Thursday, September 29, 2016

Vegan: ယနေ့ စားဖွယ် #1

ဒီရက်ပိုင်း အင်တာနက်လိုင်း သိပ်မကောင်းဘူး။ အစက ကန်ဒီ့ကွန်ပျူတာကြောင့် ဖြစ်တယ်ပဲထင်နေတာ။ အိမ်မှာတူတူနေတဲ့ တခြားအစ်မတွေလည်း ပြောတယ်။ လိုင်းမကောင်းဘူးတဲ့။ SingTel က ဖြစ်တာထင်တယ်။ ဒီရက်ပိုင်း စောင့်ကြည့်လိုက်ဦးမယ်။ မရရင်တော့ ဖုန်းခေါ်ရမယ်။ စာရေးမယ်လုပ်ပြီး ကွန်ပျူတာဖွင့်လိုက် လိုင်းမကောင်းတာနဲ့ မရေးရနဲ့ ဖြစ်နေတာ...

ဒီနေ့ပိုစ့်ကတော့ ဘာမှထူးထူးခြားခြားကြီး မဟုတ်ပါဘူး။ ပေါ့ပေါ့ပါးပါးပဲ ကန်ဒီအလုပ်လုပ်တဲ့ Week Day တစ်ရက် ဘာတွေစားတယ်ဆိုတာ ပြောပြတဲ့ပိုစ့်ပါ။ သားသတ်လွတ်စားတယ်ဆို လူတော်တော်များများက ဟိုဟာလည်း မစားဘူး ဒီဟာလည်း မစားဘူး... ကန်ဒီဆိုပိုဆိုး Vegan ဆိုတော့ နို့နဲ့ ကြက်ဥလည်း မစားတော့ တနေ့တနေ့ ဘာတွေများစားလဲဆိုပြီး စိတ်ဝင်စားတဲ့သူတွေအတွက်ပါ။ နောက်ပြီး သားသတ်လွတ်စားဖို့ စိတ်ဝင်စားတဲ့သူတွေအတွက်လည်း အသားငါးမပါဘဲ ဘာတွေစားလို့ရလဲဆိုတာ သိစေချင်လို့ပါ။


ဒီရက်ပိုင်း အိပ်ယာစောစောမထနိုင်တော့ မနက်စာကို အပြင်မှာပဲ စားဖြစ်တယ်။ မနက်နိုးတာနဲ့ ရေကို သောက်နိုင်သလောက် ပမာဏအထိ ၀,အောင်သောက်လိုက်တယ်။ အိမ်မှာ အမြဲငှက်ပျောသီးဝယ်ထားတယ်။ မနက်စာအတွက် ငှက်ပျောသီးကြီးရင် တစ်လုံးပဲ ယူသွားတယ်။ သေးရင် နှစ်လုံးယူသွားတယ်။ အဲ့နေ့က ငှက်ပျောသီးက အရမ်းကြီးပြီး ကန်ဒီ့ Lunch box နဲ့တောင် မဆန့်လို့ နှစ်ပိုင်းပိုင်းလိုက်ရတဲ့အဖြစ်။ သနားစရာ ဟဟ။ ရထားစီးပြီး အလုပ်နားမှာ Mr. Bean ပဲနို့ဆိုင်ရှိတယ်။ ပဲနို့နဲ့ဆိုင်တာတွေပဲ သီးသန့်ရောင်းတဲ့ဆိုင်ပေါ့။ ပဲနို့ကြီးပဲသီးသန့်ဆို သိပ်မကြိုက်လို့ ကန်ဒီသောက်နေကြက Watermelon Soy Milk... အိမ်ကယူလာတဲ့ ငှက်ပျောသီးနဲ့ အဲ့ဒါနဲ့သောက်တယ်။ 


