Saturday, October 29, 2016

Bali: Monkey Forest and Tanah Lot Temple

မိုးရွာနေတာနဲ့ နေ့လည်စာစားရင် မိုးတိတ်တာကို စောင့်... စားလို့ပြီးတာတောင် မိုးကတိတ်မလိုလိုနဲ့ မတိတ်နိုင်ဘူး။ အဲ့ဒါနဲ့ ဆက်မစောင့်တော့ဘဲ Monkey Forest ကို ခရီးဆက်တယ်။ မိုးဖွဲဖွဲရွာနေတော့ ထီးနဲ့လျှောက်ရတာပေါ့။ ပြန်ခါနီးကျတော့မှ မိုးလည်းတိတ်သွားတယ်။



အစက Monkey Forest ဆိုတော့ လမ်းလျှောက်ရမယ်ပေါ့။ မိုးရွာတာနဲ့ ထီးကြီးနဲ့ ဘယ်လိုလုပ်မလဲပေါ့။ တကယ်တမ်းက တစ်ပတ်ပတ်တာ (၁၀)မိနစ်တောင် မကြာဘူး။ အဲ့မှာ လိုက်ပို့ပေးတဲ့ သူတွေရှိတယ်။ သူတို့က ကိုယ်တွေနဲ့တူတူ တစ်ပတ်လိုက်ပတ်ပေးတယ်။ ပြီးရင် လက်ဆောင်ပစ္စည်းဝယ်ချင်ရင် သူတို့ဆိုင်မှာ ၀ယ်ဖို့ပြောတယ်။ တကယ်တော့ သူတို့ပို့ပေးစရာလည်း မလိုပါဘူး။ ကန်ဒီတို့ Tour Guide ဦးလေးကြီးတောင် ကားမှာပဲ စောင့်နေခဲ့တာ။ ခက်ခက်ခဲခဲလမ်းတွေရှုပ်တာလည်း မဟုတ်ဘူး။ တစ်ပတ်ပတ်ရုံပဲကို... ဒီလိုပဲ သူတို့ဆိုင်ကပစ္စည်းဝယ်အောင် ပို့ပေးတဲ့သဘောပါပဲ။ ကန်ဒီကလည်း အားနာတတ်တဲ့သူဆိုတော့ မကောင်းတတ်လို့ ပစ္စည်းလေးတစ်ခုခုတော့ ၀ယ်လိုက်ပါမယ်လေဆိုပြီး လက်ဆောင်ပေးလို့ရတဲ့ Key Chain လေး တစ်ထုတ်ဝယ်လိုက်တယ်။ အထဲမှာ (၄)ခုပဲ ပါတယ်။ SGD 15 ပေးရတယ်။ တခြားနေရာမှာ ၀ယ်ရင် SGD 5 တောင်မရှိဘူးဆိုတာ အဲ့အချိန်က မသိခဲ့ဘူးလေ။ အဲ့လိုလည်း အလိမ်ခံခဲ့ရတယ်။ နောက်တစ်ခါ အားနာချင်ဦး...



မျောက်တွေကို အစာကျွေးလို့ရတယ်။ မျောက်တွေက လူလည်းမကြောက်ဘူး။ အစာရှိမှန်းသိရင် လိုက်လာရော... မရှိဘူးဆိုပြီး လက်ကိုပြလိုက်ရင် မလိုက်တော့ဘူး ဟဟ မျောက်လည်လေးတွေ။ မျောက်တစ်ကောင် ကန်ဒီ့ပုခုံးပေါ် ခုန်တတ်လာလို့လေ... "အားးးးး"ဆိုပြီး အော်လိုက်တာ အကျယ်ကြီးပဲ ဟီးဟီး။ မျောက်လေးတွေနဲ့ ဓာတ်ပုံရိုက်မယ်ဆိုတော့ သူတို့က ကင်မရာရှေ့မှာ တစ်ယောက်ဖင်တစ်ယောက်ကြည့်နေကြတယ် ဟဟ...

