Monday, May 26, 2014

Everyone loves to be loved

အခု ည(၁၁)နာရီခွဲတော့မယ်။ အိမ်ပြန်ရောက်တာ မကြာသေးဘူး။ ဒီအပတ်ပိတ်ရက် အလုပ်ရှုပ်တယ် (အလည်လွန်တာ ပြောပါတယ်) အိမ်မှာမနေတော့ စာမရေးနိုင်ဘူး။ ခရီးသွားတဲ့ပိုစ့်က ဓာတ်ပုံတွေထည့်ရမှာနဲ့ ကြာမှာဆိုတော့ နောက်အပတ်မှဖြစ်ဖြစ် ရေးတော့မယ်။ အခုပိုစ့်ကတော့ ဟိုစပ်စပ် ဒီစပ်စပ်ပဲပေါ့။ 


ဟိုစပ်စပ် ဒီစပ်စပ်ဆိုပေမယ့် လောလောဆယ် စိတ်ထဲရှိနေတာတော့ တစ်ခုတည်းရယ်။ ဟုတ်တယ်... ဒီပိုစ့်ကတော့ ရှားရှားပါးပါး ရေးခဲလွန်းတဲ့ အချစ်အကြောင်းပဲဖြစ်လိမ့်မယ်။ မိန်းကလေးတိုင်းလိုလိုမှာ အနည်းနဲ့အများတော့ ကိုယ့်ကိုသဘောကျတဲ့လူဆိုတာ ရှိကြမှာပဲ။ ကန်ဒီသူတို့ကို ပြောနေကျစကားက "Please don't love me"... အဓိက,ကတော့ သူတို့ကိုယ့်အတွက်နဲ့ အချိန်မကုန်စေချင်လို့ပါ။ ဘယ်သူကတော့ ကိုယ့်ကိုချစ်ပါတယ်ဆိုတာကို သဘောမကျဘဲနေမှာလဲ။ ကိုယ့်ကိုဂရုစိုက်တာ မခံချင်ဘဲ နေမှာလဲ။ ဒါပေမယ့် နောက်ဆုံးအဖြေကိုသိသိကြီးနဲ့ စဉ်းစားပေးပါ့မယ် ပြောတော့ရော ဘာထူးမှာလဲ။

ကန်ဒီ့ကို လူတစ်ယောက်က ပြောတယ်။ တခြားသူတစ်ယောက်ကို ချစ်ဖို့မကျန်တော့လောက်အောင် အချစ်တွေအားလုံး သူ့ဆီမှာ ထားခဲ့ပြီလား... တဲ့။ အဲ့ဒီ "သူ"ဆိုတာကြားတိုင်း ခုချိန်ထိ ရင်ထဲဆို့တုန်း။ အမှန်အတိုင်းပြောရရင် ဝေးခဲ့ရတဲ့အကြောင်းကိုလည်း အခုထိအစအနရှာမရဘူး။ သေချာတာကတော့ ခွင့်မလွှတ်နိုင်တာပဲ။ အချစ်ကြီးရင် အမျက်ကြီးတယ်တဲ့... အဲ့စကား မှန်တယ်ထင်တယ်။

တစ်စုံတစ်ယောက်ကို သူ့လောက်ချစ်ကြည့်ချင်ပါသေးတယ် (တွေ့များ တွေ့ခဲ့ရင်)။ အဘက်ဘက်က ပြီးပြည့်စုံလို့ ချစ်သင့်လို့ ချစ်တယ်ဆိုတဲ့အထဲမှာ ကန်ဒီမပါဘူး။ ပါးစပ်ကပြောတော့ အချစ်ဆိုတာကို မယုံဘူး မယုံဘူးနဲ့ ဟဟ xD