နေ့လည်စာမစားခင် Coffee Break မှာလည်း ငှက်ပျောသီးနောက်တစ်လုံး။ အဲ့ဒီရေဗူး တနေ့နှစ်ဗူးကုန်အောင်တော့ ကြိုးစားသောက်ဖြစ်တယ်။ နေ့လည်စာ Lunch Box က မနေ့ကချက်ပြီး မနက်ကန်ဒီအိမ်ကထည့်သွားတဲ့ ခရမ်းချဉ်သီးနှပ်နဲ့ အရွက်ကြော်... စားပြီးအချိုတည်းဖို့က ဇီးသီး... နောက် အလုပ်နားက Indian ဆိုင်မှာ Tea သွားဝယ်လိုက်သေးတယ်။ သကြားနဲ့ Tea နဲ့ပဲ ဒီမှာ "တေအိုး"လို့ခေါ်တယ်။ Indian ဆိုင်တွေမှာ ရောင်းတဲ့ တေအိုးက တရုတ်ဆိုင်တွေက တေအိုးထက်ပိုကောင်းတယ်။ အဲ့ဒါ ကန်ဒီ့ Favorite... သိပ်မသောက်ဖြစ်အောင်တော့ ထိန်းနေတယ်။ နေ့တိုင်းမသောက်ဘူး။ 


အိမ်ပြန်ရောက်တော့ ရေအရင် ၀,အောင်သောက်တယ်။ ပြီးတော့ အသီးတစ်ခုခုစားတယ်။ ဒီနေ့အိမ်မှာရှိတာ သင်္ဘောသီးဆိုတော့ သင်္ဘောသီးစားတယ်။ အိမ်ရောက်တာနဲ့ ဗိုက်ကဆာတယ်လေ။ ညစာက မလုပ်ရသေးဘူးဆိုတော့ တစ်ခုခုစားထားမှ အဆာခံတယ်။ နောက် အသီးတွေဘာတွေက ဗိုက်ထဲမှာ ဘာမှမရှိတဲ့အချိန်စားတာ ပိုကောင်းတယ်။ နို့မို့ဆို လေတွေဘာတွေ ထတတ်တယ်။ အထူးသဖြင့် သင်္ဘောသီးတို့ ဖရဲသီးတို့ဆို အစာမရှိတဲ့အချိန်စားတာ ပိုကောင်းတယ်။ 



သင်္ဘောသီးမလှီးခင် ထမင်းအိုးတည်တယ်။ ညစာကို ချက်တဲ့ဟင်းတွေထက်စာရင် အသီးအရွက်အစိမ်းတွေပါတဲ့ အသုပ်တွေစားရတာ ပိုကြိုက်တယ်။ အဲ့နေ့က ထမင်းသုပ်မှာဆိုတော့ ထမင်းသုပ်အတွက် ဂေါ်ဖီနဲ့ ခရမ်းချဉ်သီးလှီးထားတယ်။ ခဏနားပြီးတော့ရေမိုးချိုးတယ်။ ပြီးမှ ထမင်းသုပ်ပြီး ညစာစားတယ်။ ရေခဲသေတ္တာထဲမှာ ပိန္နဲသီးရှိနေတာနဲ့ အဲ့တာနဲ့ အချိုတည်းတယ်။ မရှိရင်တော့ ဘာမှမစားဘူးပေါ့နော် xD


ကဲ.. တနေ့တာ စားတာတွေ ပြီးပါပြီ။ ပြီးမှပဲ... ဒီအင်တာနက်လိုင်း နှေးတာနဲ့ ဒါလေးတင်တာ နှစ်နာရီကျော် ကြာသွားပြီ (>.<)။ အိပ်တော့မယ်နော်... (၁၁)နာရီထိုးပြီ။

Zzz...

1 comment:

Anonymous said...

တခါတလေသက်သတ်လွတ်ဟင်းလေးတွေစားဖြစ်ရင် ကန်ဒီ့ကိုသတိရနေတတ်တာ။
မမအိုင်အိုရာ