Monday, December 26, 2016

ဆုပေးပွဲ

Merry Christmas!!
Christmas ပိတ်ရက်လေးမှာ တော်တော်များများ လုပ်ဖြစ်တယ်။ အိပ်ယာပေါ်ပဲလှဲပြီး အီလေးဆွဲမနေဘဲ အိမ်အလုပ်တွေလုပ်တယ်၊ ကြမ်းတိုက်တယ်၊ အိပ်ယာခင်းတွေလျှော်တယ်၊ ဟင်းချက်တယ် Productive ဖြစ်တယ်ပြောရမှာပေါ့။ ခုတော့ ညစာစားပြီးလို့ ကော်ဖီတစ်ခွက်ဖျော်ပြီး စာရေးမလို့...


ကန်ဒီကော်ဖီဖြတ်ထားတာ (၁)လကျော်ပြီ.. အရင်ကဆို မနက်ကော်ဖီမသောက်ရရင် ဘာလိုနေမှန်းမသိဘူး။ ကော်ဖီ စွဲနေတာလေ။ ကော်ဖီသောက်ပြီး ဗိုက်ထဲနေလို့ကောင်းလားဆိုတော့လည်း မကောင်းဘူး။ အဲ့ဒါလည်း သောက်တာပဲ။ အဲ့ဒါနဲ့ ငါဘာလို့မဖြတ်နိုင်ရမှာလဲဆိုပြီး ကောက်ခါငင်ခါဖြတ်ထားတာ တစ်လကျော်ပြီ။ ဒါ တစ်လကျော်ကျော်အတွင်းမှာ ဒုတိယမြောက်သောက်တဲ့ကော်ဖီ... ဟဟဟ ကော်ဖီတစ်ခွက်ကတောင် သူ့ရာဇ၀င်နဲ့သူ xD ခုဆို ကော်ဖီမသောက်ရလည်း နေနိုင်သွားပြီ။ တခါတလေပဲ သောက်တော့တယ်။

ပုံမှန်စနေနေ့ဆို နေ့ဝက်အလုပ်ဆင်းရပေမယ့် ကံကောင်းချင်တော့ ကန်ဒီ့ Off day နဲ့ သွားတိုက်တယ်။ အဲ့ဒါနဲ့ စနေ၊ တနင်္ဂနွေ၊ တနင်္လာ (၃)ရက်ဆက်တိုက် ပိတ်သွားတယ်။ အစကတော့ စနေနေ့ညနေဘက်ကို Orchard ဘက်သွားပြီး Christmas Lighting တွေ သွားကြည့်မလို့... ဒါပေမယ့် အဲ့အကြံအစည်မအောင်မြင်လိုက်ပါဘူး။ စင်္ကာပူမှာ Christmas Eve ဆို အမြဲတမ်း မိုးတွေသည်းကြီးမည်းကြီး ရွာတယ်။ အဲ့ဒါနဲ့ အိမ်မှာပဲ အောင်းနေလိုက်တယ်။ တနင်္ဂနွေနေ့ကတော့ ကန်ဒီအပတ်တိုင်းသွားသွားကူနေတဲ့ ယဉ်ကျေးလိမ္မာသင်တန်း သင်တန်းဆင်းဆုပေးပွဲအခမ်းအနား... အဲ့ဒါ သွားကူတယ်။






ကြုံရင်ကြုံသလို ပါလေရာ ငါးပိချက်ဖြစ်နေတယ်။ ဆရာမလည်း လုပ်တယ်၊ MC က အကူအညီလိုတော့လည်း မိုက်ကြီးကိုင်ပြီး နာမည်တွေခေါ်တယ်၊ ဆုပေးတော့လည်း ဆုလင်ဗန်းကိုင်တယ် ဟဟဟ xD ကလေးတွေက အကုန်တော်ကြတယ်။ အတန်းကြီးကလေးတွေဆို မင်္ဂလသုတ်၊ မေတ္တသုတ်တွေအပြင် တခြားသုတ်တွေပါ ရွတ်နိုင်တယ်။ အမှန်အတိုင်းပြောရရင် ကိုယ့်ကိုကိုယ်တောင် ရှက်မိတယ်။