အပျိုကြီးဖြစ်ဖို့လမ်း တော်တော်များနေပြီ :P :P

Sleepy Zzzz...
Good Night^^

Sunday, May 18, 2014

♥ Home Sweet Home ♥

I'm Back!!
အလုပ်ပြန်ဆင်းတဲ့နေ့ ကန်ဒီ့ Locker ထဲမှာ ကပ်ထားတာက နောက်ပိုင်းတာဝန်ယူရမယ့်ကိစ္စတွေ ရေးထားတဲ့ List... အမောတောင်ဆို့သွားတယ်။ မနက်ဖြန် Audit ရှိတယ်... ဒါတွေဖတ်ဆိုပြီး စာရွက်ကြီးပေးလို့ ဖတ်ရသေးတယ်။ မနေ့ကကျတော့ Team Building... ကန်ဒီတို့ Polyclinic Branch တွေအားလုံးပေါင်းပြီး ဂိမ်းကစားကြတာ။ အဓိကပေးချင်တဲ့ Message ကတော့ Team work ပေါ့။ ကန်ဒီ့တစ်ပတ်တစ်ခါပဲရတဲ့ ရှားရှားပါးပါး စနေညနေလေး အဲ့ဒါကြီးနဲ့ အချိန်ကုန်သွားတယ် >.<

Ok Ok... Excuse တွေ ရပ်ပြီး လိုရင်းရေးတော့မယ်နော်။ ပြီးခဲ့တဲ့အပတ် တနင်္ဂနွေနေ့က စင်္ကာပူကနေ မနက်အစောကြီး (၈)နာရီလေယာဉ်နဲ့ ထွက်သွားတယ်။ လေယာဉ်ပေါ်မှာကျွေးတဲ့ မနက်စာ တော်တော်ကောင်းတယ်။ ကိုယ်ကဗိုက်ဆာနေလို့လားတော့ မသိဘူး။



ရန်ကုန်အချိန် (၉)နာရီခွဲလောက် ဟိုရောက်သွားတယ်။ အပြန်ကျရင် D form လုပ်ဖို့လိုလားဆိုတာလည်း အဲ့ Immigration က လူကြီးကို တစ်ခါတည်းမေးရတယ် (အရင်ကဆို အဲ့ဒါလိုတယ်လေ)။ ပြီး Luggage သွားယူ... အဲ့မှာဇာတ်လမ်းစ,တာပဲ။ စီးလာတဲ့ဖိနပ်က ပြတ်သွားပါလေရော (>.<)။ အဲ့ဒါနဲ့ အိတ်ထဲက ခေါင်းစည်းကြိုးကိုနှိုက်၊ ဖိနပ်နဲ့ခြေထောက်ကို ပူးစည်း၊ ပြီး "တော်လိုက်တဲ့ငါ"လို့ စိတ်ထဲကကိုယ့်ဟာကိုယ်ပြော၊ ကော့ကော့ကော့ကော့ အမေတို့ဆီလျှောက်သွားတယ် (ဒါ ကန်ဒီရန်ကုန်ဝင်တဲ့ပုံစံ ဟဟ xD)။ အမေတို့နဲ့တွေ့ပြီးတော့ ဖိနပ်ဝယ်ဖို့အရင်ပြောရတာပေါ့။ ကန်ဒီ့ညီမက တော်ဝင်စင်တာရောက်နေတယ်။ သူကကန်ဒီတို့ကို အဲ့လာခဲ့... အဲ့မှာဖိနပ်စုံတယ်ဆိုလို့ သူ့ဆီလိုက်သွားပြီး ဖိနပ်တစ်ရံဝယ်ရတယ်။ အားပါးပါး... ရန်ကုန်မှာ တော်တော်ပူတာပဲ။ ကားတွေကလည်း ပိတ်တယ်။ လှည်းတန်းကုန်းကျော်တံတားကြီး တွေ့ခဲ့ပြီ... အရင်ကမရှိဘူး။



