Sunday, June 29, 2014

ဝါဆို

Hello...
တနင်္ဂနွေပိတ်ရက် ရောက်လာပြန်ပြီ။ တပတ်တပတ်က မြန်လိုက်တာ။ ဒီလိုနဲ့ အသက်တွေကြီးး ကြီးးးလာတယ်။ ဟဟ... စာဖတ်တဲ့လူတွေတော့ ကန်ဒီတရားပေါက်သွားပြီ ထင်နေဦးမယ်။ သတင်းကောင်းရှိတယ်။ အိမ်မှာ လူရသွားပြီ။ Yayyy... တစ်လ SGD 700 ဘ၀က လွတ်သွားပြီ (:P :P)။ လူရှာရတာလည်း တော်တော်မလွယ်တာပဲ။ နှစ်လလား၊ သုံးလလား မသိဘူး... (၇၀၀)ပေးလိုက်ရတယ်။ ရန်ကုန်လည်းပြန်လိုက်သေးတာဆိုတော့ ပြီးခဲ့တဲ့လက ပိုက်ဆံတော်တော်ကုန်တယ်။

မနေ့ကပဲ အဲ့ဒီအစ်မတွေ ပြောင်းလာတာ... သူတို့မလာခင် အိမ်သန့်ရှင်းရေးလုပ်ရတယ်၊ ပင်ပန်းတာ (>.<)။ ကန်ဒီ့ညီမနဲ့ အခန်းဖော်ကလည်း မြန်မာပြည်ပြန်သွားကြတော့ ခုအိမ်မှာ ကန်ဒီနဲ့ အသစ်ရောက်လာတဲ့အစ်မနှစ်ယောက်နဲ့ သုံးယောက်တည်းရယ်။


ဒီပုံလေးကြိုက်လို့... ကန်ဒီဆွဲတာမဟုတ်ဘူး။ သူများဆွဲပေးထားတာ... ကာတွန်းလိုမျိုးလေး။ အဲ့ဒါမျိုးမဆွဲတတ်ဘူး။ စနေနေ့ အလုပ်ကအပြန် ဘဏ်သွားပြီး Passport အသစ် နံပါတ်ပြောင်းတာ Update သွားလုပ်တယ်။ Passport သက်တမ်းတိုးထားတာက လွန်ခဲ့တဲ့ သုံးလလောက်ကတည်းက... ခုမှ သွား Update လုပ်ဖြစ်တယ် (xD)။ ပြီး နေ့လည်စာကို MOS Burger မှာ စားတယ်။ ကန်ဒီက ဘာဂါမကြိုက်တတ်တဲ့လူ... ဒါပေမယ့် MOS Burger က ဘာဂါတွေတော့ ကြိုက်တယ်။ Mc Donald နဲ့ တခြားစီပဲ။ ဈေးလည်းနည်းနည်း ပိုကြီးတယ်။ Rice Burger တွေလည်း ရှိတယ်။


အမြဲတမ်းတစ်ယောက်တည်း သွားလာနေရတာ တခါတလေအထီးကျန်သလို ခံစားရတယ်။ စားတော့လည်း တစ်ယောက်တည်းပဲ။ ငိုချင်ရဲ့လက်တို့ပါဆိုမှ အလုပ်မှာလည်း ကန်ဒီ့ထမင်းစားချိန်က ပြောင်းသွားတယ်။ နေ့လည်(၂)နာရီမှ တစ်ယောက်တည်းသွားစားရတယ်။ ကန်ဒီငယ်ငယ်တည်းက တစ်ယောက်တည်း ထမင်းစားရတာ မကြိုက်ဘူး။ ဒါပေမယ့် အမြဲလိုလို တစ်ယောက်တည်းပဲ စားရတယ်။ အဖေနဲ့အမေနဲ့က (၇)နာရီကိုးရီးယားကားကြည့်ရင်း တီဗွီရှေ့ထမင်းယူပြီး စားတတ်တယ်။ ကန်ဒီက ထမင်းကို ထမင်းဝိုင်းမှာပဲ သိုက်သိုက်ဝန်းဝန်း စားရတာ ကြိုက်တယ်။ အဲ့ဒါကြောင့် ဦးလေးတွေအိမ်သွားရင် ပျော်တယ်။ ဦးလေးတစ်ယောက်မဟုတ် တစ်ယောက်ကတော့ ကန်ဒီနဲ့ထမင်းတူတူ စကားတပြောပြောနဲ့ စားပေးတယ်။


သတင်းစာမှာပါလာတဲ့ ဒီသတင်းနဲ့ပက်သက်ပြီး Pharmacist တွေ တော်တော်ပေါက်ကွဲနေကြတယ်။ ကန်ဒီတို့ (၄)နှစ်တက်မှရတဲ့ဘွဲ့ကို ပုဂ္ဂလိကဆေးရုံတွေက Diploma လက်မှတ်အနေနဲ့ ပေးနိုင်အောင်လုပ်မယ်ဆိုတော့ ပေါက်ကွဲချင်လည်း ပေါက်ကွဲစရာပါ။ တစ်ခုရှိတာက သူတို့ပြောနေတဲ့ "ဆေးဘက်ဆိုင်ရာဘွဲ့"ဆိုတာ "Pharmacy" ဆိုတဲ့ "ဆေးဝါးဘွဲ့"လိုမျိုးလား... ဒါမှမဟုတ် "Paramedical" ဆိုတဲ့ "ဆေးဘက်ဆိုင်ရာနည်းပညာဘွဲ့"လိုမျိုးလားဆိုတာ သတင်းထဲမှာ မရှင်းလင်းဘူး။ ကြာရင် ကန်ဒီတို့တက်ခဲ့တဲ့ "University of Pharmacy" ဆိုတာကြီးလည်း ကွယ်ပျောက်သွားလောက်တယ် (>.<)။ နောက်တစ်ရက်ကြတော့ ကန်ဒီ့သူငယ်ချင်းတစ်ယောက်က ဆေးဝါးမဟာသိပ္ပံဘွဲ့လွန်သင်တန်းအတွက် လျှောက်လွှာတွေ တင်နိုင်ပြီဆိုတဲ့ သတင်းလေးရှယ်ထားတော့ ကန်ဒီကွန်မန့်ပေးမိတာက "Don't bother anymore. Our role becomes less and less. Even if you finish Master, you might work the same role with diploma holder -.-"


မနေ့က ဘာရယ်မဟုတ်ဘူး... အပျင်းပြေ ဆံထုံးထုံးကြည့်တာ(:D)။ ပွဲလမ်းသဘင်သွားမယ်ဆို ဗမာဝတ်စုံဝတ်ပြီး ဆံပင်ကြီးဖားလျားချထားရင် မလှဘူးလေ။ တစ်ခါမှတော့ အဲ့လို Formal ဆံထုံးထုံးပြီး အပြင်မသွားဖူးဘူး။ အဲ့ဒီဆံထုံးက လုပ်ရအရမ်းလွယ်တယ်။ နောက်မှအားရင် ဆံထုံးထုံးနည်းရေးရမယ်။ Beauty ပိုစ့်တွေ မရေးတာလည်း ကြာာာလှပြီ။


