Tuesday, September 30, 2014

Butter

So Tired...
ဒီရက်ပိုင်း စိတ်သိပ်မကြည်ဘူး။ ဘယ်လိုလူတွေနဲ့ တွေ့နေမှန်း မသိဘူး။ ကန်ဒီလူတစ်ယောက်ရဲ့ Attitude ကို မကြိုက်ဘူးဆို အဲ့ဒီလူနဲ့ အဲ့မှာတင်ပြီးပြီ။ သွားပြီးတိုက်ခိုက်နေမှာ မဟုတ်သလို၊ ဟန်ဆောင်ပြီးလည်း ဖက်လဲတကင်း မနေတတ်ဘူး။ 

တချို့လူတွေက ကိုယ်ဘာမှန်းသေချာမသိတဲ့အရာတွေကို အလွယ်တကူကောက်ချက်ချတတ်ကြတယ်။ တချို့လူတွေက အပေါ်ယံပကာသနတွေ ခြယ်မှုန်းထားတဲ့အရာတွေကိုမှ ပိုတန်ဖိုးထားတတ်ကြတယ်။ တချို့လူတွေက အရာရာကိုပိုက်ဆံနဲ့ တန်ဖိုးဖြတ်တတ်ကြတယ်။ တချို့တွေကျတော့ ကိုယ့်အမှားကို ၀န်ခံဖို့ ၀န်လေးတတ်ကြတယ်။ ကန်ဒီနဲ့ အဲ့လိုလူမျိုးတွေနဲ့ ဘယ်လိုမှအဆင်ပြေမှာမဟုတ်ဘူး။ ကန်ဒီကမမြင်ရတဲ့ စိတ်နှလုံးကိုကြည့်ပြီးမှ လူတစ်ယောက်ကို တန်ဖိုးဖြတ်တတ်တဲ့လူမျိုး...



ဒါလေးက လက်ဆောင်ရထားတာ ကြာလှပြီ။ ခုမှပဲ လုပ်ဖြစ်တယ်။ ကန်ဒီက အဲ့လိုမျိုးလေးတွေ လက်ဆောင်ရရင် အရမ်းသဘောကျတယ်။ ပေးတဲ့လူကိုပဲ ကန်ဒီ့စိတ်ကိုမှန်းတတ်လို့ ချီးကျုးရမှာပေါ့။ လက်ဆောင်ဆိုတာ ဈေးကြီးတဲ့အရာပေးမှ လက်ဆောင်မည်တာ မဟုတ်ပါဘူး။ ဆွဲကြိုးတစ်ကုံးထက် ပန်းချီဆွဲတဲ့ စုတ်တံတစ်ချောင်းက ကန်ဒီ့ကိုပိုပျော်စေမှာ သေချာတယ်။ 


အမေက ကိုကြီးနဲ့ငါးကြော်တွေ ထည့်ပေးလိုက်တယ်။ ဒီတစ်ခေါက်တော့ ကန်ဒီသွားယူရတယ်။ ကိုလေးပြန်လာတုန်းက ကန်ဒီ့ညီမသွားယူထားတော့ ဒီတစ်ခါကိုကြီးပြန်လာတာပါ သူ့ကိုထပ်သွားယူခိုင်းရင် မကောင်းတော့လို့ ဟဟ (xD)။ အမေထည့်ပေးတဲ့ငါးကြော်၊ ကြံမဆိုင်ဟင်းရည်နဲ့ Broccoli ကြော်က ဒီနေ့အတွက်ညစာ။ သူများတွေဆို အမေရေ သမီးတော့ ဘာလေးစားချင်တယ်၊ ဘာထည့်ပေးလိုက်ပါနော်ဆိုပြီး မှာတတ်တယ်။ ကန်ဒီက တော်ရုံတန်ရုံ အဲ့လိုမမှာတတ်ဘူး။ မမှာလည်း အမေကတော့ ထည့်ပေးနေတာပဲ။ သားသမီးတွေအတွက်ဆို ဘယ်တော့မှ မမောဘူး။

