Sunday, November 10, 2013

The Funniest Photo ever

Hello...
အမှန်အတိုင်းပြောရရင် စာရေးရမှာ အားလည်းနာတယ်။ Beauty post တွေ မရေးဖြစ်တာ ကြာလှပြီ။ Diary post နဲ့တင် ပြီးနေတယ်။ ကန်ဒီသိသလောက်တော့ ကန်ဒီဆီလာလည်တဲ့လူတော်တော်များများက Beauty post တွေ ကြိုက်ကြတယ်။ ခုလောလောဆယ်တော့ အဲ့ဘက်မလှည့်နိုင်သေးလို့ ဆောရီးး(-.-')။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က တရားပွဲမှာသွားကူဖြစ်တယ်။ တရားလည်း နာရင်းပေါ့။ တရားပွဲအဆုံးမှာ အမြဲလုပ်လေ့ရှိတဲ့ အမေးအဖြေအစီအစဉ်လေးကို သဘောကျတယ်။

ကထိန်သင်္ကန်းအလှူငွေတွေ ကောက်ပေးနေတာ...

ကန်ဒီရုပ်ရှင်မကြည့်ဖြစ်တာ ကြာာာာလှပြီ။ မနေ့ကတော့ စိတ်ပြေလက်ပျောက် ရုပ်ရှင်သွားကြည့်တယ်။ ထောင်ဖောက်တဲ့ကား "Escape Plan" ဆိုတာ... ကောင်းတယ်။ ကန်ဒီကြည့်ချင်တဲ့ကားတွေ ဒီလကုန်လောက်ဆို ရုံတင်ပြီ။ "The Hobbit" ဒုတိယပိုင်းလည်း တင်မယ်။ နောက် "Frozen" ဆိုတဲ့ Disney Animation ကားလေးလည်း တင်မယ်(^_^)။ ဒီရက်ပိုင်း ကန်ဒီအစားတွေ အရမ်းစားနေတယ်။ စိတ်ဖိစီးမှုများရင် စားတယ်ဆိုတာ တကယ်မှန်တယ် ထင်တယ် (O_o)။ အရင်ကမစားတဲ့ သရေစာအချိုမုန့်တွေလည်း စားတယ်။ ကော်ဖီတွေ အအေးတွေလည်း အရင်ကထက် ပိုသောက်တယ်။ ဟီးး... ပြောရမယ်ဆို အစားနဲ့ပါးစပ်နဲ့ မပြတ်ဘူးဖြစ်နေတယ်။ အဲ့ဒါကိုယ့်ကိုကိုယ်သဘောမကျလွန်းလို့ မနေ့ကအသီးအနှံနဲ့ အရွက်တွေချည်း ၀ယ်လာတယ်။ ညစာကို Salad စားတယ်။


အပြင်စာချည်းစားနေရတာ စိတ်ပျက်လာလို့ တခါတလေအားတဲ့နေ့မျိုးဆို ထမင်း၊ဟင်းချက်ပြီး ထမင်းဗူးလေးထည့်သွားလို့ရအောင် Lunch box လေး ၀ယ်ထားတယ်။ အဲ့ဒါဝယ်တဲ့အချိန်ကစလို့ခုထိ တစ်ခါပဲထည့်ရသေးတယ် ဟဟဟ... ဟင်းချက်ဖို့မှ အချိန်မရှိတာကိုးးး(>.<)။ ဘာပဲဖြစ်ဖြစ် အဲ့ဒါလေးရှိနေတော့ ထမင်းဗူးထည့်လို့ရတယ်ဆိုပြီး တစ်ရက်တစ်လေဖြစ်ဖြစ် ဟင်းချက်ဖြစ်တာကိုပဲ ကျေးဇူးတင်ရမယ်(:P)။ ငယ်ငယ်ကကျောင်းသွားခါနီးဆို လွယ်အိတ်လေးလွယ်ပြီး ကျောင်းကားလာရင် ထမင်းဗူးထည့်ထားတဲ့ခြင်းလေး ကောက်ဆွဲသွားရုံပဲ။ အဒေါ်တွေက အကုန်အဆင်သင့်လုပ်ပေးထားတာကိုး။ ခုဒီမှာတော့ ထမင်းဗူးထည့်မယ့်နေ့ဆို (၁၅)မိနစ်လောက်က စောထရတယ်။ ပြီးရင် ဟင်းတွေနွေး၊ ဗူးထဲထည့် အကုန်ပြင်ဆင်ရတော့ အမြဲအဆင်သင့်လုပ်ပေးတတ်တဲ့ အဒေါ်တွေကို သတိရတယ်။