ကန်ဒီ့ ဒီယုန်လေးကို မကြွားရသေးလို့... မွေးနေ့တုန်းက အလုပ်ကသူငယ်ချင်းတွေ လက်ဆောင်ပေးထားတာ။ ကန်ဒီကြိုက်တဲ့ Holland Lop လေး... အရမ်းချစ်ဖို့ကောင်းတယ်... ဖက်လို့လည်း ကောင်းတယ်။

မနေ့က ကိုလေးဖုန်းဆက်တယ်... "တနင်္ဂနွေနေ့ ၀ါဆိုသင်္ကန်းကပ်ပွဲရှိတယ်... ၀ါဝင်တော့မှာဆိုတော့ သင်္ကန်းလှူ ရအောင် ဇာလေး အားလား"တဲ့။ ကန်ဒီ့ကို "ဇာလေး (သို့) ဇာ"လို့ ခေါ်တာ သူတစ်ယောက်တည်းရှိတယ်။ ကန်ဒီက "မတွေ့တာကြာာာာလှပြီ" ဆိုတော့ "ကိုယ့်ညီမတွေက လိမ္မာတော့ ကြည့်စရာမလိုဘူးပေါ့"တဲ့။ အမှန်က သူ့ဟာသူ သူ့ကောင်မလေးနဲ့ မအားလို့နေမှာ... မသိရင် ခက်မယ် ဟင်းဟင်း =.='




မိုးရွာနေတာနဲ့ Boon lay ထိ ရထားစီးပြီး အဲ့ကနေပဲ Taxi ငှားသွားလိုက်တယ်။ ဟိုကို မနက်(၁၀)နာရီခွဲလောက်ရောက်သွားတယ်။ ဘုရားရှိခိုး၊ တရားနာ၊ သင်္ကန်းကပ်ပြီး မုန့်စားမယ်ဆိုပြီး အပြင်ထွက်လိုက်တော့ ဘာမှမကျန်တော့ဘူး >.<

ဒီပုံလေးကြိုက်တယ်... သဘာဝကျလို့။ ယုံ မယုံတော့ မသိဘူး... 
ကိုလေးက ကန်ဒီ့ထက် (၈)နှစ်ကြီးတယ်။ မထင်ရဘူးမလား ^_^


ဇူလိုင်လ(၁၃)ရက်နေ့ကျရင် Topayoh ဘုန်းကြီးကျောင်းမှာ ၀ါဆိုသင်္ကန်းကပ်ပွဲရှိတယ်လို့ ပြောတယ်။ စာမေးပွဲက (၁၇)ရက်နေ့ဆိုတော့ ကန်ဒီသွားဖြစ်မယ်မထင်ဘူး။ စာမေးပွဲကနီးလာပြီ... စာလည်းကောင်းကောင်းမလုပ်ရသေးဘူး။ ရှေ့အပတ်ကစပြီး စာစ,လုပ်ရမယ်...

Good Night^^

Sunday, June 22, 2014

ရွှေကူ (၁)

ဒီနေ့တော့ ခရီးသွားပိုစ့်လေးပဲ ရေးမယ်နော်။ ပြီးခဲ့တဲ့ပိုစ့်မှာ မန္တလေးရောက်နေပြီဆိုတော့... မန္တလေးကနေ ခရီးဆက်ရအောင်။ မန္တလေးကနေ ညနေ(၄)နာရီလောက် ကားစ,စီးတာ ရွှေကူကို မနက်(၂)နာရီခွဲလောက် ရောက်သွားတယ်။ ကားကတော့ ရန်ကုန်-မန္တလေးကားတွေလောက် မကောင်းဘူး။ ဒါပေမယ့် သူလည်းအဲကွန်းပါတယ်ဆိုတော့ တော်သေးတယ် ပြောရမယ်။ ဟိုးးးး အရင်တုန်းက ရွှေကူဘက်ကိုသွားတဲ့ကားတွေဆို တော်တော်စုတ်တာ(:P)။ အဲကွန်းမပါ ဖုန်တထောင်းထောင်းနဲ့ စီးကြရတယ်။ အခုအများကြီးတိုးတက်လာတယ် ပြောလို့ရတယ်။ ဒါပေမယ့် အဲ့ဘက်သွားတဲ့ အဲကွန်းကားအရေအတွက်ကတော့ အရမ်းနည်းသေးတယ်။ ရွှေကူဆိုတာ ကချင်ပြည်နယ်ထဲက မြို့သေးသေးလေးတစ်ခုပါ။ ကန်ဒီ့အဖေရဲ့ဇာတိပေါ့။

မနက်အစောကြီးရောက်သွားတော့ ရေချိုးပြီး ပြန်အိပ်တယ်။ ကန်ဒီတို့ကို လောလောဆယ်လူမနေတဲ့အိမ်မှာ လွတ်လွတ်လပ်လပ်နေလို့ရအောင် သက်သက်စီစဉ်ပေးထားတယ်။ ကန်ဒီတို့တည်းတဲ့အိမ်ကအရင်တုန်းက အဖေတို့နေခဲ့တဲ့နေရာတဲ့... အိမ်ရှေ့တည့်တည့်မှာ ဧရာဝတီမြစ်ကြီးရှိတယ်။ ဒါပေမယ့် မျက်နှာချင်းဆိုင်အိမ်တွေက ကွယ်နေတော့ မြစ်ကိုသိပ်မမြင်ရဘူး။


အဘွားတို့အိမ်ကနေဆိုရင်တော့ ဧရာဝတီမြစ်ကြီးကိုကောင်းကောင်းမြင်ရတယ်။ မြစ်က အဘွားတို့အိမ်အနောက်ဘက်မှာ... ထင်းပုံကြီးဘေးမှာ မြစ်ကိုကြည့်တဲ့ View Point လို တဲလေးထိုးထားတယ်။



မနက်စာက မုန့်လိပ်ပြာ၊ မုန့်ဗိုင်းတောင့်၊ ပဲပြုတ်၊ ငှက်ပျောသီးကောက်ညှင်းထုပ်၊ ခေါ်ပြင်နဲ့ လက်ဖိတ်ရည်။ ခေါ်ပြင်ဆို စီးပိုင်နေတာပဲ။ ရန်ကုန်မှာ မရှိဘူး။ အရမ်းစားကောင်းတယ်။



မနက်စာစားပြီးတော့ ဘုန်းကြီးကျောင်းသွားကြတယ်။ ကန်ဒီတို့တွေ ပါဝင်ကုသိုလ်ယူထားတဲ့ ဒီကျောင်းတိုက်အသစ် စ,ဆောက်နေပြီ။ ကန်ဒီက အခန်းတခန်းလှူ ထားတယ်။



အစက ဒီအစ်မတို့အိမ်မှာတည်းဖို့ စီစဉ်ထားတာ။ အဘွားက သူ့အိမ်နားမှာပဲနေပါ ဆိုတာနဲ့ အဘွားတို့အိမ်နားရောက်သွားတယ်။ နေ့လည်စာကို သူ့ဆီမှာစားပါ အတင်းခေါ်တာနဲ့ အဲ့အစ်မအိမ်မှာ နေ့လည်စာသွားစားကြတယ်။ ကန်ဒီတို့သွားတဲ့အချိန်က ဟင်းပျင်းသီးပေါ်နေတဲ့အချိန်ဆိုတော့ ဘယ်အိမ်မှာထမင်းသွားစားစား အဲ့ဒီဟင်းကတော့ အမြဲပါတယ်။ ကန်ဒီလည်း တစ်ခါမှ မစားဖူးဘူး။ ဒါပထမဆုံးစားဖူးတာပဲ။ စိမ့်စိမ့်လေးနဲ့ စားလို့ကောင်းတယ်။



