Sunday, January 19, 2014

Dream ♥ came true?!

Good Morning...
မင်္ဂလာနံနက်ခင်းပါ (အကြာကြီး အိပ်ရလို့ :P)။ စနေညနဲ့ တနင်္ဂနွေမနက်က ကန်ဒီအကြိုက်ဆုံးအချိန်တွေပေါ့။ စနေညတွေဆို ဘယ်မှမသွားဖြစ်ရင် ပုံထိုင်ဆွဲဖြစ်တယ်။ တကယ်တမ်းဆို ပန်းချီဆွဲတာနဲ့ပက်သက်လို့ ကန်ဒီ့မှာ ပါရမီမပါဘူး။ ၀ါသနာပါတာ တစ်ခုပဲရှိတယ်... စိတ်နှစ်ပြီး ပုံဆွဲနေရတဲ့ အရသာကို ကြိုက်တယ်...

ဆွဲလက်စ...

Petals Failed...

အရင်ကကန်ဒီတို့နဲ့တူတူနေသွားတဲ့အန်တီ သူ့ PR ကို Cancel လုပ်ဖို့ စင်္ကာပူခဏပြန်လာတယ်လေ။ သူဟင်းချက်ဖို့ဂျင်းလိုတာနဲ့ ကန်ဒီတို့ကြက်သွန်တွေ၊ ဂျင်းတွေထည့်တဲ့ခြင်းတောင်းလေးကို ကြည့်တော့ ဂျင်းကအထုပ်ကလေးထဲမှာပဲ အတက်တွေထွက်နေပြီ... ဟဟဟ ဘယ်လောက်တောင် ဟင်းမချက်လဲဆို အဲ့ဒါသာကြည့်။ ကန်ဒီ နှစ်ကီလိုတက်လာတာလည်း အပြင်စာချည်းစားလို့ဖြစ်မယ်။ အရင်ကဆို အိမ်မှာဟင်းချက်စားတာ ၀ိတ်မတက်ပါဘူး။ အန်တီက "မနက်ထမင်းဗူးယူသွားမလား? သူစီစဉ်ပေးမယ်"လို့ မေးတော့... "ရတယ် ရတယ် အန်တီ၊ မယူပါဘူး တကူးတက မလုပ်ပေးပါနဲ့..." လို့ ဖြေလိုက်ပေမယ့် စိတ်ထဲကတော့ လိုချင်သား ဟဟဟ(xD)။ အမေဆိုရင်တော့ ငြင်းဖြစ်မှာ မဟုတ်ဘူး...


အန်တီယူလာပြီး ပြုတ်ကျွေးတဲ့ ပဲမြစ်... မစားရ၊ မမြင်ရတာ တော်တော်ကြာပြီ။ အမေပြုတ်ကျွေးတာနဲ့တော့ မတူဘူး။ အမေက ထန်းလျက်ထည့်ပြုတ်တယ် ထင်တယ်... ပဲမြစ်က ပိုချိုပြီး အညိုရောင်လေးသန်းတယ်။ နောက် စားရလွယ်အောင် အမေက ကျည်ပွေ့နဲ့ထုလိုက်သေးတယ်။ ပြောရင်း သရေတောင်ကျလာပြီ ရှလွတ် :P

အိမ်ကိုလာလည်တဲ့ အန်တီ့သူငယ်ချင်း အန်တီတစ်ယောက်နဲ့ သူ့သားက စကားပြောအရမ်းကောင်းတာပဲ။ သူတို့နဲ့စကားပြောတာ တစ်ချိန်လုံးရီနေရတယ်။ ကန်ဒီ့လို ဘာသိဘာသာနေတတ်တဲ့လူမျိုးကိုတောင် ရီအောင်ပြောနိုင်တယ်ဆိုတာ နည်းတဲ့ပါရမီမှမဟုတ်တာ... ဟဟ(xD)။ ကန်ဒီ့အခန်းထဲမှာချိတ်ထားတဲ့ ပုံလေးတွေကို ကြည့်ပြီး "သမီးက ပုံဆွဲတယ်လား... အန်တီ့ပုံလည်း ဆွဲပေးလေ၊ အန်တီ့ပုံဆွဲရင်တော့ ၀လုံးလေး လေးလုံးဆွဲရင် ပြီးပြီ၊ ခေါင်းတစ်လုံး၊ မျက်လုံးနှစ်လုံးနဲ့ ဗိုက်တစ်လုံး၊  အရမ်းလွယ်တယ်"တဲ့... ဟဟဟဟ သူပြောတာနားထောင်ပြီး ရီလိုက်ရတာ(xD)။ ကန်ဒီ့ဟမ်းစတားလေးတွေကို ကြည့်ပြီး အန်တီက "ကိုက်တတ်လား??"လို့ မေးတော့... သူ့သားက ကြားထဲကနေ၀င်ပြီး "အမေသိချင်ရင် လက်ထည့်ကြည့်လေ"တဲ့ (xD xD)။ သူတို့နဲ့စကားပြောတာ တချိန်လုံးပါးစပ်မပိတ်ရဘူး။ တပါးသူပျော်အောင် စကားပြောတတ်တာလည်း မွေးရာပါ ပါရမီထင်တယ်နော်။

