Sunday, December 1, 2013

Hello December

ပထမဦးဆုံးအနေနဲ့ အားလုံးကို ကျေးဇူးတင်ကြောင်း ပြောချင်တယ်။ ဘာလို့လဲဆိုတော့ ကန်ဒီကြားရက်တွေ စာမရေးဖြစ်လောက်ဘူးဆိုတာ သိသိရက်နဲ့ကို ပုံမှန်လာလည်နေကြတဲ့လူတွေ ရှိလို့လေ(^_^)။ ကန်ဒီညဘက်ကွန်ပျူတာ စ,ဖွင့်တာနဲ့ ပထမဆုံးကြည့်ဖြစ်တာ အဲ့ဒီ Blog counter... ဒါလည်း ရောဂါတစ်မျိုးပဲ ဟဟ xD

အမေက ပြီးခဲ့တဲ့ပိုစ့်ကို ဖတ်မိလို့လား မသိဘူး... သူ့သမီးကို အိမ်ထောင်ဘက်ကောင်းကောင်းနဲ့ မတွေ့မှာ စိတ်ပူသွားပုံရတယ် (ကန်ဒီရေးသမျှ ဒိုင်ခံဖတ်တဲ့ထဲမှာ အမေလည်းပါတာကိုး)။ အိမ်ထောင်ဘက်ကို သေချာစဉ်းစားရွေးချယ်ဖို့ စာပို့လာတယ်။ ဟီးး... လောလောဆယ် အဲ့ကိစ္စအတွက် ခေါင်းထဲမှာ ဘာမှမရှိသေးတာ သေချာတယ်... No worry Mom :)


မနေ့က Bugis Junction, Food Court မှာ နေ့လည်စာစားရင်း အောက်ကိုမြင်ရတဲ့ မြင်ကွင်းကို ရိုက်ထားတာ။ Giordano နဲ့ Bossini တွေ့တော့ ရန်ကုန်ကို သတိရတယ်။ ကန်ဒီ ဒီမလာခင်အချိန်တုန်းက ရန်ကုန်ကလူ တော်တော်များများ Giordano ၀တ်ကြတာကိုး။ Bossini ဆို ဈေးကြီးလို့ အနားမကပ်နိုင်ကြဘူး။ စင်္ကာပူမှာကျ အဲ့ Brand တွေက ဈေးအရမ်းသက်သာတဲ့အပြင် လူကြိုက်လည်းနည်းကြတယ်။ Discount ဆိုလည်း တစ်ချိန်လုံးချတယ်။ Bossini က ရန်ကုန်မှာ ဘာလို့ဈေးအရမ်းကြီးလည်း မသိဘူးနော်။ အဲ... ကန်ဒီက Outdated ဖြစ်နေပြီး ခုနေ ရန်ကုန်မှာ ဘယ် Brand တွေ ခေတ်စားနေလဲ မသိဘဲ ပြောနေမိတယ် ဟဟဟ xD 


ကြာသပတေးနေ့က အလုပ်ကလူတွေနဲ့ JCube က "Nando" မှာ ညစာစားတယ်။ တကယ်တော့ ကန်ဒီတို့ဆီမှာ Internship လာဆင်းနေတဲ့ ကျောင်းသူလေးတစ်ယောက်ကို နှုတ်ဆက်တဲ့ပွဲပါ။ ဒီမှာဆို Polytechnic Diploma လည်း Internship ဆင်းရတယ်။ ရန်ကုန်ကကျောင်းတွေလည်း အဲ့လိုအလေ့အထလေးရှိရင် ကောင်းမယ်။ အဲ့လိုဆို တကယ်ကျောင်းပြီးလို့ လုပ်ငန်းခွင်ဝယ်မယ်ဆို အရမ်းအဆင်ပြေမှာ။