ကန်ဒီ့ရဲ့ "Butter"လို့ခေါ်တဲ့ ဟမ်းစတားလေး နောက်တစ်ကောင်သေသွားပြန်ပြီ။ သူတို့ အသက်ကြီးပြီး သက်တမ်းစေ့လို့ ဖြစ်မယ်။ အခုနှစ်ကောင်ပဲ ကျန်တော့တယ်။ သူတို့မရှိရင် ကန်ဒီနေတတ်မှာမဟုတ်ဘူး။ အကောင်တစ်ကောင်ကောင်တော့ ရှိမှဖြစ်မယ်။

Beauty post တွေ မရေးဖြစ်တာကြာဆို ကိုယ်ကလည်း ဘာမှမှထွေထွေထူးထူး သိပ်မလိမ်းဖြစ်တာ။ ဘာမှလည်း အသစ်ဝယ်မသုံးဖြစ်တော့ ဘာမှသိပ်မသိဘူး။ ၀ါသနာပါတယ်သာပြောတာ တကယ်တမ်း နေ့တိုင်းပြင်ပြင်ဆင်ဆင်နေဖြစ်လားဆို မနေဖြစ်ဘူး။ အလုပ်သွားရင်က ကြည့်ပျော်ရှုပျော်ဖြစ်ရုံလောက်ပဲ။ အချိန်လည်းမရဘူးလေ။ အိပ်ယာပေါ်က တော်ရုံမထတော့ မနက်ဆိုဝုန်းဒိုင်းကျဲပြီး အိမ်ကထွက်ရတာ။ ဘာမှကောင်းကောင်းပြင်ဆင်ချိန်မရဘူး။ အချိန်ရလည်း နေ့တိုင်းလုပ်ရမှာကြ ပျင်းတယ် ဟဟ xD


(1) Revlon Balm Stain
(2) Maybelline Pure Mineral Concealer
(3) Maybelline Crayon Brow
(4) Dolly Wink Eyeliner
ဒါတွေက ကန်ဒီအရမ်းကြိုက်ပြီး ကုန်ရင် ထပ်ခါထပ်ခါဝယ်ဖြစ်တဲ့ ပစ္စည်းတွေ။ Eyeliner ကတော့ အလုပ်သွားရင်မသုံးဖြစ်ဘူး။ အမှန်က Beauty Post မရေးဖြစ်လို့ လာလည်နေကျ မိန်းကလေးဧည့်သည်တွေကို ဒါလေးနဲ့ နှစ်သိမ့်တဲ့သဘော ဟဟ :D

Good Night^^

Tuesday, September 23, 2014

"ဥ"လင်္ကာ

ဟာာာလို... ("Hello" ဟု ဘာသာပြန်ပါ)
အမှန်အတိုင်းပြောရရင် ဘာရေးလို့ ရေးရမှန်းမသိဘူး။ တပတ်တခါပိုစ့်တင်ချင်တဲ့ ရောဂါကလည်းရှိတော့ အချိန်တန်ရင် ဒီအပေါ်သူ့အလိုလိုရောက်လာတယ် (သည်းခံပါ)။ ဒီနေ့ကြက်ဥနှစ်လုံး အလုပ်ကလက်ဆောင်ရလာတယ်။ ဘော့စ် ကလေးမွေးလို့ပေးတာ။ သူများတွေပြောတာတော့ ကလေးမွေးရင် ကလေးကျန်းမာအောင် ကြက်ဥပေးရတယ်တဲ့။ တရုတ်အယူထင်တယ်... ကန်ဒီတော့ ခုမှကြားဖူးတာ။


"ကြက်ဥလေးကအနီလေးတော့... ချစ်စရာလေး... စားတောင်မစားရက်ဘူး"ဆိုပြီး နောက်ဆုံးကျတော့ ညစာဘာစားရမလဲ စဉ်းစားမရတာနဲ့... သူတို့ခမျာ ကြက်ဥသုပ်ဘ၀ရောက်သွားရှာတယ် ဟဟဟ... I'm so evil xD