အဲ့ဒီ Lunch box လေးက VivoMart က... လက်ဆွဲတဲ့ဟာလေးကလည်း တစ်ခါလည်းပါတာ၊ Set လိုက်ပေါ့။ ထမင်းဗူးထည့်ဖို့ အိတ်သက်သက်ရှာနေစရာမလိုတော့ဘူး (^_^)။ ဟိုတရက်က "Humm... ကိုလေးနဲ့တောင် မတွေ့တာကြာပြီ" ဆိုပြီး ထူးထူးခြားခြား အတွေးထဲရောက်လာတယ်။ အဲ့နေ့မှာပဲ ကိုလေးက ကန်ဒီ့ဆီဖုန်းဆက်တယ်။ "အလုပ်အဆင်ပြေလား... ဆေးခန်းမှာဆိုတော့ ကျန်းမာရေးဂရုစိုက်... လိုအပ်ရင် Mask ၀တ်..." ဆိုပြီး သတိပေး၊ နောက် သူအားတဲ့အပတ်ကျရင် တစ်ခုခုသွားစားမယ်တဲ့။ လခရနေပြီဆိုတော့ အဲ့အခါကျရင် ကန်ဒီကျွေးပေါ့တဲ့။ ဒီစရောက်ကတည်းက အစ်ကိုတွေပဲ တစ်ခုမဟုတ်တစ်ခုကျွေးတယ်... ကန်ဒီတစ်ခါမှ မကျွေးဖူးသေးဘူး ဟီး(xD)။ စင်္ကာပူတစ်နိုင်ငံတည်းမှာ ရှိနေပြီး မတွေ့ဖြစ်ကြတာလည်း ဒီကထုံးစံပဲနော်။ အတူတူနေတဲ့ ကန်ဒီ့ညီမနဲ့တောင် အိပ်ခါနီးတစ်ချိန်လေးပဲ တွေ့တာဆိုတော့ အစ်ကိုတွေနဲ့ဆို တစ်နှစ်မှာဘယ်နှစ်ခါတွေ့လဲ လက်ချိုးရေလို့ရတယ်။ ကိုလေးက ကန်ဒီအလုပ်မရခင်တုန်းကလည်း မုန့်ဝယ်ဝယ်ကျွေးပြီး အမြဲအားပေးတယ်။ ပါးစပ်ကဘာမှမပြောဘဲ ဖုန်းဆက်ခေါ်ပြီး မုန့်ကျွေးတတ်တာ သူအားပေးတဲ့စတိုင်လ်ပဲ ဟဟဟ xD


