Sunday, June 22, 2014

ရွှေကူ (၁)

ဒီနေ့တော့ ခရီးသွားပိုစ့်လေးပဲ ရေးမယ်နော်။ ပြီးခဲ့တဲ့ပိုစ့်မှာ မန္တလေးရောက်နေပြီဆိုတော့... မန္တလေးကနေ ခရီးဆက်ရအောင်။ မန္တလေးကနေ ညနေ(၄)နာရီလောက် ကားစ,စီးတာ ရွှေကူကို မနက်(၂)နာရီခွဲလောက် ရောက်သွားတယ်။ ကားကတော့ ရန်ကုန်-မန္တလေးကားတွေလောက် မကောင်းဘူး။ ဒါပေမယ့် သူလည်းအဲကွန်းပါတယ်ဆိုတော့ တော်သေးတယ် ပြောရမယ်။ ဟိုးးးး အရင်တုန်းက ရွှေကူဘက်ကိုသွားတဲ့ကားတွေဆို တော်တော်စုတ်တာ(:P)။ အဲကွန်းမပါ ဖုန်တထောင်းထောင်းနဲ့ စီးကြရတယ်။ အခုအများကြီးတိုးတက်လာတယ် ပြောလို့ရတယ်။ ဒါပေမယ့် အဲ့ဘက်သွားတဲ့ အဲကွန်းကားအရေအတွက်ကတော့ အရမ်းနည်းသေးတယ်။ ရွှေကူဆိုတာ ကချင်ပြည်နယ်ထဲက မြို့သေးသေးလေးတစ်ခုပါ။ ကန်ဒီ့အဖေရဲ့ဇာတိပေါ့။

မနက်အစောကြီးရောက်သွားတော့ ရေချိုးပြီး ပြန်အိပ်တယ်။ ကန်ဒီတို့ကို လောလောဆယ်လူမနေတဲ့အိမ်မှာ လွတ်လွတ်လပ်လပ်နေလို့ရအောင် သက်သက်စီစဉ်ပေးထားတယ်။ ကန်ဒီတို့တည်းတဲ့အိမ်ကအရင်တုန်းက အဖေတို့နေခဲ့တဲ့နေရာတဲ့... အိမ်ရှေ့တည့်တည့်မှာ ဧရာဝတီမြစ်ကြီးရှိတယ်။ ဒါပေမယ့် မျက်နှာချင်းဆိုင်အိမ်တွေက ကွယ်နေတော့ မြစ်ကိုသိပ်မမြင်ရဘူး။


အဘွားတို့အိမ်ကနေဆိုရင်တော့ ဧရာဝတီမြစ်ကြီးကိုကောင်းကောင်းမြင်ရတယ်။ မြစ်က အဘွားတို့အိမ်အနောက်ဘက်မှာ... ထင်းပုံကြီးဘေးမှာ မြစ်ကိုကြည့်တဲ့ View Point လို တဲလေးထိုးထားတယ်။



မနက်စာက မုန့်လိပ်ပြာ၊ မုန့်ဗိုင်းတောင့်၊ ပဲပြုတ်၊ ငှက်ပျောသီးကောက်ညှင်းထုပ်၊ ခေါ်ပြင်နဲ့ လက်ဖိတ်ရည်။ ခေါ်ပြင်ဆို စီးပိုင်နေတာပဲ။ ရန်ကုန်မှာ မရှိဘူး။ အရမ်းစားကောင်းတယ်။



မနက်စာစားပြီးတော့ ဘုန်းကြီးကျောင်းသွားကြတယ်။ ကန်ဒီတို့တွေ ပါဝင်ကုသိုလ်ယူထားတဲ့ ဒီကျောင်းတိုက်အသစ် စ,ဆောက်နေပြီ။ ကန်ဒီက အခန်းတခန်းလှူ ထားတယ်။



အစက ဒီအစ်မတို့အိမ်မှာတည်းဖို့ စီစဉ်ထားတာ။ အဘွားက သူ့အိမ်နားမှာပဲနေပါ ဆိုတာနဲ့ အဘွားတို့အိမ်နားရောက်သွားတယ်။ နေ့လည်စာကို သူ့ဆီမှာစားပါ အတင်းခေါ်တာနဲ့ အဲ့အစ်မအိမ်မှာ နေ့လည်စာသွားစားကြတယ်။ ကန်ဒီတို့သွားတဲ့အချိန်က ဟင်းပျင်းသီးပေါ်နေတဲ့အချိန်ဆိုတော့ ဘယ်အိမ်မှာထမင်းသွားစားစား အဲ့ဒီဟင်းကတော့ အမြဲပါတယ်။ ကန်ဒီလည်း တစ်ခါမှ မစားဖူးဘူး။ ဒါပထမဆုံးစားဖူးတာပဲ။ စိမ့်စိမ့်လေးနဲ့ စားလို့ကောင်းတယ်။