ကြက်သွန်ဖြူဆီချက်၊ ကြက်သွန်နီအစိမ်း၊ နံနံပင်၊ သံပရာသီး၊ ဆားနဲ့ ကြက်ဥကိုရောလိုက်တဲ့အခါ ကြက်ဥသုပ်ဖြစ်သွားတယ်။ ငရုတ်သီးအစိမ်းတောင့်ထည့်ဖို့ မရှိလို့ မထည့်လိုက်ရဘူး။ ကန်ဒီ့နံနံပင်ကို ကြည့်ပြီး လန့်သွားလား?? ကန်ဒီက နံနံပင်အရမ်းကြိုက်တယ်။ ကန်ဒီ့ညီမက လတစ်ချောင်းငင် သေးသေးတင် ၀တ်စနှစ်လုံးပေါက် "လုံး"၊ ၀လုံးရေ"၀"၊ "လုံးဝ" မကြိုက်ဘူး။ သူမစားဘူးဆိုတော့ ကိုယ့်စိတ်ကြိုက်သုပ်တယ်။ ကန်စွန်းရွက်နဲ့မှို ကြော်တယ်။


ဒီတစ်ပတ် Audit ရှိတော့ ပြီးခဲ့တဲ့စနေနေ့က နေ့တ၀က်မပြန်ရဘူး။ လိုအပ်တာတွေ လိုက်ကူပေးနေတာ တနေကုန်သွားတယ်။ ညမှ အိမ်ပြန်ရောက်တယ်။ ကန်ဒီ့သူငယ်ချင်း ဖိလစ်ပင်းမလေးနဲ့ ရိုက်ထားတာ။ အလုပ်ချိန်မဟုတ်တော့ ဓာတ်ပုံရိုက်လို့ရတယ်။ "The Maze Runner" ကြည့်ချင်လို့ အလုပ်ကသူငယ်ချင်းတွေနဲ့ နောက်အပတ်သွားကြည့်မယ် ပြောထားတယ်။ "The fault in our stars" လိုမျိုး ၀မ်းနည်းရမယ့်ဇာတ်လမ်းတွေဆို မကြည့်ချင်ဘူး။ အသည်းငယ်တယ်။ သူများတွေ iPhone 6 ကို အရူးအမူးဖြစ်နေကြချိန်မှာ ကိုယ်ကအေးဆေးပဲ။ ကန်ဒီက အဲ့လို Technology ပိုင်းတွေ စိတ်ကိုမ၀င်စားတာ။ ကိုယ့်ဖုန်းတောင် Facebook သုံးရုံ၊ Message ပို့ရုံလောက် သုံးတာ။ ဘာမှလည်း သိပ်မသိဘူး။ ဟိုတလောက ဖုန်းလဲလိုက်တယ်ဆိုတာကလည်း ဖုန်းအဟောင်းကို မမြင်ချင်လို့ -.-

အခုလောလောဆယ် လိုချင်နေတာက ကန်ဒီ့ပန်းချီပစ္စည်းတွေထည့်ဖို့ စင်လေးဖြစ်ဖြစ်၊ သေတ္တာလေးဖြစ်ဖြစ်။ အခုက ဆေးတွေရော၊ စုတ်တံတွေရော၊ စာအုပ်တွေရော ဖြစ်သလို ဟိုတစ်စ ဒီတစ်စ။ IKEA ကို တစ်ရက်လောက် သွားချင်တယ်။ ကန်ဒီ့အိမ်နဲ့နီးနီးလေးရယ်... အဲ့ဒါကို ခုထိမရောက်ဖြစ်သေးဘူး။ ကန်ဒီ့ညီမကို အရင်စည်းရုံးရမယ်။ တဖက်ကကြည့်ရင်လည်း မရောက်ဖြစ်တာကောင်းပါတယ်။ ကန်ဒီ့ပုံစံနဲ့ဆို အဲ့ရောက်တာနဲ့ ကုန်မှာပဲ(ပိုက်ဆံ)။

