Sunday, July 6, 2014

ရွှေကူ (၂)

ဒီနေ့တော့ ဥဒေါင်းတောင်ဆီ ခရီးဆက်ကြရအောင်နော်။ ရာသီဥတုက သိပ်မကောင်းတော့ အဖေက "အချိန်မရရင် အဲ့ကိုမသွားနဲ့တော့" လုပ်နေတာ အမေက "ရောက်မှတော့ ကလေးကိုပို့လိုက်ပါ"ဆိုလို့ မိုးနည်းနည်းစဲတာကိုစောင့်ပြီး ကန်ဒီတို့ ဥဒေါင်းတောင်ဆီ စက်လှေနဲ့သွားကြတယ်။ လှေပေါ်ကနေရိုက်ထားတဲ့ ရှုခင်းတွေကို ပြီးခဲ့တဲ့ပိုစ့်မှာတင်ပြီးပြီဆိုတော့ ဒီနေ့က ဥဒေါင်းတောင်ပေါ်က ရှုခင်းတွေပေါ့။


 အဖေက မောလို့တဲ့... ထိုင်နေတာ :D


ဥဒေါင်းတောင်က ဧရာဝတီမြစ်ကမ်းနံဘေးမှာပဲ ရှိတယ်။ တောင်မြင့်မြင့်ကြီးမဟုတ်ပါဘူး။ ခဏလေးတက်တာနဲ့တင် ရောက်တယ်။ တောင်ပေါ်မှာက သဘာဝလှိုဏ်ဂူကြီး... အထဲမှာ ဘုရားဆင်းတုတော်တွေအများကြီးရှိတယ်။ လှိုဏ်ဂူကြီးက အနက်ကြီးလို့ပြောတယ်။ ကန်ဒီတို့က လှိုဏ်ဂူအ၀နားပဲရောက်တယ်။ ဂူထဲမှာ မီးမရှိလို့ လက်နှိပ်ဓာတ်မီးနဲ့သွားရမှာဆိုတာနဲ့ မ၀င်ခဲ့ဘူး။ ပုံမှန်ဆို မီးစက်ဖွင့်ပေးတယ်တဲ့။ အဲ့နေ့က မိုးအရမ်းရွာနေတာနဲ့ မီးစက်မဖွင့်ပေးဘူး။ ဘယ်လိုဆိုင်လည်းတော့ ကန်ဒီလည်း သေချာမသိဘူး။ ဂူထဲက သဘာဝကျောက်စက်ပန်းဆွဲတွေက အရမ်းလှတယ်လို့ ပြောကြတယ်။




တောင်ပေါ်ကနေ စီးရိုက်ထားတာ...


ကန်ဒီနဲ့ ရုပ်ဆင်တယ်နော်။ သူတို့မောင်နှမသုံးယောက် အရမ်းချစ်ဖို့ကောင်းတယ်။ ကန်ဒီတို့ တနေကုန်လျှောက်လည်ကြတော့ အငယ်ဆုံးကောင်မလေးက ပင်ပန်းပြီး ခြေထောက်ညောင်းတယ်ဆိုတော့ အစ်ကိုနှစ်ယောက်က သူတို့ညီမလေးကို တစ်ယောက်တစ်လှည့်စီ ကုန်းပိုးကြတယ် ^_^


ဥဒေါင်းတောင်ကပြန်တော့ ကန်ဒီတို့ ကျွန်းတော်ဘုရားဝင်ဖူးကြတယ်။ ကျွန်းတော်ဘုရားကလည်း စက်လှေနဲ့ပဲသွားရတယ်။ အဲ့မှာ မပြုပြင်နိုင်လို့ အရောင်မရှိတော့တဲ့ စေတီပုထိုးတွေအများကြီးရှိတယ်။ ကန်ဒီတို့မိသားစုက ဘုရားတစ်ဆူကို ပြန်လည်ပြုပြင်ထားတယ်။ ကန်ဒီဆယ်တန်းအောင်ပြီးတော့ ရွှေကူကိုတစ်ခေါက်ရောက်တာ ဘုရားထီးတော်တင် ရေစက်ချအတွက်ပေါ့။




 ဖွားဖက်တော်ပန်းတဲ့...