ကန်ဒီ့အတန်းထဲက ကလေးတွေ... လိမ္မာယဉ်ကျေးကြတယ်။ ချစ်စရာကောင်းလိုက်တာ။ သူတို့မိဘတွေကို ချီးကျူးတယ်။ ကလေးကို ဒီလိုသွန်သင်နိုင်လို့လေ။ တချို့ကလေးတွေဆို ဒီမှာနေပြီး ဒီက ကလေးတွေလို ဖြစ်နေပြီ။ ဒီနေရာမှာ မိဘသွန်သင်ဆုံးမမှုက အရမ်းအရေးပါတယ်။ ကန်ဒီ့ဆီလာပြီး "မင်္ဂလာပါ ဆရာမ"ဆိုပြီး လာနှုတ်ဆက်တဲ့အချိန် သူတို့သူငယ်ချင်းတစ်စုကို ရိုက်ပေးထားတာ။


နောက်ဆုံးအနေနဲ့ သူတို့သင်ရတဲ့ ယဉ်ကျေးလိမ္မာစာအုပ်ထဲက ကန်ဒီနှစ်သက်တဲ့ ဘုရားဂုဏ်တော်ကိုးပါး ကဗျာလေး အားလုံးကို မျှဝေပေးချင်ပါတယ်။ ကန်ဒီတို့နေ့တိုင်း ဘုရားရှိခိုး ဂုဏ်တော်တွေ ရွတ်နေပေမယ့် အဓိပ္ပာယ်ကိုတော့ တွဲတွဲပြီး မဆိုဖြစ်ကြဘူးလေ... ကဗျာလေးဆိုတော့ အိမ်အလုပ်လုပ်နေရင်းတောင် ညည်းပြီး ဂုဏ်တော်ပွားနေလို့ ရတယ်။

ဘုရားဂုဏ်တော် ကိုးပါး ကဗျာ
၁။ ကိလေသာတွေ ကင်းစင်ပြတ်လို့၊ လူနတ်ဗြဟ္မာ ပူဇော်တယ်။
၂။ တရားအလုံးစုံ ကိုယ်တိုင်သိလို့၊ ဆရာမရှိသူ ဖြစ်ပါတယ်။
၃။ ထူးတဲ့အသိဥာဏ် အကျင့်မှန်များလည်း၊ ကောင်းစွာ ထင်ရှားပြည့်စုံတယ်။
၎။ ကောင်းတဲ့စကားကို မိန့်ဆိုတတ်လို့၊ နိဗ္ဗာန်မြတ်သို့ ကြွသွားတယ်။
၅။ သတ္တ၊ သခါင်္၊ သြကာသတဲ့၊ လောကသုံးပါး သိမြင်တယ်။
၆။ မယဉ်ကျေးသူကို ယဉ်ကျေးအောင်ပြုတဲ့ ဆုံးမမှုမှာ သာလွန်တယ်။
၇။ လူ၊ နတ်၊ ဗြဟ္မာ သတ္တ၀ါများရဲ့၊ ဆရာထင်ရှား ဖြစ်ပါတယ်။
၈။ လေးပါသစ္စာ စိပ်ဖြာသိတဲ့၊ ဥာဏ်မြင်ရှိသူ ဖြစ်ပါတယ်။
၉။ ဘုန်းတော်ခြောက်စုံ ဂုဏ်တော်မြတ်နဲ့ မစမလပ် ပြည့်စုံတယ်။
ဘုရားဂုဏ်တော် ကိုးဖြာပဲကွဲ့၊ အသဲစွဲအောင် မှတ်ကြကွယ် (မှတ်ကွယ်)၂။

ဒီနေ့တော့ ဒီလောက်နဲ့ပဲ ရပ်လိုက်မယ်နော်...

1 comment:

coral nyo said...

ပိတ်ရက်သုံးရက်ကို အကျိုးရှိစွာအသုံးပြုတတ်လိုက်တာ...။ အောက်ဆုံးတစ်ပုံက ကလေးတွေရော ဆရာမရော အပြုံးလေးတွေလှလိုက်တာကွယ်...။ ကလေးတွေနဲ့အတူ ဂုဏ်တော်ကိုးပါးအဓိပ္ပါယ်ဖွင့်ကဗျာကလေးကိုမှတ်သွားပါတယ်..း)