ဟိုတလောက Passport သက်တမ်းသွားတိုးတုန်းကအကြောင်း ပြောပြဦးမယ်။ သူတို့ Website မှာပဲ Queue နံပါတ်ယူပြီး သွားလိုက်တယ်။ Websites မှာ ယူလာရမယ်လို့ ရေးထားတာတွေ အကုန်ယူသွားတာပေါ့။ ဟိုရောက်တော့ ကန်ဒီက အရင်က ဒီမှာကျောင်းတက်ခဲ့တော့ Certificate တွေ၊ ဘွဲ့လက်မှတ်တွေ Original ရော၊ Copy ပါ ပြရမယ်ဆိုတာနဲ့ အိမ်တစ်ခေါက်ပြန်ယူလိုက်ရတယ်။ တော်သေးတာပေါ့ အိမ်ကနီးလို့... Websites မှာ အဲ့ဒါတွေလည်း မရေးထားဘူး။ အဲ့တုန်းက နှစ်ခါမောတယ်။ ကန်ဒီ့လိုနှစ်ခါမမောရအောင် သက်တမ်းသွားတိုးမယ့်လူတွေအတွက် ပြောပြတာ။ အဲ့တုန်းကတည်းက ရေးမယ်ရေးမယ်နဲ့ ခုမှရေးဖြစ်တယ်။ အဲ့လို အားကိုးရတာ ဟဟ :D

အိပ်သင့်ပြီ...
Good Night^^

Monday, September 15, 2014

Cookie

စိတ်ရှုပ်တာတွေပျောက်အောင်ဆိုပြီး ဒီတပတ်အတွင်း တနေ့တနေ့စီအတွက် ကန်ဒီ့ကိုပျော်စေတဲ့အရာတွေကို ဓာတ်ပုံရိုက်မယ်လို့ ပြီးခဲ့တဲ့အပတ်က ဆုံးဖြတ်ချက်ချဖြစ်တယ်။ အခုရေးနေတဲ့ပိုစ့်အတွက် အိုင်ဒီယာအသစ်လည်း ဖြစ်မယ်ပေါ့။ ကန်ဒီ့အကြံအစည်က တ၀က်ပဲအောင်မြင်တယ် ပြောရမယ်...

► Tuesday


Vivo City နားက Sentosa Boardwalk မှာ လမ်းလျှောက်ဖြစ်တယ်။ ကန်ဒီတို့ ထိုင်မယ်ဆိုပြီး ရွေးလိုက်တဲ့နေရာက မရည်ရွယ်ဘဲ စံပယ်ရုံဘေးဖြစ်နေတယ်။ သူတို့ဘယ်လိုစိုက်ထားတယ် မသိဘူး၊ စံပယ်ရုံက တော်တော်ကြီးတယ်။ ကန်ဒီစင်္ကာပူမှာ အဲ့လိုစံပယ်ရုံမမြင်ဖူးသေးဘူး။ မွှေးးးနေတာပဲ။ စံပယ်နဲ့ ခရေက ကန်ဒီအကြိုက်ဆုံးပန်းလို့ ပြောဖူးတယ်နော်။ ကန်ဒီ Facebook မှာ ဖတ်ဖူးတဲ့စာလေးကို အမှတ်ရသွားလို့တောင် ပြောပြဖြစ်သေးတယ်။ ပန်းတွေက အရောင်ပါလာလေ အနံ့ပြယ်လေပဲတဲ့။ အဲ့ဒါမှန်တယ်နော်။ များသောအားဖြင့် အဖြူရောင်ပန်းတွေက ပိုမွှေးတတ်ကြတယ်။

ည(၉)နာရီလောက်ကြတော့ ကန်ဒီတို့ထိုင်နေတဲ့နေရာနဲ့ နီးနီးလေးမှာပဲ Sentosa ဘက်က မီးပန်းတွေဖောက်တယ်။ အဲ့အချိန်မီးပန်းတွေဖောက်တတ်တာ သိပေမယ့် ကန်ဒီတို့ထိုင်နေတဲ့နေရာနဲ့ ဒီလောက်နီးလိမ့်မယ့်လို့ မထင်မိဘူး။ အရမ်းးးးလှတယ်။ ကန်ဒီပျော်လို့ ပါးစပ်မပိတ်တော့ဘူး၊ ပြုံးနေတာ ဟဟဟ :D

