Monday, March 7, 2016

Update

Hello...
အစားအသောက်တွေတင်လိုက် ရန်ကုန်ပိုစ့်တွေ တင်လိုက်နဲ့ ကန်ဒီလတ်တလောဖြစ်နေတာတွေကို မရေးဖြစ်တာ တော်တော်ကြာပြီနော်။ အပြောင်းအလဲဖြစ်မှာတွေ အများကြီးပဲ။ အဓိက,ကတော့ အိမ်ကိစ္စ။ ကန်ဒီ့ Roommate က ပြောင်းတော့မယ်ဆိုတော့ ဘာလုပ်ရင်ကောင်းမလဲ စဉ်းစားရတယ်။ ကန်ဒီတို့အိမ်က သူရယ်၊ ကန်ဒီ့ညီမရယ်နှစ်ယောက်ပေါင်းပြီး စာချုပ်ချုပ်ထားတာလေ။ ကန်ဒီ့ညီမကလည်း လက်ထက်ပြီးပြီဆိုတော့ သူလည်းမကြာခင်ပြောင်းရမှာ။ အမေကတော့ ညီမလေးနဲ့ ကန်ဒီ့ကို တူတူနေစေချင်တယ်။ ဒါပေမယ့် ခုချိန်မှာအဲ့လိုမဖြစ်နိုင်ဘူး။ သူ့အမျိုးသားအိမ်ကို သူတစ်ယောက်တည်းပြောင်းသွားဖို့ အဆင်ပြေပေမယ့် ကန်ဒီပါလိုက်ပြောင်းဖို့ကြတော့ အခန်းလွတ်မရှိဘူး။ ကန်ဒီပြောင်းချင်ရင် တစ်ယောက်ယောက်က ဖယ်ပေးရမှာ။ စာချုပ်ချုပ်ထားတဲ့ နှစ်ယောက်လုံးပြောင်းမယ်ဆိုရင် ဒီအိမ်ကပြန်အပ်ရတော့မယ်။ အဲ့လိုဆို ဟိုဘက်ခန်းကအစ်မနှစ်ယောက်ကလည်း အိမ်ခန်းပြန်ရှာရမယ်။ အဲ့လို အဲ့လို အတွေးပေါင်းသောင်းခြောက်ထောင်နဲ့ ခေါင်းတွေစားနေတာ။

နောက်ဆုံး ဒီအိမ်ကိုပဲ ကန်ဒီစာချုပ်ချုပ်ပြီး ဆက်နေမယ်လို့ ဆုံးဖြတ်ချက်ချလိုက်တယ်။ လောလောဆယ်ချုပ်ထားတဲ့ စာချုပ်ပြည့်မှာကတော့ July မှ... အဲ့တော့မှ စာချုပ်အသစ်ချုပ်ရမှာပေါ့။ ဒါပေမယ့် ကန်ဒီ့ညီမနဲ့ Roommate ကတော့ March လကုန်ပြောင်းမယ်။ အဲ့တော့ ပြီးခဲ့တဲ့ January လကုန်လောက်ထဲက Roommate အသစ်ရှာနေရတယ်။ တစ်အိမ်လုံးမှ လေးယောက်ပဲနေမှာဆိုတော့ ကန်ဒီတင်ထားတဲ့ ဈေးကနည်းနည်းတော့ ကြီးတယ်။ အရင်က ကန်ဒီတို့အခန်းမှာ(၃)ယောက်နေတယ် ဆိုတာကလည်း သူ့အလိုလိုဖြစ်သွားတာ။ အစက ကန်ဒီ့ညီမနဲ့ကန်ဒီ နှစ်ယောက်ပဲနေတာ... သူ့သူငယ်ချင်းက ကန်ဒီတို့အခန်းထဲ နေချင်တယ်ဆိုတာနဲ့ မရည်ရွယ်ဘဲ (၃)ယောက်ဖြစ်သွားတာ။ အခုတော့ နှစ်ယောက်ပဲနေမယ်လို့ ဆုံးဖြတ်ထားတယ်။ 