အမျိုးတွေအိမ် တအိမ်ဝင် တအိမ်ထွက်လိုက်လည်ရလို့ ပင်ပန်းတာထက် သူတို့ကျွေးတာတွေစား၊ ဗိုက်ကြီးတင်းပြီး မအီမလည်ဖြစ်နေတာက အဓိကပြသနာ ဟဟဟ(xD)။ အဲ့ဒီမရမ်းသီးဆို အရမ်းကြိုက်တယ်။ သူတို့က ငပိရယ်၊ ဂျင်းရယ်၊ ငရုတ်သီးရယ်နဲ့ နယ်ထားတယ်။ ဂျင်းနံ့သင်းသင်းလေးနဲ့ စားလို့ကောင်းတယ်။



အမှန်အတိုင်းပြောရရင် ဘယ်သူက ဘယ်လိုတော်မှန်းလည်း မသိတော့ဘူး။ အဖေ့မှာ ၀မ်းကွဲမောင်နှမတွေက နည်းတာမဟုတ်ဘူး။ သူတို့ကမွေးတဲ့ကလေးတွေကလည်း အများကြီးပဲ။ ကန်ဒီသေချာသိတာ အဘွားလေးတို့ပဲ ရှိတယ် xD

ဒီကလေးလေး အရမ်းချစ်ဖို့ကောင်းတယ်။ ကလေးချီချင်ပေမယ့် မချီတတ်ဘူး။ အချီမတတ်ရင် ကလေးနာမှာစိုးလို့ မချီဘူး။ ပေါင်ပေါ်တင်ကြည့်တာတောင် ကိုယ်ကိုင်လိုက်မှကလေးက ပိုးလိုးပက်လက်တွေဖြစ်ကုန်လို့ xD xD ဒါလည်း မငိုဘူး သူက ^_^

သူ့အဘွားနဲ့...


တို့ဖူးပျော့သုပ်... သူတို့ဆီက တို့ဖူးသုပ်က အဲ့လိုပုံစံ။ စားလို့ကောင်းတယ်။ အနောက်က ပန်းကန်က ပဲထိပ်စုသုပ်။ ပူစီနံအရွက်နံ့လေးနဲ့ မွှေးနေတာပဲ။ ဒါတွေက ရန်ကုန်မှာမရတဲ့ အစားအစာတွေ... ပြောရင်းတောင် သရေကျလာပြီ။


နောက်တစ်ရက်ကျတော့ ဥဒေါင်းတောင်ကို အစောကြီးသွားမယ်ဆိုကာမှ လေတွေမိုးတွေကျနေလို့ လေငြိမ်အောင် အရင်စောင့်ရတယ်။ ကားနဲ့သွားလို့ရပေမယ့် ဧရာဝတီမြစ်ရိုးတလျှောက် ရှုခင်းတွေကြည့်ရင်း စက်လှေနဲ့ပဲသွားချင်လို့လေ။ မိုးစစ်ကဦးလေးက ကန်ဒီတို့ကို စက်လှေနဲ့လာခေါ်တယ်။ အဘွားလေးနှစ်ယောက်ရှိတာ တစ်ယောက်က ရွှေကူမြို့ဘက်မှာနေတယ်။ တစ်ယောက်က မိုးစစ်ဆိုတဲ့ရွာလေးမှာနေတယ်။ မိုးစစ်ကိုသွားချင်ရင် စက်လှေနဲ့သွားရတယ်။ ရာသီဥတုက မိုးဖွဲဖွဲလေးတွေကျနေတော့ အေးတယ်။


အဲ့ဒီဦးလေးစက်လှေနဲ့ ရွှေကူဘက်ကရော၊ မိုးစစ်ဘက်ကရော ရှိသမျှအမျိုးတွေ လှေပေါ်တင်ပြီး ဥဒေါင်းတောင် သွားကြတယ်။ မိုးစစ်မှာစက်လှေခဏရပ်နေတုန်း မောင်းတဲ့နေရာမှာ ၀င်ရိုက်ထားတာ xD



ကန်ဒီ့ရဲ့ Tour Guide နှစ်ယောက်။ "အစ်မ ဒါက ကျွန်းတော်ဘုရား... ခဏနေ ဒုတိယမြစ်ကျဉ်းကို ရောက်တော့မှာ... ဒါက ကြက်တူရွေးနှုတ်သီး... ဒါကနတ်မျက်နှာတောင်" အကုန်ပြောပြပေးတယ်။ ကန်ဒီနဲ့ မောင်နှမတော်တာ...


