Monday, December 26, 2016

ဆုပေးပွဲ

Merry Christmas!!
Christmas ပိတ်ရက်လေးမှာ တော်တော်များများ လုပ်ဖြစ်တယ်။ အိပ်ယာပေါ်ပဲလှဲပြီး အီလေးဆွဲမနေဘဲ အိမ်အလုပ်တွေလုပ်တယ်၊ ကြမ်းတိုက်တယ်၊ အိပ်ယာခင်းတွေလျှော်တယ်၊ ဟင်းချက်တယ် Productive ဖြစ်တယ်ပြောရမှာပေါ့။ ခုတော့ ညစာစားပြီးလို့ ကော်ဖီတစ်ခွက်ဖျော်ပြီး စာရေးမလို့...


ကန်ဒီကော်ဖီဖြတ်ထားတာ (၁)လကျော်ပြီ.. အရင်ကဆို မနက်ကော်ဖီမသောက်ရရင် ဘာလိုနေမှန်းမသိဘူး။ ကော်ဖီ စွဲနေတာလေ။ ကော်ဖီသောက်ပြီး ဗိုက်ထဲနေလို့ကောင်းလားဆိုတော့လည်း မကောင်းဘူး။ အဲ့ဒါလည်း သောက်တာပဲ။ အဲ့ဒါနဲ့ ငါဘာလို့မဖြတ်နိုင်ရမှာလဲဆိုပြီး ကောက်ခါငင်ခါဖြတ်ထားတာ တစ်လကျော်ပြီ။ ဒါ တစ်လကျော်ကျော်အတွင်းမှာ ဒုတိယမြောက်သောက်တဲ့ကော်ဖီ... ဟဟဟ ကော်ဖီတစ်ခွက်ကတောင် သူ့ရာဇ၀င်နဲ့သူ xD ခုဆို ကော်ဖီမသောက်ရလည်း နေနိုင်သွားပြီ။ တခါတလေပဲ သောက်တော့တယ်။

ပုံမှန်စနေနေ့ဆို နေ့ဝက်အလုပ်ဆင်းရပေမယ့် ကံကောင်းချင်တော့ ကန်ဒီ့ Off day နဲ့ သွားတိုက်တယ်။ အဲ့ဒါနဲ့ စနေ၊ တနင်္ဂနွေ၊ တနင်္လာ (၃)ရက်ဆက်တိုက် ပိတ်သွားတယ်။ အစကတော့ စနေနေ့ညနေဘက်ကို Orchard ဘက်သွားပြီး Christmas Lighting တွေ သွားကြည့်မလို့... ဒါပေမယ့် အဲ့အကြံအစည်မအောင်မြင်လိုက်ပါဘူး။ စင်္ကာပူမှာ Christmas Eve ဆို အမြဲတမ်း မိုးတွေသည်းကြီးမည်းကြီး ရွာတယ်။ အဲ့ဒါနဲ့ အိမ်မှာပဲ အောင်းနေလိုက်တယ်။ တနင်္ဂနွေနေ့ကတော့ ကန်ဒီအပတ်တိုင်းသွားသွားကူနေတဲ့ ယဉ်ကျေးလိမ္မာသင်တန်း သင်တန်းဆင်းဆုပေးပွဲအခမ်းအနား... အဲ့ဒါ သွားကူတယ်။






ကြုံရင်ကြုံသလို ပါလေရာ ငါးပိချက်ဖြစ်နေတယ်။ ဆရာမလည်း လုပ်တယ်၊ MC က အကူအညီလိုတော့လည်း မိုက်ကြီးကိုင်ပြီး နာမည်တွေခေါ်တယ်၊ ဆုပေးတော့လည်း ဆုလင်ဗန်းကိုင်တယ် ဟဟဟ xD ကလေးတွေက အကုန်တော်ကြတယ်။ အတန်းကြီးကလေးတွေဆို မင်္ဂလသုတ်၊ မေတ္တသုတ်တွေအပြင် တခြားသုတ်တွေပါ ရွတ်နိုင်တယ်။ အမှန်အတိုင်းပြောရရင် ကိုယ့်ကိုကိုယ်တောင် ရှက်မိတယ်။