Monkey Forest ပြီးတော့ Tanah Lot Temple ကို သွားတယ်။ Sunset ကြည့်ဖို့ ရည်ရွယ်ပေမယ့် မိုးရွာထားပြီး နေတောင်မထွက်တော့ နေ၀င်တာလည်း မကြည့်ရပါဘူး...











ထုံးစံအတိုင်း Temple အထဲတော့ ၀င်လို့မရပါဘူး။ အပြင်ကပဲ ရှုခင်းကြည့်ရတာပေါ့။ တွေ့တဲ့အတိုင်း လူတွေကတော့ အရမ်းများတယ်။ အဲ့ဒါပြီးတော့ ညစာမစားခင် အချိန်နည်းနည်းရတာနဲ့ အပြင်ဘက်က ဈေးတန်းလေးလျှောက်တယ်။ အဲ့ဒီဈေးတန်းလျှောက်တော့မှ SGD 5 လောက်တန်တာကို SGD 15 နဲ့ Monkey Forest မှာ ပေးဝယ်ခဲ့မိတာကို သိလိုက်တာပါပဲ... :(



ညစာစားပြီး Ubud က ဟိုတယ်မှာပဲ ပြန်အနားယူတယ်လေ။ ဘာမှထူးထူးခြားခြားမဟုတ်တာနဲ့ ညစာတောင် ဓာတ်ပုံမရိုက်လိုက်ရဘူး။ 

Saturday, October 22, 2016

Bali: Taman Ayun Temple and Ulun Danu Temple

ဟိုတယ်ကို ညဘက်မှာရောက်သွားတာဆိုတော့ ပထမဆုံးနေ့က ဘယ်မှမသွားဖြစ်ဘူး။ နောက်နေ့မနက်စာကို ဟိုတယ်မှာပဲစားတယ်။ ကန်ဒီတို့ Tour Guide ဦးလေးကြီးက ဟိုတယ်ကို မနက်(၈)နာရီလောက် လာခေါ်တယ်။ ပထမဆုံးသွားဖြစ်တာက Taman Ayun Temple... "Taman Ayun Temple" ဆိုတာ "လှပတဲ့ဥယျာဉ်ထဲက ဘုရားကျောင်း"လို့ အဓိပ္ပာယ်ရတယ်။ Mengwi ဒေသမှာရှိပြီးတော့ ဟိုးးအရင် Mengwi ဘုရင်က AD 1634 မှာ ဆောက်ခဲ့တာ...





သူတို့ဆီမှာလည်း မြန်မာတွေလိုပဲ ကြက်ပွဲတွေရှိတယ်။ ကြက်နှစ်ကောင်ကို ခွပ်ခိုင်းပြီး ပွဲကြည့်ပရိသတ်က ဘယ်ဘက်ကနိုင်မယ်ဆိုပြီး လောင်းကြတာမျိုးလေ။ ခုချိန်ထိတောင် မြန်မာပြည်မှာ အဲ့လိုပွဲမျိုးတွေ ရှိသေးလား မသိဘူးနော်။ လူတွေကတော့ ပျော်စေပျက်စေလောင်း... ကြက်တွေခမျာတော့ ခွပ်ရလို့ ဒဏ်ရာတွေ ဗရပွနဲ့... အဲ့ဒါမျိုးတွေ လုံးဝ လုံးဝ အားမပေးဘူး....