အလုပ်ဆိုလို့... ဒီအပတ် ကန်ဒီတကယ်လန့်သွားတာ တစ်ခုရှိတယ်။ အဖြစ်က ဒီလို... ကန်ဒီတို့ ကောင်တာကနေ ဆေးပေးဖို့ Patient ကို မခေါ်ခင် သူ့ဆေးတွေကို Pack တဲ့လူက Pack ပေးထားတာ မှန်ရဲ့လား၊ ဆရာဝန်ပေးထားတဲ့ Dose ကရော သင့်လျော်လား၊ တွဲမသောက်သင့်တဲ့ ဆေးနှစ်မျိုးပါနေလား အားလုံးအရင်စစ်ရတယ်လေ။ အဲ့ဒါ ကန်ဒီစစ်နေတာပေါ့... အဲ့ဒီလူနာကို ဆရာဝန်ပေးထားတဲ့ ဆီးချိုဆေး Dose က 50mg, 224 tablets... ဆေးတစ်ဗူးမှာ (၁၀)ကဒ်၊ အလုံး(၁၀၀)ပါတော့ Pack လုပ်တဲ့လူက ဗူးနှစ်ဗူးနဲ့ ဆေး(၂၄)လုံး Pack ပေးလိုက်တယ်။ ကန်ဒီပထမစစ်လိုက်တဲ့အချိန်မှာ အပြင်မှာမြင်နေတဲ့ ဆေး(၂၄)လုံးက 50mg ဆိုတော့ မှန်တယ်ပေါ့။ များသောအားဖြင့် ဆေးတစ်ခုကို Pack ဖို့ယူရင် Container တစ်ခုထဲကပဲ ယူရတာဆိုတော့ တစ်ခုမှန်ရင် ကျန်တာတွေလည်း မှန်တတ်တယ်လေ။ ဘာရယ်မဟုတ်ဘူး နောက်တစ်ကြိမ်ကြည့်လိုက်မိတော့မှ ဗူးနှစ်ဗူးက 100mg ဗူးတွေဖြစ်နေတယ်။ လူက တော်တော်လန့်သွားတယ်။ အဲ့ဒါသာ မမြင်လိုက်မိရင် သွားပြီလို့... လူနာက လိုတာထက်ပိုပြီး သောက်မိနေမှာ။ အခန့်မသင့်ရင် Overdose တွေ ဖြစ်ပြီး ဒုက္ခရောက်နိုင်တယ်။ Pack တဲ့လူက ဘယ်လိုဖြစ်လို့ Container နှစ်ခုက Strength တစ်မျိုးစီကို ယူလိုက်မိလဲ မသိဘူး။ ဘေးချင်းကပ်ရပ်မို့ မှားနှိုက်မိတာလည်း ဖြစ်နိုင်တယ်။ နောက်ဆို အများကြီးပိုပြီး ဂရုစိုက်စစ်ရမယ်။

Yayy... ကန်ဒီ့ Assignment နောက်ဆုံးအပိုင်း ဒီနေ့ပဲတင်ပြီးသွားပြီ။ တခြားလုပ်စရာတွေ၊ မေးထားတာတွေ အဖြေရှာရမှာတွေရှိသေးပေမယ့် Assignment ကြီးပြီးသွားတော့ အလုံးတစ်လုံးကျသွားတယ် (^_^)။ ဒီနေ့ကတော့ တနင်္ဂနွေနေ့ဆိုတော့ အိမ်မှာဖြစ်သလိုပဲ စားတယ်။ နေ့လည်စာ လက်ဖက်ထမင်းနဲ့ ရေနွေးကြမ်း။ သြော်... ရေနွေးကြမ်းဆိုလို့ ပြောပြစရာရှိတယ်။ ကန်ဒီသောက်သောက်နေတဲ့ ရေနွေးက ရိုးရိုးရေနွေးမဟုတ်ဘူး... "Raspberry Leaf Tea" ကန်ဒီက အဲ့ဒါကို ဆေးအနေနဲ့သောက်တာ။ အဲ့ဒါအကြောင်းကို Health ပိုစ့်အနေနဲ့ ရေးမယ် ရေးမယ်နဲ့လုပ်နေတာ တစ်လကျော်ကျော်လောက်ရှိပြီ။ မအားတာနဲ့ မရေးနိုင်ဘူး။