ကန်ဒီ့ရန်ကုန်က အခန်းကျဉ်းကျဉ်းလေး။ ခြေရင်းကအရုပ်ကြီးက ကန်ဒီဆယ်တန်းအောင်တုန်းက အဖေ၀ယ်ပေးထားတာ။ ရန်ကုန်မှာသုံးဖို့ဆိုပြီး မပြန်ခင်နှစ်ရက်လောက်အလို ကိုယ့်ဟာကိုယ်ပဲ ပို့ထားတဲ့ပိုက်ဆံက ကန်ဒီရောက်တဲ့နေ့မှာပဲ အိမ်ကိုလာပို့တယ်။ ငါးထောင်ကျပ်တန်!!... တစ်ခါမှမသုံးဖူးဘူး။ ကန်ဒီထွက်လာတုန်းက အဲ့ဒါမရှိသေးဘူး။ စ,တော့ထုတ်နေပြီထင်တယ်... ဒါပေမယ့်လူတိုင်းလက်ထဲ မရောက်သေးဘူး။


ကန်ဒီ့မှန်တင်ခုံပေါ်မှာတင်ထားတဲ့ ဓာတ်ပုံလေးပြန်ကြည့်ပြီး ကိုယ့်ဟာကိုယ်ရီချင်လို့ (အလယ်က ကန်ဒီ)... အဲ့တုန်းက (၁၀)တန်းထင်တယ်။ ကန်ဒီ့သူငယ်ချင်းနှစ်ယောက်နဲ့ ရိုက်ထားတာ။ ပြန်ခါနီးကျတော့ သူနဲ့ Coffee Circle မှာ တွေ့တယ်။ တွေ့စရာလည်း သူပဲရှိတာကိုးး။ နောက်တစ်ယောက်က ရန်ကုန်မှာမရှိဘူး။ သူ့နဲ့မတွေ့ခင် စိန်ဂေဟာမှာ ပန်းသီးဝင်ဝယ်တော့ အယောင်ယောင်အမှားမှားနဲ့ ပလစ်စတစ်အိတ်လိုက်ရှာနေတယ်။ ဒီမှာလို ငါးလုံးတစ်အိတ်ထုတ်၊ ဘယ်လောက်ဆိုပြီး ပေးရမယ်ပေါ့ ဟဟဟ။ ပြီးမှ ကိုယ့်ဟာကိုယ် စိတ်ထဲကရီပြီး ပန်းသီးတစ်လုံးချင်း ခြင်းထဲကောက်ထည့်ရတယ်။ နောက်တစ်ခု... အိမ်သာဝင်တော့ အရင်ဆုံးရှာမိတာ Tissue... ပြီးမှ သြော်... ဒီမှာ ရေလည်းရှိတာပဲ ဆိုပြီး သတိထားမိတယ်။ ကန်ဒီ စင်္ကာပူစ,ရောက်ရောက်ချင်းတုန်းက စိတ်အညစ်ဆုံးက အိမ်သာမှာ ရေမပေးတာပဲ။ အခု အဲ့ရောက်သွားပြန်တော့ ကိုယ်အရင်ဆုံးရှာမိတာ Tissue ဖြစ်နေတယ်။ သြော်... လူဆိုတာ ကိုယ်နေတဲ့ဝန်းကျင်ကိုလိုက်ပြီး ပြောင်းလဲတတ်တာပဲနော်...


BFF for over 20 years!!

အမေက သူ့ခြံလေးကို ကြွားချင်လို့... အဲ ပြချင်တယ်ဆိုလို့ ခြံထဲလိုက်သွားတယ် (:P)။ အဲ့မှာ ကန်ဒီတို့မနေဘူး။ ခြံကြည့်ပေးတဲ့လူတော့ နေတာပေါ့နော်။ ဒန့်ဒလွန်သီး၊ သရက်သီး၊ သံပရာသီး၊ ခံသီး၊ ဗူးသီး၊ မန်ကျည်းရွက်၊ စံပယ်ပန်း၊ ယုဇနပန်း၊ ညမွှေးပန်း စုံနေအောင် စိုက်ထားတယ်။


သံပရာသီး၊ ခံသီး၊ စံပယ်ပန်း၊ ယုဇနပန်း...

