Wednesday, April 30, 2014

Not to Yangon?!

Hiii!!
ဒီရက်ပိုင်း Shopping ချည်း လှိမ့်ထွက်နေတယ်။ မထွက်လို့လည်း မရတော့ဘူးလေ။ နောက်အပတ်ပြန်မှာ ခုထိ ဘာလက်ဆောင်မှ မ၀ယ်ရသေးဘူး။ က,ဖို့လာခေါ်နေသေးတယ်။ အစကတော့ က,ပေးမယ် ပြောထားပြီး နောက်တော့ အားနာနာနဲ့ မက,တော့ဘူးပဲ ပြန်ပြောလိုက်ရတယ် (အားမနာပါးမနာ ပြန်ပြောလိုက်တယ်ပဲ ထားပါတော့)။ ဟုတ်တယ်... ကန်ဒီက ကိစ္စတော်တော်များများကို အားနာပြီး လိုက်လုပ်ပေးတတ်တယ်။ ဒီတစ်ခေါက်တော့ ကိုယ့်ဟာကိုယ် သနားလို့ မလုပ်ပေးတော့ဘူးဆိုပြီး ငြင်းလိုက်တယ်။ မတတ်နိုင်ဘူး... အရမ်းပင်ပန်းတယ်။

အတင်းခေါ်တဲ့သူကလည်း ပြောပုံကိုကြည့်... "ညီမသဘောပါ... အစ်မက အတင်းကြီး မပြောချင်ပါဘူး" (ပထမတစ်ခွန်း)။ "တနင်္ဂနွေနေ့ (၂)နာရီလောက်ပဲ အချိန်ပေးရင် ရပါတယ် ညီမရယ်... ပြီးမှ ညီမပြန်ဖို့ Shopping ထွက်ပေါ့။ ညနေမှ ဘုန်းကြီးကျောင်းသွားလေ" (ဒုတိယတစ်ခွန်း)။ ရှေ့နောက်မညီပုံ ပြောပါတယ်။ ဒါလား... ညီမသဘော... အတင်းမပြောပေလို့ပဲ။ သူပြောတဲ့(၂)နာရီဆိုတာ ပြင်တာဆင်တာနဲ့ သွားတာလာတာ မပါသေးဘူး။ ကန်ဒီ နောက်ဆုံးတစ်ခွန်းပဲ ပြောလိုက်တယ်... "အစ်မ ညီမဘက်ကလည်း စဉ်းစားပေးဦး... ညီမတနင်္ဂနွေတစ်ရက်ပဲ နားရတာ... က,လည်း ကရမယ်... ပြီး Shopping သွားရမယ်... ပြီး ဘုန်းကြီးကျောင်းမှာ ကလေးတွေစာသင်ရမယ်... အရမ်းပင်ပန်းတယ် အစ်မ"လို့ ပြောလိုက်တယ်။ ကန်ဒီကတော့ အဲ့သုံးခုထဲမှာ အမေတို့အတွက် Shopping ထွက်တာနဲ့ ဘုန်းကြီးကျောင်းက ကလေးတွေက ပိုအရေးကြီးတယ် ထင်တာပဲ။


ဒီကလေးလေးက အရမ်းအလှကြိုက်တာ (ကန်ဒီ့အတိုင်းပဲ :P)။ အမြဲ သူကလစ်အသစ်လေး ခေါင်းမှာတပ်လာရင် လာလာပြတယ်။ တခြားကလေးတွေကို စာလိုက်ကြည့်ပေးနေရင် မကြိုက်ချင်ဘူး။ သူ့ကို ကြည့်ပေးဖို့ ခေါ်တယ် ဟဟ။ ကန်ဒီ့အကြောင်းကို သူ့အဘွားကို ပြောလွန်းလို့ ဓာတ်ပုံပြရအောင်ဆိုပြီး သူ့အမေရိုက်ပေးထားတဲ့ ပုံလေး ^_^