သေချာပိုစ့်တစ်ပုဒ်အနေနဲ့ မရေးနိုင်သေးခင် လောလောဆယ်အကြမ်းဖျင်းပြောရရင် Raspberry Leaf Tea က မိန်းကလေးတွေအတွက် အရမ်းသင့်တော်တယ်။ အထူးသဖြင့် ရာသီမမှန်တဲ့ မိန်းကလေးတွေ သောက်သင့်တယ်။ ကန်ဒီက အဲ့ကိစ္စအမြဲ ပြဿနာတက်တယ်။ တစ်ခါကဆို (၃)လနေတာတောင် မလာဘူး (ဒီကိစ္စဒီမှာပြောရတာ ရှက်တာ... ကျန်းမာရေးဗဟုသုတအနေနဲ့ ဖတ်ပေးပါ >.<)။ အဲ့ဒါနဲ့ ဆေးခန်းလည်းမပြချင်တော့ ကန်ဒီစာတွေလိုက်ဖတ်တယ်။ အဲ့ဒီမှာ အဲ့ဒါကို တွေ့တာပဲ။ ၀ယ်ရတာတော့ အရမ်းခက်တယ်။ နေရာတိုင်းမှာ မရှိဘူး။ ကန်ဒီက Online က ၀ယ်တာ။ အဲ့ဒါကို နေ့တိုင်းစ,သောက်ပြီး နှစ်ပတ်ကျော်ကျော်လောက်နေတော့ စ,လာတာပဲ။ ဒီနောက်ပိုင်း မှန်နေတော့ မသောက်ဖြစ်တာ ကြာပြီ။ တကယ်ဆို ပုံမှန်သောက်ပေးရမှာ။ အဲ့ကိစ္စပြဿနာတက်နေတဲ့ မိန်းကလေးတွေ Raspberry Leaf Tea ကို စမ်းသောက်ကြည့်နော်...

OMG!! ဒီဇင်ဘာတောင် ရောက်ပြီ။ စင်္ကာပူတစ်မြို့လုံးလည်း Christmas အပြင်အဆင်တွေနဲ့ လှနေပြီ။ Orchard ကို မရောက်သေးဘူး။ ပြီးခဲ့တဲ့နှစ် ဒီအချိန်တုန်းက အမေတို့လာလည်တယ်။ အချိန်တွေကလည်း ကုန်တာမြန်လိုက်တာ။ ဘာလိုလိုနဲ့ ၂၀၁၄ ရောက်တော့မယ် O_o

Facebook က သူငယ်ချင်းတစ်ယောက် ရှယ်ထားတာလေးကို သဘောကျလို့...

တခါတလေ ကန်ဒီမျက်လုံးမှိတ်ပြီး ကိုယ့်စိတ်နှလုံးကို ကိုယ်ပြန်ဆန်းစစ်ကြည့်တတ်တယ်။ ကန်ဒီလည်း လူထဲကလူမို့ ကန်ဒီ့စိတ်ထဲမှာ ဂျိုကောင်လေး ရှိတယ်။ သူက မနာလိုခြင်းတွေ၊ လိုချင်တပ်မက်ခြင်းတွေရှေ့က ဦးဆောင်တယ်။ ကန်ဒီမျက်လုံးမှိတ်ကြည့်လိုက်တဲ့အခါ သူ့ကိုမြင်တိုင်း ကြိုးစားတွန်းထုတ်ပစ်တယ်။ သူခဏထွက်သွားတဲ့အချိန်တိုင်း အေးချမ်းတယ်။ ကန်ဒီတို့အားလုံး ကိုယ့်စိတ်နှလုံးကို ကိုယ်ပြန်ဆန်းစစ်ကြည့်ဖို့ လိုတယ်။ ဖြူသောနှလုံးရှိသောသူသည်သာ ကြည်သောအပြုံးကို ပေးစွမ်းနိုင်မှာမဟုတ်လား...