ကျွန်းတော်ဘုရားက ဧရာဝတီမြစ်လယ်က ကျွန်းလေးပေါ်မှာရှိတယ်။ ဒေသခံတွေပြောတာတော့ မြစ်ရေတက်လည်း ကျွန်းတော်ဘုရားကတော့ ရေမမြှပ်ဘူးတဲ့။ ဘွားမယ်သီလရှင်က ကန်ဒီတို့လာတော့ ပျော်နေတယ်။ ဘုရားထီးတော်တင်တုန်းကရော ရေစက်ချပါ အစစအရာရာသူပဲဦးဆောင်လုပ်ပေးခဲ့တာလေ။ ခရမ်းချဉ်သီးတွေနဲ့ မရမ်းသီးတွေကို ထုတ်တန်းပေါ်မှာချည်ပြီး အခြောက်လှန်းထားတယ်။ စကားပန်းတွေလည်း မြေကြီးပေါ်ချပြီး လှန်းထားသေးတယ်... ဆေးဖော်ဖို့တဲ့။ ပြန်တော့ စွန်တန်ခြောက်တွေအများကြီး ထည့်ပေးလိုက်တယ်။


ဒီကြောင်လေးကို တောထဲကခေါ်လာတာတဲ့...

ကျွန်းတော်ကပြန်တော့ ကန်ဒီတို့အဘွားလေးရှိတဲ့ရွာကို သွားကြတယ်။ အဘွားတို့အိမ်ရောက်တာနဲ့ ခြံဝမှာတွေ့ရတာက အဘွားတို့အိမ်က နွားကြီးတွေ...





အဘွားကိုအားလုံးကန်တော့ကြတော့ အဘွားကမျက်ရည်ဝိုင်းနေတယ်။ အဖေ့ကိုလည်း သူမတွေ့ရတာ ကြာာာလှပြီကိုးး။ ကန်ဒီလည်း အသက်ကြီးလို့ အဘွားကြီးဖြစ်ရင် အဲ့လိုသိုက်သိုက်ဝန်းဝန်း၊ သားသမီးမြေးတွေနဲ့ ရှိချင်တယ်... But....။ ညစာမှာ ပုရစ်ကြော်ပါတယ်။ ကန်ဒီက အကောင်တွေမစားတတ်ဘူး။ ကြောက်လို့ ဟဟ.. (xD)။ သူတို့တောထဲသွားရင်သုံးတဲ့ လေးဂွနဲ့ ဓါးမြှောင်... ဓါးရိုးနဲ့ ဓါးအိမ်ကို ထွင်းထားတာ မိုက်တယ်။ မီးခြစ်ထည့်တဲ့ဟာတောင် ပါလိုက်သေးတယ်။


ညနေစောင်းမိုးမချုပ်ခင် မိုးစစ်ဘက်ကနေ ရွှေကူဘက်ကို စက်လှေအသေးလေးနဲ့ ပြန်ကူးခဲ့တယ်။ အဲ့ဒီနေ့ကတော့ တကယ်ပင်ပန်းတဲ့နေ့ပဲ။ အိမ်ရောက်တာနဲ့ ရေမိုးချိုးပြီး နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပစ်လိုက်တယ်။ နောက်နေ့မနက် မနက်စာက ကန်ဒီအရမ်းကြိုက်တဲ့ ဆန်စီးခေါက်ဆွဲ...


ရွှေကူက ဆန်စီးခေါက်ဆွဲ ဘယ်လောက်စီးလဲဆိုတာ စားဖူးမှသိမယ်။ စားပြီးတော့ အမေနဲ့ မြစ်ဆိပ်ဘက် လမ်းလျှောက်တယ်။ ဆိပ်ကမ်းနားမှာ မြင်းလှည်းတွေ့တာနဲ့ မြို့တစ်ပတ် မြင်းလှည်းစီးကြတယ်။ အဲ့ဒီမြင်းလှည်းစီးပြီးကတည်းက  နောက်ဘယ်တော့မှ မြင်းလှည်းမစီးတော့ဘူးလို့ ကိုယ့်ဟာကိုယ်ဆုံးဖြတ်ချက်ချလိုက်တယ်။ အရင်ကလည်း မြင်းလှည်းစီးဖူးပါတယ်။ ဒါပေမယ့်အနောက်ကပဲ စီးတာ။ ဒီတစ်ခေါက် ကန်ဒီက မြင်းလှည်းသမားကြီးဘေးက သွားထိုင်စီးတော့ မြင်းက ကုန်းတက်တွေမှာ ဘယ်လောက်အားသုံးပြီး လှည်းကိုဆွဲနေရတယ်ဆိုတာ မြင်ရတော့ စိတ်မသက်သာဘူး။



