Sunday, January 20, 2013

မျက်လုံးအမျိုးအစားအလိုက် အိုင်းရှဲဒိုးခြယ်သနည်းများ

ကန်ဒီတို့ ဒီနေ့ မျက်လုံးပုံသဏ္ဍာန်တွေအကြောင်း ပြောရအောင်။ Eyeshadow ကို စနစ်တကျခြယ်တတ်ဖို့ဆို ကိုယ့်မျက်လုံးအမျိုးအစားကိုသိဖို့က အရေးကြီးဆုံးလေ။ ဒီပိုစ့်မှာ မျက်လုံးပုံသဏ္ဍာန်တွေနဲ့ အမျိုးအစားအလိုက် Eyeshadow ဘယ်လိုခြယ်သင့်တယ်ဆိုတဲ့ Tips လေးတွေကို ပြောပြသွားမယ်နော် ^_^


Eyeshadow ခြယ်တဲ့နေရာမှာ ပထမဆုံးအခြေခံသိသင့်တဲ့အချက်ကတော့ ကိုယ်ဖုံးချင်တဲ့နေရာ၊ မပေါ်လွင်စေချင်တဲ့နေရာ၊ အရိပ်ကျနိုင်တဲ့နေရာမျိုးတွေကို အရောင်ရင့်သုံးဖို့နဲ့ ကိုယ်ပေါ်လွင်စေချင်တဲ့နေရာကို အရောင်နု (သို့) အလင်းပြန်စေတဲ့ Eyeshadow မျိုး သုံးဖို့ပါ။ မျက်လုံးအမျိုးအစားကို ခုနှစ်မျိုး ခွဲခြားထားပါတယ် :)

1) Standard eyes or Almond eyes

ဒီမျက်လုံးပိုင်ရှင်တွေကတော့ Eyeshadow ကို ဘယ်လိုနည်းလမ်းနဲ့ခြယ်ခြယ် အဆင်ပြေပြေနဲ့ အလွယ်တကူခြယ်နိုင်တဲ့ သူတွေပေါ့။ သူတို့ရဲ့ မျက်လုံးနှစ်ဖက်ဟာ ဝေးလည်းမဝေး၊ နီးလည်း မနီးဘဲ မျက်နှာနဲ့ အချိုးကျကျ ရှိနေတယ်လေ။

2) Close set eyes

မျက်လုံးနှစ်ဖက်ဟာ ပုံမှန်ထက် ပိုနီးနေတဲ့ အမျိုးအစားပါ။ ဒီလိုမျက်လုံးမျိုးကို Eyeshadow ခြယ်တဲ့အခါ မျက်လုံးဆုံးတဲ့နေရာအလွန် မျက်လုံးအပြင်ဘက်အထိဆွဲပြီး ခြယ်ပေးရတယ်။ Crease colour ကိုလည်း မျက်လုံးအတွင်းထိ မဆွဲပါနဲ့ (Crease = Eye socket... Eyeshadow Brush နဲ့ မျက်ခွံပေါ်ထောက်ကြည့်ရင် ချိုင့်ဝင်သွားတဲ့နေရာ)။ မျက်လုံးနှစ်ဖက်ကို ဝေးသယောင်ဖြစ်အောင် မျက်လုံးအတွင်းပိုင်းကို အဖြူရောင် Eyeshadow နဲ့ Highlight လုပ်ပေးနိုင်ပါတယ်။ Eyeliner ကို မျက်လုံးအတွင်းထောင့်အထိ လုံးဝမဆွဲမိပါစေနဲ့နော်။


3) Wide set eyes


မျက်လုံးနှစ်ဖက်ဟာ ပုံမှန်ထက် ပိုဝေးနေတယ်ဆို Eyeshadow ကို မျက်လုံးဆုံးတဲ့နေရာအထိပဲ ခြယ်သင့်ပါတယ်။ မျက်လုံးအပြင်ဘက်ထိ ဆွဲခြယ်လိုက်ရင် မျက်လုံးနှစ်ဖက် ပိုဝေးသလို ဖြစ်သွားစေတယ်လေ။ Crease colour ကို မျက်လုံးအတွင်းပိုင်းထိ ဆွဲပေးပါ။ ဖြစ်နိုင်ရင် မျက်လုံးအတွင်းဖက်ကို Highlight မလုပ်ပါနဲ့။