ဘုရားကျောင်းအတွင်းတော့ ၀င်လို့မရဘူး။ အုတ်တွေနဲ့ကာထားတယ်။ ရှိခိုးမယ့်သူတွေပဲ ၀င်လို့ရတယ်။ ဘာလီမှာ ထူးခြားတာတစ်ခုက နေရာတိုင်းလိုလိုမှာ ဘုရားကျောင်းတွေ ရှိတယ်။ Tour Guide ဦးလေးကြီးကို မေးကြည့်တော့ သူပြောပြတာ Family တစ်ခုမှာ သီးသန့်ဘုရားကျောင်းတစ်ခုစီ ရှိတယ်တဲ့။ အဲ့ဒါကို Family Temple လို့ခေါ်တယ်တဲ့။ မိသားစုရေးရာပွဲတွေဆို သူတို့ကိုယ်ပိုင် Family Temple မှာ ဆွေမျိုးတွေစုပေါင်းပြီး လုပ်တယ်ပေါ့။ မိသားစုချမ်းသာရင် ချမ်းသာသလောက် Temple ကလည်း ပိုကောင်းပြီး ကျယ်တယ်။ Community Temple ဆိုတာလည်း ရှိတယ်တဲ့။ အဲ့ဒါကျတော့ လူတိုင်းလာပြီး ရှိခိုးကြတာပေါ့။ ဒီ Taman Ayun ဆိုတာက ပြောရမယ်ဆို အဲ့ဒီခေတ်က ရှေးဘုရင်မိသားစုရဲ့ ဘုရားကျောင်းလိုမျိုးဆိုပါတော့။

အဲ့ဒါပြီးတော့ ကန်ဒီတို့ Ulun Danu Beratan Temple ကို သွားတယ်။ ဒီဘုရားကျောင်းကတော့ Beratan လို့ခေါ်တဲ့ ရေကန်လေးအလယ်မှာ ရှိတာ။ တောင်ပေါ်မှာလည်းဖြစ်တော့ ရာသီဥတုက အေးစိမ့်စိမ့်လေး... (၁၇)ရာစုက အဲ့ဒီရေကန်ရဲ့ဘုရား ခေါ်မလား... Goddess of the Lake ကို ရှိခိုးဖို့ ရည်ရွယ်ပြီး တည်ဆောက်ခဲ့တာတဲ့။ ဘာလီမှာ ဟိန္ဒူဘာသာဝင်တွေ များတယ်။ သူတို့ဘာသာတရားကိုလည်း တော်တော်လေး ကိုင်းရှိုင်းကြတယ် ပြောရမယ်။






အနောက်ဘက်က တောင်တွေ မြူတွေနဲ့မို့ ဓာတ်ပုံထဲမှာ မမြင်ရဘူး...



အဲ့ဒီနှစ်နေရာပြီးတော့ Botanical Garden လိုနေရာ သွားတာကို မိုးတွေရွာတာနဲ့ အထဲက အမိုးပါတဲ့ တစ်နေရာပဲရောက်သွားပြီး နေ့လည်စာ စားကြတယ်။ စားသောက်ဆိုင်က ရှုခင်းကလည်း လှတယ်။ ဒါပေမယ့် မိုးရွာနေတော့ အရာအားလုံးမှုန်ဝါးဝါးပေါ့။



မိုးတိတ်သွားမှ ရှုခင်းက ကြည်လင်လာတယ်။

နေ့လည်စာ...

Package အရတော့ ဘူဖေးကျွေးတာ... ကန်ဒီ့သူငယ်ချင်းတွေက ဘူဖေးစားကြတာပေါ့။  ဒါပေမယ့် သက်သတ်လွတ်မပါလို့ Tour Guide ဦးလေးကြီးက ကန်ဒီ့အတွက် သီးသန့်စီစဉ်ပေးတာ။ ထမင်းကြော်နဲ့ ခေါက်ဆွဲကြော်... ဆီနဲ့ဆားအရမ်းသုံးထားတယ်။ 

ဒီနေ့တော့ ဒီလောက်နဲ့ ရပ်မယ်နော်...

