Monday, July 22, 2013

ဝါဆိုလပြည့်

“သန္ဓေ တောထွက် ဓမ္မစက် ဟောမြွတ်သံချို လဝါဆို” ဆိုတဲ့အတိုင်း ၀ါဆိုလပြည့်နေ့ဟာ မြတ်စွာဘုရား ပဋိသန္ဓေတည်တဲ့နေ့၊ တောထွက်တော်မူတဲ့နေ့၊ ဘုရားအဖြစ်ကို ရောက်ရှိတော်မူပြီးနောက် ပထမဆုံး တရားဦးဓမ္မစကြာဟောတော်မူတဲ့နေ့ ဖြစ်ပါတယ်တဲ့။ ဒီနေ့ဝါဆိုလပြည့်နေ့ဆိုတော့ ဒီနေ့နဲ့လိုက်ဖက်တဲ့ ပိုစ့်လေးရေးရမှာပေါ့ နော့။ မနေ့က Joo Koon မှာ ၀ါဆိုသင်္ကန်းကပ်လှူပွဲနဲ့ မေတ္တာရှင်ဆရာတော်ရဲ့တရားပွဲ ရှိတယ်။ မနက်(၉)နာရီကနေ (၂)နာရီထိက ၀ါဆိုသင်္ကန်းကပ်လှူပွဲ၊ ညနေ(၆)နာရီခွဲကနေ (၈)နာရီထိက တရားပွဲ... ဆိုတော့ တနေကုန်အဲ့မှာ ဝေယျာဝစ္စကူနေတာ ဆိုပါတော့ ^_^



♦ ဝါဆိုသင်္ကန်း လှူဒါန်းရခြင်းအကျိုးများ
၁) အသက်ရှည်ခြင်း
၂) အဆင်းလှခြင်း
၃) ချမ်းသာကြီးခြင်း
၎) ခွန်အားဗလနှင့် ပြည့်စုံခြင်း
၅) ဈာန် မဂ်ဖိုလ်တရားများကို ရနိုင်ခြင်း
၆) ပစ္စုပ္ပန်သံသရာတို့၌ အကျိုးများခြင်းကြောင့် ကထိန်သင်္ကန်းနှင့်အတူတကွ အခြံအရံဖြစ်ကုန်သော ဆွမ်းခဲဖွယ် ဘောဇဉ် ချိုချဉ်သြဇာ အရသာတို့ကို ဆက်ကပ်လှူဒါန်းရခြင်း
၇) သီလဆောက်တည်ရခြင်း
၈) တရားနာရခြင်း
၉) အလှူခံပုဂ္ဂိုလ်၊ အလှူဝတ္ထုနှင့်ပတ်သက်၍ သမထ ဝိပဿနာ ပွားများရခြင်း။


သင်္ကန်းကပ်ဖို့ တန်းစီနေကြတာ...

ကန်ဒီတို့ နေ့လည်ဝါဆိုသင်္ကန်းကပ်ပြီး နားနေတဲ့အချိန်မှာ အစ်ကိုတစ်ယောက်က ဆုံးသွားတဲ့ သူ့အဘိုးအတွက်ဆိုပြီး ရေစက်ချအလှူလေးလုပ်နေတာတွေ့တယ်။ ကန်ဒီလည်း အားနေတာနဲ့ အဲ့ရေစက်ချအလှူလေးမှာ ၀င်ထိုင် တရားဝင်နာမိတယ်။ အမျှတွေ ဘာတွေဝေတော့ လွန်ခဲ့တဲ့နှစ်နှစ်က ဆုံးသွားခဲ့တဲ့ ကန်ဒီ့အဘိုးလေးကို သွားသတိရတယ်။ ကန်ဒီ့တကယ့်အဘိုးအဘွားတွေက ကန်ဒီတို့ငယ်ငယ်လေးထဲက မရှိတော့ဘူး။ ဒီအဘိုးလေးတစ်ယောက်ပဲ ကန်ဒီတို့ တော်တော်ကြီးတဲ့အထိ အတူရှိနေတာဆိုတော့ သူ့ကိုတော့ မှတ်မှတ်ရရရှိတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကန်ဒီကျောင်းပိတ်လို့ ရန်ကုန်ခဏပြန်လည်တဲ့အချိန်ကြီးမှာ သူဆုံးသွားတာ။ သူ့မှာသားသမီးမရှိဘူး... ဆုံးခါနီးဝေဒနာခံစားနေရတုန်းက အရမ်းသနားဖို့ကောင်းတယ်။ အဲ့အချိန်တုန်းက စိတ်ထဲမှာငိုနေပေမယ့် ကန်ဒီဘာလို့ သူ့လက်ကလေးတချက်ကိုင်ပြီး အားမပေးမိခဲ့လဲ စဉ်းစားလို့မရဘူး။ တွေးမိတိုင်း စိတ်မကောင်းဘူး။ ဒါကတော့ အမျှဝေရင်း မျက်ရည်စို့မိတဲ့အကြောင်းရင်း...