သီဟိုဠ်စေ့၊ ဒန့်ဒလွန်သီး၊ ဗူးသီး၊ သရက်သီး...

သွားဆေးခန်းသွားတော့ ဆရာဝန်က အားလုံးကောင်းတယ်... ဘာမှလုပ်စရာမလိုဘူးတဲ့။ ပြီးတော့ ဦးလေးတွေအိမ်သွားပြီး အာလူးဖုတ်(စကားပြော)တယ်။ ည(၈)နာရီလောက် အိမ်ပြန်ရောက်၊ ရေချိုး ထမင်းစားပြီးတာနဲ့ (၁၀)နာရီလောက်မှာ ရွှေကူသွားဖို့ ကားဂိတ်ကိုဆင်းရတာပဲ။ ခရီးသွားတဲ့ပိုစ့်ကတော့ နောက်မှလာမယ်။ ဒီပိုစ့်မှာ ရန်ကုန်အကြောင်းပဲ ရေးမှာဆိုတော့ အခု (၅)ရက်အလွန် ခရီးကပြန်လာပြီပဲ ထားပါတော့ ^_^


ကန်ဒီ တက္ကသိုလ်ပထမနှစ်တုန်းက ဒိုင်ယာရီ... ဟဟဟ ပြန်ဖတ်ပြီး ရီလိုက်ရတာ။ ဘာတွေလဲ မသိဘူး။ အမယ်... ဂုဏ်ထူးတွေ ဘာတွေရသေးတယ်။ ငယ်ငယ်က စာကြမ်းပိုးမဟုတ်ပေမယ့် စာမေးပွဲဖြေရင် အနည်းဆုံး တစ်ဘာသာဖြစ်ဖြစ်၊ နှစ်ဘာသာဖြစ်ဖြစ် ဂုဏ်ထူးလေးတော့ပါမှ ကျေနပ်တယ်။


မှန်တင်ခုံရှေ့အလှပြင် သမီးမလှချင်... ဟီးဟီး သနပ်ခါးလိမ်းရတာပျော်လို့ အပျော်လိမ်းတာ။ ကန်ဒီက သနပ်ခါးနဲ့ မတည့်ဘူး။ အမြဲလိမ်းရင် အသားတွေခြောက်လာတာ။ တခါတလေဆိုရင်တော့ ရတယ်။ ခရီးကပြန်လာတော့ ကိုးထပ်ကြီးဘုရားနားက မိဘမဲ့ကျောင်းမှာ အရုဏ်ဆွမ်းကြာဇံချက်၊ သင်္ကန်းနဲ့ ကလေးတွေအတွက် လိုအပ်တဲ့ စာရေးကိရိယာတွေ လှူတယ်။


With Mom and Dad...

အရုဏ်ဆွမ်းမနက်အစောကြီး ကပ်ပြီးတော့ ရွှေတိဂုံဘုရားသွားတယ်။ အဲ့နေ့မှာပဲ ပိတောက်တွေ ပွင့်လိုက်တာ... ရန်ကုန်တမြို့လုံး ပိတောက်တွေချည်းပဲ။





မီးပွိုင့်မှာ ပိတောက်ပန်းတွေလိုက်ရောင်းနေတာနဲ့ တစ်ထောင်ဖိုး ၀ယ်လိုက်တယ်... မွှေးနေတာပဲ။ အိမ်ရောက်တာနဲ့ ဘုရားကပ်တယ်။ ပြီးတော့ အိမ်မှာရှိရှိသမျှ လူတွေကို မပန်မနေရ၊ ပိတောက်ပန်းလိုက်ပန်ပေးတယ်။ ကိုယ်တိုင်လည်း ပန်တယ် ဟဟ xD



