ဒီနေ့စနေ Public Holiday ပိတ်ရက်လေး အပီနားပြီး စာလုပ်မယ်လို့ ကြံစည်ထားသော်ငြားလည်း... ပြောထားပြီးသားကိစ္စတွေက ပေါ်လာတာနဲ့ မနက်အစောကြီးထပြီး Botanic Garden ကို ဓာတ်ပုံရိုက်ဖို့ ရောက်သွားပါလေရော။ အဲ့ကပြန်ရောက်တော့ ညနေ(၃)နာရီလောက်။ ဟိုဘက်အခန်းမှာနေမယ့် အသစ်ကောင်မလေးတစ်ယောက်ကလည်း ဒီနေ့ပဲပြောင်းလာတယ်။ အဲ့ဒါသူ့ကို အိမ်သန့်ရှင်းရေးကိစ္စတွေဘာတွေ ပြောမယ်ဆိုတော့ ကိုယ်ကအရင်အိမ်သန့်ရှင်းရေးလုပ်ရတယ်။ ကိုယ်ကစံပြဖြစ်မနေဘဲ သူများကို ဒါလုပ်လို့သွားပြောလို့မရဘူးမလား...
At Botanic Garden...
အဲ့ဒါနဲ့ပက်သက်လို့ ပုံပြင်လေးတစ်ပုဒ်ရှိတယ်။ ကန်ဒီ့ကို အစ်ကိုတစ်ယောက်ပြောပြဖူးတာ။ မှတ်မိသလောက်ပြောပြရရင်... ဟိုးရှေးရှေးတုန်းက တိုင်းပြည်တစ်ပြည်မှာ တိုင်းသူပြည်သားတွေယုံကြည်အားထားရတဲ့ ဆရာကြီးတစ်ဦးရှိတယ်တဲ့။ တနေ့မှာ အမျိုးသမီးတစ်ဦးဟာ အဲ့ဆရာကြီးဆီလာပြီး သူ့သားလေးက အချိုအရမ်းစားလို့ မစားအောင်ဆုံးမပေးပါလို့ ဆရာကြီးထံ တောင်းဆိုသတဲ့။ အဲ့ဒါနဲ့ဆရာကြီးက အဲ့ဒီအမျိုးသမီးကို ကောင်းပြီ... သူဆုံးမပေးမယ်။ နောက်တစ်လနေရင် လာခဲ့လို့ပြောသတဲ့။ အဲ့ဒါနဲ့ တစ်လကြာတဲ့အခါ အဲ့အမျိုးသမီးက ဆရာကြီးဆီပြန်လာသတဲ့။ အဲ့ဒီအခါဆရာကြီးက သူ့သားလေးမျက်နှာကိုကြည့်ပြီး "သား... နောက်ဆိုအချိုတွေအများကြီး မစားနဲ့နော်" လို့ပြောသတဲ့။ ကောင်လေးကလည်း ဆရာကြီးကို "ဟုတ်ကဲ့"ဆိုပြီး ခေါင်းညိတ်ပြတယ်တဲ့။ အဲ့ဒါကိုကြည့်ပြီး အမေဖြစ်သူအမျိုးသမီးက မကျေမချမ်းနဲ့ "ဆရာကြီးရယ်... ဒီစကားလေးတစ်ခွန်းပြောဖို့ကို ဘာလို့များ တစ်လနေမှလာခဲ့ဖို့ ချိန်းရပါသလဲ"တဲ့။ အဲ့ဒါနဲ့ ဆရာကြီးက "လွန်ခဲ့တဲ့တစ်လလောက်က ငါလည်းအချိုအရမ်းစားတယ်... ဒီကလေးကိုဆုံးမဖို့အတွက် ငါကိုယ်တိုင်လည်း အချိုလျော့စားမှ ဖြစ်မှာပေါ့"လို့ ဖြေလိုက်တယ်တဲ့။ ဘယ်လောက်အတုယူစရာကောင်းတဲ့ ပုံပြင်လေးလဲနော်...