ကန်ဒီ့အတန်းထဲက ကလေးတွေ... လိမ္မာယဉ်ကျေးကြတယ်။ ချစ်စရာကောင်းလိုက်တာ။ သူတို့မိဘတွေကို ချီးကျူးတယ်။ ကလေးကို ဒီလိုသွန်သင်နိုင်လို့လေ။ တချို့ကလေးတွေဆို ဒီမှာနေပြီး ဒီက ကလေးတွေလို ဖြစ်နေပြီ။ ဒီနေရာမှာ မိဘသွန်သင်ဆုံးမမှုက အရမ်းအရေးပါတယ်။ ကန်ဒီ့ဆီလာပြီး "မင်္ဂလာပါ ဆရာမ"ဆိုပြီး လာနှုတ်ဆက်တဲ့အချိန် သူတို့သူငယ်ချင်းတစ်စုကို ရိုက်ပေးထားတာ။


နောက်ဆုံးအနေနဲ့ သူတို့သင်ရတဲ့ ယဉ်ကျေးလိမ္မာစာအုပ်ထဲက ကန်ဒီနှစ်သက်တဲ့ ဘုရားဂုဏ်တော်ကိုးပါး ကဗျာလေး အားလုံးကို မျှဝေပေးချင်ပါတယ်။ ကန်ဒီတို့နေ့တိုင်း ဘုရားရှိခိုး ဂုဏ်တော်တွေ ရွတ်နေပေမယ့် အဓိပ္ပာယ်ကိုတော့ တွဲတွဲပြီး မဆိုဖြစ်ကြဘူးလေ... ကဗျာလေးဆိုတော့ အိမ်အလုပ်လုပ်နေရင်းတောင် ညည်းပြီး ဂုဏ်တော်ပွားနေလို့ ရတယ်။

ဘုရားဂုဏ်တော် ကိုးပါး ကဗျာ
၁။ ကိလေသာတွေ ကင်းစင်ပြတ်လို့၊ လူနတ်ဗြဟ္မာ ပူဇော်တယ်။
၂။ တရားအလုံးစုံ ကိုယ်တိုင်သိလို့၊ ဆရာမရှိသူ ဖြစ်ပါတယ်။
၃။ ထူးတဲ့အသိဥာဏ် အကျင့်မှန်များလည်း၊ ကောင်းစွာ ထင်ရှားပြည့်စုံတယ်။
၎။ ကောင်းတဲ့စကားကို မိန့်ဆိုတတ်လို့၊ နိဗ္ဗာန်မြတ်သို့ ကြွသွားတယ်။
၅။ သတ္တ၊ သခါင်္၊ သြကာသတဲ့၊ လောကသုံးပါး သိမြင်တယ်။
၆။ မယဉ်ကျေးသူကို ယဉ်ကျေးအောင်ပြုတဲ့ ဆုံးမမှုမှာ သာလွန်တယ်။
၇။ လူ၊ နတ်၊ ဗြဟ္မာ သတ္တ၀ါများရဲ့၊ ဆရာထင်ရှား ဖြစ်ပါတယ်။
၈။ လေးပါသစ္စာ စိပ်ဖြာသိတဲ့၊ ဥာဏ်မြင်ရှိသူ ဖြစ်ပါတယ်။
၉။ ဘုန်းတော်ခြောက်စုံ ဂုဏ်တော်မြတ်နဲ့ မစမလပ် ပြည့်စုံတယ်။
ဘုရားဂုဏ်တော် ကိုးဖြာပဲကွဲ့၊ အသဲစွဲအောင် မှတ်ကြကွယ် (မှတ်ကွယ်)၂။

ဒီနေ့တော့ ဒီလောက်နဲ့ပဲ ရပ်လိုက်မယ်နော်...

Saturday, December 17, 2016

Baking Vegan Banana Cake!!

