Saturday, March 28, 2015

Busy Bee

Hello...
အားလုံးသိတဲ့အတိုင်း အကတိုက်နေရတော့ စာရေးဖို့အချိန်လုံးဝမရဘူး။ စာမရေးတာ နှစ်ပတ်တောင်ပြည့်တော့မယ်(T_T)။ အမှန်အတိုင်းပြောရမယ်ဆို ရေးဖို့အကြောင်းအရာလည်း သိပ်မရှိပါဘူး။ ညည်းစရာဆိုလို့ အဲ.. ပြောစရာဆိုလို့ ပင်ပန်းတာတစ်ခုပဲ ရှိတယ်။ အဲ့ဒါကြောင့် ဒီနှစ်သင်္ကြန်မကတော့ဘူးလို့ ကြုံးဝါးထားတာ... စိတ်ကသိပ်ခိုင်တာဆိုတော့ နောက်ဆုံးကျ က,ဖြစ်သွားပြန်ရော။

သီချင်းသုံးပုဒ်ဆိုပေမယ့် တကယ်က,မှာက တစ်ပုဒ်တည်းပါပဲ။ ကျန်တဲ့သီချင်းနှစ်ပုဒ်က ကန်ဒီတို့ကိုအကသင်ပေးတဲ့ဆရာမ က,မယ့်သီချင်းမှာ လိုက်ပြီး အရံက,ပေးတာ။ မနှစ်က ဆမ်ဘားဝမ်းသင်္ကြန်နဲ့ တိုပါးရိုးသင်္ကြန်တစ်ရက်ထဲ။ ဒီနှစ် ဆမ်ဘားဝမ်းသင်္ကြန်က အရင်လာမယ်ထင်တယ်။ ပြီးမှ တိုပါးရိုးသင်္ကြန်။ သင်္ကြန်နားနီးပြီဆိုတော့ သင်္ကြန်မုန့်လုပ်စားချင်တယ်။ မုန့်လုံးရေပေါ်ဖြစ်ဖြစ် ^_^

အိုကေ... သင်္ကြန်အကြောင်းခဏထား။ ဒီရက်ပိုင်းဖြစ်နေတာက Mr. Lee Kuan Yew ဆုံးသွားတဲ့ကိစ္စ။ ဖေ့ဘွတ်မှာသူများတွေတင်တဲ့ မတူညီတဲ့ စတေးတပ်တွေဖတ်ပြီး လူလည်းတရားရတော့မယ်။ သူကမြန်မာပြည်နဲ့ ဘာမှမဆိုင်ဘူးဆိုပေမယ့် စင်္ကာပူနိုင်ငံကို ဦးဆောင်ခဲ့တဲ့နေရာမှာတော့ တော်တော်လေးစားစရာကောင်းတဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်လို့ မြင်တယ်။ကန်ဒီက နိုင်ငံရေးတွေဘာတွေ စိတ်မ၀င်စားတဲ့သူတစ်ယောက်ပါ။ အဲ့ဒါနဲ့ပက်သက်တဲ့ စာတွေလည်း သိပ်ဖတ်လေ့မရှိဘူး။ ဒါပေမယ့် အခုလက်ရှိရပ်တည်နေတဲ့ စင်္ကာပူနိုင်ငံရဲ့ အနေအထားကိုကြည့်လိုက်ရင်ပဲ ခေါင်းဆောင်တဲ့လူ ကောင်းမကောင်း၊ တော်မတော်ဆိုတာ အထင်းသားမြင်နိုင်တာပဲ မဟုတ်လား။ သူဆုံးပါးသွားတာနဲ့ ပက်သက်ပြီး အမှန်အတိုင်းပြောရရင် ကိုယ်တိုင်လည်း စိတ်မကောင်းဘူး။ ဖေ့ဘွတ်မှာ တချို့သောလူတွေရဲ့ စိတ်မကောင်းကြောင်း စတေးတပ်တွေ ဖတ်မိသလို တချို့သောလူတွေရဲ့ မကောင်းတဲ့ဘက်ကမြင်တဲ့ စတေးတပ်တွေဖတ်မိတော့လည်း စိတ်ထဲခိုးလိုးခုလုဖြစ်ရတယ်။ ဖတ်လိုက်ရတယ်... ကိုယ့်နိုင်ငံတောင်ကိုယ်ကောင်းအောင် မလုပ်နိုင်သေးဘဲ အမေကျော် ဒွေးတော်လွမ်းတယ်ဆိုလား... လေးစားအတုယူသင့်တဲ့လူကို စံနမူနာထားပြီး ငါတို့ဘယ်လိုကောင်းအောင် ပြုပြင်နိုင်တယ်ဆိုတာမျိုး ပိုဖြစ်သင့်တာမဟုတ်လား။ ခုတော့ တစ်ခုခုဆို အပြစ်တင်ဝေဖန် မကောင်းတဲ့ဘက်က ပြောမယ်ဆိုတာကြီးပဲ။ ဆုံးပါးသွားတဲ့မိသားစုဝင်တွေ၊ စင်္ကာပူနိုင်ငံသားတွေဘက်က စာနာစိတ်ဆိုတာမျိုး မရှိဘူး။ လူ့စိတ်တွေက မှန်းရခက်သား...