ကန်ဒီပြောပြဖူးလားတော့ မသိဘူး။ ကန်ဒီ့မှာ ၀မ်းကွဲမောင်လေးတစ်ယောက်ရှိတယ်။ ၀မ်းကွဲဆိုပေမယ့် မောင်အရင်းလိုပါပဲ။ သူကအခုမှ (၁၆)နှစ်၊ ဆယ်တန်းအောင်ပြီး တက္ကသိုလ်စတက်မယ့်အရွယ်... ကန်ဒီသူ့ကိုဆုံးမတဲ့ပုံကို သူများတွေ့ရင် ရီမလားပဲ ဟီးးး(xD)။ ပုံမှန်ဆို ကန်ဒီ အဲ့လိုဘာမလုပ်နဲ့၊ ဘာလုပ်လို့ မပြောတတ်ဘူး။ ဆုံးမခဲတယ်။ ကိုယ့်မောင်ဆိုတော့ ဒီတစ်ခုတော့ မဖြစ်စေချင်ဘူး။ ကိုယ့်မောင်မှမဟုတ်ပါဘူး... လူငယ်တွေတိုင်းကို အဲ့ဆေးစွဲတာကြီးတော့ မဖြစ်စေချင်ဘူး။ ဆယ်ကျော်သက်အရွယ်ဆိုတာ သူ့တို့ကို ဘာလုပ်၊ ဘာမလုပ်နဲ့ သွားပြောလို့မရတဲ့အရွယ်တွေမလား?? ကန်ဒီသူ့ကို Request လုပ်တာ အဲ့တစ်ခုပဲ။ ဆေးမစွဲစေဖို့၊ ဆေးမချဖို့... အဲ့ဒါစမိရင် လူညွှန့်တုံးပြီလေ။ မိဘကို မိဘမှန်းမသိ၊ ကိုယ်ဘာပြောလို့ ပြောနေမှန်းမသိတဲ့ ဘ၀မျိုးတော့ မရောက်စေချင်ဘူး။

ကန်ဒီ့မိသားစုအကြောင်းချည်းပြောနေလို့ ဖတ်တဲ့လူတွေ စိတ်ညစ်နေပြီလားတော့ မသိ။ ဒီနောက်ပိုင်း ကန်ဒီကိုယ့်မိသားစုကိုပဲ ပိုခင်တွယ်လာတယ်။ ဒါအသက်က စကားပြောလာတာလား... ဒါမှမဟုတ် တခြားခင်တွယ်စရာမရှိလို့လား ဟဟဟ(xD)။ နှစ်ခုစလုံး ဖြစ်နိုင်ပါတယ်။ ကန်ဒီ့ကို (၂၅)နှစ်ဆို အလုပ်ကလူတွေအပါအ၀င် တော်တော်များများက မယုံကြဘူး။ ကိုယ့်ဟာကိုယ်တော့ ကန်ဒီ့အသက်နဲ့ ကန်ဒီ့ရုပ်နဲ့ ကိုက်တယ်ထင်တာပဲ။ Forever 25 ပဲ ဖြစ်ချင်တယ်... ဟဟဟ :P :P

Snapshot...

ပြီးခဲ့တဲ့အပတ်က ဓာတ်ပုံသွားရိုက်ထားတဲ့ ပုံတွေရပြီ။ ဒီတစ်ခေါက် ရိုက်ပေးတဲ့အစ်ကိုက ကန်ဒီနဲ့အရမ်းခင်တယ်။ Volunteer အဖွဲ့မှာ သိတဲ့အစ်ကိုပေါ့။ သူအကူအညီတောင်းထားတာ ကြာလှပြီ။ ကန်ဒီကလည်း စနေဆို အလုပ်ကပြန်လာပြီး သွားမရိုက်ချင်တာနဲ့ ကြာသွားတာ။ သူက တရားပွဲဓာတ်ပုံတွေနဲ့ ပန်းတွေရိုက်တာများတယ်။ Model တစ်ခါမှ မရိုက်ဖူးဘူး။ ကန်ဒီ့ကိုသာ အရမ်းခင်လို့ အကူအညီတောင်းတာ ထင်တယ်။



