Tuesday, March 11, 2014

Busy Bee + Tag

Hello everyone...
Guess what I'm eating?!?! ထမနဲ!!! ဟီးဟီး... မနေ့က ဘုန်းကြီးကျောင်းကနေ ရလာတာ။ ဒီရက်ပိုင်းတွေ အရမ်းအရမ်း အလုပ်ရှုပ်နေတယ်။ သင်္ကြန်အတွက်လည်း အကတိုက်ရသေးတယ်။ ညဆိုနောက်ကျမှ ပြန်ရောက်တယ်။ Humm... သင်္ကြန်ပြီးမှပဲ နည်းနည်းအားသွားမယ် ထင်တယ်။ ဒီကြားထဲ လေယာဉ်လက်မှတ်လည်း ၀ယ်ရဦးမယ်။ မေလထဲမှာ ကန်ဒီ့မွေးနေ့အပြီးလောက် ရန်ကုန်ပြန်ဖို့ ခွင့်တင်ထားတယ်။ Public Holiday အရှေ့ကိုယူလိုက်တော့ (၈)ရက်လောက်တော့ ဟိုမှာနေလို့ရမယ်။ 

Yayyyy... မရောက်တာကြာပြီဖြစ်တဲ့ ရန်ကုန်မြေကို ပြန်နင်းခွင့်ရဦးမယ်။ အရာရာတိုင်း အများကြီးပြောင်းလဲနေမှာတော့ အသေအချာပဲ။ (၃)နှစ်ဆိုတဲ့အချိန်ကာလက နည်းတာမှ မဟုတ်တာ။ ပထမဆုံးသွားချင်တဲ့နေရာကတော့ ရွှေတိဂုံဘုရားပေါ့။ နောက် အိုးဘဲဥ၊ ငါးဖယ်၊ အကြော်နဲ့ မုန့်ဟင်းခါး စားချင်တယ် ဟဟ(:D)။ မနက်စာကို စမူဆာ၊ အီကြာကွေး၊ တိုရှည်၊ မုန့်လိပ်ပြာ၊ ပဲပြုတ်ထမင်း... အဲ့ဒါတွေနဲ့ ကော်ဖီသောက်မယ်။ သြော်မေ့တော့မလို့ ဒံပေါက်နဲ့ ကြေးအိုးလည်း စားရမယ်။ မုန့်လင်မယား မုန့်လင်မယား... အဲ့ဒါလည်း မေ့လို့မဖြစ်ဘူး။ မသွားခင် ကန်ဒီစားချင်တဲ့ဟာတွေကို ချရေးသွားမှ ထင်တယ် ဟဟဟ (xD)။ Humm... တွေ့စရာသူငယ်ချင်းကတော့ ရန်ကုန်မှာ တစ်ယောက်ပဲရှိတယ်... သနားစရာ။ ကိုယ်ကတစ်ယောက်တည်းနေတတ်တော့ အားလုံးနဲ့ ကင်းကွာတယ်။ အဓိကက မိသားစုနဲ့ပြန်တွေ့ဖို့၊ နောက်စားချင်တာတွေ စားဖို့နဲ့ လည်ဖို့။ သြော်... ကန်ဒီလုပ်ချင်တာ တစ်ခုရှိသေးတယ်။ မိဘမဲ့ကျောင်း (သို့) မျက်မမြင်ကျောင်းမှာ လှူရင်ကောင်းမလားလို့။ အမေ့ကို မပြောရသေးဘူး။ မသွားခင်တော့ Passport သက်တမ်းတိုးသွားမှ ထင်တယ်။ ကန်ဒီ့ Passport က စက်တင်ဘာလလောက်ဆို ကုန်ပြီ။ ရန်ကုန်ရောက်ရင် ဓာတ်ပုံတွေတ၀ရိုက်ခဲ့မယ် သိလား :D :D


အိမ်ပြန်နောက်ကျပြီး ဘာမှမစားရသေးလို့ အိမ်နားက McDonald မှာပဲ ညစာဝယ်စားရတယ်။ အဲ့မှာ စားလို့ရတာဆိုလို့ ဒီတစ်မျိုးပဲ ရှိတယ်။ ကျန်တာ ဘာမှမကြိုက်ဘူး။ အမေရန်ကုန်က ထည့်ပေးလိုက်တဲ့ မြန်မာအကျီလေးတွေ... လှတယ်နော်။ အပြာလေးက ချုပ်ပေးလိုက်တာတဲ့...  သူဘယ်ကအတိုင်းယူပြီး ချုပ်လိုက်တယ် မသိဘူး ကွက်တိပဲ။ အစိမ်းလေးကတော့ ၀ယ်ပေးလိုက်တာတဲ့... ကြီးနေတယ်။ ပြန်သီရမယ်... မသီတတ်ဘူး >.<