 ► Wednesday


အဲ့ဒီနေ့ညစာကို အိမ်မှာပဲ စားဖြစ်တယ်။ ကိုလေးရန်ကုန်ခဏပြန်တော့ အမေက ကိုလေးနဲ့ဟင်းတွေ ပြန်ထည့်ပေးလိုက်တယ်။ ကန်ဒီ့ညီမ ကိုလေးတို့အိမ်ကနေ သွားယူလာတာ တနင်္ဂနွေနေ့လောက်ကတည်းက... ဒါပေမယ့် မအားတာရော၊ အိမ်မှာမစားဖြစ်တာရောနဲ့ပေါင်းပြီး ဖွင့်မကြည့်မိဘူး (အမေသိရင်ဆူမှာ :P)။ အိမ်မှာထမင်းစားမယ်ဆိုမှ ဖွင့်ဖြစ်တယ်ဆိုပါတော့။ ဟိုတခေါက်က ထည့်ပေးလိုက်တဲ့ ငါးပတ်မွှေကို ကြိုက်တယ်လို့ ပြောထားတော့ အမေကမမေ့မလျော့ ဒီတခေါက်လည်း ငါးပတ်မွှေကြော်ထည့်ပေးလိုက်တယ်။ သတင်းစာစက္ကူလေးနဲ့ထုပ်ထားတဲ့ အထုပ်သေးသေးလေးကို ဘာလဲဆိုပြီး ဖွင့်ကြည့်မိတော့ ငရုတ်သီးတောင့်တွေ ဟဟ(xD)။ ထင်တော့ ထင်ပါတယ်၊ အမေက ရန်ကုန်က သံပရာသီးတွေ၊ ငရုတ်သီးတွေ၊ တခါတလေဂျင်းတွေကိုလည်း အဲ့လိုသတင်းစာနဲ့ထုတ် ထည့်ပေးတတ်တယ်။ ငါးပတ်မွှေနဲ့ အဲ့ဒီငရုတ်သီးထုပ်လေးမြင်တော့ ပြုံးမိတယ်။ မိဘမေတ္တာဆိုတာ ဘယ်အရာနဲ့မှ အစားထိုးလို့မရပါဘူး။

► Thursday

 ဘုရားပန်းအသစ်လဲထားတော့ စိတ်ထဲအလိုလိုနေရင်း ကြည်နူးတယ်...


ဆံပင်ညှပ်လိုက်တယ်။ အချွန်ညှပ်ထားတော့ အရှေ့ကကြည့်ရင် အဲ့လောက်တိုသွားတယ်။ အနောက်ကတော့ နည်းနည်းရှည်ရှည်ကျန်သေးတယ်။ ခေါင်းတော်တော်ပေါ့သွားတယ် :D

သောကြာနေ့ကြတော့ ဘာမှထူးထူးခြားခြား ပျော်စရာမရှိဘူး။ စနေနေ့ကြတော့ Stock Take OT ဆင်းပြီး အလုပ်ကပြန်လာတော့ ခေါင်းကိုက်လို့ဘာမှမလုပ်နိုင်ဘူး။ ဒီနေ့ကတော့ စိတ်မကောင်းအဖြစ်ဆုံးနေ့ပဲ။ ကန်ဒီ့ဟမ်းစတားလေးတစ်ကောင် သေသွားတယ်(T_T)။ ဟိုနေ့ကတင် အကောင်းကြီးရှိသေးတယ်။ ကန်ဒီအချစ်ဆုံးအကောင်လေး... သူကအ၀ဆုံးနဲ့ အကျန်းမာဆုံး... ဘာလို့သေသွားလဲ စဉ်းစားလို့မရဘူး။ ဒီနေ့သူတို့အိမ်သန့်ရှင်းရေးလုပ်ပေးမယ်ဆိုတော့ သူကမလှုပ်တော့ဘူး။ အစကအိပ်နေတာထင်လို့ အစာတွေဘာတွေနဲ့ နိုးလာအောင် စ,နေသေးတယ်။ ဘယ်လိုစ,စ,မလှုပ်တော့မှ သေနေမှန်းသိတာ။ နေမကောင်းဖြစ်ပြီး သေတာဆိုလည်း ဟုတ်တုတ်တုတ်... ခုဟာက အကောင်းကြီးကနေ ဗြုန်းဆိုသေသွားတာ။ ကန်ဒီတစ်ခုခုအမှားလုပ်မိလို့ သေသွားတာမျိုး ဖြစ်မှာစိုးတယ်။ သူကတစ်နှစ်ခွဲဆိုတော့ သက်တမ်းကတော့ ပြည့်နေပါပြီ :(