တော်သင့်ပြီ...
Good Night^^

Sunday, March 15, 2015

Sunday Routine

Hello...
စိတ်ထဲမှာ စာမရေးတာ ကြာလှပြီလိုပဲ။ ဒိုင်ယာရီပိုစ့်မရေးတာကြာလို့လည်း ပါမယ်။ အခုဆို ည(၁၀)နာရီခွဲတော့မယ်။ ဒီအချိန်ကျမှပဲ စာရေးနိုင်တော့တယ်။ တနင်္ဂနွေမနက်စာကို ပဲပြုတ်နဲ့ထမင်း ကြော်စားရတာ ကြိုက်တယ်။ ကြားရက်ဆို အဲ့လိုတွေမလုပ်နိုင်တော့ ပေါင်မုန့်နဲ့ပဲ နှစ်ပါးသွားရတာကိုးး...


တနင်္ဂနွေလေးတစ်ရက် အလုပ်မသွားရဘူးဆိုပေမယ့် အိမ်အလုပ်တွေက တန်းစီနေတယ်။ သူများတွေရော အဲ့လိုတွေရှုပ်လားသိချင်လို့ ကန်ဒီလုပ်တာတွေ ပြောပြမယ်နော်။ မနက်(၉)နာရီလောက် အိပ်ယာထရင် မနက်စာအတွက် ထမင်းကြော်ဖြစ်ဖြစ် တစ်ခုခုလုပ်တယ်။ ကြက်သားဟင်းချက်မယ်ဆို ကြက်သားကိုဆားနဲ့နယ်ပြီး နှပ်ထားတယ်။ အဲ့ဒါပြီးရင် သွားတိုက်မျက်နှာသစ်ပြီး ဘုရားပန်းအိုးလဲတယ်။ အရင်ကဆို အဲ့ဒါပြီးရင် ကန်ဒီ့ဟမ်းစတားလေးတွေအိမ်ကို သန့်ရှင်းရေးလုပ်ပေးတယ်။ ခုတော့ သူတို့မရှိတော့တော့ အဲ့တစ်ခုလုပ်စရာ မလိုတော့ဘူး (သူတို့ကို သတိရတယ် >.<)။ မနက်စာကို စိမ်ပြေနပြေစားပြီးရင် ဟင်းစ,ချက်တယ်။ ဟင်းချက်လို့ပြီးရင် ကွန်ပျူတာလေးခဏကြည့်ပြီး နေ့လည်စာစားတယ်။ ပြီးတော့ သောကြာနေ့ကလျှော်ထားတဲ့အ၀တ်တွေကို မီးပူတိုက်တယ်။ အချိန်လေးနည်းနည်းရရင် ဘလော့ဂ်ရေးတယ်။ အဲ့ဒါပြီးရင် ဘုန်းကြီးကျောင်းသွားဖို့ ရေချိုးပြင်ဆင်တယ်။ ဘုန်းကြီးကျောင်းသွား စာသင်ပြီးပြန်လာရင် ချက်ထားတဲ့ဟင်းတွေသိမ်းဆည်းပြီးမှ ကုတင်ပေါ်လှဲနိုင်တယ်။ ဒါကန်ဒီ့ အပတ်စဉ် တနင်္ဂနွေလုပ်နေကျအလုပ်တွေ။ စနေ၊ တနင်္ဂနွေ နှစ်ရက်ပိတ်တဲ့လူတွေကို အားကျတယ် >.<