အဲ... ဓာတ်ပုံထဲက ကိုယ်ဆံပင်ကိုယ်ကြည့်မိမှ ရေးဖို့အကြောင်းအရာ သတိရသွားတယ်။ ပြီးခဲ့တဲ့ အပတ်က ကန်ဒီ City Hall မှာ ဆံပင်သွားညှပ်တယ်။ ဆံပင်က အရမ်းရှည်နေပြီး Layer တွေလည်း မရှိတော့ ခေါင်းလေးတယ်လေ။ အဲ့ဒါနဲ့ နည်းနည်းပါးဖို့ သွားတာပေါ့။ ဖြစ်ချင်တော့ ကန်ဒီညှပ်နေကျဆိုင်က လူနည်းနည်းများနေတယ်။ ကန်ဒီ့ညီမနဲ့ ကန်ဒီက နောက်တစ်နေရာသွားဖို့ တခြားသူငယ်ချင်းတစ်ယောက်နဲ့ ချိန်ထားပြီးသား ဖြစ်နေတော့ တခြားဆိုင်မှာညှပ်လိုက်မယ်ဆိုပြီး အဲ့ဆိုင်တစ်ဆိုင်ထဲကို ၀င်သွားညှပ်မိပါတယ်။ "နောက်ဘယ်တော့မှ မလာတော့ပါဘူး" ဆိုပြီး ဆုံးဖြတ်ချက်ချမိတဲ့အထိကို စိတ်ပျက်သွားတာ။ ဆံပင်ကို ကိုင်တာများ ကြမ်းတမ်းလိုက်တာဆိုတာလေ နောက်ဆုံး "အစ်မ ဖြည်းဖြည်းလုပ်ပါ။ အရမ်းနာတယ်"လို့ ပြောလိုက်မိတဲ့အထိကို စိတ်တိုသွားတယ်။ ကန်ဒီ့လို တော်ရုံအားနာတတ်လို့ ကျိတ်မှိတ်ခံတတ်တဲ့လူတောင် အဲ့လိုပြောထွက်သွားတယ်ဆိုတော့ ဘယ်လောက်ကြမ်းတမ်းလဲ စဉ်းစားသာကြည့်။ တကယ် နာလို့ မျက်ရည်တောင် ၀ဲတယ်။ နောက်ပြီး သူကပြောသေးတယ်... ညီမဆံပင်က ရှုပ်လိုက်တာ မနည်းရှင်းရတယ်တဲ့။ ကန်ဒီ့ခါးလောက်ရှိတဲ့ဆံပင်က မရှုပ်ဘဲနေမှာလား?? သူက ရှင်းတယ်သာပြောတာ တကယ်က အတင်းကြီးကို ဖြီးနေတာ။ ဆံပင်ကို ဘယ်လိုဖြီးပြီး ရှင်းရမလဲတောင် မသိဘဲ ဆံပင်ညှပ်နေတာ တကယ်အံ့သြတယ်။

နောက်တော့ ဆံပင်ညှပ်ဆိုင်တွေရဲ့ ထုံးစံအတိုင်း ပြောတော့တာပေါ့။ ညီမဆံပင်က ခြောက်လိုက်တာ ဖွာဖွာကြီး... ဘာမှမလိမ်းဘူးလား?? ဆံပင်ကို ပေါင်းတင်ရတယ် ဘာညာ ဘာညာပေါ့။ လူက ခေါင်းနာလို့ စိတ်ကတိုနေတာဆိုတော့ သူမေးသမျှကို ဘုနဲ့ပေါက်ပဲ "ဘာမှ မလိမ်းဘူး... ပေါင်းမတင်ဘူး" ဟဟ(xD xD)။ တကယ်လည်း မလုပ်ပါဘူး။ ဒီနောက်ပိုင်း အားလည်း မအားဘူး။ (၅)မိနစ်ကျော်ကျော်၊ (၁၀)မိနစ်လောက် တခေါင်းလုံးထူပူနေအောင် သူလုပ်သမျှခံစားရပြီး နောက်ဆုံးညှပ်လို့ပြီးသွားတယ်။ တော်သေးတာပေါ့ အဲ့လောက်နဲ့ ပြီးသွားလို့... အားလုံးပြီးတာတောင် ခေါင်းကထုံနေသေးတယ်။ ကန်ဒီ့လိုမခံစားရအောင် ဘယ်ဆိုင်ဆိုတာ ပြောချင်သော်ငြားလည်းပဲ သူမျာစီးပွားရေးဆိုတော့ ဒီမှာချရေးမနေတော့ပါဘူး။ ကြည့်ကျက်သာ ရှောင်ရှားကြပါတော့...


