Monday, December 25, 2017

Christmas Party @ Work

အားလုံး မင်္ဂလာပါနော်..
ဒီဇင်ဘာဆိုတာ ကန်ဒီတစ်ယောက် အလုပ်ရှုပ်တဲ့လဆိုလည်း မမှားပါဘူး။ Christmas ဆို အလုပ်က လူတိုင်းကို ကန်ဒီက လက်ဆောင်လေးတွေ ပေးတတ်တော့ အဲ့ဒါအတွက် Shopping ထွက်ရတယ်။ Goodies Bag လေးတွေအတွက် Snacks လေးတွေ ၀ယ်ရတယ်။ လက်ဆောင်လှလှလေးဖြစ်အောင် ထုတ်ရတယ်။ Note လေးတွေ ရေးရတယ်။ အဲ့ဒါတွေနဲ့ အလုပ်ရှုပ်နေတာ နောက်လကုန်မှာလာမယ့် စာမေးပွဲအတွက် စာတောင် မကြည့်ရသေးဘူး ဟဟ



ဒါတွေအားလုံးက Vegan Snacks တွေဆို ယုံမလား?! Cookies တွေမှာတောင် နို့နဲ့ကြက်ဥ မပါဘူး။ Fair Price မှာတင် ၀ယ်လို့ရတယ်။ အဲ့လောက် ခက်ခက်ခဲခဲကြီး ရှာစရာမလိုဘူး။ လက်ဆောင်ထုပ်လေးတွေထဲ ထည့်ဖို့လေ။ တခြားလက်ဆောင်အနေနဲ့ဆို Body Shop က Hand cream လေးတွေ၊ Shower Gel လေးတွေ၊ Body Lotion လေးတွေ ၀ယ်တယ်။ ဆံပင်ရှည်တဲ့သူအတွက်ဆို ခေါင်းစည်းကြိုးလေးတွေ၊ ယောက်ျားလေးတွေအတွက်ဆို Key cover လေးတွေလည်း Online က ၀ယ်ဖြစ်တယ်။ 


အားလုံး Pack ပြီးတော့ ဒီလိုလေးတွေပေါ့။ လှမှလှနော်။ အလုပ်မှာ Christmas Party လုပ်တဲ့ ပြီးခဲ့တဲ့သောကြာနေ့က အဲ့ဒါတွေအကုန်ယူသွား၊ သူတို့မလာခင် သူတို့ Locker တွေထဲထည့်၊ ဒီလိုအချိန်မျိုးဆို အဲ့လိုလုပ်ရတာကို ပျော်တာလေ။ Christmas Party က ပုံလေးတွေလည်း တင်ဦးမယ်။


Organizer က အားလုံးအတွက် Pizza မှာပေးတယ်။ ကန်ဒီက ကန်ဒီ့အတွက် သက်သတ်လွတ်သီးသန့်လုပ်ပေးစရာမလိုဘူး ပြောထားတာတောင် တစ်ယောက်က Indian spices တွေနဲ့ Quinoa ချက်လာပေးတယ်။ နောက်တစ်ယောက်က Pumpkin Salad လုပ်လာပေးတယ်။ Salad ထဲမှာ ကန်စွန်းဥ၊ ရွှေဖရုံသီး၊ သခွားသီး၊ ဆလတ်ရွက်၊ အသားတု.. စုံနေတာပဲ၊ Salad Dressing မပါဘဲကို ချိုပြီး စားကောင်းနေတာ။ ကန်ဒီကတော့ Vegan Pizza အကြီးတစ်ချပ် ၀ယ်သွားတယ်။ ကိုယ့်အတွက်ရော.. သူများတွေကိုပါ Try စေချင်လို့လေ။ 

သက်သတ်လွတ်ပီဇာ (Vegan Pizza)

Pumpkin Salad

Quinoa

Fruits


အလုပ်ပြီးတဲ့အချိန်လုပ်တာဆိုတော့ ဗိုက်ဆာဆာနဲ့စားတာ အလုပ်ကလူတွေနဲ့ ဓာတ်ပုံတောင် သေချာမရိုက်လိုက်ရဘူး။ အစားအသောက်ပုံတွေပဲ ပါလာတယ် ဟဟဟ။ အဲ့နေ့က အပျော်ဆုံးကတော့ ကန်ဒီတို့ Clinic Pharmacy Manager ဆီက လက်ဆောင်ရတာကိုပဲ။ ကိုယ့်ကို လက်ဆောင်ပေးဖို့ သတိရတယ်ဆိုကတည်းက သူ့စိတ်ထဲ ကိုယ်ရှိတယ်လို့ ယူဆရတယ်လေ။ ကိုယ့်ကြိုးစားမှုတွေကို အသိအမှတ်ပြုတယ်ဆိုတဲ့သဘောလည်း သက်ရောက်တယ်။ 

အဲ့နေ့ကရတဲ့ လက်ဆောင်လေးတွေ..