အမျိုးတွေအိမ် တအိမ်ဝင် တအိမ်ထွက်လိုက်လည်ရလို့ ပင်ပန်းတာထက် သူတို့ကျွေးတာတွေစား၊ ဗိုက်ကြီးတင်းပြီး မအီမလည်ဖြစ်နေတာက အဓိကပြသနာ ဟဟဟ(xD)။ အဲ့ဒီမရမ်းသီးဆို အရမ်းကြိုက်တယ်။ သူတို့က ငပိရယ်၊ ဂျင်းရယ်၊ ငရုတ်သီးရယ်နဲ့ နယ်ထားတယ်။ ဂျင်းနံ့သင်းသင်းလေးနဲ့ စားလို့ကောင်းတယ်။



အမှန်အတိုင်းပြောရရင် ဘယ်သူက ဘယ်လိုတော်မှန်းလည်း မသိတော့ဘူး။ အဖေ့မှာ ၀မ်းကွဲမောင်နှမတွေက နည်းတာမဟုတ်ဘူး။ သူတို့ကမွေးတဲ့ကလေးတွေကလည်း အများကြီးပဲ။ ကန်ဒီသေချာသိတာ အဘွားလေးတို့ပဲ ရှိတယ် xD

ဒီကလေးလေး အရမ်းချစ်ဖို့ကောင်းတယ်။ ကလေးချီချင်ပေမယ့် မချီတတ်ဘူး။ အချီမတတ်ရင် ကလေးနာမှာစိုးလို့ မချီဘူး။ ပေါင်ပေါ်တင်ကြည့်တာတောင် ကိုယ်ကိုင်လိုက်မှကလေးက ပိုးလိုးပက်လက်တွေဖြစ်ကုန်လို့ xD xD ဒါလည်း မငိုဘူး သူက ^_^

သူ့အဘွားနဲ့...


တို့ဖူးပျော့သုပ်... သူတို့ဆီက တို့ဖူးသုပ်က အဲ့လိုပုံစံ။ စားလို့ကောင်းတယ်။ အနောက်က ပန်းကန်က ပဲထိပ်စုသုပ်။ ပူစီနံအရွက်နံ့လေးနဲ့ မွှေးနေတာပဲ။ ဒါတွေက ရန်ကုန်မှာမရတဲ့ အစားအစာတွေ... ပြောရင်းတောင် သရေကျလာပြီ။


နောက်တစ်ရက်ကျတော့ ဥဒေါင်းတောင်ကို အစောကြီးသွားမယ်ဆိုကာမှ လေတွေမိုးတွေကျနေလို့ လေငြိမ်အောင် အရင်စောင့်ရတယ်။ ကားနဲ့သွားလို့ရပေမယ့် ဧရာဝတီမြစ်ရိုးတလျှောက် ရှုခင်းတွေကြည့်ရင်း စက်လှေနဲ့ပဲသွားချင်လို့လေ။ မိုးစစ်ကဦးလေးက ကန်ဒီတို့ကို စက်လှေနဲ့လာခေါ်တယ်။ အဘွားလေးနှစ်ယောက်ရှိတာ တစ်ယောက်က ရွှေကူမြို့ဘက်မှာနေတယ်။ တစ်ယောက်က မိုးစစ်ဆိုတဲ့ရွာလေးမှာနေတယ်။ မိုးစစ်ကိုသွားချင်ရင် စက်လှေနဲ့သွားရတယ်။ ရာသီဥတုက မိုးဖွဲဖွဲလေးတွေကျနေတော့ အေးတယ်။


အဲ့ဒီဦးလေးစက်လှေနဲ့ ရွှေကူဘက်ကရော၊ မိုးစစ်ဘက်ကရော ရှိသမျှအမျိုးတွေ လှေပေါ်တင်ပြီး ဥဒေါင်းတောင် သွားကြတယ်။ မိုးစစ်မှာစက်လှေခဏရပ်နေတုန်း မောင်းတဲ့နေရာမှာ ၀င်ရိုက်ထားတာ xD



ကန်ဒီ့ရဲ့ Tour Guide နှစ်ယောက်။ "အစ်မ ဒါက ကျွန်းတော်ဘုရား... ခဏနေ ဒုတိယမြစ်ကျဉ်းကို ရောက်တော့မှာ... ဒါက ကြက်တူရွေးနှုတ်သီး... ဒါကနတ်မျက်နှာတောင်" အကုန်ပြောပြပေးတယ်။ ကန်ဒီနဲ့ မောင်နှမတော်တာ...


ဟိုးးး အဝေးကမြင်နေရတာက ဧရာဝတီရဲ့ ဒုတိယမြစ်ကျဉ်း...



ကြက်တူရွေးနှုတ်သီး... ကြက်တူရွေးရေသောက်ရင် လှိုင်းတွေဝဲတွေကြီးတယ်ဆိုပြီး အယူရှိကြတယ်။ အဲ့ဒီနှုတ်သီးထိအောင် ရေတက်ရင် လှေတွေဘာတွေ မသွားသင့်ဘူးတဲ့။

ဒီနေ့တော့ ဒီလောက်ပဲနော်...
ပုံတွေအရမ်းများနေပြီ။ နောက်ပိုစ့်မှ ဆက်မယ် ^_^

Sunday, June 15, 2014

Sympathy

Good Morning...
ဒီနေ့တနင်္ဂနွေနေ့... မနက်(၉)နာရီခွဲမှ အိပ်ယာပေါ်ကထတယ်။ ပေါင်မုန့်မ၀ယ်ထားမိတော့ စားစရာမရှိဘူး။ ကော်ဖီတစ်ခွက်ပဲ ဘေးချထားတယ်။ သက်သတ်လွတ်နေ့ဆိုတော့ နေ့လည်စာနဲ့ ညစာကို လက်ဖက်နဲ့ထမင်းပဲစားဖြစ်လိမ့်မယ်။ မနေ့ကလောလောလောလောနဲ့ပြန်လာတော့ ဘုရားပန်းကလွဲပြီး စားဖို့ဘာမှမ၀ယ်လာမိဘူး >.<


မနေ့ကအကြောင်းပြောရရင် စိတ်မောတယ်။ မနေ့က ဒီကိုခဏရောက်နေတဲ့ ကျောင်းတုန်းကသူငယ်ချင်းတစ်ယောက်နဲ့ ကန်ဒီတို့သူငယ်ချင်းတွေစုပြီး သွားတွေ့ကြတယ်။ Nando's မှာ နေ့လည်စာစားဖို့ ကန်ဒီပဲရွေးလိုက်တယ်။ ကန်ဒီကြိုက်တဲ့စားသောက်ဆိုင်တွေထဲမှာ Nando's လည်းပါတယ်။ အမှန်အတိုင်းပြောရရင် ကန်ဒီ့ပိုက်ဆံတော်တော်များများက စားတာနဲ့ ကုန်တာ(-.-')။ အဲ့ဒီသူငယ်ချင်းပြန်သွားတော့ ကျန်တဲ့သုံးယောက်သား Coffee Bean မှာ ကော်ဖီဆက်သောက်ရင်း အေးအေးဆေးဆေး အာလူးဖုတ်နေကြတယ်။


