရောဂါတွေဟာလည်း အသားအရေကို ခြောက်သွေ့စေပါတယ်။

► ဆောင်ရန်၊ ရှောင်ရန်
ဘာကြောင့်ဖြစ်လဲဆိုတာ သိပြီဆိုရင် ဘယ်လိုထိန်းသိမ်းသင့်တယ်ဆိုတာ ဆက်ပြောပြမယ်နော်...
၁) အသားအရေကို အစိုဓာတ်ထိန်းပါ။ Moisturizer ပုံမှန်လိမ်းပါ။ 
၂) အငံ လျော့စားပါ။ အငံလျော့စားခြင်းကြောင့် ခန္ဓာကိုယ်တွင်း ရေဓာတ်ဆုံးရှုံးမှုကို ကာကွယ်ပေးပြီး အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေပါတယ်။
၃) ငါးကြီးဆီ စားပါ။ ငါးကြီးဆီမှာ ပါဝင်တဲ့ Omega 3 ဟာ အသားအရေအတွက်တင်မကဘဲ နှလုံးအတွက်ပါ အထူးသင့်တော်တယ်လေ။ ငါးကြီးဆီမစားချင်ရင် ပင်လယ်ငါးတွေ စားပေးပေါ့။ Salmon လို ငါးမျိုးတွေမှာလည်း Omega 3 ပါတယ်။
၎) ရေများများသောက်ပါ။ အစားအသောက်ဆင်ခြင်ပါ။ Antioxidant များများပါတဲ့ အသီးအနှံတို့ ဟင်းသီးဟင်းရွက်တို့ ပိုစားပါ။ အရက်နဲ့ ဆေးလိပ်ကို ရှောင်ပါ။
၅) အနည်းဆုံး SPF 30 လောက်ပါဝင်တဲ့ Sunscreen လိမ်းပါ။ နေပူထဲထွက်မယ်ဆို နေကာမျက်မှန်တပ်ပါ။
၆) တနေ့ ၈ နာရီ ပုံမှန်အိပ်ပါ။ အိပ်ရေး၀၀အိပ်ပါ။ ဘေးစောင်းအိပ်ခြင်းဟာလည်း အသားအရေကို လျော့တွဲလွယ်စေပါတယ်တဲ့။
၇) စိတ်ဖိစီးမှုကို လျော့ချပါ။ အားကစားလုပ်ခြင်း တရားထိုင်ခြင်းနဲ့ အသက်၀၀ရှုခြင်းဟာ စိတ်ဖိစီးမှုကို လျော့နည်းစေပါတယ်။
၈) Anti-wrinkle cream တွေဟာ Collagen ထုတ်လုပ်မှုကို လှုံ့ဆော်ပေးနိုင်တဲ့အတွက် အသားအရေကို ပိုတင်းရင်းနုပျိုစေတယ်။ မျက်နှာမှာဆို ပထမဆုံးပေါ်တတ်တာ မျက်လုံးနားက အရေးအကြောင်းတွေပေါ့။ အဲ့ဒါတွေကို Anti-wrinkles eye cream တွေနဲ့ ကာကွယ်နိုင်ပါတယ်။

► Product recommendation
ဟိုတလောက Expo မှာ L'oreal ဈေးချတုန်းက ၀ယ်ထားမိတဲ့ Eye cream လေး သုံးကြည့်တာ မဆိုးဘူး။ မျက်လုံးတ၀ိုက်မှာ အရင်ထက် ပိုတင်းတင်းလေးဖြစ်လာသလို ခံစားရတယ်။ တခြား Eye cream တွေ မသုံးဖူးတော့ ဘယ်ဟာကောင်းလဲ မပြောပြတတ်ဘူး။ ခုသုံးနေတာလေးကို ကြိုက်လို့ ပြောပြတာပါ :D

L'oreal Youth Code Rejuvenating Anti-wrinkle Eye Cream

သြော်... မေ့တော့မလို့။ ကန်ဒီကြားဖူးတာ စိတ်ပျိုမှ ကိုယ်နုတာတဲ့။ အဲ့တော့ စိတ်ကို ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါးနဲ့ သူတပါးအပေါ် စိတ်ကောင်းထားပေါ့။ အဲ့ဒါဆို ရုပ်လေးလည်း လိုက်ပြီး နုနေမှာ သေချာတယ် ^_^

Stay smile :)

10 comments:

Anonymous said...

ကျေးဇူးဘဲကန်ဒီရေ eye cream က မျက်လုံး တ၀ိုက်ဘဲ လိမ်းရတာလား ။ဘယ်လိုသုံးရမလဲဆိုတာ လဲ ပြောပြပါအုံး။

Anonymous said...

မမပြောမှပဲ အရေးအကြောင်းတွေအကြောင်းကိုသေသေချာချာသိတော့တယ် Thank you မမကန်ဒီ။ (စိတ်ပျိုမှကိုယ်နုတယ်ဆိုတာကိုညီမလေးလဲလက်ခံတယ်)

ဘုန်း ၂ တောက် said...

