Yayyy....
နောက်ဆုံးတော့ ဖြစ်ဖြစ်မြောက်မြောက် ပြီးစလွယ်မဟုတ်တဲ့ အလှအပပိုစ့်လေး တင်နိုင်ပြီ။ ခုလိုတရုတ်နှစ်ကူး ပိတ်ရက်မျိုးမှအားတော့ ခုမှပဲ ကောင်းကောင်းမွန်မွန် အချိန်ပေးလုပ်ဖြစ်တယ်။ ဒီနေ့တင်မှာကတော့ ခေါင်းစဉ်မှာရေးထားတဲ့အတိုင်း နေ့စဉ်မိတ်ကပ်လိမ်းနည်းလေးပါ။ဗွီဒီယိုလေးနဲ့ ပြထားတော့ အားလုံးအတွက် ပိုအဆင်ပြေလိမ့်မယ်လို့ ထင်ပါတယ်။ အလုပ်သွားအလုပ်လာ၊ ကျောင်းသွားကျောင်းလာ မိတ်ကပ်လိမ်းနည်းလေးဆိုတော့ ပိုအသုံးဝင်တာပေါ့။ ဒါက ကန်ဒီဘယ်လိုလိမ်းတယ်ဆိုတာပဲ ပြထားတာပါ။ စာဖတ်သူအစ်မတွေ၊ ညီမလေးတွေက ကိုယ့်စိတ်ကြိုက် Customize လုပ်ပြီး ပြင်နိုင်တယ်နော်...
ဒါက ကန်ဒီနေ့စဉ်သုံးတဲ့ အလှပြင်ပစ္စည်းလေးတွေပါ။ ပိုလွယ်ကူအောင် List လေးနဲ့ ရေးပြမယ်နော်...
1) Cetaphil Oil Control Facial Moisturizer
2) EOS Lip Balm
3) Tarte Amazonian Clay Tinted Moisturizer
4) Maybelline Mineral Concealer
5) Garnier Light BB Eye Roll-on
6) Revlon Loose Powder
7) Maybelline Eyebrow Pencil in Brown
8) Kate Gradient Eyeshadow in Brown
9) Majolica Majorca Flower Harmony Blush (PK 302)
10) Revlon Balm Stain (Sweetheart Valentine)
မျက်နှာသစ်ပြီးတာနဲ့ အရင်ဆုံး Moisturizer လိမ်းပါ။ မျက်နှာမှာ အစိုဓာတ်နည်းနည်းလေး ကျန်နေတုန်းအချိန်မှာ Moisturizer ကို လိမ်းသင့်တယ်လို့ ဖတ်ဖူးတယ်။ အဲ့တော့မှ အစိုဓာတ်ကို အသားထဲမှာ ပိတ်လှောင်ထားသလိုဖြစ်မှာတဲ့။ Moisturizer ဆိုတာ အစိုဓာတ်ထိန်းတဲ့ခရင်မ်ကို ခေါ်တာပါ။ အသားအရည်ထိန်းသိမ်းတဲ့ ပစ္စည်းတစ်မျိုးပေါ့။ ကန်ဒီ့စာဖတ်သူတချို့က အလှအပ ပစ္စည်းတော်တော်များများကို ကန်ဒီအင်္ဂလိပ်လိုသုံးတာများလို့ တချို့အရာတွေကို နားမလည်ဘူးလို့ Feedback ပေးထားလို့ ပြန်ရှင်းပြတာပါ။ နားလည်ပြီးသားလူတွေအတွက် အရမ်းရှင်းပြနေသလိုဖြစ်ရင် သည်းခံပါနော်။
နေ့စဉ်နေ့တိုင်းအတွက်ကျတော့ ကန်ဒီ Foundation အောက်ခံမိတ်ကပ်မလိမ်းပါဘူး။ Tarte Tinted Moisturizer လေးပဲ လိမ်းပါတယ်။ သူက အရောင်ပါတဲ့ Moisturizer အမျိုးအစားပါ။ မိတ်ကပ်လိုမျိုး မျက်နှာပေါ်မှာ ထူထူကြီး ဖြစ်မနေဘူးလေ။ Moisturizer ပဲဆိုတော့ အသားအရည်အတွက်လည်း အထူးသင့်လျော်ပါတယ်။
Concealer ဆိုတာကတော့ အစက်အပြောက် ကိုယ်မလိုချင်၊ မမြင်ချင်တဲ့အရာတွေကို ဖုံးပေးတဲ့အရာပါ။ ကန်ဒီ Concealer နှစ်မျိုးသုံးပါတယ်။ အစက်အပြောက်ဖုံးဖို့အတွက်ဆို Maybelline Mineral Concealer ကို သုံးပါတယ်။ မျက်လုံးအောက်က အမည်းကွင်းကို ဖုံးဖို့ဆို Garnier BB Eye Roll-on သုံးပါတယ်။ ဘာလို့လဲဆိုတော့ Maybelline Concealer က နည်းနည်းထူတယ်။ မျက်လုံးအောက်အတွက်ဆို သိပ်အဆင်မပြေဘူး။ Garnier BB Eye Roll-on က ကျတော့ မျက်လုံးအောက်ကို လိမ်းလို့ပိုကောင်းတယ်။ သဘာဝလည်း ကျတယ်လေ။ မျက်ခွံပေါ်က သွေးကြောတွေဖုံးဖို့လည်း အဲ့ဒါပဲသုံးပါတယ်။