ကန်ဒီနဲ့ အရင်ကရိုက်ဖူးတဲ့ ဓာတ်ပုံဆရာတွေအားလုံး ဘယ်သူမှမရီခိုင်းဘူး။ ဒီအစ်ကိုကတော့ ထူးထူးခြားခြား ရီခိုင်းတယ်။ လူတစ်ကိုယ် အကြိုက်တစ်မျိုးပေါ့နော်။ Fashion ကို အဓိကထားရိုက်မယ်ဆိုရင်တော့ မရီတာမှန်တယ်။ ကန်ဒီငယ်ငယ်က Fashion Show တွေကြည့်ရင် ဘာလို့မျက်နှာကြီးတွေ တည်နေကြတာလဲဆိုပြီး အမြဲစဉ်းစားတယ်။ ခုနောက်ပိုင်းမှ သိလာရတာက အဲ့လိုမျိုး Fashion ကို အသားပေးပြနေတဲ့အချိန်မှာ မျက်နှာကရီတာတို့၊ ပြုံးတာတို့လုပ်လိုက်ရင် ကြည့်နေတဲ့လူတွေရဲ့အာရုံက မျက်နှာကိုပိုရောက်သွားတယ်။ ၀တ်ထားတဲ့အရာပေါ်မှာ မရှိတော့ဘူး။ အဲ့ဒါကြောင့် မရီ၊ မပြုံးရတာ...

O_o ????

ဒီပုံကတော့ ဓာတ်ပုံဆရာအကြိုက်။ သူဘာကိုကြိုက်လဲတော့ ကန်ဒီလည်း မသိဘူး... ကန်ဒီ့မျက်လုံးထဲမှာတော့ တော်တော်ဆိုးတယ် ဟဟဟ(xD)။ မသိရင် ရန်ဖြစ်တာကြနေတာပဲ... သူခါးထောက်ခိုင်းလို့သာ နှစ်ဖက်လုံး ခါးထောက်လိုက်ရတယ် ကိုယ့်ဟာကိုယ် ဘာ Pose ဖြစ်နေမှန်း စဉ်းစားလို့ကို မရတာ။ ခန္ဓာကိုယ်ကလည်း ရထားသံလမ်းကြနေတာပဲ၊ မျဉ်းပြိုင်နှစ်ကြောင်းဆွဲရင်တောင် အဲ့လောက်ညီမှာမဟုတ်ဘူး။ ကန်ဒီနဲ့မြန်မာဝတ်စုံနဲ့ မလိုက်ဘူးဆိုတာ အဲ့ဒါပဲကြည့်။ ကန်ဒီ့မှာ မြန်မာဝတ်စုံနဲ့လိုက်တဲ့ ခန္ဓာကိုယ်မရှိဘူး (>.<)။ ဒါပေမယ့် မြန်မာဝတ်စုံဝတ်ရတာတော့ အရမ်းကြိုက်တယ်။ ၀တ်မယ်ဆိုလည်း ၀တ်စုံပြည့် အပေါ်အောက်လိုက်ဖက်တာမျိုးပဲ ၀တ်ချင်တယ်။ ထမီနဲ့ အပေါ်ကတီရှပ်ကြီးနဲ့ဝတ်တာမျိုး လုံးဝ(လုံးဝ)မကြိုက်ဘူး။ Okie... ဒီအောက်ကပုံလေးတွေကတော့ အဲ့ဒီအစ်ကိုရိုက်တဲ့ထဲက ကန်ဒီအကြိုက်ဆုံးပုံလေးတွေ ^_^




အစ်မတစ်ယောက်က သူစိတ်ဓာတ်ကျနေတဲ့အချိန်မျိုးဆို ကန်ဒီ့ဘလော့ဂ်ဖတ်လိုက်ရင် အားရှိတယ်တဲ့။ အဲ့စကားကြားရတာ စိတ်အရမ်းချမ်းသာတာပဲ။ တစ်ချိန်တည်းမှာပဲ "ငါရေးတဲ့ထဲမှာ စိတ်အားတက်စရာရော ပါရဲ့လား" ဆိုပြီး ပြန်စဉ်းစားကြည့်မိတယ်။ အဖြေခုထိမရသေးဘူး... အဲ့လိုတော်တာ(>.<)။ ဘာပဲဖြစ်ဖြစ် အဲ့လိုဖတ်တဲ့သူကို တစ်ခုခုပေးတယ်ဆိုတာ ကြားရရုံနဲ့တင် ပျော်ပါတယ်(:D)။ ဒီနေ့ ကန်ဒီအရမ်းကြိုက်တဲ့၊ ကန်ဒီစိတ်ဓာတ်ကျတိုင်း နားထောင်လေ့ရှိတဲ့ သီချင်းလေးတစ်ပုဒ် ရှယ်မယ် ^_^


Have a Nice Day^^

8 comments:

မြတ်ကြည် said...

first to comment :D still looks good on mm dress. got to know that eating more than before, so am i. :D

Anonymous said...