4) Hooded eyes

ဒါကတော့ မျက်ရစ်ဟာ မျက်ခွံကို ဖုံးလုနီးပါးကျနေတဲ့ မျက်လုံးအမျိုးအစားပါ။ Hooded eyes ကို မွေးရာပါ Hooded eyes နဲ့ အသက်ကြီးမှဖြစ်တဲ့ Hooded eyes ဆိုပြီး နှစ်မျိုးခွဲနိုင်ပါသေးတယ်။ အသက်ကြီးမှဖြစ်တဲ့ Hooded eyes မျိုးပိုင်ဆိုင်ရင် တွဲကျနေတဲ့ မျက်ရစ်ပေါ်မှာ လက်လက် လက်လက် ရောင်ပြန်တွေပါတဲ့ Eyeshadow မျိုး မခြယ်သင့်ပါဘူး။ အဲ့လိုခြယ်ခြင်းကြောင့် တွဲကျနေတဲ့မျက်ရစ်ကို ပိုပေါ်လွင်စေတယ်လေ။ ဖြစ်နိုင်ရင် အဲ့လိုနေရာကို အရောင်ရင့် Eyeshadow နဲ့ ဖုံးပေးပါ။ မွေးရာပါ Hooded eyes ပိုင်ဆိုင်ရင် (သို့) မျက်ရစ်လုံးဝမပါဘူးဆိုရင်တော့ ကိုယ့်စိတ်ကြိုက်ခြယ်နိုင်ပါတယ်။ မျက်လုံးကို ပိုပေါ်လွင်စေချင်ရင်တော့ မျက်လုံးနဲ့အနီးဆုံးအပိုင်းကို အရောင်ရင့်ခြယ်ပေးပါ။  

5) Down turned eyes 



ဒီအမျိုးအစားကတော့ တွေ့ရခဲပါတယ်။ မျက်လုံးအစွန်းနှစ်ဖက်ဟာ အောက်ကိုတွဲကျနေပြီး ၀မ်းနည်းနေသယောင် ဖြစ်နေတဲ့မျက်လုံးအမျိုးအစားပါ။ ဒီလိုမျက်လုံးမျိုးအတွက်ဆို Eyeshadow ကို မျက်လုံးအောက်ကို စမကျခင်နေရာ (အပြင်အစွန်းမရောက်တရောက်နေရာ) အထိပဲ ခြယ်ပေးပါ။ ခြယ်တဲ့အခါမှာလည်း အပေါ်ကို ပင့်ခြယ်ပေးပါ။ Eyeliner ဆွဲတဲ့အခါ မျက်လုံးအပြင်ဘက်ပိုင်းကို ပိုထူထူဆွဲပေးပါ။ မျက်တောင်ကော့ပေးဖို့ မမေ့ပါနဲ့။




6) Deep set eyes
 
ဒါကတော့ မျက်တွင်းနက်နက် မျက်လုံးမျိုးပေါ့။ ဒီလိုမျက်လုံးမျိုးပိုင်ဆိုင်တယ်ဆို မျက်ခွံပေါ်မှာ ရောင်ပြေးပါတဲ့ အလင်းပြန်နိုင်တဲ့ Eyeshadow မျိုး (သို့) အရောင်နုနု Eyeshadow မျိုးခြယ်ပါ။ Crease နေရာကို Eyeshadow ခြယ်တဲ့အပိုင်းဟာ ဒီမျက်လုံးပိုင်ရှင်တွေအတွက် အရမ်းအရေးကြီးပါတယ်။ ပုံမှန်ဆို Crease Eyeshadow ဆိုတာ Brush ချိုင့်ဝင်သွားတဲ့ Eye socket နေရာကို ခြယ်ရတယ်လေ။ Deep set eyes ပိုင်ဆိုင်ရင်တော့ Crease နေရာမဟုတ်ဘဲ Crease ရဲ့အပေါ်နားနည်းနည်းတက်ပြီး မျက်ခုံးရိုးပေါ်မှာ အရောင်ရင့်နဲ့ Shadow ထည့်သင့်ပါတယ်။ မျက်လုံးအတွင်းဘက်ပိုင်းကိုလည်း White Eyeshadow နဲ့ Highlight လုပ်ဖို့မမေ့ပါနဲ့။