Friday, October 14, 2016

Veganniversary: One year Vegan experience

အားလုံး မင်္ဂလာညချမ်းပါရှင်...
ဒီနေ့က ကန်ဒီ့အတွက် အရမ်းအဓိပ္ပာယ်ရှိတဲ့ နေ့လေးတနေ့ပါ။ ကန်ဒီသက်သတ်လွတ်စားတာ တစ်နှစ်ပြည့်တဲ့နေ့လေးဆိုလည်း မမှားပါဘူး။ အတိအကျပြောရရင် ကြက်ဥနဲ့ နို့ထွက်ပစ္စည်းတွေပါရှောင်တဲ့ Strict Vegetarian (Vegan)... အသွေးအသားရှောင်သက်သတ်လွတ် တစ်နှစ်ပြည့်တဲ့နေ့ပေါ့နော်။ ဘာလို့လည်းဆိုတော့ မနှစ်ကဒီနေ့မတိုင်ခင် ကန်ဒီအရင် သက်သတ်လွတ်စားတာ နို့ထွက်ပစ္စည်းတွေမရှောင်ရသေးလို့ပါ။ ဒီ ကိုယ့်ဟာကိုယ်လုပ်တဲ့ Anniversary လေးဟာ သူများတွေအတွက် ဘာမှမဟုတ်ပေမယ့် ကန်ဒီ့အတွက်တော့ တကယ်စိတ်ထဲကြည်နူးရပါတယ်။ ကိုယ့်အတွက် တစ်ဦးတစ်ယောက်ရဲ့အသက် ပျက်စီးယိုယွင်းမှုမပါဘဲ နေလာတာ တစ်နှစ်တောင် ရှိပြီပဲဆိုတဲ့ ကြည်နူးမှုဟာ ဘာနဲ့မှမလဲနိုင်ဘူး။ ဒီနေ့ ဒီပိုစ့်မှာ တစ်နှစ်တာ သက်သတ်လွတ်စားလာခြင်းရဲ့ ကောင်းကျိုး၊ ဆိုးကျိုး ကန်ဒီ့အတွေ့အကြုံလေးကို ရေးပြချင်ပါတယ်။

♥ ကြုံတွေ့ရတဲ့ အခက်အခဲတချို့
ကောင်းတာနဲ့ဆိုးတာ ဒွန်တွဲနေသလို ကြုံတွေ့ရတဲ့အခက်အခဲတွေလည်း ရှိပါတယ်။ ကန်ဒီ့အတွက် တစ်ခုတည်းသော အခက်အခဲကိုပြောပြရရင် အပြင်သွားတဲ့အခါ စားစရာ ရှာရခက်တာပါ။ Vegetarian ဆိုင်မတွေ့ရင် စားဖို့မရှိတော့ဘူးပေါ့။ Vegetarian ဆိုင်တွေ့ရင်တောင်မှ တချို့က နို့နဲ့ကြက်ဥပါတော့ အရင်ကြည့်ရတာပေါ့။ ဆိုင်မတွေ့ဘူးဆိုရင်တော့ အသီးအနှံတွေ စားလို့ရပါတယ်။ နောက်တစ်ခုက Vegetarian ဆိုင်တွေမှာ ဟင်းတွေက ဆီအရမ်းများတယ်။ ကန်ဒီက ဟင်းကိုဆီများရင် မစားတတ်ဘူး။ တခါတလေဆို စားလို့ရပေမယ့် နေ့တိုင်းဆို မစားနိုင်တော့ဘူး။ အဲ့ဒါကြောင့် ကန်ဒီကိုယ့်ဟာကိုယ် ချက်စားတာများတယ်။ အလုပ်ကိုလည်း အမြဲ Lunch Box ယူသွားတယ်။ ခရီးသွားရင် တော်တော်ဒုက္ခရောက်တယ်။ ရိုးရိုးစားသောက်ဆိုင်တွေမှာ Vegetarian version လုပ်ခိုင်းရင် အမြဲ ထမင်းကြော် (သို့) ခေါက်ဆွဲကြော် (သို့) အရွက်ကြော်ပဲ။ ခရီးစဉ်တလျှောက်လုံး ဒါကြီးစားနေရတော့ လူကဘယ်လိုမှ မစားနိုင်တော့ဘူးပေါ့။ ဘာလီသွားတုန်းက တော်တော်ဒုက္ခရောက်ခဲ့တယ်။ အဲ့ဒါတော့ ဘာလီပိုစ့်မှ ဆက်ပြီး Complain တက်မယ်နော် ဟဟ။ ကန်ဒီ့အတွက် အဓိက အခက်အခဲကတော့ အဲ့ဒီတစ်ခုပါပဲ။ ဒီအခက်အခဲဆိုတာကလည်း ကိုယ့်ဟာကိုယ် ဘယ်သွားမယ် ဘာလုပ်မယ်ဆိုတာသိရင် ကြိုပြင်ဆင်လို့ရပါတယ်။ ဥပမာ မသွားခင်စားသွားတာမျိုး ဒါမှမဟုတ် စားစရာတစ်ခုခု ယူသွားတာမျိုးပေါ့...