စကားပြောလို့ကောင်းတုန်းပဲ ရှိသေးတယ်။ ကန်ဒီနဲ့အရမ်းမရင်းနှီးတဲ့ ကန်ဒီ့သူငယ်ချင်းတစ်ယောက်ရဲ့အသိဆီက ဖုန်းဝင်လာတယ်။ ဘာကိစ္စများလဲဆိုပြီး ဖုန်းကိုင်လိုက်တော့ ကန်ဒီ့သူငယ်ချင်း Paracetamol (၁၈)လုံး သောက်ထားတယ်... အဲ့ဒါသူ့ဆီသွားနေတယ်လို့ပြောတော့ ကန်ဒီကလည်း ဒါဆိုအခုလာခဲ့မယ်ဆိုပြီး ချက်ချင်းထ,သွားရတာပေါ့။ မတော်လို့ တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ? Paracetamol က တနေ့(၈)လုံးပဲ အများဆုံးသောက်ရတာ။ ကန်ဒီနဲ့တူတူထိုင်နေတဲ့ သူငယ်ချင်းဆီမှာ Charcoal ပါတယ်ဆိုတာနဲ့ အဲ့ဒါလည်း လိုရမယ်ရယူသွားတယ်။ Charcoal က ကန်ဒီတို့အစားမှားပြီး ၀မ်းလျောရင် သောက်ရတဲ့ အဆိပ်စုပ်ပေးတဲ့ဟာမျိုးလေ... တခြားဆေးတွေနဲ့တွဲသောက်ရင် အဲ့ဒီဆေးတွေရဲ့အာနိသင်ကိုလည်း လျော့ကျစေတယ်။ နည်းနည်းလေးပဲဖြစ်ဖြစ် အကူအညီဖြစ်လိုဖြစ်ငြားပေါ့...

မနေ့ကတညနေလုံး အဲ့ဒါနဲ့ အလုပ်ရှုပ်နေတယ်။ ဘာလို့များ အဲ့လောက်အများကြီးသောက်ပစ်ရတာလဲ? ကိုယ့်ကိုကိုယ်သတ်သေချင်တာလား?? WHY?!?! ကန်ဒီထင်တာတော့ အချစ်ရေးကိစ္စပဲ(-.-)။ အဲ့လောက် Serious ဖြစ်စရာလိုလို့လား (>.<)။ ကိုယ့်အမေက ကိုယ့်ကိုမွေးထားရတာ လွယ်တာမဟုတ်ဘူး။ အဲ့ဒီလူက ကိုယ့်မိဘထက် ပိုအရေးပါနေလို့လား?? ဘယ်လိုအခြေအနေမျိုးနဲ့ကြုံကြုံ ကိုယ့်ကိုကိုယ်သတ်သေဖို့တော့ မစဉ်းစားကြပါနဲ့(>.<)။ ဒါ အရမ်းပျော့ညံတဲ့လုပ်ရပ်ပဲ။ တစ်ခါလဲကျရင် တစ်ခါပြန်ထ... လဲကျတဲ့အခေါက်တိုင်းက ကိုယ့်ကိုပြန်ထတတ်အောင် သင်ပေးလိမ့်မယ်။

ပြီးခဲ့တဲ့အပတ်က "Maleficent" သွားကြည့်တယ်။ အရမ်းကြိုက်တယ်။ မကြည့်ရသေးတဲ့လူတွေ သွားကြည့်သင့်တယ်နော်။ Maleficent က မင်းသမီးလေးကို အဲ့လိုကျိန်ခဲ့တာ သူကိုယ်တိုင်က အချစ်စစ်ဆိုတာ တကယ်မရှိဘူးလို့ ယုံကြည်ခဲ့လို့ပဲ။ ကန်ဒီ့လိုပေါ့ ဟဟ(xD)... ရှိကောင်းရှိမယ် အရမ်းရှားပါတယ်။


ဒီတပတ်ပုံဆွဲဖြစ်တယ်။ Soft pastel နဲ့ပဲ... ဆွဲပြီးရင် လက်တွေအရမ်းညစ်ပတ်တယ်။ နောက်ပြီး ကိုယ်ဆွဲထားတဲ့အတိုင်းမနေဘူး။ အရောင်တွေကို နည်းနည်းလေးတွန်းမိတာနဲ့ ညစ်ပတ်ပြီး ပျံ့ကုန်ရော... ဆွဲပြီးရင် ဖြန်းတဲ့ဟာနဲ့ဖြန်းမှ သူ့အတိုင်းနေမှာတဲ့... ကန်ဒီ့မှာအဲ့ဒီဖြန်းတဲ့ဆေးမရှိဘူး :(

ဒီရက်ပိုင်း Facebook ကြည့်ရတာ စိတ်မချမ်းသာဘူး။ ကန်ဒီ ဒီမှာပြောရင် ကန်ဒီ့ကို ၀ိုင်းမုန်းကြဦးမယ်။ လူတွေဟာ ရှုံ့ချပြစ်တင်ဖို့ဆိုတာ အရမ်းလွယ်တာပဲ။ အလကားရလို့များလား?? ကိုယ်သေချာသိတဲ့ကိစ္စလည်း မဟုတ်ဘူး။ သူများ Personal ကိစ္စ၊ ကိုယ်နဲ့လည်း မဆိုင်ဘူး... အနေသာကြီး။ အဲ့ဒါကို တည့်တည့်တစ်မျိုး၊ သွယ်ဝိုက်ပြီးတစ်ဖုံ စတေးတပ်တွေ ရေးကြတာ ရေးကြတာဆိုတာ ကန်ဒီကလိုက်ဖတ်ပြီး သူတို့ ဒီလိုတွေရေးနေတာ "ငါသာ ဒီကောင်မလေးနေရာမှာဆိုရင်..." ဆိုတဲ့ အတွေးမျိုးရှိကြရဲ့လားလို့ စဉ်းစားမိတယ်။ ဒီလိုစတေးတပ်တွေရေးလို့ ဘယ်သူအကျိုးရှိလဲဆို ဘယ်သူမှအကျိုးမရှိဘူး။ သူတပါးထိခိုက်ပြီး စိတ်မကောင်းဖြစ်ရတာပဲ ရှိတယ်။ ကန်ဒီတို့ဟာ ရင့်ကျက်သင့်တဲ့ အသက်အရွယ်ပိုင်းကို ရောက်နေကြပြီဆိုတာ မမေ့နဲ့နော်။

ကန်ဒီလက်ဝှေ့တွေဘာတွေ ကြည့်လေ့ကြည့်ထ မရှိဘူး။ အဲ့လို ထိုးတဲ့ကျိတ်တဲ့ ပြိုင်ပွဲမျိုးတွေကိုလည်း သိပ်သဘောမကျဘူး။ ဒါပေမယ့် ဒီနေ့မနက် သူငယ်ချင်းတစ်ယောက်ရှယ်ထားတဲ့ (၁)မိနစ်တည်းနဲ့ မြန်မာနိုင်သွားတဲ့ လက်ဝှေ့ပြိုင်ပွဲလေးတော့ ဖွင့်ကြည့်မိတယ် (အဲ့ဒါလက်ဝှေ့ခေါ်တာမလား??)။ ကိုယ့်နိုင်ငံအတွက် ဂုဏ်ယူတယ်။ သူပြိုင်ပွဲမ၀င်ခင် ပြောသွားတဲ့စကားလေးကို အရမ်းသဘောကျတယ်။

 "The motivation for this fight is to put Myanmar on the map. To put my people on the map. I'm willing to die in the cage to win this fight."