လာမယ့်တရုတ်နှစ်ကူးမှာ ကန်ဒီတို့အလုပ်က သုံးရက်ပိတ်တယ်။ နောက်တစ်ကြိမ် အဲ့လိုသုံးရက်ပိတ်ဖို့ဆိုတာ မလွယ်တော့ဘူးဆိုတော့ တနေရာရာသွားမယ်ဆိုပြီး စဉ်းစားမိတယ်။ သုံးရက်ထဲနဲ့ ရန်ကုန်ပြန်ဖို့ကလည်း မဖြစ်။ နောက်ဆုံး အနီးဆုံးလည်းဖြစ်၊ အသိတွေလည်းရှိတဲ့ မလေးရှားပဲ သွားလည်မယ်လို့ ဆုံးဖြတ်ချက်ချပြီး လက်မှတ်တွေဝယ်၊ ဗီဇာတွေလျှောက် စ,လုပ်တော့တာပဲ။ ကန်ဒီလည်း တော်တော်ရီရတယ်။ အစက ဘာအစီအစဉ်မှ မရှိဘူး၊ ပြီးခဲ့တဲ့အပတ်ကမှ ဗြုန်းစားကြီး ခေါင်းထဲဝင်လာတယ်။ တရုတ်နှစ်ကူး သုံးရက်ကြီးများတောင် ဆိုင်တွေလည်းပိတ်နဲ့ ပျင်းခြောက်ခြောက် စင်္ကာပူမှာ ဘာကိစ္စနေရမှာလဲဆိုပြီး(xD)။ City Hall မှာ မလေးဗီဇာသွားအပ်တော့ အဲ့ဆိုင်က ဓာတ်ပုံလိုတာကို မေ့ပြီးမတောင်းဘူး။ နောက်နေ့မှ ဖုန်းဆက်ပြီး ဓာတ်ပုံတောင်းဖို့ မေ့သွားလို့ လာပေးပါဆိုတာနဲ့ နောက်တကြိမ်သွားပေးရတယ်။ စိတ်တိုလိုက်တာ... City Hall တစ်ခါတစ်ခါသွားဖို့ဆိုတာ လွယ်တာမဟုတ်ဘူး။ အထူးသဖြင့်အလုပ်ကအပြန်ဆို ပင်ပန်းလို့ အိမ်ပဲပြန်ချင်တယ်။ ဘယ်မှမသွားချင်ဘူး >.<


"This & That" က ၀ယ်လာတဲ့ ဘောပင်လေးတွေ... ချစ်စရာလေး။ ဟိုနေ့က Pet Shop ရောက်တော့တောင် ကန်ဒီလိုချင်တဲ့ ယုန်လေး တွေ့ခဲ့သေးတယ်။ ချစ်ဖို့ကောင်းလိုက်တာ... သူ့ကြည့်ရတာ အဆော့မက်မယ့်ပုံပဲ။ Humm.... ဒီမှာနေရတာ ကိုယ့်ဟာကိုယ်တောင်မပိုင်တာ... သူ့ကိုမွေးထားပြီး ကိုယ်ကပြန်ရရင် ဘယ်လိုလုပ်မလဲဆိုပြီး မမွေးဖြစ်ဘူး >.<