♥ ကြုံတွေ့ရတဲ့ ကောင်းကျိုးများ
သက်သတ်လွတ်စားခြင်းအတွက် ကိုယ်တိုင်ခံစားရတဲ့ ကောင်းကျိုးတွေကတော့ အများကြီးပဲပေါ့။ ကန်ဒီသတိထားမိတာက ထမင်းတွေ ဟင်းတွေ အများကြီးစားပြီးလည်း လူကအိပ်ငိုက်တာမျိုး၊ ဗိုက်မအီမသာဖြစ်တာမျိုး လုံးဝမရှိတော့ဘူး။ အများကြီးစားမိတဲ့အခါ ဗိုက်ပြည့်တဲ့ ခံစားမှုမျိုးတော့ ရှိတယ် (ဗိုက်ပြည့်တာနဲ့ မအီမသာဖြစ်တာ မတူဘူးနော်)။ ဗိုက်ကြီးအင့်ပြီး နေထိုင်မကောင်းတာမျိုး မရှိတော့ဘူး။ သက်သတ်လွတ် စစ,စားချင်းမှာ အရင်ထက် အသီးအရွက်တွေ ပိုစားတဲ့အခါကြတော့ ဗိုက်က ဒီ Fiber တွေကို ကျင့်သားမရသေးတဲ့အချိန်မှာ တခါတလေ လေထတယ် (အထူးသဖြင့် အသီးအရွက်တွေ အများကြီးစားပြီးရင်)။ တစ်လနီးပါးလောက်ပါပဲ... ခန္ဓာကိုယ်က ကျင့်သားရသွားတော့ လေမထတော့ဘူး။ 

အရင်ကဆို အလုပ်ကပြန်လာရင် ကုတင်ပေါ်ပစ်လှဲပြီး ဖတ်ဖတ်မောနေတာ တော်ရုံနဲ့ မထဘူး။ တခါတလေ တမှေးလောက် ရသွားသေးတယ်။ အမေဆိုအမြဲပြောတယ်... ငါ့သမီးအလုပ်က ပင်ပန်းတယ်တဲ့။ ပြန်ရောက်တာနဲ့ အဲ့လိုဖြစ်ဖြစ်သွားလို့။ ကန်ဒီသက်သတ်လွတ်စားပြီးနောက်ပိုင်းမှာ အဲ့လောက်ပင်ပန်းတာမျိုး မရှိတော့ဘူး။ နေ့တိုင်းနီးပါး အိမ်ပြန်ရောက်တာနဲ့ စားစရာပြင်ဆင်ဖို့တောင် အင်အားတွေ သူ့အလိုလိုရှိနေတာ။ ကုတင်ပေါ်လှဲပြီး မှေးကနဲ အိပ်ပျော်သွားတာလည်း မဖြစ်တော့ဘူး။ အမြဲတမ်း အဲ့လိုအားတွေပြည့်နေတယ်တော့ မပြောလိုပါဘူး။ မိန်းကလေးဆိုတော့ ရာသီလာခါနီးအချိန်မျိုးဆိုရင်တော့ နုံးပြီးအားမရှိတာမျိုး ဖြစ်တာပေါ့။ 