အဖေနဲ့အမေအတွက် ကန်ဒီ့စိတ်ကြိုက်လက်ဆောင် ၀ယ်ပြီးသွားပြီ။ အခုတော့ မပြသေးဘူး... အခုပြရင် သူတို့အရင်မြင်သွားမှာ စိုးလို့ ဟီး(xD)။ ညီမလေးနဲ့မောင်လေးအတွက် ဘာဝယ်ပေးရမလဲ မသိသေးဘူး။ မေဒေးပိတ်ရက်မှ သွားဝယ်ရမယ်။ OMG!! ဒီအပတ်သောကြာနေ့က ကန်ဒီ့မွေးနေ့ပဲ... 26th Birthday (26th!!! >.<)။ မငယ်တော့ဘူး။ အချို့နေရာတွေမှာ ကလေးဆန်နေသေးတယ်။

ကန်ဒီပဲ လွန်တာလားတော့ မသိဘူး။ ကန်ဒီဘာလုပ်တယ် ဘယ်သွားတယ် ဘယ်သူနဲ့သွားတယ် အဲ့ဒါမျိုးတွေကို နှိုက်နှိုက်ချွတ်ချွတ် လာမေးတာမျိုး ကန်ဒီမကြိုက်ဘူး။ ကန်ဒီဘယ်သူနဲ့သွားတယ် ပြောရင်ရော သူတို့သိမှာမို့လို့လား (>.<)။ နောက်ကန်ဒီရတဲ့မေးခွန်းတစ်ခုက "ကန်ဒီ့ကို Propose လုပ်ထားတဲ့လူ ဘယ်နှစ်ယောက်ရှိလဲ??" အဲ့လိုလာမေးတော့ လူကကြောင်တောင်တောင် ဖြစ်သွားတယ် (တသက်နဲ့တကိုယ် တခါမှ အမေးမခံရဖူးလို့)။ ကြည့်ကောင်းအောင်တော့ ဖြေပေးလိုက်တယ်... ပါးစပ်ထဲရှိတဲ့ နံပါတ်ပေါ့။ Sorry, don't blame me... That question is too Personal -.-

နောက်ရှိသေးတယ်။ Facebook မှာ ကန်ဒီတစ်ခုခုရေးလိုက်တယ် ထားပါတော့။ အဲ့ဒါကို သူတို့ကိုပြောတယ်ထင်ပြီး လာမေးတာမျိုးကို ရှင်းပြရတာလောက် စိတ်မရှည်တာမရှိဘူး။ အဲ့ဒါကြောင့် တော်ရုံတန်ရုံ အဲ့မှာမရေးချင်တာ။ ဘလော့မှာတော့ အကုန်ရေးတယ်။ ဒါ ကန်ဒီ့ Diary ပဲ။ ကန်ဒီနဲ့အပြင်မှာသိတဲ့လူတွေကို သူတို့ဟာသူတို့သိသွားတာကလွဲလို့ လာပါလို့ မခေါ်ထားဘူး။ မလာလေ ကောင်းလေပဲ။ သူတို့ဟာသူတို့လာပြီး ကန်ဒီ သူတို့ကိုရေးထားတာတွေဖတ်ပြီး လာပြန်မေးတာလည်း ကန်ဒီလုံးဝမကြိုက်ဘူး။ ကန်ဒီ့အကျင့်က ကိစ္စတော်တော်များများကို စိတ်ထဲပဲ ထားတတ်တယ်။ ကန်ဒီစိတ်ထဲရှိတဲ့အတိုင်းရေးတာ ဘလော့ပေါ်မှာပဲ ရှိတယ်။ အပြင်မှာ မပြောချင်လို့ ဒီမှာပဲရေးတဲ့ကိစ္စကို ဘာလို့ပွင့်ပွင့်လင်းလင်းမပြောတာလဲဆိုတာမျိုး လာမမေးပါနဲ့ >.<