ဟိုးးး အဝေးကမြင်နေရတာက ဧရာဝတီရဲ့ ဒုတိယမြစ်ကျဉ်း...



ကြက်တူရွေးနှုတ်သီး... ကြက်တူရွေးရေသောက်ရင် လှိုင်းတွေဝဲတွေကြီးတယ်ဆိုပြီး အယူရှိကြတယ်။ အဲ့ဒီနှုတ်သီးထိအောင် ရေတက်ရင် လှေတွေဘာတွေ မသွားသင့်ဘူးတဲ့။

ဒီနေ့တော့ ဒီလောက်ပဲနော်...
ပုံတွေအရမ်းများနေပြီ။ နောက်ပိုစ့်မှ ဆက်မယ် ^_^

2 comments:

ကိုကိုမောင်(ပန်းရနံ့) said...

သူကြီးမင်းတို့ ဗန်းမော်သွားတုန်းက ကသာကနေ သင်္ဘောကြီးစီးပြီး သွားရတယ်။ ပိစိတို့ ရွှေကူမှာ ညအိပ်ရတယ်။ ရေအိုး ပန်းအိုးတွေလှသလို ရွှေကူသူတွေလဲ လှကြတယ်။ သူကြီးမင်း မျက်စိအရ ဒီလောက်ခရီးသွားခဲ့ဖူးတာ အထက်ဆို ရွှေကူသူများနှင့်အောက်ဆို မော်လမြိုင်သူများက ပိုပြီး လှကြသလားလို့။ အဲဒီ ကြက်တူရွေးနှုတ်သီးရှိတဲ့ မြစ်ကျဉ်းကို ဖြတ်သွားရတာပေါ့။ သင်္ဘောစီးရတာ ပျင်းစရာကြီး။
မှတ်မိသေးတယ်။ အဲဒီတုန်းက သင်္ဘောပေါ်မှာ ပျားရည်လာရောင်းတဲ့ မိန်းမကြီးကို လေရှည်ပြီး ပျားရည်က စစ်လို့လားဆိုပြီး မေးလိုက်မိတာ။ လူအများရှေ့ သူကြီးမင်းကို အော်ကြီးဟစ်ကျယ် ရန်တွေ့ပါရောလား။ သူ့ဂုဏ်သိက္ခာကို စော်ကားလို့တဲ့။ ပြန်စဉ်းစားကြည့်တော့လဲ သူပြောတာ ဟုတ်တုတ်တုတ်။း)

သူကြီးမင်းက ငြိမ်နေလေ သူက ဖိအော်ဟစ်လေနဲ့။ အတူလိုက်ပါလာခဲ့တဲ့ သူငယ်ချင်းက ၀င်တောင်းပန်ပေးမှ ကျေအေးသွားတယ်။ ဟာ ဟ။

အမှန်ဆို
အဲဒီသင်္ဘောပေါ်ရောင်းတဲ့ ပျားရည်က နာမည်ကြီး။ အတုတွေ များတယ်။ ပုလင်းတစ်ဝက်သာသာလောက်ကို ပျားရည်အရောင်ပုံစံ ခပ်ပျစ်ပျစ် တရော်(ခေါင်းလျှော်ရည်)ရည်တွေကို ထည့် ဖယောင်းအကြည်နဲ့ အသေပြန်ပိတ်။ အဲဒီအပေါ်ကမှ ပျားရည်စစ်စစ်ကို နဲနဲလေး ထပ်ထည့်ထားပြီး အဖုံးပိတ်ထားတာလေ။ မယုံလို့ မြည်းကြည့်ချင်ရင် မြည်းကြည့်ပေါ့။... အဲဒီလို အဲဒီလို နာမည်ကြီးတာ။ အဲဒါကြောင့် သူကြီးမင်းလဲ အဲဒီမိန်းမကြီးကို မေးလိုက်မိတာ။ တော်ပါသေးရဲ့ ဂုတ်ဆွဲပြီး ဧရာဝတီထဲ မျောမပစ်ချခဲ့လို့။း)

Anonymous said...

ကန်ဒီတင်တဲ့ပုံတွေ ကြည့်ပီး မြစ်ကြီးနားက အစားအသောက်တွေကို လွမ်းသွားပြီ။
အဲဒီ ဟင်းပျွန်းသီးနဲ့ ဟင်းပျွန်းရွက်ဆိုတာ ကချင်ဘက်ရောက်မှ စားဖူးတာ။
မြစ်ကြီးနား၊ မိုးညှင်း၊ မိုးကောင်း၊ဖားကန့် ရောက်ခဲ့ပေမယ့် ရွှေကူဘက် ဆင်းမလာဖြစ်ခဲ့ဘူး။ တကယ်ဆို ရှိနေတုန်း သွားလည်ခဲ့ရမှာ။