ကန်ဒီ့အတွက် မမမိုးငွေ့တင်ပေးထားတဲ့ ငှက်ပျောသီးကိတ်လုပ်နည်း ပိုစ့်လေးကို ကြည့်ပြီး ဒီနေ့ကိုယ်တိုင်လုပ်ကြည့်တာ အောင်မြင်တယ်ဗျို့... လုပ်သာလုပ်တာ ကိုယ့်ကိုကိုယ်ယုံကြည်မှုက သိပ်မရှိဘူးလေ။ ပထမဆုံးလုပ်တာဆိုတော့... နောက်ပြီး မမမိုးငွေ့လုပ်တဲ့ Loaf pan က ကန်ဒီ့ Loaf pan ထက်ကြီးတယ်ထင်တယ်။ ကန်ဒီ့ Loaf pan က (1)lb ပဲ ဆိုတော့ နည်းနည်းသေးတယ်။ အဲ့ဒါနဲ့ အချိုးအစားကို အားလုံးတ၀က်နည်းပါး လျော့လိုက်တယ်။ ကိုယ့်ဟာကိုယ် လျှောက်လုပ်တာတွေလည်း နည်းနည်းပါတယ် ဟဟ။ ကန်ဒီထည့်တဲ့ အချိုးအစားတွေကို ရေးပြမယ်နော်...

Wet Ingredients
1) 2 Bananas
2) Half of the 1/4 cup of oil
3) 2 drops of vanilla essence
Dry Ingredients
1) 1 cup of whole grain flour
2) 1/4 tsp of baking soda
3) 1 tsp of baking powder
4) Half of the 1/4 cup of brown sugar




Dry Ingredients နဲ့ Wet Ingredients ကို ရောလိုက်တဲ့အချိန်မှာ အချိုးအစားကမမျှဘဲ အရမ်းကြီးပျစ်နေတာနဲ့ ကိုယ်လိုချင်တဲ့အနေအထားရတဲ့အထိ ပဲနို့တွေထည့်လိုက်သေးတယ်။ ပြီးတော့မှ (1)lb Loaf pan ကို ဆီသုတ်၊ Baking paper ခံပြီး ခုနကရောထားတဲ့အနှစ်ထည့်တယ်။ 


အပူချိန် 170'C ကြိုပြီးအပူပေးထားတဲ့ Oven ထဲမှာ (၅၅)မိနစ်လောက် ထားတယ်။ (၁၅)မိနစ်တစ်ကြိမ်လောက် လှည့်ပေးတယ်။ အပေါ်မျက်နှာပြင်ညိုလာတဲ့အချိန်လောက်မှာ မျက်နှာပြင်တူးမှာစိုးလို့ အပေါ်ကနေ Aluminium Foil အုပ်လိုက်တယ်။ (၅၅)မိနစ်ပြည့်ပြီးသွားတော့ နောက်ထပ်(၁၀)မိနစ်လောက် ထပ်ထားလိုက်သေးတယ်... မကျက်မှာစိုးလို့။ ၀ါးတုတ်လေးနဲ့ ထိုးကြည့်လို့ မုန့်သားကပ်မပါလာရင် ကျက်ပြီတဲ့။


မြည်းကြည့်တာ စားလို့ကောင်းတယ်။ ကန်ဒီသုံးတဲ့ဂျုံက Wholegrain ဆိုတော့ အဲ့အနံ့လေးတော့ နည်းနည်းပါတယ်။ သကြားလည်း အနေတော်ပဲ။ ကိုယ်က အချိုမစားတဲ့သူဆိုတော့ ကန်ဒီအတွက်တော့ နည်းနည်းချိုတယ်။ နောက်တစ်ခါ ဒီထက်လျော့ထည့်ရမယ်။ အိမ်ကအစ်မကို ကျွေးကြည့်တော့ အားလုံးအနေတော်ပဲ ကောင်းတယ်တဲ့ ^_^

သြော်... နောက်တစ်ခုက သိပ် Fluffy မဖြစ်ဘူး။ အဲ့ဒါကို ဘယ်လိုပြောရမလဲ... နည်းနည်းကျစ်တယ်။ ဘာလိုတာလဲ မသိဘူး။ Baking soda လိုတာလား... ကန်ဒီသုံးတဲ့ ဂျုံကြောင့်ပဲလားတော့ မသိဘူး။ စားလို့တော့ ရပါတယ် :D

ကန်ဒီ့အတွက် မုန့်လုပ်နည်းရေးပေးတဲ့ မမမိုးငွေ့ကို ကျေးဇူးတင်ပါတယ် :)

Sunday, December 11, 2016

I am Back!!