အပေါ်နှစ်ပိုဒ်က နည်းနည်းပေါက်ကွဲထားတာ ဟီး ဗွေမယူနဲ့နော်(xD)။ ထားပါတော့... ရန်ကုန်ပြန်မယ့်ကိစ္စ ဆက်ရရင် အမှန်က ကန်ဒီရန်ကုန်ပြန်မယ်လို့ မပြောသင့်ဘူး။ ဘာလို့လဲဆိုတော့ ပြန်မယ့်(၈)ရက်မှာ (၅)ရက်က ခရီးသွားနေရမှာ။ ရွှေကူသွားဖို့ လေယာဉ်လက်မှတ်ဝယ်လို့ မရဘူးတဲ့။ အဲ့တော့ ကားနဲ့ပဲ သွားရမယ်။ ကားနဲ့သွားရင် ၁ရက်ခွဲကျော်ကျော်လောက် ကြာတယ်။ အဲ့တော့ လမ်းမှာအချိန်ကုန်နေဖို့ များတယ် (>.<)။ ဒါပေမယ့် ခရီးသွားနေတာလည်း ကောင်းပါတယ်။ ရန်ကုန်မှာနေလည်း ပျင်းစရာကြီးပဲ နေမှာ =.='

သြော်... မေ့တော့မလို့။ ကန်ဒီ သင်္ကြန်တုန်းက က,တဲ့ဗွီဒီယို မတင်ရသေးဘူးနော်။ က,တာတော့ သုံးပုဒ်လောက် က,တာ... ဒါပေမယ့် ဒီသီချင်းတစ်ပုဒ်ပဲ ကောင်းကောင်းရှိတော့ ဒါလေးနဲ့ပဲ ကျေနပ်ပေးနော် ^_^


Good Night^^

Wednesday, April 23, 2014

ပန်းငုဝါ

Hello!!!
စာမရေးတာ ကြာာာလှပြီ။ စာသာမရေးတာ စိတ်ထဲရှိနေတာတွေက အများကြီးပဲ။ စိတ်အနှောင့်အယှက်ဖြစ်စရာတွေရော၊ စိတ်တိုစရာတွေရော စုံနေတာပဲ။ ဟိုးးးး အရင်တုန်းကဆို တစ်ခုခုဖြစ်တာနဲ့ စာအရင်ချရေးရမှ။ ဒါပေမယ့် အဲ့လိုသွေးပူနေတဲ့အချိန်ရေးတဲ့စာတွေကို သွေးအေးသွားတဲ့အချိန်မှာ ပြန်ဖတ်မိရင် အမှားတွေအများကြီးပဲ။ အဲ့ဒါကြောင့် အဲ့လိုသွေးပူနေရင် စာမရေးတော့ဘူး စဉ်းစားထားတယ်။

အိမ်ခန်းငှားတဲ့ကိစ္စပါ။ အခုလူအသစ် ထပ်ရှာနေတယ်။ ကန်ဒီတို့ကပဲ လွန်တာလား... သူတို့ကပဲ အရမ်း Sensitive ဖြစ်တာလား... ကန်ဒီလည်း မပြောတတ်တော့ဘူး။ မတူညီတဲ့ ပတ်ဝန်းကျင်ကနေ ကြီးပြင်းလာတဲ့ လူတွေ တစ်အိမ်ထဲနေတယ်ဆိုကတည်း ကွဲပြားတာတွေတော့ ရှိမှာပဲ။ ဒါကို အားလုံးက Adjust လုပ်ပြီးနေရမှာမဟုတ်လား...


တနင်္ဂနွေနေ့က စာမရေးဖြစ်တာက Botanic Garden ရောက်နေလို့။ အဲ့လိုအပြင်မသွားရတာတောင် ကြာပြီ။ အလုပ်၊ အိမ်၊ ဘုန်းကြီးကျောင်း ဒီ(၃)နေရာနဲ့တင် လည်နေတယ်။ အမှန်က စင်္ကာပူကို ဆိုင်းမဆင့် ဗုံမဆင့် ရောက်လာတဲ့သူကို လိုက်ပို့တာ... သူက ဓာတ်ပုံမရိုက်ဘဲ ကိုယ်ချည်းရိုက်နေတယ် xD




ကန်ဒီ ငုဝါပန်းတွေ တွေ့တိုင်း တွေးမိတဲ့အတွေးလေးတစ်ခုရှိတယ်။ အဲ့ဒါကို ကဗျာစပ်ပါလို့ ကန်ဒီ့ကဗျာဆရာတွေကို တောင်းဆိုတာ ဘယ်သူမှတုတ်တုတ်မလှုပ်လို့ နောက်ဆုံးကိုယ်တိုင်ပဲ စပ်လိုက်တယ် ကောင်းရော ဟီးဟီး...