တဆက်တည်း ဆက်ပြောရရင် နားနဲ့မနာ ဖ၀ါးနဲ့နာပါ။ အရင်က ကန်ဒီရာသီမမှန်လို့ Raspberry Leaf Tea သောက်ရတဲ့ ပိုစ့်လေးတောင် ရေးဖူးတယ်။ အခုဆို လစဉ်မှန်မှန်လာတယ်။ စိတ်ဖိစီးမှုများတဲ့လတွေဆိုရင် နောက်ကျတာမျိုးတော့ ရှိတာပေါ့။ ဒါပေမယ့် အရင်ကလို နှစ်လ သုံးလနေလို့ မလာတာတွေ မဖြစ်တော့ဘူး။

လက်သည်းတွေ ဘေးနားကနေ အက်လာလို့ ကပ်ပြီးညှပ်လိုက်ရတာမျိုး ဖြစ်ဖူးလား? ကန်ဒီဆို အရင်က တခါတလေ အဲ့လိုဖြစ်တယ်။ ခုအဲ့လို လုံးဝမဖြစ်တော့ဘူး။ နောက်တစ်ခုက ကန်ဒီ့အသားအရည်... အရင်ကဆို ၀က်ခြံထွက်လွန်းလို့ ဆေးခန်းသွားပြပြီး ဆရာဝန်သောက်ခိုင်းတဲ့ အရမ်းပြင်းတဲ့ဆေးကို နှစ်ခါလောက် သောက်ရတာ အားလုံးအသိပါ။ ကန်ဒီ့အသားအရည်အကြောင်းပိုစ့်တွေလည်း ခဏခဏရေးဖူးတယ်။ ကန်ဒီအဲ့ဒီဆေးကို တစ်နှစ်လောက်သောက်ပြီး အဲ့ဒီတစ်နှစ်အတွင်း ၀က်ခြံလုံးဝပျောက်သွားတယ်လေ။ ဆေးရပ်လိုက်ပြီး နောက်ပိုင်းမှာ နဂိုအတိုင်း ၀က်ခြံတွေ ပြန်ထွက်လာတာနဲ့ နောက်တစ်ခေါက်သွားပြတော့လည်း ဒီဆေးကိုပဲ နောက်တစ်နှစ်နီးပါး ထပ်သောက်ရတယ်။ ကိုယ်ကလည်း Pharmacy မှာ အလုပ်လုပ်နေတာဆိုတော့ ဒီဆေးရဲ့ဆိုးကျိုးတွေ သိနေတယ်။ ပြီးခဲ့တဲ့နှစ်မေလလောက်မှာတော့ လုံးဝဆုံးဖြတ်ချက်ချလိုက်တယ်။ ဖြစ်ချင်တာဖြစ် ဆေးလည်းမသောက်တော့ဘူး.. ဘာမှမလုပ်တော့ဘူးလို့... ကုန်ကုန်ပြောရရင် ၀က်ခြံအတွက် လိမ်းဆေးတောင် ကန်ဒီမလိမ်းတော့ဘူး။ ကိုယ့်မျက်နှာကိုယ် အဲ့လောက် စိတ်ကုန်သွားတာ။ ၀က်ခြံပျောက်ဖို့ ဒီလောက်ပြင်းတဲ့ဆေးကို မှီခိုနေရတာလည်း မဟုတ်သေးဘူးလေ။ 