ပြီးရင်တော့ Loose Powder နဲ့ မိတ်ကပ်ကို Set လုပ်ပေးပါ။ ကိုယ်လိမ်းထားတာတွေ အသားကျအောင် အလွယ်တကူမရွေ့အောင်လုပ်တာကို ပြောတာပါ။ Two-way Powder တွေသုံးဖို့ ကန်ဒီအားမပေးပါဘူး (Two-way Powder ဆိုတာ ပေါင်ဒါအနေနဲ့သုံးနိုင်သလို အောက်ခံမိတ်ကပ်အနေနဲ့ပါ သုံးနိုင်တဲ့ အလှကုန်ပစ္စည်းမျိုးကို ပြောတာပါ)။ မျက်နှာပေါ်က အပေါက်ငယ်လေးတွေကို ပိတ်စေနိုင်လို့ပါ။ အဲ့ဒါက ကန်ဒီ့မျက်နှာပြတဲ့ ဆရာဝန်ပြောပြဖူးတာပါ။ သြော်... အားလုံးက ကန်ဒီ့အသားအရေကိုကောင်းတယ်လို့ ချီးကျူးနေမှာစိုးလို့ ပြောပြလိုက်ဦးမယ်။ ကန်ဒီအသားအရည်က တော်တော်ဆိုးပြီး ၀က်ခြံတွေပေါက်တတ်တဲ့ အသားအရည်ပါ။ အရမ်းနာလွန်းလို့ ဆရာဝန်ပြရတယ်။ အရင်က အဲ့ဒီပိုစ့်လေးရေးဖူးတယ်။ ခုလည်း ထပ်ဖြစ်လာလို့ ဆရာဝန်ထပ်ပြနေတယ်။ ဆေးမသောက်ဘဲ အသားအရည်ကောင်းအောင် ဘယ်လိုလုပ်ရမလဲဆိုတာ ရှာဖွေရဦးမယ် >.<
မျက်နှာပြီးရင်တော့ မျက်ခုံးမွှေးဆွဲပါ။ မျက်ခုံးက မျက်နှာကို ဘောင်ခတ်ပေးတဲ့အရာလို့ ဆိုကြပါတယ်။ မျက်ခုံးမွှေးဆွဲထားရင် မျက်နှာလေးက သပ်သပ်ရပ်ရပ်လေးပိုဖြစ်တယ်။ နှာတံပိုပေါ်ချင်ရင် မျက်ခုံးအစလေးကို အထဲလေးနည်းနည်းရောက်အောင် ဆွဲပါ။ ပိုသဘာဝကျအောင် Brush နဲ့ ပြန်ဆွဲဖို့ မမေ့ပါနဲ့။
အိုင်းရှဲဒိုးအတွက်ကတော့ အညိုရောင်တစ်မျိုးထဲကိုပဲ မျက်ခွံပေါ်တင်ပြီး လက်လေးနဲ့အနားလေးတွေကို ပွတ်ပြီး ညှိပေးလိုက်ရင် ရပါပြီ။ ဒါအမြန်ဆုံး အိုင်းရှဲဒိုးဆိုးနည်းပါ(xD)။ နေ့စဉ်အလုပ်သွားအလုပ်လာအတွက်ဆို ကန်ဒီကတော့ အိုင်းလိုင်နာတွေ မျက်တောင်တွေ မကော့နေတော့ပါဘူး။ အလုပ်ကပြန်လာရင် အဲ့ဒါတွေကို Eye Makeup Remover နဲ့ ပြန်ဖျက်ရတာ အလုပ်ရှုပ်တယ် ထင်လို့လေ(xD)။ လူတစ်ကိုယ် အကြိုက်တစ်မျိုးစီဆိုတော့ Eyeliner ကြိုက်တဲ့အစ်မတွေ ညီမလေးတွေကတော့ ဆိုးပေါ့နော်...
မျက်နှာကြီး ဖြူဖတ်ဖြူရော် ဖြစ်မနေအောင် ပါးနီလေး ဆိုးပေးပါ။ နောက်ဆုံးအနေနဲ့ နှုတ်ခမ်းနီဆိုးပါ။ ကန်ဒီက မျက်နှာတပြင်လုံးကို နည်းနည်းလေးပဲ ပြင်တတ်တော့ နှုတ်ခမ်းနီကို အရောင်တောက်တောက်လေးဆိုးရတာ ကြိုက်တယ်။ သဘာဝကျချင်ရင် နှုတ်ခမ်းအတွင်းပိုင်းကိုပဲ ဆိုးပြီး နှုတ်ခမ်းအပြင်ဘက်ကို လက်ချောင်းလေးနဲ့ ဖြန့်ပေးပါ...
ကဲကဲ... စာတွေပြီးပြီဆိုတော့ ဗွီဒီယိုလေးပဲ ကြည့်လိုက်တော့နော် ^_^
ကန်ဒီ့အတွက်ကတော့ မနက်မနက်ဆို ဒီမိတ်ကပ်ပြင်နည်းလေးက (၁၀)မိနစ်တောင် မကြာပါဘူး။ အားလုံးပြင်ကြည့်ပြီး အဆင်ပြေကြဖို့ မျှော်လင့်တယ်နော်...
Stay Pretty ^_~