7) Protruding eyes



ဒါကတော့ သိသိသာသာ အပြင်ဘက်ကို ထွက်နေတဲ့ မျက်လုံးအမျိုးအစားပါ။ ဒီလိုမျက်လုံးမျိုးပိုင်ဆိုင်ရင်တော့ အလင်းပြန်နိုင်တဲ့ Eyeshadow တွေကို ရှောင်သင့်ပါတယ်။ မျက်ခွံပေါ်မှာ အရောင်ရင့်ခြယ်ပေးခြင်းအားဖြင့်လည်း ထွက်နေတဲ့ မျက်လုံးကို နောက်နည်းနည်းပို့လိုက်သလို ဖြစ်စေပါတယ်။





ကန်ဒီ စာနဲ့အတတ်နိုင်ဆုံး ရှင်းပြထားတာတွေ သဘောပေါက်ဖို့ မျှော်လင့်ပါတယ်နော်။ တကယ်တော့ အကုန်လုံး သိဖို့မလိုပါဘူး။ ကိုယ့်မျက်လုံးအမျိုးအစားရယ် ဘယ်လိုခြယ်သင့်တယ်ဆိုတာရယ် သိပြီဆို လုံလောက်ပြီလေ။ ကန်ဒီ့မျက်လုံးအမျိုးအစားကတော့ ယေဘူယျအားဖြင့် ပြောမယ်ဆို Standard eyes ပေါ့။ တစ်ဖက်နဲ့ တစ်ဖက် နီးလည်းမနီး၊ ဝေးလည်းဝေးမနေဘူးလေ။ ဒါပေမယ့် ကန်ဒီ့မျက်လုံးတစ်ဖက်က Hooded ဖြစ်ချင်နေတယ်(>.<)။ Eyeshadow ခြယ်တာနဲ့ ပက်သက်လို့ ဒီ့ထက်အသေးစိတ်ကိုတော့ နောက်ပိုစ့်တွေမှ ပုံနဲ့သေချာပြောပြပေးမယ်နော်။

Have a Good day ^_^

6 comments:

Anonymous said...

မမပြောပြမှပဲ မျက်လုံးနဲ့လိုက်ဖက်တဲ့ eyeshadowအကြောင်းသေသေချာချာသိတော့တယ် Thank youပါ မမရဲ့သူငယ်ချင်း

ကူးကူးလှိုင် said...

ဗဟုသုတတွေရသွားတယ် ကန်ဒီရေ...

မိုးနတ်ကြယ်စင် said...

မျက်လုံးခြယ်တာကို ၀ါသနာမပါပေမဲ့....
အလှအပဆို အကုန်စိတ်ဝင်စားသူမို့
မလွတ်တမ်းကို စိတ်ဝင်တစား အားပေးသွားတယ်နော် ကန်ကန်ရေ...
မိုးနတ်က အလှအပကို အရမ်းကြိုက်သလို
သိပ်လဲ ဂရုစိုက်တာ...ပြောပြပေးတာ
ကျေုးကျေးနော် ကန်လေး....:)
ချစ်တဲ့....မိုးနတ်

အလွမ်းမြို့ said...

ကန်ဒီလေးရေ
မကြီးလွမ်းကတော့ အလှမပြင်တတ်ဘူး။
စလုံးရောက်မှာ ကန်ဒီ့ကို လာပြင်ခိုင်းရမယ်ထင်တယ်။



ချစ်တဲ့
မကြီးလွမ်း

မိုးငွေ့........ said...

ကျေးကျေးပါ ...ကန်ဒီလေး ရေးတဲ့အလှအပအားလုံးကို စိတ်ဝင်စားတယ် ကိုယ်တိုင်လဲပြင်တယ် ဒါကြောင့်..။

ကိုကိုမောင်(ပန်းရနံ့) said...

အဘတို့နဲ့ သိပ်မဆိုင်ဘူး ထင်တယ်။း)