အိမ်ပြန်ရောက်ရင် ကန်ဒီ့အမောပြေဆေးလေးတွေနဲ့ ဆော့ရသေးတယ်။ ခုဆို Pet Lover Store မှာလည်း Member ဖြစ်နေပြီ။ သူတို့ဟာတွေ ၀ယ်ရလွန်းလို့။ အဲ့ရောက်ရင် ယုန်လေးတွေလည်း ကြည့်ရတာ အမော။ လိုချင်ပြီး မမွေးနိုင်လို့ (>.<)။ သြော်... ဒါနဲ့ ကန်ဒီ့မျက်နှာအခြေအနေပြန်ဆိုးနေလို့ ဆေးခန်းပြန်ပြနေရတယ် (T_T)။ မျက်နှာတစ်ခုလုံး နာလွန်းလို့သာ ဆေးခန်းသွားထပ်ပြတာ။ နို့မို့ဆို မပြတော့ဘူးတောင် စဉ်းစားထားတာ။ ဟုတ်တယ်လေ... ဆေးသောက်တုန်းက ပျောက်သွားပြီး ဆေးရပ်လိုက်တော့ ဘာလို့ထပ်ဖြစ်ရတာလဲ?! အဲ့လိုပဲဖြစ်နေမယ်ဆို ဆေးခန်းပြတာ ဘာထူးတော့မှာလဲ ဟုတ်တယ်မလား?? ဓာတ်ပုံထဲက နှုတ်ခမ်းရဲနေတာ နှုတ်ခမ်းနီဆိုးထားလို့လို့ မထင်လိုက်ပါနဲ့။ ဆေးအရှိန်ကြောင်း နှုတ်ခမ်းတွေကွဲပြီး ရဲတွတ်နေတာ။ အရမ်းနာတယ် :(

ဘလော့ဂါတွေ အားလုံးနီးပါး Tag ပိုစ့်တွေ ရေးနေကြတဲ့အချိန်မှာ ကန်ဒီက မရေးနိုင်ဘူး။ အမှန်က အဲ့ခေါင်းစဉ်ကို မရေးတတ်လို့ ဟဟ(xD)။ အကြောက်တရားဆိုလားပဲ... Known Fear နဲ့ Unknown Fear ဘယ်ဟာကို ပိုကြောက်သလဲဆိုတာ ရေးရမှာထင်တယ်။ တီတင့်တို့၊ သူကြီးမင်းတို့ ရေးထားတာတွေ မဖတ်ရသေးဘူး။ ကန်ဒီအကြောက်ဆုံးအရာက ကိုယ့်ကိုကိုယ်လေးစားမှု လျော့နည်းမှာ၊ ကိုယ့်လိပ်ပြာ ကိုယ်မလုံမှာကိုပဲ။ ဆိုတော့... Known Fear လို့ပဲ ပြောရမလား?? ကန်ဒီ့အတွေးတစ်ခုပြောပြရရင် လူတွေကိုယ့်အပေါ် ဘယ်လိုမြင်တယ်၊ ဘယ်လိုထင်တယ်၊ ဘယ်လိုချီးမွမ်းတယ်၊ အများတကာရဲ့ လေးစားခြင်းကို ဘယ်လိုခံရတယ်... အဲ့ဒါတွေ အဲ့ဒါတွေ အားလုံးထက် ကိုယ့်ကိုကိုယ် ပြန်လေးစားအောင်နေဖို့၊ ကိုယ့်အပြုအမူတွေအတွက် ကိုယ့်လိပ်ပြာကိုယ်လုံဖို့က အရေးအကြီးဆုံးပဲ။ ကိုယ့်လိပ်ပြာ ကိုယ်မလုံခြင်းဟာ ကိုယ့်ကိုအကြီးမားဆုံး အမြဲတစ္ဆေ ခြောက်လှန့်နေမယ့်အရာပဲ။