Well Done and Awesome :D

Have a Nice Day^^

Wednesday, June 11, 2014

နိဗ္ဗာန်ဆော်


ဒီနေ့တော့ အလှူ ခံပိုစ့်လေး တင်မယ်နော်...
မြန်မာမုဒိတာလူငယ်များအဖွဲ့ရဲ့ သတ္တမမြောက်အလှူ မို့ အားလုံးတက်ညီလက်ညီ ပါဝင်လှူ ဒါန်း ကုသိုလ်ယူကြပါဦးလို့ နိဗ္ဗာန်ဆော်လေး လုပ်ပါရစေ။ သူကြီးမင်းတို့၊ အစ်မမဒမ်ကိုးတို့ ဘလော့ဂ်ကို သွားလည်ပြီးပြီဆိုရင်တော့ သိပြီးသားဖြစ်မှာပါ။ ကန်ဒီ့ဘလော့ဂ်မှာတော့ ခုမှတင်ဖြစ်တယ်။ ကိုယ်တိုင်လည်းလှူ ၊ အများကိုလည်း မျှဝေရင်း ကုသိုလ်တွေ ဆထက်ထမ်းပိုး တိုးယူကြရအောင်နော်...

**************************************************************************

 "သတ္တမမြောက်ခြေလှမ်း (သို့) ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်"

"ပညာမြင့်မှ လူမျိုးတင့်မည်" ဆိုတဲ့ ဆိုရိုးစကားအတိုင်း တိုင်းပြည်တစ်ခုရဲ့ အနာဂတ် သာယာလှပဖို့အတွက်ဆိုရင် ရေရှည်စီမံကိန်းနဲ့ သေချာချမှတ်ဆောင်ရွက်ထားတဲ့ ပညာရေးစနစ်တွေ ခိုင်ခိုင်မာမာရှိဖို့ လိုအပ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ အနေအထားက တိုင်းပညာရေးနဲ့ ခရိုင်ပညာရေး ကွာခြားမှု၊ ခရိုင်နဲ့ မြို့နယ်ပညာရေး ကွာခြားမှု၊ မြို့နယ်နဲ့ ကျေးလက်ဒေသပညာရေးကွာခြားမှုတို့က မတန်တဆ ခြားနားနေတာဟာ ဒီနိုင်ငံရဲ့ အနာဂတ်အတွက်တော့ ရင်လေးစရာပါ။ အထူးသဖြင့် မြို့ပြဒေသတွေမှာ စာသင်ကျောင်းတွေ၊ အထူးသဖြင့် ပုဂ္ဂလိကကျောင်းတွေ တန်းစီ ပြည့်နှက်နေချိန်တွေမှာ ကျေးလက်က ကလေးတွေအတွက် ကျောင်းတက်စရာ ကောင်းကောင်းမရှိ၊ ဆရာ/ဆရာမတွေ လုံလုံလောက်လောက် မရှိတာတွေဟာ မဖြစ်သင့်တဲ့ အနေအထားပါ။ ပုဂ္ဂလိက ကျောင်းတွေ ထွက်ပေါ်လာတာဟာ ၀မ်းမြောက်စရာကောင်းပေမဲ့ ဒီနေ့ လူငယ်အများစု၊ ကျောင်းသားမိဘ အများစုဟာ အစိုးရပညာရေးစနစ်ကိုပဲ အဓိကအားကိုးနေရတယ်ဆိုတာကို မမေ့ပစ်သင့်ပါဘူး။ အသေချာဆုံး တစ်ခုကတော့ "ငါ့သားတစ်ယောက်တည်း စာတတ်နေယုံနဲ့ ဒီနိုင်ငံ ပြောင်းလဲတိုးတက်သွားမှာ မဟုတ်ပါဘူး"။

အခုလည်း ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်ခရိုင်၊ ထန်းတောကျေးရွာ ထန်းတော အ.မ.ကရဲ့ အခက်အခဲတစ်ခုကို တင်ပြပါရစေ။ ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၁၉၀ ကျော်ရှိပြီး ဒီအစိုးရကျောင်းကြီးဟာ ပေ(၁၄၀x၂၀)ရှိပါတယ်။ ကျောင်းဆောင်ကြီးဟာ အမိုးတစ်ဝက်သာရှိပြီး အကာလုံးဝမရှိတဲ့ (၆)မိုးရှိခဲ့ပါပြီ။ မိုးရွာတဲ့အခါ စာသင်ခန်းထဲသို့ ရေတွေဝင်ပြီး ကလေးငယ်များက အိမ်မှ ဂုန်နီအိတ်များ၊ ဖင်ထိုင်ခုံများကို ယူပြီး ၀င်လာသောရေများပေါ်ထိုင်ကာ စာသင်ကြရပါတယ်။ မိုးသည်းလာတဲ့အခါ စာလုံးဝ ဆက်သင်လို့မရတော့ပဲ ဆရာ၊ ဆရာမများက သူတို့နေရန် ကျေးရွာမှ စီစဉ်ပေးထားသော အိမ်သို့ခေါ်ယူကာ သင်ကြားပေးရပါတယ်။ ထိုအခါ ကလေးငယ်များက ဆရာ၊ ဆရာမတို့ရဲ့ အိမ်မှုကိစ္စများကို ၀ိုင်းကူလုပ်ပေးကြရပြီး ကျောင်းသားမိဘများ သိရှိတဲ့အခါ ကျောင်းသားမိဘများနဲ့ အဆိုပါ ဆရာ၊ ဆရာမများကြား ပြသနာအဖုအထစ်တွေ ဖြစ်လာပြီး ယခုပညာသင်နှစ် ကလေးတွေက မိုးထဲရေထဲမှာပဲ ဇာတ်သိမ်းရမဲ့ အနေအထားဖြစ်နေပါတယ်။

ပြုပြင်ပေးဖို့ လိုအပ်နေတဲ့ ထန်းတော အခြခံပညာမူလတန်းကျောင်း


"သား စာသင်ချင်တယ်၊ သားတို့ကျောင်းကို ပြင်ပေးပါအုံး အကိုကြီး" လို့ပြောတဲ့ ကလေးငယ် သုံးဦး