Good Night everyone^^

17 comments:

မောင်သစ္စာ said...

အဒီဂျိုကောင်လေးကို လေးဂွနဲ့ထု..ဟဟဟ..။
ဝဲလ်ကမ်းဒီဇင်ဘာာာာာာာာာဆောင်းနှင်းပွင့်များနဲ့အတူ
အေးချမ်းပါစေ..ကမ္ဘာမြေ.....။။:D:D:D

Anonymous said...

ဂျိုကောင်လေးက
လူတိုင်းမှာရှိနေတာပါ။
သူ့ ကိုတော့နိုင်မှဖြစ်မယ်နော်။ မလွယ်ဘူး။း)
အိုင်အိုရာ

ဆုမြတ်မိုး said...

ကန်ဒီ၇ယ်..
ကော့မက်မေ၇းဖြစ်တာတောင်ကြာပြီ...
တီးကိစ္စမြန်မြန်ရေးပါဦးနော်.. ဘာဓာတ်တွေပါမပါပေါ့..
ဘ၀တူတွေမို့ ရှာသောက်မလို့..ခစ်ခစ်..။

ကျေူးဇူးတင်လျက်
ဆုမြတ်

ရွှေယွန်းဝါ said...

ချိုမြိန်သာယာသော ဒီဇင်ဘာဖြစ်ပါစေ ကန်ဒီလေး။
အဲဒီ လက်ဖက်ခြောက် စိတ်ဝင်စားတယ်။
ဒါပေမဲ့ ဆရာဝန်က လက်ဖက်နဲ့ပတ်သက်တာတွေ ပေးမသောက်ဘူး။ ကော်ဖီကောဘဲ။
သောက်လို့ရမရမသိပေမဲ့ စိတ်ဝင်စားတာတော့ အမှန်။ အဲဒီ ပြသာနာဖြစ်နေတာ နဲနဲကြာပြီ။

Ma Tint said...

ဘာပြောပြော ပို့စ်လေးရေးတင်ပြီး စာဖတ်သူတို့အတွက် မျှဝေဖြစ်တဲ့ ဒီအချိန်လေး အကောင်အထည်ဖော်ခွင့်ရတာ ကျေနပ်စရာပေါ့နော်။
ပျော်ရွှင်ဖွယ် ဒီဇင်ဘာဖြစ်ပါစေ သကြားလုံးလေးရေ..

မေတ္တာဖြင့်
တီတင့်

Anonymous said...


အဲဒီလက်ဖက်ခြောက်ကို စိတ်ဝင်စားသွားပါပြီ ဆက်ဖော်ပြပေးပါအုံး မကန်ဒီ

ကူးကူးလှိုင် said...

ကန်ဒီအလုပ်အကြောင်းလေးတွေ များများရေးပေးနော် ဖတ်ရတာ အရမ်းစိတ်ဝင်စားတယ် ကန်ဒီ အဲလို အလုပ်လေးနဲ့ အသားကျနေတာကို တွေ့ရလို့ ၀မ်းသာတယ်သိလား...

Candy said...

ကျေးဇူး မမကူးကူး... ပိုစ့်တိုင်း ကွန်မန့်ပေးလို့ အားရှိတယ် ရေးရတာ ဟီးး :D

BabyAngle said...

ကန်ဒီလေးရေ..လက်ဖက်ခြောက်ကို အရမ်းစိတ်ဝင်စားပါတယ်.. စလုံးမှာ ၀ယ်လို့ရမဲ့နေရာလေး၊ ဒါမှမဟုတ် ကန်ဒီလေးဝယ်တဲ့ online နဲ့၊ သောက်နည်းလေး ပြောပေးပါနော်.. ကျေးဇူးနော် ညီမလေး :)

Candy said...