ကိုယ်တင်ထားတဲ့ ဈေးကကြီးနေတော့ ဘယ်လိုမှမရလောက်ဘူးပဲ ထင်တာ။ မတ်လကုန်ခါနီးမှ မရရင် ဘာလုပ်ရင်ကောင်းမလဲလည်း စဉ်းစားရတယ်။ နောက်ဆုံး ဟိုဘက်အခန်းက အစ်မတစ်ယောက်ရဲ့ သူငယ်ချင်းက အိမ်လာကြည့်မယ်ဆိုပြီး လာကြည့်ပြီး နေမယ်ဆိုပြီး Confirm လုပ်တယ်။ အဲ့တော့မှပဲ အလုံးကြီးကျသွားတော့တယ်။ ဒီအပတ်တွေကတော့ အိမ်သန့်ရှင်းရေးနဲ့ ရှုပ်နေတာပေါ့။ တကယ်ကတော့ ပြောင်းမယ့်သူတွေ ပြောင်းသွားမှ သန့်ရှင်းရေးလုပ်လို့ရမှာ။ အရင် Roommate ချန်ခဲ့မယ့် Furniture တချို့ကိုလည်း ကန်ဒီယူမယ်ဆို ပိုက်ဆံပြန်ပေးရမယ်။ ဒီလကတော့ ပိုက်ပိုက်ကုန်မယ့်လ။ ဒါပေမယ့် နေမယ့်လူရသွားတာကိုပဲ ကျေးဇူးတင်ပါတယ်။ 

အလုပ်ကလည်း လာမယ့် July လောက်ဆို အစမ်းဖွင့်မယ့် နေရာအသစ်ဆီကို ကန်ဒီသွားရမယ်။ ဘောစ့်က ကန်ဒီ့ကို သွားစေချင်တယ်။ နေရာအသစ်ဆိုတော့ အတွေ့အကြုံအသစ်ရမှာပဲဆိုပြီး ကန်ဒီလက်ခံလိုက်တယ်။ ရလာတဲ့အခွင့်အရေးတိုင်းကို လုပ်နိုင်ပါ့မလားဆိုပြီး တွေဝေနေတာထက် ငါဘာလို့မလုပ်နိုင်ရမှာလဲ ဆိုတဲ့စိတ်နဲ့ပဲ ရှေ့ဆက်ချင်တယ်။

အိုကေ... အဲ့ဒီ စိတ်ရှုပ်စရာတွေခဏထားပြီး ဟိုနေ့က Mustafa သွားပြီး စားထားတဲ့ ဓာတ်ပုံလေးတွေ ပြမယ်နော်။ ကန်ဒီ့အလုပ်က အဲ့ဒီနှစ်ယောက်က Mustafa မှာ ဖိနပ်သွားဝယ်မယ် လိုက်ခဲ့... အဲ့မှာ Vegetarian Restaurant တွေလည်း ရှိတယ်ပြောပြီး ခေါ်တာနဲ့ ပါသွားတယ်။ ကန်ဒီက သားသတ်လွတ် ဒံပေါက်စားတယ်။



Fresh Juice ဆိုတဲ့ ခေါင်းစဉ်အောက်က Carrot Juice ကို မှာလိုက်တယ်... စကားတပြောပြောနဲ့ ပထမတစ်ငုံသောက်လိုက်တာ မသိသေးဘူး။ ဒုတိယတစ်ငုံသောက်တာလည်း မသိသေးဘူး။ တတိယတစ်ငုံထပ်သောက်ကြည့်တော့ နည်းနည်းသံသယရှိလာတယ်။ အအေးထဲမှာ နွားနို့ပါတယ်ထင်တယ်!! သူတို့နှစ်ယောက်ကို မြည်းခိုင်းတော့မှ ဟုတ်တယ် နွားနို့ပါတယ်!!!! Vegetarian ဆိုင်ဆိုပြီး အမှုမဲ့ အမှတ်မဲ့သောက်မိတာ ကိုယ့်အမှား။ ဆက်မသောက်တော့ဘူး။ နောက်ဆို ပိုသတိထားရမယ်။ Food Republic တို့ဘာတို့မှာဆို Fresh Juice ဆို ကိုယ့်ရှေ့မှာတင် Carrot ကို Blender ထဲထည့်လိုက်တာလေ။ ဘာဆိုဘာမှ မထည့်ဘူး။ Fresh Juice လို့ ရေးထားတော့ အဲ့လို Fresh Juice ပဲ ထင်လိုက်တာ။


ကန်ဒီမျက်စိမစမ်းဖြစ်တာ တော်တော်ကြီးကြာပြီ။ မျက်ကပ်မှန်လည်း အသစ်ဝယ်ရမှာနဲ့ မထူးပါဘူးလေဆိုပြီး မျက်စိစမ်းပြီး မျက်မှန်ပါအသစ်လုပ်လိုက်တယ်။ ပါဝါကတော့ အရမ်းကြီးမတက်ပါဘူး။



Good Night^^

3 comments:

Anonymous said...

wow mouth watering delicious vegan food
very nice new glasses
you look beautiful as always:-D
W

Anonymous said...

ဘုန်းကြီးကျောင်းမှာ သမီးလေး အတန်းတက်ရတော့ တွေ့တဲ့ ဆရာမလေးကိုမြင်တော့ ဒီဘလော့ပိုင်ရှင်လေးမှန်း တန်းသိတယ် ... ချစ်စရာလေး

Candy said...

ဟီးဟီး... ရှက်စရာ xD xD