► ဘာကြောင့်ပြုပြင်ပေးဖို့ လိုအပ်သလဲ
၁၉၇၃ခုနှစ်မှ စတင်ခဲ့တဲ့ အဆိုပါကျောင်းမှ နှစ်စဉ်အခြေခံပညာ အလယ်တန်းကျောင်းနှင့် အထက်တန်းကျောင်းသို့ တက်ရောက် ပညာသင်ကြားနေသော ကျောင်းသား/ကျောင်းသူ (၃၅)ဦး ၀န်းကျင်ခန့်ရှိပါတယ်။ ထန်းတောကျေးရွာ၊ ဇရပ်ကွင်းကျေးရွာ၊ ထန်းပင်ကောက်ကျေးရွာ၊ ကံရွာကျေးရွာ စတဲ့ ရွာပေါင်း (၇)ရွာမှ ကလေးငယ်များ စုပေါင်းသင်ကြားရခြင်းဖြစ်ပြီး အဆိုပါဝန်းကျင်တွင် ထန်းတောကျောင်းတစ်ကျောင်းတည်းသာ ရှိနေတာဖြစ်ပါတယ်။ ဒီကျောင်းလေးကို ပြုပြင်ပေးလိုက်ပြီး အဆိုပါ ကျောင်းမှ ကျောင်းသားတစ်ယောက်ဟာ နောင်တစ်ချိန်မှာ နိုင်ငံအတွက် အားကိုးအားထားပြုရမည့် ခေါင်းဆောင်တစ်ယောက် ဖြစ်လာခဲ့ရင် ဒါဟာ ကျွန်တော်တို့ စိုက်ပျိုးခဲ့တဲ့ အသီးအပွင့်ပဲ မဟုတ်ပေဘူးလား..။

► ကျောင်းအရွယ်အစားနဲ့ ခန့်မှန်း ကုန်ကျစရိတ် 
ကျောင်းသား၊ ကျောင်းသူ များတာနဲ့အမျှ ကျောင်းရဲ့ အရွယ်အစားက ပေ (၁၄၀ x ၂၀ ) ရှိပါတယ်။ အုဌ်မြစ်ချပြီးသား၊ အမိုးတစ်ဝက်မိုးပြီးသားဖြစ်ပြီး အုဌ်အကာ၊ သွပ်အမိုး၊ တံခါးပေါက်၊ ကြမ်းပြင်အခင်း၊ မျက်နှာကြက်၊ ဘုရားခန်းစတဲ့ ပေ (၁၄၀) အကျယ်အ၀န်းအတွက် စုစုပေါင်းအတွက် ခန့်မှန်း ကုန်ကျစရိတ်သိန်း( ၁၇၀နဲ့ ၁၉၀) ပမာဏခန့် ကုန်ကျနိုင်ပါတယ်။ရရှိလာမဲ့ မုဒိတာအလှုရှင်များရဲ့ လှုဒါန်းမှု ပမာဏကိုကြည့်ပြီး တတ်နိုင်သလောက် ပြုပြင်ပေးသွားပါမယ်။

အဆိုပါကျောင်းဆောက်လုပ်မှုအတွက် 
(၁) အရှင်တက္ခသာရ၊ BA,MA (သီရိလကာင်္)  သီတဂူကမ္ဘာ့ ဗုဒ္ဒတက္ကသိုလ်၊ ရန်ကုန်၊ မှ  (၁၅)သိန်း
(၂) ဦးတင်အေး+ဒေါ်ကျင်အေး၊ (သား) သက်စိုးထိုက်၊ (သမီး) မသိရိသက်ဝေ မိသားစု (၇.၅)သိန်း
(၃) ကိုရင် + မဒမ်ကိုး မှ...............................................................................  (၇.၅)သိန်း
စုစုပေါင်း ငွေကျပ် သိန်း (၃၀) မတည် လှုဒါန်းထားပါတယ်။

နောက်ထပ် လိုအပ်နေသော အလှုငွေများကို ယခင်အကြိမ်များကဲ့သို့ မုဒိတာအလှုရှင်များရဲ့ စုပေါင်းအားဖြင့် ပေါင်းစုတည်ဆောက်သွားမယ်ဆိုပါက အထက်ပါကျောင်းဟာ ကလေးငယ်များအတွက် အားထားရာကျောင်းတော်ကြီး ဖြစ်လာတော့မှာ ဖြစ်တဲ့အကြောင်း နိုင်ငံအရပ်ရပ်မှ မုဒိတာအလှုရှင်များကို လေးစားစွာ အကူအညီတောင်းခံရင်း အလှုခံကာလကို (၃၀.၅.၂၀၁၄ရက်၊ သောကြာနေ့) မှာ စတင်ပါပြီခင်ဗျား..။ 

နိုင်ငံအလိုက် ဆက်သွယ်လှုဒါန်းနိုင်ကြရန် အကျိုးတော်ဆောင်များစာရင်း

ဗြိတိန်
အရှင်ဇနက(သန္တိသုခ)
venjanaka@gmail.com
+၄၄ ၇၇၄၀ ၉၈၃၉ ၄၂ 

အမေရိကား  
ဗညားရှိန်@လင်းခေတ်ဒီနို
lynnkhitdeno301@gmail.com
+၁၂၀ ၁၈၈၈ ၉၇၅၁
https://www.facebook.com/lynnkhitdeno 

ဂျပန်နိုင်ငံ   
ရန်နိုင် @ နေ၀သန်
nay.naywathan@gmail.com
+81 80 3852 5214
http://www.facebook.com/nayyannaing 

တောင်ကိုရီးယားနိုင်ငံ
၁။ဒေါ်ကျူတီ
antianti29@gmail.com
+၁၀ ၂၁၄၂ ၁၂၆၆
https://www.facebook.com/daw.q.te 

စင်ကာပူ
၁။ မဒမ်ကိုး
celestial.whiteangle@gmail.com
+၆၅ ၉၆၁၆ ၄၄၇၇ 
https://www.facebook.com/madamkoo

၂။ ကန်ဒီခိုင်
candy4u1988@gmail.com

၃။ မစန်းစန်းခိုင် @ crystal khaing sskhaing@gmail.com 
+၆၅ ၉၆၆၂  ၂၂၂၆ 
https://www.facebook.com/crystal.khaing 

၎။ မသန္တာလွင်
+၆၅ ၉၀၀၃၂ ၄၃၆
https://www.facebook.com/thandarlwin    

ထိုင်ဝမ်
ပစ်ပစ် @ ဂျယ်ရီပစ်ပစ်
jerrypigpig@gmail.com
+၈၈၆ ၉၃၀ ၄၁၃ ၂၂၀
https://www.facebook.com/blackroze.flower 

မလေးရှား
၁။တင်မောင်လွင်
mmin5433@gmail.com
+၆၀၁၆ ၃၆၂၇ ၆၆၄
https://www.facebook.com/mg.joephyu

၂။ကိုမင်းဧရာ(kl)
moekyawthu0001@gmail.com
+၆၀ ၁၇၃၀ ၄၇၇ ၃၅
https://www.facebook.com/pan.thut

၃။မောင်ဘုန်း (ကလန်း)
mr.janjarom@gmail.com
+၆၀၁၀ ၂၈၂၇ ၀၇၁
https://www.facebook.com/yehtet.yehtet.1 

မြန်မာနိုင်ငံ
၁။ andrewkc @ကျော်စွာစိုးမြတ်
andrewkc189@gmail.com
+၉၅ ၉၄၂၁ ၀၅၉၈ ၂၇
https://www.facebook.com/andrewmahkc