ဟုတ်... ညီမ၀ယ်တာ ဒီဆိုဒ်ကပါ http://www.naturaworks.com/Shop/products/Organic-Raspberry-Leaf.html

အဲ့ဒီဆိုဒ်လေးက Organic ပစ္စည်းတွေပဲရောင်းတဲ့ Online Shopping Website လေးပေါ့။ စင်္ကာပူကပဲဆိုတော့ ငွေလွှဲရတာ အဆင်ပြေတယ်။ မှာပြီးရင်လည်း ပို့တာအရမ်းမြန်တယ်။ သောက်နည်းကတော့ ဆေးအဖြစ်သောက်မယ်ဆို တနေ့နှစ်ခွက်လောက်တော့ သောက်ရတယ်။ သူ့ဗူးလေးမှာလည်း အညွှန်းပါပါတယ် ^_^

ဆုမြတ်မိုး said...

ကန်ဒီပိုစ့်တင်တဲ့နေ့မှာပဲ reply မစောင့်နိုင်လို့ iherb ကနေ လေးဘူးဝယ်လိုက်တယ်..ခိခိ..စိတ်မြန်ချက်..။ အဲမှာနည်းနည်းပိုတန်တယ်သိလား ။ စောင့်တော့ နည်းနည်းစောင့်ရတယ် shipping 4$ အပါအ၀င် လေးဘူးလုံးကို $22.33 ကျတယ် ကန်ဒီ.. ဒီနေ့ပဲရတာ... ၈ ရက်စောင့်လိုက်ရတယ်..။ အကောင်အထည်ဖော်တော့မလို့ပဲ အဲဒီဒုက္ခက တော်တော်ဆိုးတာ ။ နည်းပေးတဲ့ ကန်ဒီ့ကိုကျေးဇူးအရမ်းတင်တယ်သိလား

BabyAngle said...

ကန်ဒီလေးရေ ကျေးဇူးပဲနော်...

Anonymous said...

ပြောပြပေးတဲ့ ညီမလေး ကန်ဒီ ကိုကျေးဇူးတင်ပါတယ် အမမှာလည်း မမှန်တာနောက်ကျတာ ပြသနာဖြစ်နေလို့
အပေါ်ကမဆုမြတ်မိုးပြောထားတဲ့ http://www.iherb.com/Traditional-Medicinals-Herbal-Tea-Organic-Raspberry-Leaf-Caffeine-Free-16-Wrapped-Tea-Bags-85-oz-24-g/6797 မှာတော့ ၄ဘူးကို ပို့ခအပါ စလုံး၂၈ကျပ် လောက်ကျတယ်
မဆုမြတ်မိုးကိုလည်းကျေးဇူးပါလို့

Anonymous said...

You can take Aye Ka Bar Na Nwin Lone (Tumeric) everyday for irregular menstruation. It works for me. You can buy in Pennisula plaza.

Candy said...

Oh... Thanks for your info sis ^_^

BabyAngle said...

ကန်ဒီလေးရေ... "မ" raspberry leaf tea ကို inherb ကနေ ၀ယ်လိုက်တာ ၁၂ ဗူးကို shipping အပါအ၀င် စလုံး ၅၈ ကျပ်ကျတယ် ညီမလေး... ၂၀ ရက်နေ့က ၀ယ်လိုက်တာ ဒီနေ့ မနက်စောစောလာပို့တယ်... သောက်လို့ အဆင်ပြေရင် လာပြောအုံးမယ်နော်...

Candy said...

Woww... ၁၂ ဗူးတောင်... အများကြီးပဲ ဟီးးး ဟုတ် သောက်လို့အဆင်ပြေရင် လာပြောပြပါဦး... ညီမလည်း ၀မ်းသာရအောင် :D