အဲ့ဒါပြီးတော့ အဖေ့အသိဆိုင်ထဲ ၀င်ထိုင်ပြီး စကားပြောကြတယ်။ သူတို့ဆိုင်က ရွှေကျင်ရင်သုံးတဲ့ မော်တာတို့၊ ကော်ဇောတို့ အဲ့လိုပစ္စည်းတွေရောင်းတာ။ ကန်ဒီ့ကိုဆွဲဆောင်တာက ဆိုင်ရှေ့မှာချထားတဲ့ မှန်ပုံးလေး။ အဲ့ဒါဘာအတွက်လဲ ကန်ဒီမသိဘူး။ အရင်နေ့တွေက တခြားဆိုင်တွေရောက်တော့လည်း အဲ့ဒီမှန်ပုံးလေးကို တွေ့တယ်။ ဘာလုပ်တာလဲမေးကြည့်တော့... ဈေးဝယ်သူတွေက များသောအားဖြင့် ပိုက်ဆံမပေးဘဲ ရွှေအကြမ်းထည်ပေးပြီး ပစ္စည်းဝယ်လေ့ရှိတယ်တဲ့။ အဲ့ဒီအတွက် ချိန်ခွင်လေးထားထားတာတဲ့။ အဲ့ဒီဦးလေးကြီးက ကန်ဒီ့ကိုရွှေအကြမ်းတွေလည်း ပြတယ်။


ရွှေကူမြို့ကလူတွေက ရွှေကျင်တဲ့လုပ်ငန်းနဲ့ သစ်လုပ်ငန်းကို အဓိကလုပ်ကိုင်ကြတယ်။ ရွှေကျင်ဖို့ဆို အစိုးရဆီက မြေကွက်ဝယ်ရတယ်တဲ့။ အဲ့ဒီမြေကွက်ထဲမှာပဲ ကျင်ရတာပေါ့။ ရွှေတွေအများကြီးရ၊မရ ဆိုတာကတော့ ကံပေါ်မှာမူတည်တယ်။ ရွှေကျင်နည်းအကျဉ်းချုပ်ကတော့... မြစ်ရေထဲက ရေတွေနဲ့ ရွှံတွေကို မော်တာကြီးနဲ့အရင်စုပ်တယ်။ ပြီးရင်အဲ့ဒီကော်ဇောပေါ်ဖြတ်ခိုင်းလိုက်တယ်။ ကော်ဇောပေါ်မှာ ရွှေလိုမျိုးလေး,တဲ့အရာတွေက ကပ်ပြီးကျန်ခဲ့တယ်။ အဲ့ဒီကော်ဇောကို ရေနဲ့ပြန်ဆေးချ... ပြီးရင် ကတော့လိုမျိုး စကောပေါ်မှာ စစ်တော့ အရမ်းလေးတဲ့ရွှေက စကောအလယ်မှာ စုပြီးကျန်ခဲ့တယ်။ အဲ့ဒါကို ပြဒါးထည့်ဖမ်းပြီး ပြဒါးကိုမီးနဲ့ပြန်ထုတ်လိုက်တော့ ရွှေချည်းကျန်ခဲ့တယ်တဲ့။ ကန်ဒီ့ဦးလေးဆီက စပ်စုပြီး မေးထားတာ :D :D

အဲ့ဒီနေ့ပြီးတော့ ကန်ဒီတို့ ရန်ကုန်ပြန်ခဲ့ကြတယ်။ ပိုစ့်တောင် တော်တော်ကြီးရှည်သွားပြီ။ ဒါ ကန်ဒီ့နောက်ဆုံးခရီးသွားပိုစ့်ပေါ့။

Hope you all Enjoy ^_^

3 comments:

Anonymous said...

i got many knowledge. thanks. cool place... one day hope to get a chance to visit there... Enjoy ^_^

Anonymous said...

သဘောကျတယ် ကန်ဒီလေး။
ခရမ်းချဉ်သီးတွေနဲ့ မရမ်းသီးတွေအခြောက်လှမ်းထားတာသဘောကျတယ်။
အဲလိုရွှေကျင်တာတွေကနေမြစ်ရေကိုမာကျူရီတွေဝင်ပြီးမြစ်ရေညစ်ညမ်းတာလေ။ ငါးတွေပုစွန်တွေထိညစ်ညမ်းသွားတာပေါ့။
အစိုးရကပိုက်ဆံရရင်ပြီးရောဘာမှမစဉ်းစားဘူးနော်။
ညစာထဲကပုရစ်ကြော်နဲ့ တို့ စရာထဲက ဂွေးထောက်ရွက်နဲ့ မြင်းခွာရွက်ကိုသဘောကျလိုက်တာ။ လတ်နေတာဘဲ။
အမြဲစိတ်ချမ်းသာပါစေ။
အိုင်အိုရာ

မိုးငွေ့........ said...

ဖတ်လို့အရမ်းကောင်းတာပဲ...ပုံတွေအားလုံးကိုကြည့်လို့မရသေးဘူး...။ ခရမ်းချဉ်သီးကိုင်းသီးလေးတွေကို သဘောကျလိုက်တာ အဲလိုမျိုး ခရမ်းချဉ်သီးအခြောက်လုပ်ပြီး ထောင်းစားချင်သေးတယ်...း)