ရခိုင်မုန့်တီ...

ကဲ ကဲ ဆက်ရအောင်... စတုဒိသာကျွေးတာဆိုတော့ ကိုယ်ကြိုက်တာဝင်ဆွဲပေါ့ ဟီးး(:D)။ နန်းကြီးသုပ်၊ ခေါက်ဆွဲကြော်၊ ရွှေရင်အေး၊ သစ်သီး၊ ကော်ဖီ၊ အအေး စုံလို့... ကန်ဒီတို့အဖွဲ့ကတော့ ရခိုင်မုန့်တီကျွေးတယ်။ ညနေတရားပွဲကျတော့ ရခိုင်မုန့်တီအပြင် ဆီထမင်းပါကျွေးတယ်။ လူတော်တော်များများလာတယ်။ အပေါ်ထပ်အခန်း တခန်းလုံးပြည့်သွားလို့ အောက်ထပ်အခန်းပါဖွင့်ပေးရတယ်။ ဆရာတော်ဟောတဲ့တရားလည်း ကောင်းတယ်။ လက်တွေ့ဖြစ်ရပ်လေးတွေနဲ့ ဥပမာပြဟောတော့ ပိုစိတ်ဝင်စားဖို့ကောင်းတယ်။ 

 သူများအဖွဲ့ကယူလာတဲ့ နန်းကြီးသုပ်နဲ့ ခေါက်ဆွဲကြော် :D

တရားဟောပြီးတော့ ဒကာ၊ ဒကာမတွေ မေးတဲ့မေးခွန်းတွေကို ဆရာတော်က ဖြေပေးတယ်။ အဲ့မှာ မေးထားတဲ့မေးခွန်းတစ်ခုက "တပည့်တော် လှူချင်ပါတယ် ဘုရား... လှူခါနီးကျရင် နှမြောစိတ်လည်း ဖြစ်မိပါတယ်... အဲ့ဒါဘယ်လိုလုပ်သင့်ပါသလဲ"တဲ့။ အဲ့ဒီရိုးသားတဲ့ မေးခွန်းလေးကိုကြိုက်တယ်။ တကယ်တော့ အဲ့လိုဖြစ်တတ်တာ သူတစ်ယောက်တည်း မဟုတ်ပါဘူး။ လူတော်တော်များများ အနည်းနဲ့အများတော့ ဖြစ်တတ်ကြတယ်။ ထုတ်ဖော်မပြောကြတာပဲ ရှိတယ်။ ဆရာတော်ဖြေပေးလိုက်တာက... အဲ့လိုစိတ်ဖြစ်လည်း လှူဒါန်းခြင်းဟာ ကောင်းတဲ့ကိစ္စမို့ လှူပါတဲ့... လှူတတ်တဲ့အကျင့်လေး ပြုလုပ်ပါ။ အဲ့လို လှူဒါန်းတဲ့အကြိမ်အရေအတွက် များလာလေလေ၊ လှူချင်တန်းချင်စိတ်များလာလေလေ ဖြစ်လာလိမ့်မယ်တဲ့။ ဘယ်လောက်ကောင်းတဲ့ မေးခွန်းနဲ့ အဖြေလည်းနော်...