ဖြစ်ချင်တော့ ဆေးရပ်လိုက်ပြီး (၃)လလောက်အကြာမှာ ကန်ဒီအသားစ,မစားတော့ဘူး။ (၅)လလောက်အကြာ မနှစ်က ဒီအချိန်မှာ နို့ထွက်ပစ္စည်းတွေပါ ရှောင်လိုက်တော့ ဆေးရပ်လိုက်လို့ ၀က်ခြံက ပြန်တော့ထွက်တယ်.. ဒါပေမယ့် ဟိုးးအရင်ကလောက် မဆိုးတော့ဘူး။ အရင်ကဆို နာလို့မခံစားနိုင်တဲ့အထိပဲ။ အခုဆို ၀က်ခြံထွက်လည်း ဘာဆေးမှမလိမ်းတော့ဘူး။ မျက်နှာသစ်ဆေးဆိုလည်း ၀က်ခြံပျောက်ဆေးပါတာ မ၀ယ်ဘူး။ ၀က်ခြံနဲ့ပက်သက်တာတွေကို အကုန်စိတ်နာနေတာ ဟဟ။ အဲ့လိုဖြစ်သလိုထားမှပဲ မျက်နှာက နည်းနည်းသက်သာလာတယ်။ အလုပ်က လူတွေကလည်း ပြောတယ်။ ကန်ဒီက အသားထဲမှာပါတဲ့ ဟော်မုန်းတမျိုးမျိုးနဲ့ မတည့်တာ ထင်တယ်တဲ့။ သက်သတ်လွတ်စားပြီး ကန်ဒီ့မျက်နှာတော်တော် သက်သာလာတယ်တဲ့။ နောက် ဒီတစ်နှစ်ပြည့်ခါနီးမှာ ကန်ဒီသတိထားမိတာတစ်ခုက မျက်နှာအဆီပြန်တာ တော်တော်နည်းသွားတယ်။ အရင်ကဆို အလုပ်ရောက်တာနဲ့ ဆီစုပ်စက္ကူနဲ့ မျက်နှာသုတ်ရတာလည်း တစ်လုပ်... အခုဆို တနေ့လုံး ဆီစုပ်စက္ကူမသုံးရတော့ဘူး။ အသားအရည်နဲ့ ပက်သက်လို့ ပြောင်းလဲတာတွေကတော့ တစ်နှစ်လောက်နေမှ သတိထားမိတယ်။ စစ,စားချင်းမှာ ဘာမှ သတိမထားမိဘူး။

အရေးအကြီးဆုံးအချက်ကတော့ စိတ်ကြည်လင်နေတာပါပဲ။ ထမင်းတစ်နပ်စားတိုင်း ကိုယ့်ကြောင့် မဆုံးရှုံးရတဲ့အသက်တွေအတွက် ပျော်ရွှင်ရတယ်။ အရင်ကဆို အစာစားတယ်ဆိုတာ အသက်ဆက်ဖို့ပဲ... တစ်ခါမှ အခုလိုမျိုး မတွေးဖူး၊ မခံစားဖူးဘူး။ အခုဆို စားဖို့ပြင်ဆင်နေရတာ၊ ဘာစားမလဲ စဉ်းစားနေရတာလေးကိုတင် တက်ကြွနေတာမျိုး။

ဒါတွေကတော့ ကန်ဒီ့တစ်နှစ်တာအတွေ့အကြုံလေးတွေပါ။ ကိုယ်အလေးချိန်ပြောင်းလဲမှုရှိလားမေးရင် (၂)ကီလိုလောက်တော့ ကျသွားပါတယ်။ အဲ့ထက်ပိုပြီး မကျတော့ပါဘူး။ ဘာလို့ကန်ဒီ သက်သတ်လွတ်စားလဲဆိုတာတော့ အားလုံးသိပြီးသားဖြစ်မှာပါ။ "Vegan Story" ပိုစ့်လေးသီးသန့်တော့ ရေးချင်ပါသေးတယ်။

Vegan for the Voiceless^
Vegan for Life ^^

Tuesday, October 11, 2016

Bali: Anahata Resort (Ubud)