**ပန်းငုဝါ**
ဝါရွှေရောင် ဒီအဆင်းနဲ့
ထင်လင်းတဲ့ သူ့အသွင်
ပင်လုံးကျွတ် ဝေေ၀စည်လို့
နှစ်ဆန်းချိန် ဒီတန်ခူးမှာ
မြူးကြွဝေလွင်။

ဂိမာန်လှ သီကာကျူးတော့
ဥသြငယ်၊ ပိတောက်ရယ်နှင့်
ပန်းငုဝါ မေ့နိုင်ရော့တယ်
နွေပန်းချီမှုန်းတဲ့ အတာပန်း။



*************************************************************

မနေ့က စာရေးနေတုန်း ကွန်ပျူတာကြီး သူ့အလိုလိုပိတ်သွားလို့ ပြန်ပွင့်တာကိုစောင့်ရင်း အိပ်ပျော်သွားတယ်။ အဲ့ဒါပဲကြည့်... ဘယ်လောက်ပင်ပန်းလဲဆို ခဏလေးမျက်လုံးမမှိတ်လိုက်နဲ့... မှိတ်တာနဲ့ အိပ်ပျော်သွားပြီ။ သင်္ကြန်မတိုင်ခင် အကတိုက်နေတုန်းကဆို ပိုဆိုးတယ်။ ဘက်စ်ကားပေါ်မှာ တစ်ခါမှမအိပ်တတ်တဲ့ကန်ဒီ... ဘက်စ်ကားပေါ်မှာလည်း အိပ်ပါတယ်ဆို >.<

မနေ့ကပြောတာ ဘယ်တွေရောက်သွားမှန်းတောင် မသိတော့ဘူး။ ကန်ဒီအခု Main Pharmacy ဘက်ကို ပြန်ရောက်လာပြီ။ Chronic ဆေးတွေ မမြင်တာ (၁)လလောက်ကြာတော့ မှားမှာစိုးလို့ ဂရုစိုက်ပြီး အားလုံးပြန်အသားကျအောင် လုပ်နေရတယ်။ သြော်... ဒါနဲ့ ကြုံလို့ပြောပြဦးမယ်။ နှာစေး၊ ချောင်းဆိုးပျောက်ဆေးတွေ ၀ယ်ချင်တာလောက်က ဆရာဝန်ပြစရာမလိုဘဲ Pharmacy မှာပဲ ၀ယ်လို့ရတာ သိကြလားဟင်?? တခါ မြန်မာအစ်မကြီးတစ်ယောက်က သူမသိဘူးလို့ ပြောတယ်။ မနေ့ကလည်း ကန်ဒီမြန်မာအစ်ကိုကြီးတစ်ယောက်ကို ပေးလိုက်တဲ့ဆေးက နှာစေးပျောက်ဆေးတစ်မျိုးတည်းရယ်။ MC လိုချင်လို့ဆိုရင်တော့ တစ်မျိုးပေါ့နော်... အဲ့လိုမဟုတ်ဘဲ ဆေးတကယ်လိုချင်လို့ဆိုရင်တော့ ဘာလို့ဆရာဝန်ပြပြီး Consultation fee ပေးတော့မှာလဲ... ဟုတ်တယ်ဟုတ်။ ကန်ဒီဟိုတလောက Allergy ဖြစ်တုန်းကတောင် ကိုယ့်ဟာကိုယ်ပဲ အလုပ်ကနေ ဒီဆေးဝယ်ချင်လို့ဆိုပြီး ၀ယ်သောက်တာ (သွားပြတဲ့ဆရာဝန်က သောက်ဆေးမပေးလိုက်လို့လေ >.<)။