ပြန်ခါနီး စိတ်မကောင်းစရာကိစ္စက ရောက်လာပြန်တယ်။ ကန်ဒီညီမလေး ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်းဆုံတဲ့နားမှာ ကျောက်တည်လို့ လေဆာနဲ့ ကျောက်ချေရမယ်တဲ့။ သူ့နောက်ဆုံးနှစ်စာမေးပွဲက လာမယ့်အပတ် ဖြေရမှာကို ခုလိုဖြစ်တော့ သူ့ကိစ္စလည်း စိတ်ပူရ၊ ကန်ဒီ့ကိုလည်း လိုက်ပို့ရနဲ့ အဖေနဲ့အမေလည်း မနားရဘူး။ ဒါကတော့ ကြုံတောင့်ကြုံခဲ မောင်နှမတွေ ဆုံတုန်း ရိုက်ထားတာ... ၀မ်းကွဲမောင်လေး၊ ကန်ဒီ့ညီမနဲ့ ကန်ဒီ...


ကန်ဒီ့ညီမအရမ်းပိန်သွားတယ်။ စာတွေပဲ လုပ်ရလို့လား မပြောတတ်ဘူး။ Humm... ကြုံတုန်း စိတ်ထဲမတင်မကျဖြစ်စရာလေးတစ်ခု နည်းနည်းပြောပြလိုက်ဦးမယ်။ ကန်ဒီ့ညီမကျောက်ချေဖို့ကိစ္စ ဆရာဝန်ပြတော့ ၀ိတိုရိယဆေးရုံမှာ သွားပြတယ်။ လေဆာနဲ့ချေရမယ်ဆိုတော့ အဲ့ဒီစက်က အာရှတော်ဝင်မှာပဲ ရှိတာနဲ့ ဆရာဝန်က အဲ့မှာလုပ်မယ်ပေါ့။ မလုပ်ခင်တစ်ရက်အလို အဲ့မှာ လိုအပ်တာတွေ သွားစစ်ရတော့ ကန်ဒီ့ညီမနဲ့ သူ့ကောင်လေးက မေးလိုက်တာ... မနက်ဖြန် Operation ပြီးရင် ဆေးရုံနှစ်ရက်တက်ရမှာဆိုတော့ နေဖို့ အခန်းက ဘယ်လိုလုပ်ရမလဲပေါ့။ အခန်းကြိုယူထားလို့ ရလားလို့ မေးလိုက်တာ အဲ့က ၀န်ထမ်းတွေက အခန်းကြိုယူရအောင် ဒါဟိုတယ်မဟုတ်ဘူး... ပိုက်ဆံရှိတိုင်း ကြိုယူလို့ မရဘူး... စောင့်ချင်ရင်တော့ မနက်ဖြန်မနက်ကတည်းက လာစောင့်။ ဒီမှာ အဆင်မပြေရင် အစကတည်းက ၀ိတိုရိယမှာပဲ သွားတက်ပါလား (၀ိတိုရိယဆေးရုံက ပြောင်းလာမှန်းသူတို့ ဆေးမှတ်တမ်းအရ သိထားတယ်)။ အဲ့လို ပြောလွှတ်လိုက်တယ်တဲ့။ အဲ့ဒါနဲ့ နှစ်ယောက်သား ဒေါပွပြီး ပြန်လာခဲ့ရတယ်။ အခန်းကြိုယူလို့မရဘူးဆိုလည်း ကောင်းကောင်းပြောရင်ရတာကို ဘာလို့အဲ့လိုမျိုးကြီး ပြောလိုက်လဲ မသိဘူး။ လူနာတစ်ယောက်အနေနဲ့တော့ အခန်းကိစ္စဆိုတာ ကန်ဒီဆိုလည်း မေးမှာပဲလေ။