၂။ ဒေါ်အိအိစိုး @Doreen Tin   ( Feel Myanmar Restaurant & ရွှေအိ မုန့်ဟင်းခါး)
ei.soe64@gmail.com
+၉၅ ၉၅၁၅ ၂၄၆၃
https://www.facebook.com/doreen.tin 

ကိုယ်တိုင်ကိုယ်ကျ ဆက်သွယ်လှုဒါန်းချင်တယ်ဆိုရင်လည်း အဆိုပါကျောင်းဖြစ်မြောက်ရေးအတွက် အားတက်သရော ဆောင်ရွက်ပေးနေသော ဆရာတော်ထံသို့ အောက်ပါ လိပ်စာအတိုင်း ဆက်သွယ် လှုဒါန်းနိုင်ပါတယ်..။

ဆရာတော် အရှင်ပါရဂူ
၀၉၅ ၃၅၀၇၂၃
သီတာရုံစာင်တိုက်၊ တောင်ငူမြို့
(၆)ရပ်ကွက်၊ ကမ္ဘာအေးလမ်း

မျှဝေခြင်းဟာ ရှင်သန်ခြင်းဖြစ်တယ်။
မြန်မာမုဒိတာလူငယ်များအဖွဲ့ (MMYG) 
၂၉.၅.၂၀၁၄ ၊ ကြာသာပတေးနေ့ 
***********************************************************************

ဇွန်ပန်းရုံအနီး
လှည်းဘီးနွံထဲကျွံနေသည်
လေးလွန်း၍ မတွန်းနိုင်ဘူးလား
ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်။

အဲ့ဒီကဗျာလေးထဲကလို ကန်ဒီတို့ဘလော့ဂါတွေက အားတက်သရောပိုစ့်တွေအသီးသီးတင်ပြီး အလှူ ခံနေသလို စာဖတ်သူတွေကလည်း တတ်နိုင်သမျှ မျှဝေပေးမယ်ဆို ကလေးတွေရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မှာ အသေအချာပါပဲ။

လှူ ချင်တယ်ဆို ကန်ဒီ့ဆီ အီးမေးလ်ပို့ပြီး ဆက်သွယ်ပါလို့ ^_^

Sunday, June 8, 2014

နန်းမြို့

Morning...
ဒီတပတ်တော့ ခရီးသွားတဲ့ပိုစ့် ဆက်ရေးပြီနော်။ ကန်ဒီရန်ကုန်ရောက်တဲ့နေ့မှာပဲ ည(၁၀)နာရီလောက် ခရီးစထွက်တယ်။ အဝေးပြေးကားနာမည်က Elite တဲ့... အရမ်းမိုက်တယ်။ အရင်တုန်းက အဝေးပြေးကားတွေနဲ့ မတူတော့ဘူး။ Service ကို သဘောကျတယ်။ Business Class ကို စီးလို့လားတော့ မပြောတတ်ဘူး။ ကားစထွက်တာနဲ့ ခရီးသည်တွေကို နှင်းဆီပန်းတစ်ပွင့်စီ ပေးတယ်။ လမ်းတ၀က်လောက်ကျတော့လည်း အဆာပြေမုန့်ကျွေးတယ်။ ကောင်မလေးတစ်ယောက်က လေယာဉ်မယ်တွေလို သပ်သပ်ရပ်ရပ်ဝတ်၊ ဆံပင်လေးထုံးထားပြီး ဘယ်ရောက်နေပြီ၊ ဘယ်မှာခဏနားမယ် ဆိုတာတွေကို မိုက်ကလေးနဲ့ ပြောတယ်။ နောက်တီဗွီကလည်း ခရီးသည်တစ်ယောက်စီရဲ့ရှေ့မှာ တစ်လုံးစီရှိတော့ ကြည့်ချင်ရင် ကိုယ့်စိတ်ကြိုက်ကားကို ကြည့်လို့ရတယ်။ ကန်ဒီကတော့ လုံးဝမကြည့်ဖြစ်ပါဘူး။ မနက်ကလည်း လေယာဉ်စီးရတယ်၊ ညကျတော့လည်း ခရီးဆက်ထွက်ရတယ်ဆိုတော့ ပင်ပန်းလို့ အိပ်ချင်တာပဲ သိတယ်။ တလမ်းလုံးအိပ်လာတာ Zzzz...

ကားခဏရပ်ပြီး နားကြတော့ Feel စားသောက်ဆိုင်မှာ ရပ်ပေးတယ်။ Feel ကတော့ ရန်ကုန်မှာလည်း နာမည်ကြီးဆိုတော့ အစားအသောက်လည်းကောင်းတယ်။ အိမ်သာလည်း သန့်တယ်။ Target ကတော့ ရွှေကူကို... ဒါပေမယ့် ကားနှစ်ဆင့်စီးရတာဆိုတော့ မန္တလေးကို မနက် (၆)နာရီလောက် အရင်ရောက်တယ်။ နောက်စီးမယ့်ကားက ညနေ(၄)နာရီလောက်မှ ထွက်မှာ... အဲ့ဒါနဲ့ ကန်ဒီတို့ မန္တလေးမှာ လည်ဖို့အချိန်ရလိုက်တယ်။ အဖေက မန္တလေးတက္ကသိုလ်မှာ တက်ခဲ့တာဆိုတော့ သူ့သူငယ်ချင်းတွေ အဲ့မှာအများကြီးရှိတယ်။ အဖေ့သူငယ်ချင်းတွေကပဲ ကန်ဒီတို့ကို မနက်အစောကြီးလာကြိုကြတယ်။ ပြီးတော့ မဟာမြတ်မုနိဘုရားကြီးဆီ အရင်လိုက်ပို့ပေးတယ်။






ဘုရားကအပြန် လမ်း(၄၀)မှာ မနက်စာနန်းကြီးသုပ်စားကြမယ်ဆိုတော့ "အင်.." ကနဲဖြစ်သွားတယ် (စိတ်ထဲမှာ)။ ကန်ဒီက နန်းကြီးသုပ်လုံးဝ မကြိုက်ဘူး။ အဲ့ဆိုင်က ရွှေတံဆိပ်ဆုရထားတာတဲ့။ စားကြည့်တော့ စားလို့အရမ်းကောင်းတာပဲ။ နန်းကြီးဖတ်က ရန်ကုန်က နန်းကြီးဖတ်နဲ့မတူဘူး။ ချောချောကြီးမဟုတ်ဘူး။ ကန်ဒီနန်းကြီးသုပ်ကို မကြိုက်ရတဲ့ (၈၀)ရာခိုင်နှုန်းလောက်က အဲ့ခေါက်ဆွဲချောချောကြီးကြောင့်... ကန်ဒီက ခေါက်ဆွဲကို ချောချောကြီးနဲ့ တိကနဲပြတ်သွားတာမျိုးဆိုမကြိုက်ဘူး။ အဲ့ဒါကြောင့် မြီးရှည်တို့၊ လကွိုင်ဆီတို့လည်း တော်ရုံမစားဘူး။