အားလုံးပဲ မင်္ဂလာရှိတဲ့ တနင်္ဂနွေနေ့လေးပါနော်...
ကန်ဒီရန်ကုန်ကို နှစ်ပတ်ပြန်သွားတာနဲ့ စာမရေးဖြစ်တာပါ။ မပြန်ခင်လည်း အလုပ်တွေရှုပ်နေတာနဲ့ မသွားခင် နှုတ်တောင်မဆက်လိုက်ရဘူး။ အလုပ်က Annual Dinner and Dance က လည်း ရှိလိုက်သေးတယ်။ ဘာဝတ်ရမလဲ မသိတာနဲ့ ရှိတဲ့မြန်မာအကျီလေးပဲ ၀တ်သွားလိုက်တယ်။ အစကတော့ ဒီနှစ် D & D ကိုမသွားတော့ဘူးပေါ့။ ရန်ကုန်ပြန်မယ့်ရက်နဲ့ ကပ်နေတော့လေ။ အလုပ်ကလူတွေ အတင်းသွားခိုင်းလို့ သွားရတာ။ နှစ်တိုင်းလိုလို အဆိုအကတွေနဲ့ ပျော်ဖို့တော့ ကောင်းပါတယ်။  








ဘုန်းကြီးကျောင်းမှာ မြန်မာစာသင်တန်းက ကျောင်း(၃)လပိတ်ထားတယ်ဆိုပေမယ့် ယဉ်ကျေးမှုနဲ့ ဗုဒ္ဓဘာသာ တစ်လသင်တန်းက ရှိပြန်ရော။ မြန်မာစာသင်တန်းက တစ်ပတ်ကို တနင်္ဂနွေတစ်ရက်တည်းဆိုပေမယ့် ဗုဒ္ဓဘာသာသင်တန်းက တစ်ပတ်ကို(၆)ရက် စနေတစ်ရက်တည်းပိတ်တယ်။ ဘုန်းဘုန်းက တစ်ပတ်ကို နှစ်ရက်လောက်တော့ လာကူပေးပါ ဆရာမရယ်ဆိုတာနဲ့ ဗုဒ္ဓဟူးနဲ့သောကြာနေ့ဆို အလုပ်ပြီးရင် ဘုန်းကြီးကျောင်း သွားကူတယ်။ တမင်ကြားရက်ပဲ ကူပေးလိုက်တယ်။ ကြားရက်ဆို ကူမယ့်ဆရာမလည်း နည်းတယ်လေ။ အလုပ် Boon Lay ကနေ ဘုန်းကြီးကျောင်း Topayoh ဆို တစ်နာရီကျော်လောက် သွားရတယ်။




ညနေ(၆)နာရီကနေ ည(၈)နာရီအထိပေါ့။ အလုပ်ကနေ ဘုန်းကြီးကျောင်းသွားရင်း လမ်းမှာအသီးလေးဘာလေး စားထားရတယ်။ ည(၈)နာရီခွဲ (၉)နာရီလောက် အိမ်ရောက်မှ ညစာစားရတော့လေ။ ဘုန်းကြီးကျောင်းမှာတော့ ကျွေးပါတယ်။ ကန်ဒီက စားလို့မရဘူးလေ။ ကိုယ်တစ်ယောက်တည်းအတွက်လည်း တကူးတက မလုပ်ပေးစေချင်ဘူး။ ရန်ကုန်မပြန်ခင်နဲ့ ပြန်လာပြီး အဲ့လိုတွေ အလုပ်ရှုပ်နေတာနဲ့ ဘလော့ဘက် မလှည့်နိုင်ဘူး။ မနေ့ကတော့ အလုပ်ကအပြန် အလုပ်က သူငယ်ချင်းနှစ်ယောက်နဲ့ Burger သွားစားတယ်။ သားသတ်လွတ် Burger...