ချိုချဉ်ရေ ခေါင်းစဉ်ကိုဖတ်လိုက်တော့ အရေးအကြောင်းကြုံလာရင် ဆောင်ရန်၊ ရှောင်ရန်ထင်နေတာ။

ပိစိခေါ် The ကြားလုံးလေးရေ ရှဲရှဲနော်။

ငယ်ငယ်ကတည်းက ဆွမ်းခံရင်း နေပူထဲမှာ သွားတာများခဲ့လို့လားတော့ မသိဘူး။ အခု...။

အငံသိပ်ကြိုက်တာ နည်းနည်းချင်းလျှော့မှ ဖြစ်တော့မယ်။ ရေများများသောက်တတ်တဲ့အကျင့်ကို ကျင့်ယူတာ သိပ်မကြာသေးဘူး။

ခက်တာက အိပ်လို့ရှိရင် ဘေးစောင်းပဲ အိပ်တတ်တာ။ ဘေးစောင်းထဲမှာ ဘယ်ကိုစောင်းမှ...။

ခင်မင်တဲ့

Candy said...

ဟုတ်.. Eye cream က မျက်လုံးတ၀ိုက်ပဲ လိမ်းရတာပါ။ အထူးသဖြင့် ရီလိုက်ရင် ကျုံ့သွားတတ်တဲ့ မျက်လုံးအပြင်ဘက် ထောင့်နားနဲ့ မျက်လုံး အောက်ဘက်ပိုင်းကို ပိုဂရုစိုက်လိမ်းပေးသင့်တယ်။ မျက်ခွံပေါ်ကိုက မလိမ်းလည်း ရတယ်။ လိမ်းတဲ့နေရာမှာ ဆွဲလိမ်းတာမျိုးမလုပ်ဘဲ လက်သူကြွယ်နဲ့ ဖြည်းဖြည်းချင်း eye cream ကို စိမ့်ဝင်အောင် တို့ပြီး လိမ်းပေးရပါတယ်။ ကိုယ်သုံးနေကျ Moisturizer တွေ သုံးပြီးမှ eye cream လိမ်းလို့ရပါတယ်။ Sunscreen ကိုတော့ eye cream လိမ်းပြီးမှ လိမ်းသင့်ပါတယ် :D

တိန်.. ဘုန်းဘုန်းတောက်တို့ကတော့ လုပ်ချလိုက်ပြန်ပြီ။ အရေးအကြောင်းကြုံရင် ဆောင်ရန်ရှောင်ရန်တဲ့ ခိခိ xD

မိုးနတ်ကြယ်စင် said...

မိုးနတ်သိချင်တာတွေနဲ့ ကန်ကန်ရေးထားတာ
တွေနဲ့ အံကိုက်ပဲ.....ကျေးဇူးကမ္ဘာပါ ကန်ကန်
ကန်ကန်လေးလဲ လှနိုင်ပါစေနော်...:)
ချစ်တဲ့.....မိုးနတ်

ကိုကိုမောင်(ပန်းရနံ့) said...

စာမဖတ်သေးဘဲ အောက်ဆုံးက ဓါတ်ပုံကို အရင်ကြည့်ပြီး ပိစိတစ်ယောက် ဘာတွေ ချက်စားဦးမလဲ ဆိုပြီးတွေးလိုက်မိသေး။ ဟင်းပေါင်းအိုးအနားမှာ ချဉ်ပေါင်သီးအဖတ်တွေနဲ့ ဆိုတော့လေ။း)

အဘတို့ကတော့ အသက်ကြီးပြီ။ အိုပြီ။
အဲဒါတွေ လိုတော့ဘူးးးးးး။း)

အိပ်မက်ကောင်းကင် said...

အရေးအကြောင်းများနှင့် ဆောင်ရန်ရှောင်ရန်များကို
လာရောက်မှတ်သားသွားပါတယ်မမချိုချဉ်ရေ ...
စိတ်ပျိုမှ ကိုယ်နုမှာဆိုလို့ ပြုံးပြုံးလေးနဲ့ စာလာဖတ်သွားတယ်နော်
မမချိုချဉ်လည်းပျော်ရွှင်နိုင်ပါစေ
ခင်တဲ့(အိပ်မက်ကောင်းကင်)

ကူးကူးလှိုင် said...

ကန်ဒီပြောမှပဲ အစ်မလဲ Eye cream ၀ယ်သုံးအုံးမှ ကျေးဇူးတင်ပါတယ် ညီမလေးရေ...

မေမြို့မိုး said...

အာ့ဆို တားနဖူးရေတွေနဲနဲတွန့်နေတာ စိတ်ပုတ်လို့ပေါ့.:(

သီရိရတနာ said...

Comment တွေ ဖတ်ပီး ရီလိုက်ရတာ ...

ဘုန်းဘုန်းတောက် ပြောတဲ့ " အရေးအကြောင်းကြုံလာရင် ဆောင်ရန်၊ ရှောင်ရန်ထင်နေတာ။ "

နိဂုံးစာပိုဒ် ကြိုက်တယ် ...

" ကန်ဒီကြားဖူးတာ စိတ်ပျိုမှ ကိုယ်နုတာတဲ့။ အဲ့တော့ စိတ်ကို ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါးနဲ့ သူတပါးအပေါ် စိတ်ကောင်းထားပေါ့။ အဲ့ဒါဆို ရုပ်လေးလည်း လိုက်ပြီး နုနေမှာ သေချာတယ် ^_^ "