"မပြုချင်ပြု၊ ပြုချင်ပြု 
ကောင်းမှုကုသိုလ်တွေ၊
ကိုယ်တွင်းရောဂါ၊ ကိလေသာ
ကိုယ်မှာ ရှိ၍နေ။"

ကန်ဒီတခါရှယ်ဖူးတဲ့ ကဗျာထဲက အဲ့ဒီစာချိုးလေးကို သွားသတိရတယ်။ ဘုရားရှိခိုးရမှာပျင်းတဲ့လူတွေကို ဆုံးမတိုက်တွန်းထားတဲ့ ကဗျာလေးလေ။ ဆရာတော်ပြောတာတွေထဲမှာ နောက်ထပ်ကန်ဒီသဘောကျတာလေးက... ရဟန်းသူတော်စင်တွေကို လှူတဲ့အလှူနဲ့ သာမာန်လူပုဂ္ဂိုလ်တွေကို လှူတဲ့အလှူနှစ်ခုယှဉ်ရင် ရဟန်းသူတော်စင်တွေကို လှူတဲ့အလှူက အဆများစွာပိုအကျိုးရနိုင်ကြောင်း ကျမ်းဂန်တွေမှာ ဖော်ပြထားပေမယ့် ဆရာတော်ထပ်ဖြည့်စွက်ချင်တဲ့ အတွေးလေးရှိပါတယ်တဲ့။ အလှူတခုမှာ ဘယ်သူ့ကို ဘယ်လောက်လှူတယ်ဆိုတာထက် စေတနာမှန်ဖို့ကသာ အဓိကပါတဲ့။ ကိုယ်လှူတဲ့သူအပေါ်လိုက်ပြီး အကျိုးရမှုကွာခြားတဲ့အကြောင်း ဆရာတော်တွေ တော်တော်များများက တရားတွေထဲမှာ ပြောဖူးဟောဖူးတာ ကန်ဒီကြားဖူးပါတယ်။ အမှန်အတိုင်းပြောရရင်  အဲ့ဒါကို ကန်ဒီ့စိတ်ထဲ အသင့်အတင့်လက်ခံပေမယ့် ဘယ်တော့မှ အပြည့်အ၀ သဘောမတွေ့ခဲ့ဘူး။ မှားတယ်၊ မှန်တယ် ဝေဖန်သုံးသပ်တာမျိုး မဟုတ်ဘူးနော်။ အဲ့လိုသာဆို လူတွေက ပိုအကျိုးများများရချင်တော့ အဲ့လိုရနိုင်တဲ့ မြင့်မြတ်တဲ့လူတွေဆီပဲ လှူနေပြီး နိမ့်ကျမပြည့်စုံတဲ့လူတွေကိုကျ ပစ်ထားသလိုဖြစ်နေမှာပေါ့လို့ ရိုးရိုးလေးတွေးမိရုံပါ။ ဒီတခေါက်ဆရာတော်ပြောသွားတာလေးကိုတော့ ကန်ဒီကျေနပ်သဘောကျတယ်။ ကိုယ်တိုင်လည်း အဲ့လိုပဲတွေးမိတယ်... အလှူတစ်ခုမှ စေတနာသည်သာအဓိကလို့ ^_^


ကုသိုလ်တရားတွေနဲ့ လှပနိုင်ကြပါစေ...

7 comments:

မောင်သစ္စာ said...

သာဓု,,,,သာဓု,,,,သာဓု,,,,

နွေတေးရှင် (မင်းဧရာ) said...

အပေါ်ကလူကြီး ပြောသွားသလိုပဲအေ ။
ကောင်းလေစွ ကောင်းလေစွ ကောင်းလေစွ တကား ။

မိုးငွေ့........ said...

လိမ်မာတဲ့သမီးလေး သာဓု သာဓု သာဓု

ကိုကိုမောင်(ပန်းရနံ့) said...

ဒီလောက် ကုသိုလ်ပွဲတွေမှာ ပါဝင်နေလို့ ဒီလောက် လှနေတာ ဖြစ်ရမယ်။

မိုးသက် said...

လူက နဂိုလှတာရယ်.။ တရားကြောင့် မျက်နှာကြည်နေတာရယ်.။ တရားပွဲမှာ ၀ါးတီးဖွင့်လာတာတွေကြောင့် အသားအရေတွေစိုပြည်နေတာရယ်ပေါင်းလိုက်တော့ . .နအမ တော်တော်လှတွားဒယ်..။

ကူးကူးလှိုင် said...

သာဓုခေါ်သွားပါတယ် ကန်ဒီရေ...

zay lin said...

သာဓုခေါ်ပါတယ်...ပီတီ လည်းဖြစ်မိတယ်..