အဲ... ခုနကပြောတာ ပြန်ဆက်ရရင် ကန်ဒီ သူ့ကိုသန့်ရှင်းရေးကိစ္စပြောမယ်ဆိုလို့ ကြီးကြီးကျယ်ကျယ်ထင်နေဦးမယ်။ "အမြင်မတော်တာရှိရင် တံမြတ်စည်းလှဲပါ" ဒီလောက်ပဲ ပြောတာပါ။ ကန်ဒီတို့အိမ်မှာ သူများအိမ်တွေလို သန့်ရှင်းရေးအတွက် ဘယ်နေ့ဘယ်သူဘာလုပ်ဆိုပြီး Schedule မရှိဘူး။ ဒီအသက်အရွယ်တွေပဲရောက်နေပြီ... ကိုယ့်အသိစိတ်ဓာတ်လေးနဲ့ကိုယ်လုပ်နိုင်ရင် အကောင်းဆုံးပေါ့။ မလုပ်တော့လည်း ကန်ဒီပဲလုပ်ပေါ့... ဟဟ ဒါတွေက ကျင့်သားရနေပါပြီ။ ကိုယ်ရှင်းထားတာ မဖွရင်ဘဲ တော်တော်ကျေးဇူးတင်တယ် (တကယ် xD)။ အဲ့ဒါသူ့ကိုပြောစရာရှိတာပြောပြီး စာထိုင်လုပ်... စာလုပ်ပြီးရင် ကိုယ့်ကိုကိုယ်ဆုချတဲ့အနေနဲ့ Blog ရေးမယ်ပေါ့။ အဲ့လိုတွေးထားရင် ဒါပြီးရင် ငါလုပ်ချင်တာလုပ်လို့ရတယ်ဆိုပြီး လုပ်ရမယ့်ဟာတွေ ပြီးအောင်လုပ်ဖြစ်တယ်(xD)။ အဲ့ဒါကန်ဒီငယ်ငယ်ထဲကလုပ်တဲ့ အကျင့်တစ်ခုပဲ။ ကိုယ်မဖြစ်မနေလုပ်ရမယ့်ဟာ လုပ်စရာရှိတာလုပ်ပြီးသွားရင် ကိုယ်ကြိုက်တဲ့ဟာတစ်ခုခုလုပ်ပြီး ကိုယ့်ကိုကိုယ်ဆုချတယ်။ ၀ါးးး... အိပ်ချင်လာပြီ... မနက်ဖြန်မှ ဆက်ရေးတော့မယ် Zzzzz -.-
Sunday 8am
Morning ^_^
ကော်ဖီတစ်ခွက်ဘေးချပြီး စာဆက်ရေးရင် ဒီနေ့ညနေ Arena Country Club မှာ ကထိန်သင်္ကန်းကပ်လှူပူဇော်ပွဲနဲ့ မေတ္တာရှင်ဆရာတော် တရားပွဲရှိတယ်။ တကယ်တော့ မနေ့ကလည်း တရားပွဲရှိတယ်။ မနေ့က သိတဲ့အတိုင်း တနေကုန်ရှုပ်နေတာနဲ့ မသွားလိုက်ရဘူး။ ဒီနေ့တော့ သွားရမယ်။
ကန်ဒီငယ်ငယ်လေးတုန်းကပြတဲ့ ကလေးဆရာဝန်က လေးဘက်နာဖြစ်မှာစိုးလို့ဆိုပြီး Penicillin ကို (၂)နှစ်သောက်ခိုင်းလိုက်ပြီးကတည်းက ဆေးဆိုသောက်ကိုမသောက်ချင်တော့တာ။ Penicillin အနံ့ကလည်း တော်တော်ဆိုးတာကိုး။ အဲကတည်းက တော်ရုံတန်ရုံဖြစ်ရင် ဆေးမသောက်တာများတယ်။ ခုတော့ မရတော့ဘူး။ VitaminC တော့ သောက်မှဖြစ်မယ်။ ဆေးခန်းမှာဆိုတော့ နေမကောင်းဖြစ်ဖို့ အရမ်းလွယ်တယ်။ တခါတလေ ချောင်းဆိုချင်သလိုလို၊ လည်ချောင်းယားသလိုလို ဖြစ်တယ်။ လူနာနဲ့တွေ့ပြီးရင် လက်ဆေးဖို့ အမြဲမေ့တာလည်းပါတယ် (ဒါတောင်ကိုယ်က သူများတွေလို စကားအကြာကြီးပြောပြီး အမြဲတွေ့ရတာမဟုတ်သေးဘူး)။ အလုပ်ကလူတွေက VitaminC သောက်ထားတဲ့။ VitaminC က Immune system အတွက် ကောင်းတယ်။ အဲ့ဒါနဲ့အခု အဲ့ဒါသောက်နေတယ် (ဖျားမှမဖျားချင်တာ)။ ဆေးတစ်လုံးတစ်လုံးက ဘာကိစ္စဒီလောက်ကြီးရတာလဲ Gerrrr >.<
ကန်ဒီ့ညီမပို့လာတာ... ဟဟ ကန်ဒီနဲ့ တော်တော်တူတယ်နော်။ ရုတ်တရက်ကြည့်လိုက်တော့ ကိုယ့်ဟာကိုယ်တောင် ကြောင်တောင်တောင်ဖြစ်သွားတယ်။ ကန်ဒီ့ပုံကို ပိုလှအောင် သူများ Edit လုပ်လိုက်တာလားလို့(xD)။ Facebook မှာ အစ်မတစ်ယောက်တင်ထားတဲ့ Status လေး ပြဦးမယ်။ ကိုယ်တိုင်ဖတ်ပြီး အရမ်းအံသြမိသလို ဖတ်မိတဲ့သူတွေအတွက်လည်း သင်ခန်းစာရစေချင်လို့ပါ။
အဲ့ဒါစင်္ကာပူမှာဖြစ်တာနော်။ မြန်မာပြည်မှာလို့ မထင်လိုက်နဲ့ဦး။ စ,စဖတ်ချင်တော့ အင်တာနက်ဆိုင်ကလူကြီးကို အမြင်ကတ်သလိုလို။ ဟုတ်တယ်လေ... စဉ်းစားကြည့်ပါဦး Gmail နဲ့ Facebook Account လေးဖွင့်တာ SGD 10/ SGD 15 ယူတယ်ဆိုတော့... ကန်ဒီဖွင့်ပေးလိုက်ရင်တောင် (၁၀)မိနစ်မကြာဘူး။ နောက်ပြန်တွေးကြည့်တော့လည်း ဒါသူတို့စီးပွားရေးပဲလေပေါ့။ ဆက်ဖတ်ရင်း ဟိုကောင်မလေးတွေ စကားပြောတဲ့နားရောက်လာတော့ မျက်လုံးပြူးမျက်ဆံပြူးတွေ ဖြစ်လာတယ်။ စင်္ကာပူထိတောင်ရောက်လာပြီး ဘာလို့များ အဲ့လိုအတွေးတွေနဲ့ ပိုက်ဆံအကုန်ခံ Facebook Account ဖွင့်ပြီး ဒီလိုတွေလုပ်ဖို့ ကြိုးစားနေကြလဲပေါ့။ အစ်မအစမှာရေးခဲ့သလို ပညာမတတ်ကြလို့ပဲလား?? ဒါမှမဟုတ် သူတို့ကြီးပြင်းတဲ့ လူ့ပတ်ဝန်းကျင်ကြောင့်လား?? အဲ့လိုဆိုတော့လည်း သူတို့ကိုအပြစ်တင်လို့ မရပြန်ဘူး။ အဲ့ဒါမျိုးတွေ ဖတ်ရတဲ့အခါ စိတ်မကောင်းဘူး။ မြန်မာမိန်းကလေးတွေကို အမြင်ကျယ်စေချင်တယ်။ အင်တာနက်ကိုအကျိုးရှိရှိ အသုံးချတတ်စေချင်တယ်။
တဆက်တည်း နောက်ဇာတ်လမ်းတစ်ပုဒ် ထပ်ပြောပြဦးမယ်။ တရက်ကန်ဒီ့ Facebook Message box ထဲကို စာတစ်စောင်ဝင်လာတာနဲ့ ဖတ်လိုက်တော့ ကန်ဒီ့ Friend list ထဲက လူတစ်ယောက်က သူစင်္ကာပူမှာအလုပ်လုပ်ချင်လို့ အေးဂျင့်ဈေးဘယ်လောက်လောက်ရှိလဲ သိချင်ပါတယ်တဲ့။ ကူညီပါ ဘာညာပြောပြီး ကိစ္စရှိရင် Viber နဲ့ မေးလို့ရအောင် ကန်ဒီ့ဖုန်းနံပါတ်တောင်းတော့ ကိုယ်ကလည်း အကူအညီလိုနေတဲ့သူပဲဆိုပြီး ပေးလိုက်မိတယ်။ ကန်ဒီလည်း အေးဂျင့်နဲ့တစ်ခါမှ မလုပ်ဖူးတော့ သူငယ်ချင်းတစ်ယောက်ကို မေးပေးမယ်လို့စာပြန်ပြီး မေးပေးတာပေါ့။ မေးပေးပြီး သူ့ကိုပြန်ပြောတော့... "နောက်တာပါ။ သူ့မှာ အလုပ်ရှိပြီးသားပါ"တဲ့။ ဘယ်လောက်အမြင်ကတ်ဖို့ ကောင်းလဲ အဲ့ဒါသာကြည့်။ ပြီးတော့ Viber ကနေ ပို့လာတဲ့ Message တွေကိုလည်း ကြည့်ဦး။ တော်တော်စိတ်ပျက်ဖို့ကောင်းတယ်။ အဲ့လိုလူကို အကူအညီလိုသလိုလိုနဲ့ အယုံသွင်းတတ်တဲ့လူတွေလည်း ရှိသေးတယ်ဆိုတာ ကန်ဒီ့အဖြစ်အပျက်ကိုကြည့်ပြီး သင်ခန်းစာယူနော်...
Have a Nice Sunday ^_^

16 comments:
ကန်ဒီလေး..
ဟုတ်ပါ့..စိတ်ပျက်စရာ။
အိုင်အိုရာ
အွန်လိုင်းဇာတ်ရှုပ်တွေကလဲ ရိုးမရိုးနိုင်တာနော်...
ကိုယ့်အသိတရား
ကိုယ့်သတိတရားလေးနဲ့ နေဟဲ့ ။
အွန်းလိုင်းဆိုတာကြီးကတော့
လူတွေကို အကျိုးပြုနေတာပါ
လူတွေကသာ လိုက်ပြီးဖျက်ဆီးနေကြတာ
။
အင်း..ဘယ်လို ပြောရမလဲပေါ့နော်..
ဒီလို အွန်လိုင်းဇာတ်လမ်းလေးတွေ ဖြစ်တတ်တယ်ပေါ့နော်..ဒီလိုပဲပေါ့နော်..
ညစ်ရတယ်..