♥ 9:00PM
ခုနကပဲ Topayoh ဘုန်းကြီးကျောင်းက ပြန်ရောက်တယ်။  မေတ္တာရှင်ဖောင်ဒေးရှင်းက ညီမတစ်ယောက်က ကန်ဒီတို့ Facebook Group မှာ Topayoh ဘုန်းကြီးကျောင်းက ကလေးတွေကို မြန်မာစာသင်ပေးဖို့ ဆရာမလိုတယ် ဆိုပြီးကြေငြာထားတာနဲ့ ကန်ဒီစိတ်ဝင်စားသွားတယ်။ ကန်ဒီ့ဘလော့ဂ်ကို ဟိုးးးအရင်ကတည်းက ဖတ်တဲ့သူဆို သိမှာပါ။ ကန်ဒီငယ်ငယ်လေးကတည်းက ဖြစ်ချင်တာ ဆရာမတစ်ယောက်ဆိုတာ၊ နောက် ဖြစ်နိုင်ရင် အဖိုးအခမယူတဲ့ စေတနာ့ဝန်ထမ်းဆရာမတစ်ယောက် ဖြစ်ချင်တယ်လို့လည်း တစ်ခါရေးခဲ့ဖူးတယ်။ Topayoh ဆိုတော့ အနီလိုင်းပေါ်မှာ... ကန်ဒီကအစိမ်းလိုင်းပေါ်မှာနေတာဆိုတော့ သွားကူချင်ပေမယ့် လူကနည်းနည်းတွေနေတယ်... ဝေးတာကိုးးး။ နောက်ဆုံး "Direct Bus ရှိရင်သွားမယ်ကွာ..." ဆိုပြီး Map မှာလိုက်ရှာ၊ ဖြစ်ချင်တော့ ကန်ဒီ့အိမ်ကနေ အဲ့ကို Direct Bus ရှိတယ်... (၄၅)မိနစ်လောက် စီးရမယ်လို့ ရေးထားတယ်။ ကိုယ်လည်းလုပ်ချင်နေတဲ့အရာဆိုတော့ (၄၅)မိနစ်လည်း ဘာဖြစ်လဲ သွားမယ်ပေါ့။ ဒီနေ့တကယ်တမ်း အဲ့ကိုအိမ်ကနေကားစီးသွားတော့ (၁၅)မိနစ်ကျော်ကျော်လောက်ပဲ ကြာတယ်၊ နီးနီးလေးရယ်... အရင်က မသိခဲ့ဘူး။ အမြဲ Topayoh ဘုန်းကြီးကျောင်းသွားမယ်ဆို ရထားနှစ်ဆင့်စီး၊ ပြီးလမ်းပြန်လျှောက် အဲ့လိုမျိုးချည်း သွားခဲ့တာ... ပိန်းချက် >.<

ကန်ဒီ့ ပထမဆုံးစာသင်တဲ့  အတွေ့အကြုံကို ပြောပြရမလား ဟဟဟ။ တကယ်အမြဲအမှတ်ရနေမှာတော့ သေချာတယ်။ အဖြစ်က ဒီလို... ကန်ဒီကစောရောက်နေတာနဲ့ ကိုယ့်ဟာကိုယ် ဘုရားရှိခိုး၊ ပုတီးစိပ်နေလိုက်တယ်။ (၅)နာရီခွဲလောက်ကျတော့ ဘုန်းဘုန်းက ကလေးတွေကို ပညာပေးပုံပြင်လေးတစ်ပုဒ်ပြောပြတယ်။ အဲ့အချိန်မှာ ကလေးလေးနှစ်ယောက်က ဘုန်းဘုန်းပြောတာကို နားမထောင်ပဲ ထပြီးလျှောက်ဆော့နေတယ်။ စိတ်ထဲမှာတော့ ဒီကောင်လေးနှစ်ယောက် တော်တော်အဆော့မက်တာပဲပေါ့။ ဘုန်းဘုန်းပုံပြင်ပြောပြီးတော့ အားလုံးစာသင်ဖို့ ကိုယ့်အခန်းထဲ ကိုယ်ဝင်ကြတယ်။ ဖြစ်ချင်တော့ အဲ့ကောင်လေးနှစ်ယောက်က ကန်ဒီသင်ရတဲ့ အခန်းထဲက။ ကဗျာဆိုနေတဲ့အချိန်မှာလည်း ဆော့နေကြလို့ ကဗျာကိုလက်နဲ့လိုက်ထောက်ပြီး ဆိုခိုင်းရတယ်။ အခန်းထဲမှာ ဆရာမလေးယောက်ရှိတယ်။ ကလေးတွေက (၁၅)ယောက်လောက် ရှိမယ်။

"တို့ကျောင်း"
ပန်းကလေးများ ပွင့်တော့မည်၊
ဖူးတံဝင့်လို့ချီ၊ နေခြည်မှာ ရွှေရည်လောင်း
ငါတို့စာသင်ကျောင်း။