ကန်ဒီအပြင်ကပြန်လာရင် သူ့ကိုတခါတလေတွေ့တတ်တယ်။ တွေ့တယ်ဆိုတာနဲ့ လူပေါ်တတ်ပြီး ချွဲတော့တာပဲ။ သူနဲ့ (၅)မိနစ်လောက်ထိုင်ပြီးမှ အိမ်ပေါ်တက်တယ်။ ဟမ်းစတားလေးတွေ မရှိတော့ သူတို့ကိုပဲ ချစ်နေရတယ်။ ကန်ဒီ့အမောပြေလေးတွေ...


လူစွံမစွံတော့ မသိဘူး... မျက်စိတော့ စွံလိုက်သေးတယ်။ ဒါက ပြန်ကောင်းသွားတဲ့ မျက်လုံး (xD)။ သင်္ကြန်ရောက်တော့မယ်နော်။ ဒီနှစ်တော့ ပင်ပန်းလို့ မက,တော့ဘူးလို့ စဉ်းစားထားပေမယ့် မရပါဘူး။ သင်္ကြန်ပိုးနဲ့ က,ဖို့အတင်းခေါ်တာနဲ့ ပေါင်းလိုက်တော့ က,ဖြစ်သွားတယ်။ ခုဆို အက,တွေ တိုက်နေရပြီ။ တိုပါးရိုးသင်္ကြန်က April 12 ဆိုတော့ သိပ်မလိုတော့ဘူးလေ။ နှစ်ပုဒ် (သို့) သုံးပုဒ်လောက် က,ဖြစ်မယ် ထင်တယ်။ က,မယ့်က,တော့လည်း စင်ပေါ်က ကန်ချမခံရရုံတမယ် ဟဟဟ xD

အလုပ်ကပြန်ရင် အက,သွားတိုက်ရတယ်။ အမှန်အတိုင်းပြောရရင် အရမ်းပင်ပန်းတယ်။ အိမ်ပြန်ရောက်ရင် ည(၁၀)နာရီ ထိုးနေပြီ။ သင်္ကြန်မတိုင်ခင် (၃)ပတ်လောက်ကတော့ ဒီပုံစံအတိုင်းဖြစ်နေဦးမှာပဲ။ သင်္ကြန်ဆိုလို့ မနှစ်ကသင်္ကြန်ပုံလေး အမှတ်တရ ပြန်တင်လိုက်ဦးမယ်။


Good Night^^

Sunday, March 8, 2015

Facial Masks Guide

Hello...
ဒီနေ့ရေးမယ့် Beauty Post ကတော့ Face Mask တွေအကြောင်း... ဘယ်အလှကုန်ဆိုင်သွားသွား တံဆိပ်ပေါင်းစုံ၊ အမျိုးအစားပေါင်းစုံတဲ့ Face Mask တွေကို တွေ့ရတယ်လေ။ တခါတလေ အမျိုးအစားတွေက များလွန်းတော့ ဘာကိုရွေးဝယ်ရမလဲဆိုပြီး ဦးနှောက်ခြောက်ရတာလည်း တဒုက္ခမလား... အဲ့တော့ အသားအရေအမျိုးအစားအလိုက် (သို့) ကိုယ့်လိုအပ်ချက်အလိုက် ဘယ်လို Face Mask မျိုးကို သုံးသင့်လဲဆိုတာ ဒီနေ့ပြောပြမယ်နော်...