စားလို့ အရမ်းကောင်းတယ်။ တခါတလေလည်း ကိုယ့်ကိုကိုယ် အဲ့လိုလေး Treat လုပ်ဦးမှ.. ပင်ပန်းတယ် ဟဟ။ သူငယ်ချင်းနှစ်ယောက်လုံးက အံသြနေကြတယ်။ အသားမပါ၊ ကြက်ဥမပါ၊ နို့မပါဘဲနဲ့ ဒီလောက်ကောင်းအောင် ဘယ်လိုများလုပ်ထားလဲ မသိဘူးဆိုပြီး။ တချို့သူငယ်ချင်းတွေက သားသတ်လွတ်ဘာဂါသွားစားမယ်ဆိုလို့ "I hate Vege" ဆိုပြီး မလိုက်ကြဘူးလေ။ လိုက်တဲ့နှစ်ယောက်က "They missed a chance. They are gonna regret it" တဲ့ xD xD

ဓာတ်ပုံတွေလည်း များသွားပြီ...
ဒီနေ့တော့ ဒီလောက်ပဲနော်....

Monday, November 14, 2016

ကထိန် (Yeo's Building)

ဒီနေ့ တန်ဆောင်မုန်းလပြည့်နေ့နော်... ဘယ်သူမယ်ဇလီဖူးသုပ် စားပြီးပြီလဲ?? ဘာလီပိုစ့်တွေချည်းဖတ်ပြီး ငြီးငွေ့နေမှာစိုးလို့ လောလောလတ်လတ်လုပ်ဖြစ်တဲ့ ပိုစ့်လေးတွေလည်း တင်ဦးမှပါ။ မနေ့က Yeo's Building မှာ ဓာတ်တော်တိုက် စုပေါင်းမဟာဘုံကထိန်ပွဲ ရှိတယ်။ အဲ့ကိုသွားတယ်ပေါ့နော်... အဓိက,ကတော့ ဒီအချိန်အထိ ကထိန်သင်္ကန်းမကပ်ရသေးလို့ ကထိန်သင်္ကန်းကပ်ဖို့ သွားတာ။ တစ်ဦးတည်းသောချစ်သူရည်စား ကိုမျိုးက အဲ့မှာဝေယျာဝစ္စလုပ်အားပေးပြီး အလုပ်တွေရှုပ်... ရှုပ်ဆိုသူတို့ပရဟိတအဖွဲ့က ဦးစီးလုပ်တဲ့ပွဲကိုး။ ကန်ဒီကတော့ သူ့ကို သွားရှုပ်တာပေါ့။ ကထိန်လှည့်ဖို့ ကွမ်းတော်ကိုင် ပန်းတော်ကိုင်လိုတယ်ဆိုလို့ ကထိန်လှည့်တာမှာ ပါလိုက်သေးတယ်။ 



ကျေးဇူးရှင်က သူ့ဟာသူရှုပ်ပြီး ကန်ဒီကွမ်းတော်ကိုင်တဲ့ပုံလေးတောင် ဓာတ်ပုံလာမရိုက်ပေးဘူး။ အမြင်ကတ်တယ်။ သူလာမရိုက်ပေးတော့ သူများရိုက်ထားတာလေးတွေ ကိုယ့်ဟာကိုယ် ပြန်တောင်းရတာပေါ့။ အဲ့ဒါ သူများပို့ပေးထားတဲ့ ပုံလေးတွေ...



မသိရင် တကယ်မြန်မာပြည်ပြန်ရောက်နေသလိုပဲ... ဦးရွှေရိုးနဲ့ ဒေါ်မိုးကလည်း သီချင်းနဲ့ စည်းချက်ညီညီ မြူးမြူးကြွကြွ ကတယ်။ တခြားအဖွဲ့က က,ချင်တဲ့သူတွေကလည်း ၀င်ကပေါ့။ နေ့လည်စာ ဒံပေါက်ကျွေးတယ် ထင်တယ်။ ကန်ဒီလည်း ကိုယ်စားလို့မရတော့ သိပ်သတိမထားမိဘူး။





မင်္ဂလာဆောင်တစ်ခုသွားဖို့ရှိတာနဲ့ ဘုန်းဘုန်းကို အရင်ကပ်ပါရစေခွင့်တောင်းပြီး ကထိန်သင်္ကန်းကပ်... ပြီးမှ မင်္ဂလာဆောင်သွားကြတယ်။ သူကတော့ မင်္ဂလာဆောင်ကအပြန် ဘုန်းကြီးကျောင်းပြန်သွားပြီး လိုအပ်တာတွေ ဆက်ကူရသေးတယ်။ သာဓု သာဓု သာဓု... ကန်ဒီကတော့ အိမ်ပြန်လာတယ် ဟီးဟီး xD