*ကန်ဒီနှင့်ခင်သော တချို့အစ်ကိုကြီးများ၏ ကောင်မလေးများသည် ကန်ဒီနှင့်သူမတို့၏ ချစ်သူများကို တိုးတိုးတိတ်တိတ် Unfriend လုပ်ကြလေသည်။* အစကတော့ ဘာလဲ... ဒီလူကြီး ဗလိုင်းကြီး Unfriend လုပ်တယ်ပေါ့။ ပြန်လာအပ်လိုက် Unfriend ပြန်ဖြစ်သွားလိုက် ဖြစ်တော့မှ ကာယကံရှင်မသိဘဲ ကန်ဒီ Unfriend လုပ်ခံနေရတာ ရိတ်မိလာတယ် ဟဟ(xD)။ အစကတော့ စိတ်ဆိုးချင်သလိုလိုဖြစ်ပေမယ့် နောက်ပြန်တွေးကြည့်တော့ တကယ်တမ်း အဲ့ဒီကောင်မလေးတွေကို အတုယူသင့်တယ်။ ယောက်ျားလေးဆိုတာ ယုံစားလို့ရတဲ့အရာမှ မဟုတ်တာ (Sorry... I'm telling the truth xD xD)။ တကယ်ချစ်ရင် မျက်စိအောက်က အပျောက်မခံတာ အကောင်းဆုံးပဲ :P

တကယ်လို့များ... တကယ်လို့များ *နှစ်ခါပြန်ပြောသည်* ကန်ဒီတကယ်ချစ်တဲ့လူတွေ့ခဲ့မယ်ဆို အဲ့ကောင်မလေးတွေလို မျက်စိဒေါက်ထောက်ကြည့်နေဖြစ်လိမ့်မယ် ထင်တယ် ဟဟဟ (:P :P)။ စိတ်လေခါစကတော့ စိတ်လေတဲ့ပုံစံအတိုင်း Officially လေတယ် (But I never say LOVE)။ အခုတော့ အဲ့ဒီလေနေတဲ့စိတ်ကို ပြန်ဖမ်းဖို့ ကြိုးစားနေတယ် ^_^ (That doesn't mean I'm loving someone now haha :D)

သနပ်ခါးပန်းတွေ လှလိုက်တာ...


ကောင်းသောညပါ =)

Monday, April 14, 2014

Drama Queen

Happy Thingyan everyone...
ကန်ဒီပြောချင်နေတာတွေ အများကြီးမှ အများကြီးပဲ။ ဒါပေမယ့် အခုက သင်္ကြန်တွင်းဆိုတော့ မနေ့က တိုပါးရိုးသင်္ကြန်အကြောင်းပဲ အဓိကရေးတာကောင်းပါတယ်နော်။ စနေနေ့က Rehearsal နေ့... အဲ့နေ့က ငိုသေးတယ်။ ဒရမ်မာမင်းသမီးဆိုတော့လေ... ထစ်ကနဲရှိ ၀မ်းနည်းတော့တာပဲ။ ဟုတ်တယ်... တီးဝိုင်းကလူတွေက "မန်းတောင်ရိပ်ခို"သီချင်းကို ကန်ဒီတို့အခွေနဲ့တိုက်ထားတဲ့ စည်းချက်အတိုင်း မတီးပေးတော့ က,တဲ့လူတွေက ပေါက်ကရတွေဖြစ်ကုန်ရော။ အဲ့ဒါ စင်ပေါ်မှာအရှက်ကွဲလို့ ၀မ်းနည်းပြီး ငိုတာ ဟီးဟီး(xD)။ အဲ့ဒါ ကန်ဒီ အဲ့သီချင်းကို စိတ်နာလို့ မက,ဘူးလေ။ ကန်ဒီက "ဘူး(ဗူး)"ဆို ဖရုံမသီးဘူး။ အဲ့ဒါကြောင့် အမေဆို အမြဲပြောတယ်။ ခေါင်းအရမ်းမာတယ်တဲ့။

 Rehearsal နေ့...

သူ့လည်း ဘာမှမလုပ်ဘဲ ငိုချင်ယောင်ဆောင်နေတယ်...

အဲ့ဒီ Rehearsal နေ့မှာ ငိုပြီးကတည်းက က,ဖို့စိတ်မပါတော့တာ... တကယ့်နေ့ တခြားသီချင်းတွေ က,တော့လည်း စင်ပေါ်မှာ အမှားတွေချည်း လုပ်တယ်။ ကိုယ့်ဟာကိုယ် "မန်းတောင်ရိပ်ခို"ကို မက,ဘဲနေပြီးတော့မှ ဆရာမကို အားနာတယ်။ ဒါပေမယ့် မက,တာပဲ ကောင်းပါတယ်။ တကယ့်နေ့မှာ ထပ်အရှက်ကွဲရင် အထိမခံရွှေပန်းကန်က ငိုလို့မဆုံးဖြစ်ဦးမယ်။ ကိုယ့်ဟာကိုယ်ငိုပြီးတော့မှ နည်းနည်းကြာတော့ ပြန်တွေးမိတယ်... "ငါတော်တော် ကလေးဆန်တာပဲ" လို့ :P :P