ပထမဆုံး snap shot ပုံလေးကြိုက်တယ်

Anonymous said...

ဘာပို့ စ်ပဲဖြစ်ဖြစ်အမြဲဖတ်ပါတယ်။
ထမင်းဘူးကိစ္စကဟုတ်တယ်။ တော်တော်အချိန်ပေးရတယ်။ ဒီမှာဆိုဘိုစာမစားနိုင်တော့ပိုဆိုးတယ်။ အမြဲယူသွားတယ်။
မြန်အောင်လို့ စနေတနင်္ဂနွေမှာ အသားနှစ်မျိုးလောက်ချက်ထားတယ်။ ပြုတ်ကြော်ဆိုပိုတောင်အဆင်ပြေသေးတယ်။
တခုခုထောင်းထားတယ်။
သခွားသီး ခါဂျက်ဥ အစိမ်းစားလို့ ရတာဆောင်ထားတယ်။ ပိုးရှင်းမျှအောင်လို့ ။
စိတ်ပါရင်အချိန်ရရင်ဟင်းရွက်တခုခုကြော်သွားသုတ်သွားတယ်။ စပရင်းမစ်စ် (ကန်ဒီစားတာမျိုး) လည်းဆောင်ထားလိုက်တယ်။ ဘာသားဖြစ်ဖြစ်တွဲစားလို့ ရအောင်။
သုတ်တာကသုတ်ဖို့ အရာတွေအဆင်သင့်ဘူးတွေနဲ့ ထဲ့ထားရင်ကောက်ထဲ့လိုက်ရုံဘဲ။(တလတခါနှစ်လတခါလောက်တော့လုပ်ထားရတယ်။) ပြီးတော့လက်အိတ်နဲ့ ကောက်နယ်ပြီး ထဲ့လိုက်တော့ဆီတို့ ငံပြာရည်တို့ ပေတဲ့လက်ကိုဆေးချိန်သက်သာတာပေါ့။
အပြင်စာကိုတာရှည်တော့တကယ်မစားနိုင်ဘူး။
မိသားစုနဲ့ ဝေးနေတော့မိသားစုတန်ဖိုးပိုသိတော့ပိုခင်တွယ်လာတာပေါ့ခလေးရယ်။
ဓါတ်ပုံလေးတွေသေချာသိမ်းထားသိလား။ လှတယ်။
အိုင်အိုရာ


Anonymous said...

အမ ကတော့ ကန်ဒီ့ဘလော့လေး လာဖတ်ရင် စာရေးထားတာလေးတွေလည်းကြိုက်တယ်။
Beauty post လေးတွေလည်း ကြိုက်တယ်။
ဓါတ်ပုံလှလှလေးတွေ ကြည့်ရတာလည်း ပျော်တယ်။ ကိုယ်တွေက အသက်တွေကြီးလာတော့ ကိုယ့်ထက်ပိုငယ် ပိုလှတဲ့ ညီမလေးတွေ ပုံကြည့်ရတာ စိတ်ချမ်းသာတယ်လေ :D

Anonymous said...

Sis! u look alwz happy:) used to visit ur blog yet never leave message!

Candy said...

Thank you so much!!! :D

ကူးကူးလှိုင် said...

ကန်ဒီပုံလေးတွေ အကုန်လှတယ် မျက်လုံးလေးတွေ ကြည်နေတာပဲ...

မိုးသက် said...

ဗျူးတီးပို့စ်တွေရေးရင် ကွန်မန့် ဘယ်လိုပေးရမလဲလို့ တော်တော် စဉ်းစားရတယ်.။