Face Mask သုံးတယ်ဆိုတာ မျက်နှာအသားအရေကို Treatment လုပ်တဲ့သဘောပါပဲ။ နေ့စဉ်အသားအရေအစိုဓာတ်ထိန်းတဲ့ Moisturizer လိမ်းသလိုပေါ့။ တစ်ပတ်တစ်ခါ Face Mask သုံးပြီး ကိုယ့်အသားအရေကို ဂရုစိုက်သင့်ပါတယ်။ ကိုယ်တိုင်က အပျင်းတစ်ပြီး သိပ်မလုပ်ဖြစ်ပေမယ့် သူများကိုတော့ လှစေချင်လွန်းလို့ ကိုယ်ပြောသလိုလုပ် ကိုယ်လုပ်သလိုမလုပ်နဲ့ဆိုတဲ့နည်းနဲ့ အကြံပေးတာ ဟဟ xD

Face Mask တွေထဲမှာ Gel အမျိုးအစားတွေ၊ ပြီးရင် ပြန်ခွာရတဲ့ Peel off Mask တွေ၊ ဆဲလ်အသေတွေကို ဖယ်ရှားပေးတဲ့ Exfoliating Mask တွေ၊ Clay Mask တွေနဲ့ Sheet Mask တွေဆိုပြီး အမျိုးအစားအများကြီး ရှိတယ်နော်။ ဒီနေ့အဲ့ဒါတွေတစ်ခုချင်းစီ ပြောမနေတော့ဘဲ ကိုယ့်အသားအရေအမျိုးအစားအလိုက် သုံးသင့်တဲ့ Mask တွေအကြောင်းပဲ ပြောပြသွားမယ်။

Face Mask တွေရဲ့ အသုံးဝင်ပုံပေါ်မူတည်ပြီး အမျိုးအစားခွဲလိုက်မယ်ဆို (၃)မျိုးခွဲခြားလို့ရပါတယ်...
၁) ၀က်ခြံပေါက်တတ်တဲ့ အသားအရေပိုင်ရှင်တွေအတွက် Exfoliating Mask (or) Purifying Acne Mask
၂)  ညစ်နွမ်းတဲ့အသားအရေပိုင်ရှင်တွေအတွက် Whitening (or) Brightening Mask
၃)  အရေးအကြောင်းတွေလျော့နည်းစေဖို့အတွက် Anti-aging (or) Hydrating Mask


1) Exfoliating Mask (or) Purifying Acne Mask
ဝက်ခြံပေါက်တတ်တဲ့ အသားအရေပိုင်ရှင်တွေအတွက် Clay Mask တွေက အသင့်တော်ဆုံးပေါ့။ Clay Mask တွေက မျက်နှာပေါ်မှာရှိတဲ့ အပေါက်ငယ်လေးတွေထဲက အဆိပ်အတောက်တွေ၊ အညစ်အကြေးတွေကို သန့်စင်ပေးမယ်။ သတိထားရမှာက တခါတလေ Clay Mask သုံးပြီးမှ ၀က်ခြံလေးတွေ ထွက်လာတတ်တယ်။ အဲ့ဒါပုံမှန်ပါပဲ။ အညစ်အကြေးတွေကို ဆွဲထုတ်လိုက်တဲ့ သဘောမို့ပါ။ Exfoliating Mask တွေကတော့ ဆဲလ်အသေတွေကို ဖယ်ရှားပေးပါတယ်။ အဓိကပါဝင်ပစ္စည်းတွေကတော့ Glycolic acid, Enzymes, Salicylic acid တွေပါ။