ကံကောင်းချင်တော့ Operation လုပ်ပြီးတာနဲ့ အခန်းရသွားတယ်။ ဒီနေရာမှာ ပြောစရာနောက်တစ်ခုရှိလာပြန်တယ်။ ဘာလဲဆိုတော့ အစက ဆရာဝန်ရော၊ အဲ့ကလူတွေရော ကန်ဒီ့ညီမက ဆေးကျောင်းကဆိုတာ မသိဘူး။ သူဆေးကျောင်းကဆိုတာလည်း သိသွားရော ဆက်ဆံပုံတွေက ချက်ချင်းပြောင်းလဲသွားတယ်ဆိုပဲ ဟဟဟ ဖြစ်ပုံ။ အမေကဆို ကန်ဒီတို့ကို အမြဲပြောတယ်။ ကိုယ်ဘာဆိုတာ၊ ကိုယ့်မိဘ ဘာဆိုတာ ပြောပြတတ်တဲ့အကျင့် ရှိရတယ်။ တချို့နေရာတွေမှာ လိုအပ်တယ်။ ဒါအပိုအလုပ်တွေ မဟုတ်ဘူးတဲ့။ ဒီနေရာမှာ အမေပြောတာ မှန်တယ်ပြောရမယ်။ အဲ... အမေပြောတာ အမြဲမှန်ပါတယ် :P :P

ခုနကကျောက်ကိစ္စဆက်ရရင် ပိုစိတ်မကောင်းစရာ သိလိုက်ရတာက သူ့ကျောက်ကပ်မှာမွေးရာပါ အဆို့တွေပါနေလို့ ကျောက်ဖြစ်တာလို့ ဆရာဝန်ကပြောတယ်။ အဲ့ဒါကို စာမေးပွဲပြီးမှ ခွဲရမယ်တဲ့။ နှလုံးမှာလည်း အပေါက်ဖြစ်နေတယ် ပြောတယ် (>.<)။ အမေနဲ့အဖေက နေကောင်းပြီး အငယ်ဆုံးသူက အဲ့လိုဖြစ်နေတယ်။

အမေကလည်း ကန်ဒီနဲ့ ဒီမှာရှိတဲ့ညီမနဲ့ကို PR လျှောက်ဖို့ချည်းပြောနေတယ်။ နှစ်ယောက်လုံး PR ရရင် အိမ်ဝယ်တဲ့။ အိမ်လခပေးရတာ မသက်သာဘူးတဲ့။ သူပြောတာလည်း ဟုတ်ပါတယ်။ ဒီလအတွက် အိမ်လခဘယ်လောက်ပေးလိုက်ရလဲ သိလား?!?! အိမ်ကလူနှစ်ယောက်ဆင်းသွားတော့ ကန်ဒီတို့ရှိတဲ့သုံးယောက်တည်းပေးရတာ တစ်ယောက် SGD 700 SGD 700!! (>.<)။ နောက်လ လူအသစ်ရပါစေ ဆုတောင်းရမယ်။ ကန်ဒီ့ညီမ လူရောရှာရဲ့လား မသိဘူး။ သူစာမေးပွဲပြီးကတည်း ထုံးစံအတိုင်း အိမ်မှာမတွေ့ရတော့ဘူး (-.-')။

OK...တော်သင့်ပြီ။ ပိုစ့်လည်း တော်တော်ကြီးရှည်နေပြီ။
တာ့တာ...

Thursday, May 8, 2014

Ready to fly

3rd May 2014
Helloooo everyone!!!!
အဲ့လို နှုတ်ဆက်တဲ့ပုံကိုက တက်ကြွနေတာ။ တက်ကြွဆို မနက်ဖြန်သွားဖို့ အားလုံး ပြင်ဆင်ပြီးသွားပြီ... ဟူးး မောတာ။ အခု ကင်မရာတွေ အားသွင်းနေတယ်။ မနက်ကျ အစောကြီးထ,ရမယ်... လေယာဉ်က ၈နာရီလောက် ထွက်မှာ။