ကန်ဒီအဲ့လိုပြောလို့ သိပ်ကြီးကြီးမားမားကြီးတွေ မတွေးနဲ့ဦးနော်။ ကန်ဒီတို့ နေ့စဉ်ဘ၀ကိုပဲ တွေးပါ။ ကန်ဒီ့အလုပ်ကိုပဲကြည့်... လူနာတွေကို ဖြည့်ဆည်းပေးလေ၊ ကိုယ်ပိုအလုပ်ရှုပ်လေပဲ။ လူနာတွေလိုချင်တာမျိုးဆို ဆရာဝန်ဆီဖုန်းခေါ်ပေး၊ မေးပေး၊ အဲ့လိုမလုပ်ပေးချင်လည်း လှည့်ပတ်ပြောချင် ပြောလိုက်လို့ရတယ်။ ကိုယ်လုပ်ပေးမှ သူတို့လိုချင်တာရမယ့် အခြေအနေမျိုးမလား?? ဒါပေမယ့် အဲ့လိုလိမ်ပြောလိုက်ရင် ကိုယ့်စိတ်ကိုယ်မလုံတော့ဘူး... အဲ့ဒါ ကန်ဒီ့ကိုအမြဲခြောက်လှန့်မယ့်အရာပဲ။ 

ဟိုနေ့က အခြေအနေတစ်ခုဆို ကန်ဒီဆရာဝန်ကို အရမ်းစိတ်ဆိုးတယ်။ လူနာက ဆရာဝန်အဲ့နေ့ကမှ အသစ်ပေးလိုက်တဲ့ ဆီးချိုဆေးကို မသောက်ချင်ဘူး။ ဘယ်လောက်တောင်လဲဆို သူအဲ့ဆေးကို ယူသွားမယ်၊ ပိုက်ဆံလည်းပေးမယ်၊ ဒါပေမယ့် မသောက်ဘူးတဲ့။ သူအစားအသောက်နဲ့ပဲ ထိန်းမယ်တဲ့။ တကယ်ဆို ကန်ဒီ့အလုပ်က "မရဘူး သောက် ရော့" ဆိုပြီး ဆေးပေးလိုက်ရင် ပြီးနေပြီ။ ဒါပေမယ့်လူနာက ယူသွားလည်း ဆေးမသောက်ဘူးဆိုတာ သိနေတဲ့အနေအထားမှာ ကန်ဒီက လက်လွတ်စပယ် လူနာကိုပိုက်ဆံအကုန်ခံခိုင်းပြီး ဆေးပေးလိုက်သင့်သလား?? အဲ့လိုအတွေးက ရောက်လာတော့ ကန်ဒီဆရာဝန်ဆီဖုန်းခေါ်တယ်။ ဒီလူနာကတော့ ဆီးချိုဆေးကို မသောက်ချင်ဘူး ပြောနေတယ်။ ကန်ဒီဖြစ်စေချင်တာက လူနာအခြေအနေက ဆေးသောက်မှဖြစ်မယ့် အခြေအနေလား ဆိုတာ သူ့ဆီးချို Lab Test ကို ပြန်ကြည့်ပေးပြီး Review လုပ်ပေးစေချင်တာ။ အဲ့လိုပုံစံမေးတော့ ဆရာဝန်က ဘာမှပြန်စစ်ဆေးတာမျိုးမရှိဘဲ "She doesn't want to take right? Ok... I'll cancel that one" ဆိုပြီး ဖုန်းချသွားတယ်။ ကန်ဒီစိတ်အရမ်းဆိုးတာပဲ။ စာနာစိတ် လုံးဝမရှိဘူး။ တကယ်ဆို တကယ်ဆေးသောက်သင့်တဲ့အနေအထားမျိုးဆို လူနာကို ဆေးသောက်ဖို့ Encourage လုပ်ရမှာမဟုတ်လား?? ဆရာဝန်က တစ်ခွန်းပြောလိုက်ရင် ကန်ဒီကလည်း လူနာကိုမသောက်သောက်အောင် စည်းရုံးရမှာပဲ။ ခုတော့ ကန်ဒီလူနာကိုပြောလိုက်ရတာက ဒီတစ်ခေါက်တော့ ဆေးမပေးလိုက်တော့ဘူး... နောက်တစ်ခါလာလို့ သွေးထဲသကြားဓာတ်များနေရင်တော့ ဆေးသောက်ရမယ်နော်လို့ ပြောလိုက်ရတယ်။