2) Whitening (or) Brightening Mask
သူကတော့ မျက်နှာပေါ်က အရောင်ဆဲလ်လေးတွေကို ဖြိုခွဲပြီး အသားအရေကြည်လင်လာအောင် လုပ်ပေးတာပါ။ နေလောင်ဒဏ်ကြောင့် ပေါ်လာတဲ့ အစက်အပြောက်တွေ၊ ၀က်ခြံပေါက်ပြီး ကျန်ခဲ့တဲ့ အမာရွတ်တွေကို ဖယ်ရှားဖို့ သင့်တော်ပါတယ်။ အဓိကပါဝင်ပစ္စည်းတွေကတော့ Vitamin C, Jasmine, Yeast တွေပါ။

3) Anti-aging (or) Hydrating Mask
လူ့ခန္ဓာကိုယ်ရဲ့ (၇၅)ရာခိုင်နှုန်းက ရေနဲ့ဖွဲ့စည်းထားတော့ အသားအရေကိုလည်း ရေဓာတ်ပြန်ဖြည့်တင်းပေးဖို့ လိုတယ်လေ။ နောက်ပြီး ခြောက်သွေ့တဲ့ အသားအရေပိုင်ရှင်တွေက အရေးအကြောင်းဖြစ်ဖို့ ပိုလွယ်ကူတယ်။ အဲ့ဒါကြောင့် Anti-aging (or) Hydration Mask တွေ ပိုအသုံးပြုသင့်တယ်။ အဓိကပါဝင်ပစ္စည်းတွေကတော့ Antioxidant, Hyaluronic acid, Vitamin E တွေပါ။

ပါဝင်ပစ္စည်းလေးတွေပြောပြရတဲ့ ရည်ရွယ်ချက်က ဘာအတွက် Face Mask ဆိုတာ မရေးထားခဲ့ရင် ပါဝင်ပစ္စည်းလေးတွေဖတ်ပြီး ဘာအမျိုးအစားလဲဆိုတာ ကိုယ့်ဟာကိုယ်ခွဲခြားနိုင်အောင်လို့ပါ။ ကန်ဒီကတော့ ၀က်ခြံပေါက်တတ်တဲ့ အသားအရေပိုင်ရှင်ဆိုတော့ Clay Mask ကို တစ်ပတ်တစ်ခါသုံးဖြစ်အောင် ကြိုးစားပါတယ်။ တခြား Mask တွေကတော့ စိတ်ကူးပေါက်ရင် ပေါက်သလို၊ မပျင်းရင် မပျင်းသလို သုံးဖြစ်တယ်။ ကန်ဒီ့ Mask တွေက သူများလက်ဆောင်ပေးတာတွေချည်းပဲ(xD xD)။ ကိုယ့်ဟာကိုယ်ဝယ်တာဆိုလို့ ကန်ဒီ့ဆရာဝန်ဆီက Clay Mask ဗူးလေးတစ်ခုပဲရှိတယ်။ အဲ့ဒါကိုက ဓာတ်ပုံမရိုက်လိုက်ရဘူး။


သူများပေးတဲ့ Mask တွေထဲကကြိုက်တာပြောရရင် Innisfree ဆိုတဲ့ Korea Brand လေး ကြိုက်တယ်။ သူငယ်ချင်းတစ်ယောက် Korea သွားလည်တုန်းက လက်ဆောင်ဝယ်လာပေးတာ။ စင်္ကာပူမှာလည်း ရှိတယ်ထင်တယ်။ Bugis Junction မှာ မြင်မိသလိုပဲ။ My Beauty Diary Mask လည်း ကြိုက်တယ်။ SK-II ကတော့ အကြိုက်ကြီးမဟုတ်ဘူး။

ဒီလောက်ဆို ကျေနပ်ကြမယ် ထင်ပါတယ်နော်...
Good Night^^