လိုက်ပို့မယ့်လူလည်း မရှိတော့ အများကြီး မသယ်နိုင်ဘူး... ဒီလောက်ပဲကောင်းတယ် (^_^)။ ခရီးသွားဖို့ကို အမေတို့ ဘယ်လိုစီစဉ်ထားလဲ မသိဘူး။ အဲ့ဘက်က လိုင်းမကောင်းလို့ သူတို့နဲ့ စကားမပြောရသေးဘူး။ အစကတော့ မနက်ဖြန်မနက်ရောက်ရင် ညဘက်သွားမယ်ပြောတာပဲ။ သွားဆေးခန်းပြဖို့လည်း ပြောထားသေးတယ်။ အရင်ပြနေကျဆရာဝန်ဆီမှာပဲ Book လုပ်ပေးထားတယ်တဲ့။ ဘာမှဖြစ်လို့တော့ မဟုတ်ပါဘူး။ ဆေးခန်းမပြတာအရမ်းကြာတော့ ဒီတိုင်းသန့်ရှင်းရေးလုပ်ဖို့ပဲ။ ကန်ဒီငယ်ငယ်ကတည်းက သွားဆရာဝန်ဆို အရမ်းကြောက်တာ။ ကန်ဒီသိပ်မကြောက်တဲ့ သွားဆရာဝန်ဆိုလို့ အဲ့ဆရာဝန်ပဲရှိတယ်။ သဘောလည်းကောင်းတယ်။ 


အဖေနဲ့ အမေအတွက် လက်ဆောင်ဆိုတာ ဒါလေးလေ။ Massage လုပ်တဲ့ဟာလေး။ Vivo City, Giant က ၀ယ်လာတာ။ Discount လည်းရှိနေတော့ ပိုတန်တယ်။ ပုံမှန်ဈေးက SGD 100 ကျော်တယ် ထင်တယ်။ အဲ့ဒါကို SGD 70 နဲ့ရခဲ့တယ်ဆိုတော့ မဆိုးပါဘူး။ Design ကတော့ ကန်ဒီ့စိတ်ကြိုက်ရွေးထားတာ... Hello Kitty :P :P


ဒီရက်ပိုင်း နားထောင်ဖြစ်နေတဲ့ Album က Romanson Milestone 13... သီချင်းတော်တော်များများ ကောင်းတယ်။ ခက်တာက ဒေါင်းလို့မရဘူး (>.<)။ ပုံဆွဲရင်း သီချင်းနားထောင်ရတာကို သဘောကျတယ်။


Happy Birthday to Me!! ဒီနှစ်လည်း ဘတ်ဒေးကိတ်ရတယ် (:D)။ အဲ့လိုမျိုးတွေရရင် ပျော်ပေမယ့် ကိုယ့်အတွက် သူများတကူးတကလုပ်ပေးရတယ်ဆိုပြီး အားလည်းနာတယ်။ အဲ့လိုလုပ်ပေးတာနဲ့ရော ထိုက်တန်ရဲ့လားဆိုတဲ့ အတွေးလည်းဝင်တယ်။ စာဖတ်တဲ့သူတွေကတော့ "ပျော်စရာရှိတာ မပျော်ဘဲ ဘာတွေတွေးနေတာလဲ"ဆိုပြီး တွေးနေမလားပဲ။ ကန်ဒီ့အတွေးတွေက တခါတလေ အဲ့လိုပဲ -.-'



ဒီပိုစ့်ကို ကန်ဒီမရှိတဲ့အချိန်မှ တက်ဖို့ Schedule လုပ်ခဲ့မယ်နော်။ ကန်ဒီပြန်သွားတုန်း ပိုစ့်အသစ်မတက်ရင် ပျင်းနေကြမှာ စိုးလို့ (:P)။ ၁၂နာရီခွဲတော့မယ်။ အိပ်ပြီ...

Good Night!!