Sunday, April 19, 2015

My Thingyan 2015

မင်္ဂလာနှစ်သစ်ပါရှင်...
ဒီနေ့တော့ သင်္ကြန်ဓာတ်ပုံလေးတွေ တင်မယ်နော်။ အဲ့နေ့က မနက်(၅)နာရီလောက်အိပ်ယာထ အလှပြင်၊ ဆံပင်လုပ်ပြီး အိမ်ကနေ (၇)နာရီကျော်လောက် ထွက်သွားတယ်။ မိတ်ကပ်ရော၊ ဆံပင်ရော ကိုယ့်ဟာကိုယ်ပဲလုပ်တယ်။ မျက်နှာအတွက်က ကန်ဒီ့မှာ အောက်ခံ Foundation မရှိဘူး။ ကန်ဒီ နေ့တိုင်းသုံးနေကျ Tinted Moisturizer လေးပဲရှိတော့ အဲ့ဒါလေးကိုပဲ များများလေးလိမ်းသွားလိုက်တယ်။ ဒီတစ်ပွဲတည်းအတွက် မိတ်ကပ်သက်သက်လည်း မ၀ယ်ချင်ဘူးလေ။ နောက်လည်း သုံးဖြစ်မှာ မဟုတ်တော့...


ဆရာမနဲ့...

အဲ့ဒီအကျီပေါ့... ဆိုင်ကချုပ်ပေးလိုက်တာ အရမ်းကြီး ကြီးနေလို့ ကန်ဒီတို့အဖွဲ့ထဲက ချုပ်တတ်တဲ့အစ်မတစ်ယောက်က အားလုံးအတွက် ပြန်ပြင်ပေးထားရတယ်။ မအားတဲ့ကြားက လုပ်ပေးတဲ့ သူ့ကို ကျေးဇူးတင်ရမယ်။ အဲ့ဝတ်စုံနဲ့ က,တဲ့သီချင်းက "ရွှေမန်းမာလာ" ^_^


နောက်တစ်ပုဒ်က ဖလားလေးနဲ့က,ရတဲ့ "တန်ခူးလသင်္ကြန်ပွဲ"ဆိုတဲ့ သီချင်း... အဲ့သီချင်းကိုတော့ မနှစ်က၀တ်တဲ့ ကန်ဒီ့ရဲ့တစ်ထည်တည်းသော ချိတ်ထမီကလေးနဲ့ က,တယ်။


ကလေးတွေနဲ့...



နောက်ဆုံးအက,ကတော့ "စကားဝါမြေ"ဆိုတဲ့ သီချင်းမြူးမြူးလေးနဲ့ အပျိုတော်ယိမ်း... ဆရာမနဲ့ပဲ ကတာ။ အစက အဲ့သီချင်းကို ဘုန်းဘုန်းခွင့်မပြုလောက်ဘူး ထင်တာ။ နတ်ယိမ်းပုံစံမျိုးဆိုတော့လေ။ ဘုန်းဘုန်းက သဘောထားကြီးကြီးပဲ က,ခွင့်ပြုတယ်။ ထမီနဲ့ပဲ က,ရမယ်လို့ တစ်ခွန်းပဲ ပြောတယ်။ ဆရာမရဲ့အဓိက ရည်ရွယ်ချက်က မြန်မာအကကို ချပြချင်တာ။ သင်္ကြန်အကဆိုတာမျိုးက ခြေထောက်လေးထိုး၊ လက်ကလေးချိုးရုံက,ရတဲ့ အကလေ။ စကားဝါမြေသီချင်းလေးမှာတော့ သင်္ကြန်အကထက် မြန်မာရိုးရာအကကို ပိုအသားပေးထားတယ်။


အစက အားလုံးကို ပြစရာဓာတ်ပုံတွေလည်း မရှိလောက်ဘူး ထင်တာ။ ဟုတ်တယ်လေ... ကန်ဒီ့ကို ရိုက်ပေးမယ့်သူငယ်ချင်းမှ မရှိတာ။ ဖြစ်ချင်တော့ ကန်ဒီ့ဘလော့ဂ်ကိုဖတ်ဖူးတဲ့ ကန်ဒီ့ကိုသိတဲ့ ဖေ့ဘွတ်သူငယ်ချင်း အစ်ကိုတစ်ယောက်က သူလည်း တိုပါးရိုးသင်္ကြန်ရောက်တာနဲ့ ကန်ဒီက,နေတဲ့ပုံလေးတွေရိုက်ပြီး ကန်ဒီ့ကို ပို့ပေးတယ် (:D :D)။ သူရိုက်ပေးတဲ့ ဓာတ်ပုံတွေကိုကြည့်ရင် သူ့ Skill ကို မြင်နိုင်တယ်နော်။ ဓာတ်ပုံဆရာတော်လို့ လှတာ... သူ့ကိုပဲ ကျေးဇူးတင်ရမယ် ^_^



ဗွီဒီယိုကတော့ ကန်ဒီ့ကိုယ်ပိုင်မရှိဘူး။ တခြားသူတွေရိုက်ထားတာတွေတော့ ဖေ့ဘွတ်မှာ ကြည့်ပြီးသွားပြီ။ YouTube မှာ မရှိတော့ ဒီမှာမရှယ်တတ်ဘူး။ အဲ့ဒီသင်္ကြန်ဆံပင်လုပ်နည်းလေးကို ပိုစ့်တင်ရင်ကောင်းမလားဆိုပြီး စဉ်းစားလိုက်သေးတယ်။ နောက်တော့ အရမ်းပင်ပန်းပြီး အချိန်လည်းမရတာနဲ့ မလုပ်ဖြစ်လိုက်ဘူး။ အခုမှလုပ်မယ်ဆိုလည်း သင်္ကြန်ပြီးသွားပြီဆိုတော့ လိုအပ်တော့မှာမဟုတ်ဘူး ဟဟ xD

မုန့်လုံးရေပေါ်ကိုတော့ လက်မလျော့သေးဘူး။ အမေ့ကို ဘယ်လိုလုပ်ရလဲ မေးပြီးသွားပြီ။ ကောက်ညှင်းမုန့်သုံးဆနဲ့ ဆန်တစ်ဆကိုရောပြီးနယ်၊ နှပ်ထား၊ ထန်းညက်လေးထည့်ပြီး အလုံးလေးတွေလုံး ရေဆူထဲထည့်၊ သုံးခါလောက် မြုပ်လိုက် ပေါ်လိုက် ဖြစ်ပြီး မုန့်လုံးလေးတွေ အကြည်ရောင်လေးဖြစ်သွားပြီဆို ဆယ်လို့ရပြီ။ ဆယ်ပြီး ရေအေးထဲထည့်၊ ပြီးရင် အုန်းသီးဖတ်လေးတွေ အပေါ်ကဖြူးပြီး စားလို့ရပြီတဲ့။ လောလောဆယ် အိမ်မှာရှိတဲ့ ကောက်ညှင်းမုန့် ရှာမတွေ့လို့ မလုပ်ရသေးဘူး :D

အားလုံးပဲ ပျော်စရာနှစ်သစ်ဖြစ်ပါစေနော်...

2 comments:

မိုးသက် said...

facebook video အောက်မှာ Option ဆိုတာရှိတယ်လေ အစ်မရ.။ အာ့မှာ Embed ဆိုတာရှိတယ်.။ အဲဒါနှိပ်လိုက်ရင် ကုဒ်ပေးတယ်လေ..။ အဲဒါကဟာကို Blog မှာထည့်လိုက်ရုံပဲလေ..။

Candy Khine said...

Thank you!!