Rehearsal ပဲဆိုပြီး စနေနေ့က ဘာမှပြင်မသွားဘူး... အဲ့ဒါ မျက်နှာပေါ်ဘာမှမရှိလို့ဆိုပြီး ပါးနီတွေ သူတို့လုပ်ပေးလိုက်တာ ရဲပတောင်းခတ်သွားလို့ ကိုယ့်ဟာကိုယ် မနည်းပြန်ဖျက်ထားရတယ်။ နှုတ်ခမ်းနီကလည်း ရဲတွတ်နေတာပဲ >.<




တနင်္ဂနွေနေ့ မနက်(၈)နာရီခွဲလောက် အဲ့ရောက်တယ်။ က,မယ့်စင်နားမှာပဲ နေနေရတော့ ဘာမှမစားရဘူး။ စားဖို့သွားမယ်ကြံတော့ လူတွေကအရမ်းများနေပြီ... နောက် ရေစိုမှာလည်း ကြောက်ရသေးတယ်။ အဲ့ဒါနဲ့ စတုဒိသာ ဘာမှမစားလိုက်ရဘူး။ အထဲကသူငယ်ချင်းယူလာပေးတဲ့ မုန့်လုံးရေပေါ်နဲ့ ကြက်သားသုပ်ပဲ စားလိုက်ရတယ်... သနားစရာ :(





အမှန် သူတို့က မနက်(၅)နာရီခွဲအရောက်လာခိုင်းတာ... မိတ်ကပ်နဲ့ ဆံပင်ပြင်ဖို့လေ။ ကန်ဒီက အားလုံးကိုယ့်ဟာကိုယ်လုပ်မယ်ဆိုပြီး တမင်စောမသွားတာ။ ကိုယ်တိုင်လည်း လုပ်တတ်နေတာဆိုတော့ သူများလုပ်ပေးရင် စိတ်တိုင်းမကျဖို့ များတယ်လေ။ အလုပ်သွားရင်ပဲဖြစ်ဖြစ် အက,တိုက်ရင်ပဲဖြစ်ဖြစ် မျက်နှာပြောင်နဲ့ပဲ သွားနေကြဆိုတော့ ကန်ဒီပြင်တတ်တာ သူတို့မသိကြဘူး ထင်တယ်။ ကိုယ့်ဟာကိုယ် လုပ်လာမယ်ပြောတော့ မယုံသင်္ကာနဲ့ ဟဟ xD


အမေထည့်ပေးလိုက်တဲ့ ချိတ်ထမီနဲ့အကျီလေး လှလား?? အကျီက ကြီးနေတာကို ကိုယ့်ဟာကိုယ် ပြန်သီထားတာ။ တော်တော်သီလိုက်ရတယ်။ အမေ ဘယ်သူ့အတိုင်းနဲ့ မှားချုပ်ပေးလိုက်လဲ မသိဘူး။ တော်သေးတာပေါ့ ပုခုံးက အနေတော်မို့... ပုခုံးပါ ကျနေရင်တော့ ကန်ဒီလည်း မပြင်တတ်တော့ဘူး။

ဗွီဒီယိုနည်းနည်းရိုက်လာတယ်။ စိတ်တိုင်းကျ မပြင်ရသေးဘူး။ ပြန်ပြီးမှ အားလုံးကို ပြမယ်နော်... လောလောဆယ်တော့ ဒီပိုစ့်လေးနဲ့ပဲ ကျေနပ်ပေးပါ ^_^

နှစ်သစ်မှာ လိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေ...