ဒါကန်ဒီစားဖူးသမျှ နန်းကြီးသုပ်ထဲမှာ အကောင်းဆုံးနန်းကြီးသုပ်ပဲ။ သူတို့ကပဲမှုန့်ကို များများသုံးထားတယ်။ ဆိုင်ရဲ့ဆက်ဆံရေးကလည်း ကောင်းလိုက်တာ။ ကန်ဒီတို့ဝင်လာတာနဲ့ နန်းကြီး၊ နန်းလတ် စတဲ့ ကိုယ်စားချင်တဲ့ ခေါက်ဆွဲအမျိုးအစားရွေးဖို့ ခေါက်ဆွဲလေးတွေ နည်နည်းစီယူလာပြီးပြတယ်။ မှာထားတာတွေလာချပြီး စ,စားကြတော့ စားပွဲထိုးကောင်လေးက ထပ်လာပြီး "ဘာတွေများ လိုအပ်သေးလဲ ခင်ဗျာ၊ အဆင်ပြေရဲ့လား ခင်ဗျာ"ဆိုပြီး အရသာပြင်ပေးဖို့ လာမေးတယ်။ အနောက်နားမှာ သုပ်နေတဲ့ ကောင်မလေးကလည်း "လိုအပ်တာရှိရင် ပြင်ပေးပါမယ်ရှင့်" ဆိုပြီး လှမ်းပြောတယ်။ မန္တလေးမှာဆိုတော့ မန္တလေးလေယူလေသိမ်းလေးနဲ့ပေါ့။ သူတို့ပြောတာလေးနားထောင်ပြီး စိတ်ထဲပြုံးမိတယ်။ အဲ့လို Service မျိုး မရတာ ကြာလှပေါ့။


မနက်စာစားပြီးတော့ ကန်ဒီတို့ မန္တလေးနန်းတော်ကြီးဆီသွားကြတယ်။ နေ့လည်ဆိုတော့ နေပူလိုက်တာ... အထဲမှာ ဟိုလျှောက်ဒီလျှောက် ဓာတ်ပုံလိုက်ရိုက်ပြီး ပြန်ထွက်လာတယ်။




ခရီးသွားတဲ့စတိုင်လ် ဟဟ... ခရီးသွားရင် အမြဲအဲ့ပုံပဲ။ ဟုတ်တယ်လေ... ကားကလည်း အကြာကြီးစီးရမှာဆိုတော့ ဘောင်းဘီကြပ်ကြပ်တွေလည်း မ၀တ်ချင်ဘူး။ ပွပွယောင်းယောင်းပဲ ကောင်းတယ်။ Bugis ကနေ ၀ယ်သွားတာ... 2 for SGD 25 ဆိုလားပဲ ရှိတယ်။ ကန်ဒီတစ်ထည်ယူတယ်... ကန်ဒီ့ညီမတစ်ထည်ပေးတယ်။ တစ်ချက်ခုတ်... နှစ်ချက်ပြတ် (:P :P)။ ကန်ဒီ့ညီမဆိုလို့ ခရီးသွားတာ သူမပါဘူး။ သူက စာမေးပွဲရှိလို့ နေခဲ့တယ်။ ကန်ဒီ့အဖေ၊ အမေ၊ ကြီးကြီးနဲ့ ကန်ဒီ... လေးယောက်ပဲ။





 My Daddy...

တစ်ခါ ဖေ့ဘွတ်မှာ အစ်မတစ်ယောက်တင်တဲ့ စတေးတပ်တစ်ခုက "မိဘကိုခေါ်တာ ဒယ်ဒီ၊ မာမီနဲ့ မြန်မာပီပီ အဖေ၊ အမေပဲ မြန်မာလို အားရပါးရခေါ်ကြစမ်းပါ"တဲ့။ တော်တော်မရင့်ကျက်တဲ့ စတေးတပ်တစ်ခုပဲ။ အဲ့ဒါဖတ်ပြီး စိတ်ထဲခိုးလိုးခုလုနဲ့ ဘာမှတော့မပြောလိုက်ပါဘူး။ ဟုတ်တယ်... ကန်ဒီတို့ညီအစ်မတွေ အဖေနဲ့အမေကို ဒယ်ဒီနဲ့ မာမီပဲခေါ်တယ်။ ဘာလို့လဲမေးရင် ငယ်ငယ်ထဲက အဲ့လိုပဲသင်ပေးထားလို့လေ။ မိဘကို ဘယ်လိုခေါ်တယ်ဆိုတာထက် ဘယ်လိုဆက်ဆံတယ်၊ ဘယ်လိုသိတတ်တယ်ဆိုတာက အများကြီး ပိုအရေးကြီးတဲ့အရာအတွေပါ။ လူတွေဟာ အပေါ်ယံအကာကိုကြည့်ပြီး ပြစ်တင်ဝေဖန်ဖို့ လွယ်သလောက် အရေးပါတဲ့အနှစ်ကို ချီးမွမ်းပြောဆိုဖို့ကြတော့ ခက်ခဲတတ်ကြတာ သဘာဝပဲမဟုတ်လား...



နန်းတော်ပြီးတော့ ကန်ဒီတို့ မန္တလေးတောင်ပေါ်သွားကြတယ်။ အဖေ့သူငယ်ချင်းကားနဲ့ ကန်ဒီတို့ကိုလိုက်ပို့တော့ အဲ့ဦးလေးက ကားပေါ်မှာ ရေဒီယိုဖွင့်ထားတယ်။ ရေဒီယိုမှာလာနေတာက... Taxi ကားဆရာ ကိုဘယ်သူရဲ့ ပြောပြချက်အရကတော့ ရန်ကုန်လှည်းတန်းမှာ ကားတွေပိတ်နေပါတယ်။ ပန်းဆိုးတန်းမှာတော့ ကားအဲ့လောက်မပိတ်ပါဘူး။ ဘာညာ ဘာညာ လာနေတော့ ကန်ဒီက မျက်လုံးကြီးပြူးပြီး အဲ့ဒါက ဘာကြီးလဲပေါ့။ အမေက ကားကြပ်နေတဲ့ လမ်းတွေကိုရှောင်သွားနိုင်အောင် ကြေငြာပေးတာတဲ့။ အဲ့ဒါပဲကြည့်... ရန်ကုန်မှာ ကားဘယ်လောက်ပိတ်လဲဆို >.<

မန္တလေးတောင်ပေါ်မှာ ညနေခင်းအချိန်ဆို အရမ်းနေလို့ကောင်းမှာပဲ... ကန်ဒီတို့ရောက်တဲ့အချိန်ကတော့ နေ့ခင်ကြောင်တောင်ကြီးဆိုတော့ ပူလိုက်တာ... အဲ ဒါပေမယ့် တစ်ခုထူးခြားတာက ရန်ကုန်နဲ့ယှဉ်ရင် မန္တလေးက အဲ့လောက် မပူဘူးသိလား... မိုးလေးနည်းနည်းရွာလိုက်လို့လားတော့ မပြောတတ်ဘူး။





တောင်ပေါ်ကအပြန် အဖေ့သူငယ်ချင်းအိမ်မှာ ခဏနားပြီးတော့ ကန်ဒီတို့ ရွှေကူသို့ ခရီးဆက်ခဲ့ကြလေသည်...

ရွှေကူပိုစ့်------ မျှော် :P
ရန်ကုန်ပိုစ့် ဖတ်ချင်ရင် ဒီမှာ နှိပ်ပါ ^_^