ခုနပြောနေတာကို ပြန်ဆက်ရရင် အဲ့လိုအသေးအမွှားကိစ္စလေးတွေကအစ ကန်ဒီ့စိတ်ကို ကန်ဒီပြန်ကြည့်တယ်။ ကန်ဒီမဟုတ်တာတစ်ခုခုလုပ်လိုက်မိရင် သူများမသိရင်တောင် ကန်ဒီသိတယ်။ အဲ့ဒါ ကန်ဒီ့ကိုအကြီးမားဆုံး ခြောက်လှန့်တဲ့အရာပဲ။ Okie... ဒါကတော့ ဘလော့ဂါတွေရဲ့ Tag ပိုစ့်ကို အတိုချုံး လိုရင်းတိုရှင်း ရေးလိုက်တယ်ပဲ ဆိုပါတော့။ အားလုံး ဒီလောက်နဲ့ ကျေနပ်မယ်လို့ မျှော်လင့်ပါတယ်။
Good Night^^

6 comments:

ဆုမြတ်မိုး said...

မျက်နှာကဘယ်လိုဖြစ်တာလဲကန်ဒီ...း(
အဲဒါတွေကြောင့်စီးတီဟောမှာဆံပင်မညှပ်တာကြာပြီ..အရမ်းကြမ်းတမ်းတာ ။ ဆံပင်ညှပ်ဆိုင်တွေသွားရတာကိုယ့်ကိုကိုယ်သိပ်ယုံကြည်မှုလျော့တာပဲ ။နင်ဆံပင်က ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ . .ပြီးတော့ တလောတုန်းက ဗောက်ထတုန်း ဆံပင်ညှပ်ဆိုင်သွားလိုက်မိတယ်..။ ခေါင်းကို zoom တွေချဲ့ပြီးပြလိုပြနဲ့...နင့်ကိုဆံပင်အလကားဖြောင့်ပေးမယ်...နင် treatment ယူပါလားတဲ့ ..။ ဖြောင့်တာက ၂၀၀ treatment ယူတာက သုံးထောင်..။ အပြောလေးချိုချို ချိုချိုနဲ့ လုပ်စားတတ်လိုက်ကြတာ။ ငါ့မှာ natural treatment ရှိတယ်လို့ မလိုဘူးလို့ အတင်းငြင်းယူရတယ်..။

Ma Tint said...

ဧပြီလအထိ အလုပ်တွေများနေမဲ့ သကြားလုံးလေး မေလ မြန်မာပြည်ရောက်မှ အားပါးတရနားမယ်လို့ စိတ်ကူးထားပုံရတယ်။ လည်မဲ့ရက်နဲ့ နေရမဲ့ရက် လုံလောက်မယ် မထင် :P
စားချင်တာတွေကလဲ များသား ဖတ်ရင်းနဲ့ တီတင့်တောင်ရင်ပြည့်သွားတယ် ... :D

မေတ္တာဖြင့်
တီတင့်

မောင်သစ္စာ said...

fighting!!!!!!!! busy lady ကြီး..
ဟဟဟဟ

မဒမ်ကိုး said...

မုန့်ဟင်းခါးစားချင်ရင်ပေးမယ်အားတဲ့နေ့ကလင်
မုန့်လင်မယားဆို ဒါငဂိုစောင်းဒါဖဲ :P

ဘိုင်သဝေး ၂၀ ရက်နေ့ အမှီပြန်မလာတာတော့ရင်နာတယ်အေပရယ် ဟင်းးဟင်းး


အမတော်တင်သိန်းအေး

ဘုန်းဘုန်းတောက် said...

မိဘမဲ့ကျောင်း သို့မဟုတ် မျက်မမြင်ကျောင်းကို သွားဖြစ်အောင် သွားလိုက်ပါနော်။ တကယ်ကောင်းတဲ့ ရည်မှန်းချက်၊ တကယ်မွန်မြတ်တဲ့ အလုပ်မို့ ထပ်မံ တိုက်တွန်းတာပါ။

Wow! တီတင့်ပြောသလို စားချင်တာတွေက မနည်းပါလား။

လရိပ်အိမ် said...

ကန်ဒီရဲ့စိတ်ကို ဆရာဝန်ထက်လေးစားတယ်။
မြန်မာပြည်ပြန်ရမယ်ဆိုတော့ ပျော်စရာပေါ့။