ဘာလီက ပြန်ရောက်ပြီဆိုတော့ ခရီးသွားပိုစ့်လေး ရေးလို့ရပြီ။ ကန်ဒီသွားတာ စနေနေ့ညနေ (၃)နာရီခွဲ လေယာဉ်နဲ့... Tiger Airline.. ဖြစ်ချင်တော့ ကီလိုတွေဘာတွေ ၀ယ်မသွားမိဘူး။ အဲ့ဒီ Budget Airline တွေက ကီလိုသီးသန့်ဝယ်ရတာ လုံးဝမေ့သွားတယ်။ ကံကောင်းချင်တော့ ကန်ဒီကလည်း Hand carry အိတ်လေးနဲ့ပဲ ပစ္စည်းနည်းနည်းပဲယူသွားတာဆိုတော့ ကီလိုထပ်ဝယ်စရာမလိုဘူး။ စင်္ကာပူကနေ ဘာလီကို (၂)နာရီခွဲကျော်ကျော်လောက် စီးရတယ်။ ညနေ (၆)နာရီကျော်ကျော်လောက် ဟိုကိုရောက်တယ်။ Immigration မှာ တန်းစီရတာ အကြာကြီးပဲ။ (၇)နာရီလောက်မှ အပြင်ရောက်တယ်။

ကန်ဒီတို့က Tour Package ၀ယ်သွားတာဆိုတော့ လေဆိပ်မှာ Tour Guide က အဆင်သင့်လာကြိုပေးတယ်။ အဲ့ဒီ Guide အန်ကယ်ကြီးပဲ ကန်ဒီတို့ပထမဆုံးတည်းမယ့် Ubud က ဟိုတယ်ကို လိုက်ပို့ပေးတယ်။ လေဆိပ်ကနေ Ubud ကို ကား(၁)နာရီကျော်လောက် စီးရတယ်။ ဟိုတယ်ရောက်တော့ ည(၉)နာရီလောက် ဖြစ်နေပြီ။ ညစာဟိုတယ်မှာပဲ စားလိုက်တယ်။ အဲ့ဒီနေ့ညအတွက် Dinner က ကန်ဒီတို့ဝယ်ထားတဲ့ Package ထဲမှာမပါတော့ ကိုယ့်ဟာကိုယ်ရှင်းရတယ်။ ကန်ဒီတို့တည်းတာ Anahata Spa and Resort... အရမ်းလှတယ်။ အရမ်းလှလို့ ဓာတ်ပုံတွေများနေလို့ ပိုစ့်သီးသန့်တင်ရတဲ့အဖြစ် ဟဟ...






တောင်ပေါ်မှာဆောက်ထားတဲ့ Resort လေး... Private Swimming Pool လည်းပါတယ်။ အခန်းကလည်း အကျယ်ကြီးပဲ။ မနက်စာအတွက် ဟိုတယ်က ဘူဖေးကျွေးတယ်။ Restaurant ကနေ လှမ်းကြည့်လိုက်ရင် မြင်ရတဲ့ရှုခင်းကလည်း အရမ်းလှတယ်။




Resort ထဲမှာ ဟိုဒီလျှောက်ကြည့်တယ်။ ရေကူးကန်နားသွားတယ်။ ရေပူစမ်းလည်း ရှိတယ်။ တချို့နေရာလေးတွေဆို ဓာတ်ပုံရိုက်လို့ကောင်းအောင် တမင်လုပ်ပေးထားသလိုပဲ... တောင်အောက်ကို ဆက်ဆင်းသွားရင် မြစ်ရှိတယ်။ ရေသံတွေ ကြားနေရတယ်။ အချိန်မရတာနဲ့ အဲ့ကိုမဆင်းလိုက်ရဘူး။








အဲ့မှာ ကန်ဒီတို့ (၂)ရက် တည်းတယ်။ ပထမဆုံးရက်အတွက် မနက်စာစားပြီးတော့ Guide အန်ကယ်က (၈)နာရီလောက်မှာ လျှောက်လည်ဖို့ ဟိုတယ်ကို လာခေါ်တယ်။

ဆက်မယ်နော်...