-m
^-^အေးကွာ..အေးကွာ..သီချင်းပဲနားထောင်လိုက်တယ်
viber မှာ အခု block လုပ်လို့ရတဲ့ function ပါလာတော့ တော်တော်စိတ်ရှုပ်သက်သာသွားတယ်။ အကုန် ဘလော့ပစ် :)
ညီမပုံပြင်ထဲကဆရာကြီးက မဟတ္တမ ဂန္ဒီကြီးအကြောင်းကိုပဲ ပြန်ပြောတာလားမသိဘူး။ အမက အဲ့ဒီအကြောင်းအရာလေးကို ဆရာကြီးနေရာမှာ ဂန္ဒီကြီးအဖြစ်နဲ့ကြားဖူးတယ်။
အစ်မ ပြောပြတော့ ညီမတောင် ကြောက်လာပြီ ။လူတွေ ရိုးရိုးသားသားလေးနေရင်ကောင်းမှာပဲနော် ! အခုလို အသိပေးတာ ကျေးဇူးတင်ပါတယ်အစ်မ ^_^ အစ်မ candy အရာရာ အဆင်ပြေပါစေ
အစ်မ ရဲ့ Facebook acc ကဘာလဲဟင် ညီမအပ်ထားတာ ခိုင်ခိုင်ပေါက်စတဲ့ ။အဲ့ဒါအစ်မရဲ့ ညီမလေးလား
ဟုတ်ဘူး ညီမTwinkle... ခိုင်ခိုင်ပေါက်စဆိုတာ ဖေ့ဘွတ်မှာ အစ်မနဲ့နာမည်တူတာ... အစ်မ Facebook Account ကလည်း Candy Khine ပဲ... ကာတွန်းပုံ Profile လေးနဲ့ :)
viber ကနေ msg ပို့တဲ့လူကို အမြင်ကတ်လိုက်တာ -_-
facebookကိုတလွဲသုံးနေကျတာတော့ ကိုယ့်ပတ်ဝန်းကျင်မှာပဲမြင်နေရတော့ စိတ်ပျက်မိတယ်။
အမှန်သူတို့အသက်အရွယ်နဲ့ ပညာလဲတတ်၊အလုပ်အကိုင်တစ်ခုအတည်တကျရှိနေရက်နဲ့.facebook တို့လိုအကောင့်တွေနဲ့..ကျုတာကို စတိုင်တစ်ခုလိုလုပ်တတ်တဲ့သူတွေလဲအခုတလောမြင်နေရတာများလာတယ်..
လေပါတယ်..:D
ကိုယ့်အတွေးနဲ့ကိုယ်ပေါ့လေ.
အမကခုတလောအေးလာတော့ခဏခဏအအေးမိနေလို့ cevitသောက်ဖြစ်နေတယ်..ကောင်းလားမသိဘူးနော်..
ပုံထဲက ကောင်မလေးက ကန်ဒီနဲ့ တော်တော်ကို တူတယ်နော် ကန်ဒီစာဖတ်ပြီးမှ ကန်ဒီမဟုတ်တာ သေချာသွားတယ်...
မမရေ.. အဲ့လိုပဲ....
ဖတ်ရင်းနဲ့ မျက်လုံးတောင် ပြူးသွားတယ်...။ ဗိုက်ဗာက မက်ဆေ့ပို့တဲ့သူကို ဘလော့လို့ရတယ်ဆိုလို့ (အပေါ်က အနောနိမက်ပြောထားလို့) လိုက်ရှာတာ မတွေ့ဘူးနော်.။ ဘယ်လို ဘလော့ရမတုန်း.။ ကျွန်တော့်မလဲ.. ဘယ်ကမှန်းမသိတဲ့ ကန်မလေးတွေ လာလာ အီကြလို့ :3
ဖြစ်ရလေ နမိုးရယ်... ကောင်မလေးတွေကတောင် သူ့လာအီတယ်ဆိုပဲ ခိခိ xD
စာရေးကောင်းတာတင်မဟုတ်ဘူး ၊ ပုံပြောတာလဲ ကောင်းတယ် ညီမ။ ပုံက ကန်ဒီလေးနဲ့တော်တော်တူတာနော်။ ကီဝီသီးစားပေး ၊ အခွံစားနိုင်ရင် ပိုကောင်းတယ်လို့ပြောကြတယ်။ သူ့မှာပါတဲ့ အမွှေးလေးတွေကို ပြောင်အောင်ခြစ် ၊ ရေနဲ့သေချာဆေးပြီး စားပါ။ သူ့အခွံမှာ ဖိုင်ဘာဓတ်အပြည့်ပါတယ်လို့ပြောတာဘဲ။ အခွံနဲ့က စားရတာ နဲနဲတော့ခက်တယ်။ အဝါသီးစားရင်တော့ အခွံနဲ့မစားနဲ့ ၊ နှမြောလို့။ :D
Post a Comment