Mommy "Butter" နဲ့ သူငယ်ငယ်ကပုံ (March 2013) 

Cookie နဲ့ လွန်ခဲ့တဲ့ တစ်နှစ်က...

ဒါက ဟိုတလောကတင် ကန်ဒီတင်ထားတဲ့ပုံ...

Rest In Peace Baby Cookie...
You will always be in my heart :(

Good Night^^

Tuesday, September 9, 2014

Sorrow

ည(၁၀)နာရီ...
အလုပ်ကပြန်လာကတည်းက ကုတင်ပေါ်မှာအိပ်ပျော်သွားတာ ခုနကမှနိုးတယ်။ ရေချိုး၊ ထမင်းစားပြီး လူကပြူးကြောင်ကြောင်လေး ဖြစ်နေတယ်။ တနည်းအားဖြင့် စာရေးလို့ကောင်းတဲ့ အချိန်ပေါ့။ သူကြီးမင်းရော၊ အစ်မမိုးငွေ့ရောက Challenge လုပ်ထားတယ်။ ဘာပိုစ့်တင်တင်၊ နှစ်ပတ်အတွင်းပိုစ့်တစ်ပုဒ် တက်ရင်ပြီးရော ဆိုလို့ကတော့ ကန်ဒီ့အတွက် ပူစရာမလိုပါဘူး ဟီးဟီး(:D :D)။ အဲ့လိုမဟုတ်ဘဲ ဒီခေါင်းစဉ်နဲ့ရေးပါ ဆိုတာမျိုး ဆိုရင်တော့ ကန်ဒီတို့ ဦးနှောက်ခြောက်ပြီ(:D)။ ကန်ဒီက ပိုစ့်လည်းတင်တယ်၊ အလှူငွေလည်း ထည့်ပြီးသွားပြီနော် ^_~


စနေနေ့ကချက်တဲ့ ကြက်သားကာလသားဟင်း၊ ငရုတ်သီးထောင်းနဲ့ အရွက်ကြော်။ ငရုတ်သီးထောင်းထက် ငပိထောင်းနဲ့ဆို ပိုလိုက်တယ်။ တပတ်မှာ တစ်ခါလောက်ပဲ ချက်ဖြစ်တယ်။ ကျန်တဲ့ရက်တွေက အပြင်မှာစားရင်စား၊ ဒါမှမဟုတ်ရင် ဖြစ်သလို ကြက်ဥကြော်စားတယ်။ အမေ့ကို သတိရတယ်။ သူလာလည်မယ်ဆိုပြီး ခုထိမလာသေးဘူး။ တချို့က ကန်ဒီ့ကိုတစ်နှစ်တစ်ခါ ရန်ကုန်မပြန်ဘဲ နေနိုင်တယ်နော်တဲ့။ စဉ်းစားကြည့်ရင် ရန်ကုန်မှာ အမေတို့ကလွဲလို့ ဘယ်သူမှမရှိဘူး။



"Teacher Day" အမှတ်တရ ဘုန်းကြီးကျောင်းက ကလေးလေးပေးတာ။ ကန်ဒီ့သူငယ်ချင်းတစ်ယောက်က ပြောတယ်။ တစ်ပတ်မှာ (၇)ရက်ရှိတာ တစ်ရက်မှ အိမ်မှာမနားဘူးတဲ့။ သူပြောမှ ကိုယ့်ကိုကိုယ်သတိထားမိတယ်။ သူက ကန်ဒီ့ကို အနားယူဖို့ လိုတယ်တဲ့။ ကန်ဒီ့အတွက်တော့ အပတ်တိုင်းတနင်္ဂနွေဆို ကလေးတွေနဲ့ စကားပြောရရင် အမောတ၀က်ပြေပါတယ် ^_^