Present from Boss



စာရေးတဲ့အချိန်တွေမှာရော၊ မရေးတဲ့အချိန်တွေမှာပါ လာလည်ကြတဲ့ စာဖတ်သူများအားလုံးကို ကျေးဇူးတင်ပါတယ်နော်..
Merry Christmas To You All :D

Thursday, December 7, 2017

Mask Review + Tips for Acne Prone Skin

ပြန်ရောက်ပါပြီဗျို့...
အင်္ဂါနေ့ ညနေ(၃)နာရီလောက် စင်္ကာပူကို ပြန်ရောက်တယ်။ ဗုဒ္ဓဟူးနေ့ တစ်ရက်နားတယ်။ ဒီနေ့တော့ အလုပ်သွားတယ်။ အလုပ်ကပြန်လာ ရေမိုးချိုးပြီးတော့ Mask လေး ဘာလေး လုပ်လိုက်ပါဦးမယ်လေဆိုပြီး စိတ်ကူးပေါက်တာနဲ့ ပိုစ့်လေးတင်ဖို့ပါ ဓာတ်ပုံရိုက်ဖြစ်တယ်။ ဒီလို Review တွေ မရေးဖြစ်တာ တော်တော်ကြီး ကြာပြီနော်။

ရန်ကုန်ပြန်တော့ ခရီးတွေထွက်တယ်လေ။ ဖုန်တွေ လေတွေ နေတွေနဲ့ ကိုယ့်မျက်နှာလေး ကိုယ်ပြန်သနားလို့ လန်းလန်းဆန်းဆန်းပြန်ဖြစ်သွားအောင် ဆိုပါတော့။ ဒီ Mask လေးက ကန်ဒီခုမှ စသုံးဖူးတာ မဟုတ်ပါဘူး။ ၀ယ်ထားတာကြာပြီ စိတ်ကူးပေါက်ရင် ပေါက်သလို သုံးဖြစ်တယ်။ ကန်ဒီနဲ့လည်း မတည့်တာတွေ ဘာတွေမဖြစ်လို့ သဘောကျတယ်။ Body Shop က Himalayan Charcoal Purifying Glow Mask ဆိုတာလေးပါ။ သူက အဆီပြန်တဲ့အသားအရည် ပိုင်ရှင်တွေအတွက် ရည်ရွယ်ပြီး ထုတ်ထားတာပါ။ ဒါပေမယ့် ကန်ဒီ ဒီ Mask လေး ၀ယ်ဖြစ်တာ မျက်နှာအဆီပြန်တာကို Treatment ယူဖို့ ၀ယ်ဖြစ်တာ မဟုတ်ပါဘူး။ အဓိက,က Charcoal ကြောင့်ပေါ့.. Charcoal ရဲ့သဘောက အဆိပ်အတောက်တွေ စုပ်နိုင်တဲ့ ဆွဲအားရှိတယ်။ မျက်နှာပေါ်က ချေးတွေ အဆိပ်အတောက်တွေ စုပ်ယူနိုင်တယ်ဆိုပြီး ၀ယ်ဖြစ်တာ။ Body Shop မှာ တခြား Brightening Mask တွေ၊ Moisturizing Mask တွေလည်း ရှိပါတယ်။ အဲ့ဒါတွေတော့ ကန်ဒီ မသုံးဖူးသေးပါဘူး။


မိန်းကလေးတော်တော်များများက Sheet Mask တွေ ကြိုက်ကြတယ်။ မျက်နှာပေါ် တင်ထားရတာလေးလေ။ ကန်ဒီက အဲ့ဒါမျိုးကို လုံးဝမကြိုက်ဘူး။ စိုစိစိုစိနဲ့ နေရတာ မလွတ်မလပ်မို့လေ။ ကန်ဒီက မျက်နှာပေါ် အဲ့လိုလိမ်းထားပြီး သူ့ဟာသူခြောက်သွားတာမျိုးကို ပိုသဘောကျတယ်။ အဲ့ဒါလေး ခြောက်သွားတာနဲ့ ကန်ဒီပြထားတဲ့ အစိမ်းရောင် Konjac Sponge ဆိုတဲ့ဟာလေးနဲ့ မျက်နှာကိုပွတ်ပြီး သစ်တယ်။ Konjac Sponge ဆိုတာ သဘာဝ Fiber တစ်မျိုးပါ... သူက ရေစုပ်နိုင်တဲ့ စွမ်းအားရှိတယ်။ ရေခြောက်သွားရင် သေးသေးလေးနဲ့ မာမာလေးရယ်.. မသုံးခင် ရေအရင်စွတ်ပြီး အဲ့လိုကြီးပြီးပျော့လာအောင် လုပ်ပေးရတယ်။ သူက မျက်နှာကို Exfoliate လုပ်ပေးတယ်.. ဆဲလ်အသေတွေ ဖယ်ရှားပေးတယ်ပေါ့။ Charcoal က အညစ်အကြေးတွေ စုပ်ပေးပြီး Konjac Sponge က Exfoliate လုပ်ပေးတော့ အားလုံးပြီးသွားရင် မျက်နှာလေးက ချောပြီးကျန်ခဲ့တယ်။