ဒီလိုနဲ့ တနင်္ဂနွေတနေ့တာ ကုန်ဆုံးပါ၏ :)

Monday, November 7, 2016

Bali: Holy Spring Water & Coffee Plantation

တတိယနေ့... မနက်(၉)နာရီလောက်မှ ဟိုတယ်က စထွက်တယ်။ အဲ့နေ့ညက ဟိုတယ်ပြောင်းမှာဆိုတော့ ပစ္စည်းတွေပါ ကားထဲတခါတည်း ထည့်ရတာပေါ့။ မနက်စာကို ဟိုတယ်မှာပဲစားပြီး Holy Spring Water Temple ကို အရင်သွားကြတယ်။ အဲ့ဒီကရေက မကောင်းတဲ့အညစ်အကြေးတွေကို သန့်စင်ပေးတယ်တဲ့။ အဓိကကတော့ စိတ်ကို Purification လုပ်တဲ့သဘောပေါ့... ဒါသူတို့အယူပေါ့နော်...





ဘုရားကျောင်းထဲဝင်ဖို့ဆို သူတို့ဝတ်တဲ့ အဲ့ဒါလေးပတ်ပြီးဝင်ရတယ်။ တချို့နေရာတွေဆို ဆံပင်ပါစည်းရတယ်။ အဲ့လိုမျိုး ရေထဲဆင်းပြီး ဆုတောင်း သန့်စင်နေတဲ့သူတွေလည်း ရှိတယ်။ 






ဘုရားရှိခိုးနေကြတဲ့အထဲကို ၀င်ခွင့်မရှိဘူး။ အဝေးကပဲ ဓာတ်ပုံရိုက်လို့ရတယ်။ အဲ့ဒါပြီးတော့ ကန်ဒီတို့ ကော်ဖီစိုက်ခင်းရှိတဲ့ဆီသွားကြတယ်။ အဲ့မှာ ကော်ဖီအရသာမျိုးစုံကို အလကားပေးမြည်းတယ်။ ကြိုက်ရင် ၀ယ်ပေါ့နော်... Coconut coffee ၀ယ်ခဲ့တယ်။









အဲ့ဒီရှုခင်းကို ကြည့်ပြီး ကော်ဖီသောက်ရတာ ဘယ်လောက်မိုက်လဲ... အစက မီးတောင်ဆီသွားမယ်ဆိုပြီး ရာသီဥတုက သိပ်မကောင်းတာနဲ့ မသွားဖြစ်လိုက်ဘူး။ နေ့လည်စာကို မီးတောင်ကိုလှမ်းမြင်နေရတဲ့ စားသောက်ဆိုင်မှာ စားတယ်။ ပြီးတော့ Kuta ကို တောက်လျှောက်သွားပြီး အဲ့နေ့ညတည်းမယ့် Kuta က ဟိုတယ်မှာ Check in အရင်ဝင်ထားလိုက်တယ်။



Kuta ဟိုတယ်က အဲ့လောက်မကောင်းဘူး။ အခန်းကလည်း ကျဉ်းသေးတယ်။ စိတ်တိုင်းမကျဘူး။ ခဏနားပြီး ညနေကျ ကန်ဒီတို့ Cruise သွားစီးကြတယ်။ အဲ့ပေါ်မှာပဲ ညစာစားတယ်။ 






ဖျော်ဖြေရေးတွေလည်း အစုံပဲ။ အင်ဒိုအကတွေ... မျက်လှည့်တွေပါတယ်။ တန်တယ်။ အဲ့ဒါပြီးတော့ (၈)နာရီခွဲကျော်လောက်ရှိပြီ။ အဲ့တော့မှ ဟိုတယ်ပြန်နားတယ်။ အဲ့နေ့ညက ကန်ဒီတို့အခန်း Aircon မကောင်းလို့ ပူပူလောင်လောင်အိပ်ရတယ်။ အစက Aircon မကောင်းမှန်း သတိမထားမိတော့ ၀န်ထမ်းတွေကို မမေးဖြစ်ဘူး။ နောက်နေ့မနက်မှ သူတို့ကို ခေါ်ပြီး ပြင်ခိုင်းရတယ်။