တော်တော်များများက ကန်ဒီ့ကို အရာအားလုံးပြီးပြည့်စုံပြီး Perfect ဖြစ်တဲ့ မိန်းကလေးတစ်ယောက်လို့ မြင်ကြတယ်။ ကန်ဒီ့မှောင်နေတဲ့ ကမ္ဘာတစ်ခြမ်းကို မြင်ရင်ရော အဲ့လိုတွေးကြဦးမှာလား... ဒီအမှောင်ထုကိုခွင်းမယ့်အလင်းဆိုတာ ရှိမယ်လို့ ကန်ဒီမထင်ဘူး။ ဒီရက်ပိုင်းအတွင်းမှာပဲရတဲ့ မှတ်ချက်လေးတစ်ခုကို သဘောကျတယ်... ကန်ဒီက ပွင်းလင်းသလိုလိုနဲ့ လျှို့ဝှက်တယ်တဲ့။ သူကဘာကိုကြည့်ပြီး ပြောမှန်းသေချာမသိပေမယ့်... အရမ်းမှန်တဲ့ မှတ်ချက်တစ်ခုပါ။

ကန်ဒီ့မှာ ကိုယ်ရထားတဲ့ဘွဲ့နဲ့ကိုက်ညီပြီး ကိုယ်ပျော်ရွှင်ကျေနပ်တဲ့ အလုပ်တစ်ခုရှိတယ်။ ကိုယ်ဝါသနာပါတဲ့ ဆရာမအလုပ်လည်း ဘုန်းကြီးကျောင်းမှာ Volunteer လုပ်ခွင့်ရတယ်။ ခုဆို ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်တဲ့အပြင် အမေတို့ကိုတောင် ပြန်ကန်တော့နိုင်ပြီ။ အရာရာပြီးပြည့်စုံနေရဲ့သားနဲ့ ဘာလို့စိတ်ဓာတ်ကျစရာတွေ စဉ်းစားနေတာလဲဆိုပြီး တခါတလေ တွေးမိတယ်။ ကန်ဒီကိုယ့်ကိုကိုယ် အမြဲအလုပ်ရှုပ်နေစေတာ အဲ့လိုအတွေးတွေမ၀င်မိအောင်ဆိုတဲ့ ရည်ရွယ်ချက်လည်းပါတယ်။



ကန်ဒီအရမ်းသဘောကျတဲ့ပုံ... သူ့မျက်နှာပေါ်မှာ စကားလုံးတွေရှိတယ်။ အဲ့ဒီပန်းချီကားကို ကန်ဒီ "Sorrow" လို့ နာမည်ပေးထားတယ်။ လက်ဆောင်ပေးတဲ့သူကို ကျေးဇူးတင်တယ်။

သူကြီးမင်းက Challenge ပိုစ့်တင်ပြီးရင် Facebook Group မှာ ရှယ်ဖို့ရေးထားပေမယ့် ကန်ဒီကတော့ မရှယ်တော့ပါဘူး။ ကန်ဒီ့စာတွေက ရှယ်လို့ကောင်းတဲ့ ပိုစ့်ကောင်းကောင်းတွေလည်း မဟုတ်တော့ တိုးတိုးတိတ်တိတ်ပဲ ဖတ်ကြပေါ့ ဟဟ(xD)။ ဘလော့ဂါ(၁၀)ယောက်ကို Challenge ထပ်လုပ်ရမယ်တဲ့ Humm... (၁) မိုးသက် (၂) မြတ်ကြည် (၃) မမအိုင်အိုရာ (၄) နန်းရွှေမှုံ (၅) မဗေဒါ (၆) အသူ (၇) မကြီးလွမ်း (၈) မပူပူး (၉) မေသင်း (၁၀) သမီးစံ...

အားရင် ပိုစ့်လေးတွေ တင်ကြပါ...
Good Night^^