Sunday, April 6, 2014

Allergy

Hello...
ဒီနေ့တော့ ရှည်ရှည်ဝေးဝေး မရေးနိုင်တော့ပါဘူး။ နေလို့မကောင်းဘူး။ အစားမှားလို့လား မသိဘူး... ဟိုနေ့က အန်တယ်။ အန်တာကို အမုန်းဆုံးပဲ... ခံရခက်တယ်(>.<)။ အဖျားလည်း နည်းနည်းရှိတယ်။ အခုလည်း Allergy တွေ ဖြစ်နေပြန်ပြီ။ မနက်ဖြန်ဆေးခန်းသွားရမယ်။ ဘာနဲ့မတည့်ဖြစ်သွားလဲ မသိဘူး။ ဒီနေ့ညနေလောက်ကျတော့ နေနည်းနည်းကောင်းချင်သလိုလိုရှိတာနဲ့ မနေ့ကလည်း အကသွားမတိုက်ဘူးဆိုတော့ ဒီနေ့တော့ အကသွားတိုက်လိုက်ပါမယ်လေဆိုပြီး ကားဂိတ်အထိရောက်သွားသေးတယ်။ ကားဂိတ်ရောက်မှ အသက်ရှုမ၀ဖြစ်လာလို့ အိမ်ပြန်လှည့်လာရတယ်။ ယားတဲ့အနီကွက်တွေ လက်ပေါ်မှာဖြစ်နေတာရယ်၊ နှုတ်ခမ်းရောင်ချင်နေတာရယ်၊ အသက်ရှုမ၀တာရယ်ကို ဆက်စပ်တွေးမိတော့မှ ဒါတစ်ခုခုကို မတည့်လို့ဖြစ်တဲ့လက္ခဏာတွေပဲဆိုတာ ကိုယ့်ကိုကိုယ်သတိထားမိလာတယ်။


ကန်ဒီငယ်ငယ်ကဆို နေမကောင်းဖြစ်ချင်တယ်။ နေမကောင်းဖြစ်ရင် အမေတို့ရဲ့ ဂရုစိုက်မှုပိုရတယ်လေ။ အခုကြီးလာတော့ နေမကောင်းမဖြစ်ချင်တော့ဘူး။ နေမကောင်းဖြစ်ရင် အားငယ်ပြီး ၀မ်းနည်းတယ်။ ဘယ်သူ့မှလည်း အနားမှာ မရှိဘူး :(

အိုကေ အိုကေ... ကန်ဒီညည်းတာနည်းနည်းများသွားပြီ ဟီးးး(xD)။ မနေ့က ပုံပြန်ဆွဲဖြစ်တယ်။ ဒီတစ်ခေါက် ကန်ဒီ့မောင်လေးပုံ။


သူအဲ့မျက်မှန်တပ်ထားရင် တာရာပွကြီးနဲ့တူလို့ ကန်ဒီဆိုအမြဲစတယ်။ ကန်ဒီတို့ဆယ်ကျော်သက်အရွယ်တုန်းက အဲ့တာရာပွကြီးကာတွန်းဆို အရမ်းကြိုက်တာလေ... ရီရလို့။ သင်္ကြန်အတွက် ချိတ်ထမီနဲ့အကျီ အမေက လူကြုံနဲ့ထည့်ပေးလိုက်ပြီတဲ့ (:D)။ ချဉ်ပေါင်ကြော်နဲ့ ငါးကြင်းပေါင်းလည်း ပါတယ်တဲ့ ရှလွတ် (:P)။ ရန်ကုန်ပြန်ရင် ခရမ်းသီးမီးဖုတ်သုပ်စားရမယ်။ အဲ့ဒါကန်ဒီ့အကြိုက်ဆုံး အစားအစာထဲမှာပါတယ်။

ပတ်စ်ပိုစ့်သက်တမ်းတိုးဖို့ Queue No ယူပြီးသွားပြီ။ သံရုံးသွားဖို့လည်း အလုပ်မှာ Leave ယူပြီးသွားပြီ(^_^)။ အဲ... အခုမှ သတိထားမိတယ်။ ကန်ဒီပြန်ရမယ့်ရက်တောင် တဖြည်းဖြည်းနီးလာပြီ။ သင်္ကြန်ပြီးတာနဲ့ အားလုံးအတွက် လက်ဆောင်တွေ ၀ယ်ရမယ်။


မြန်မြန်နေကောင်းပါစေ...
(ကိုယ့်ကိုကိုယ် ဆုတောင်းပေးသည် :P)