ဆရာမတစ်ယောက်က တစ်လိုင်းစီကို တာဝန်ယူပြီး ကဗျာစစ်ရပြန်တော့ ကန်ဒီက သူတို့နှစ်ယောက်ရှိတဲ့လိုင်းကို တာဝန်ယူရတယ်။ စိတ်ထဲမှာတော့ "တိန်... ငါ ဒီနှစ်ယောက်ကို ဘယ်လိုစည်းရုံးရပါ့" ပေါ့။ သူတို့က အဆော့မက်တဲ့သူတွေဆိုတော့ ပြီးရင် တူတူဆော့မယ် ဘာညာနဲ့ပြောပြီး စည်းရုံးရတယ်။ အဲ့လိုပြောတော့ ကဗျာကောင်းကောင်းလိုက်ဆိုတယ်။ ပြီးတော့ ဆော့မယ် ဘာဆော့မလဲဆိုတော့ တယောက်က သေနတ်ပစ်မယ်၊ တယောက်က တစ်ပြား နှစ်ပြား ပဲလင်ပြား ဆော့မယ်တဲ့။ အဲ... တစ်ပြား နှစ်ပြား ပဲလင်ပြား (ပဲနံပြား??) က ဘယ်လိုဆော့တာလဲ ကန်ဒီဘယ်လိုမှ စဉ်းစားလို့မရတော့ဘူး ဟဟ(xD)။ ငယ်ငယ်ကတော့ ကိုယ်တိုင်လည်းဆော့ခဲ့ဖူးပါတယ်။ အဲ့ဒါနဲ့ နောက်ဆုံး သူတို့နဲ့ စကားပြောလိုက်၊ ကဗျာပြန်ဆိုခိုင်းလိုက်နဲ့ ပြီးသွားတယ်။ အတန်းလွှတ်ပြီးတော့ ဘုန်းဘုန်းစကားပြောတဲ့အချိန်မှာလည်း ဒင်းတို့နှစ်ယောက်က အငြိမ်မနေပြန်ဘူး။ စကားတွေအကျယ်ကြီးပြောပြီး ဆော့နေကြပြန်ရော ဟဟ... တကယ်မလွယ်တဲ့ကလေးတွေ xD xD

ပြန်ခါနီးမှာ ကန်ဒီရေးတာတွေဖတ်တယ်ဆိုပြီး တရင်းတနှီး လာနှုတ်ဆက်တဲ့အစ်မကို ကျေးဇူးတင်တယ်။ အဲ့အစ်မမျက်နှာနဲ့ အပြုံးက အေးချမ်းတယ်။ အမှန်အတိုင်းပြောရရင် မျက်နှာစိမ်းတွေကြားထဲမှာ ကိုယ့်ကိုစကားလာပြောတဲ့သူရှိတော့ စိတ်ထဲ တကယ်ဝမ်းသာသွားတယ်။ အဆော့မက်တဲ့ ကလေးနှစ်ယောက်ကလည်း ကန်ဒီ့ကို ပြန်ခါနီး "Bye" တွေ ဘာတွေလာလုပ်သွားသေးတယ် ^_^

ဒီတပတ်ပိုစ့်ကတော့ တော်တော်ရှည်သွားပြီ...
See you all on next post^^

5 comments:

ကူးကူးလှိုင် said...

ကန်ဒီနေရ ခရီးတွေထွက်ရတာ အရမ်းပျော်စရာကောင်းတယ်နော် ပြီးတော့ စေတနာဆရာမလေးလုပ်ရတာလဲ ကုသိုလ်တွေ များကြီးရအုံးမယ်...

မောင်သစ္စာ said...

ကလေးတွေနဲ့သင်တဲ့သူနဲ့ကြာလာလေလေ..စည်းဝါးညီလာလေလေ..ကလေးတွေကိုတွယ်တာလာတတ်လေလေပဲ..ပြီးတော့..ပီတိကိုစား..အားရှိ၏တဲ့ ဆရာမရဲ့....:D
ပင်ပန်းမူ့ကို မငဲ့ပဲ ပညာပါရမီ ဖြည့်ခွင့်ရတာ ဟာအကျိုးကျေးဇူးကောင်းတခုပဲ..ဆရာမ။သာဓု..သာဓု..သာဓု....။

မိုးငွေ့........ said...

ဆရာမလေး ကန်ဒီ ...း)

Anonymous said...

ပုံလေးတွေဆွဲထားတာ လှတယ်။
လေးစားစွာဖြင့်
လရိပ်အိမ်

မိုးသက် said...

ချာမ တားဘိုက်ထဲက အောက်အောက် နေတယ် ^_^