Mask သုံးပြီး မျက်နှာသစ်ပြီး Rosehip Oil လိမ်းပြီး မျက်နှာ...

သူ့ကို ခဏခဏတော့ မသုံးသင့်ဘူး။ Sheet Mask တွေနဲ့ ယှဉ်ရင် နည်းနည်း Strong ဖြစ်လို့လေ။ တစ်ပတ်တစ်ခါလောက် သုံးပေးရင်ရပြီ။ ကန်ဒီကတော့ စိတ်ကူးပေါက်မှ ထ,ထလုပ်တာ။ ကြုံတုန်းလေး လွန်ခဲ့တဲ့ (၄)နှစ်တုန်းက ကန်ဒီရေးဖူးတဲ့ "My Skin Story" ဆိုတဲ့ ပိုစ့်ထဲက ပုံလေးတချို့ကို ပြရင်း Skin Update လေး လုပ်ချင်တယ်။ 

လွန်ခဲ့တဲ့(၄)နှစ်က ပုံလေးတွေ...

"Before" ဆိုတာက ကန်ဒီ အဲ့အချိန်တုန်းက ဆေးခန်းမပြခင် ဖြစ်နေတဲ့မျက်နှာပေါ့။ "After 6 months" ဆိုတာက ဆရာဝန်ပေးတဲ့ ဆေးအပြင်းစားကြီးတွေကို နှုတ်ခမ်းကွဲခံ၊ အသားခြောက်ခံ (၆)လသောက်ပြီး တိုးတက်လာတဲ့ မျက်နှာ။ အဲ့တုန်းကတော့ အရမ်းပျော်ခဲ့တာပေါ့။ ဖြစ်ချင်တော့ အဲ့ဒီဆေးကို (၉)လ (၁၀)လလောက် သောက်ပြီး ရပ်လိုက်တာနဲ့ "Before" ပုံအတိုင်းကို ပြန်ဖြစ်သွားတော့တာပဲ။

လွန်ခဲ့တဲ့(၄)နှစ်က ပုံများ...

အဲ့ဒါနဲ့ နောက်တစ်ခေါက်ဆေးခန်းထပ်သွား ထပ်ပြ.. ဆရာဝန်က ဒီဆေးပဲ ပြန်ပေးတယ်။ အဲ့ဆေးအပြင်းစားကြီးကိုပဲ ဒုတိယအကြိမ်ထပ်သောက်တယ်။ ပျောက်တယ်။ ရပ်လိုက်တာနဲ့ ပြန်ဖြစ်တာပဲ။ နောက်ဆုံး မသောက်တော့ဘူး ဆေးခန်းလည်း မပြတော့ဘူး ၀က်ခြံနဲ့ပက်သက်ရင် ဘာမှကိုမလုပ်တော့ဘူးဆိုပြီး ပစ်ထားလိုက်မှပဲ သူ့ဟာနဲ့သူ ကောင်းသွားတော့တာပဲ။ တစ်ခုရှိတာက ဆေးရပ်လိုက်တဲ့အချိန်မှာ ကန်ဒီ Vegetarian စ ဖြစ်နေပြီ... သုံးလလောက်နေတော့ နို့ထွက်ပစ္စည်းတွေပါ ဖြတ်ပြီး Vegan ဖြစ်သွားတယ်။ ဒါက ၀က်ခြံကြောင့် တမင်ရှောင်တာ မဟုတ်ဘူးနော်။ အကြောင်းဖန်လာတာကို ပြောပြတာ။ စ,စခြင်းမှာ သိပ်မသိသာဘူး.. ခုလို နှစ်နှစ်လောက်ကြာတော့ အသားအရည်အပြောင်းအလဲက အရမ်းသိသာလာတယ်။ ဒီလိုပြောလို့ ၀က်ခြံလုံးဝမထွက်တော့တာလားလို့ မေးရင် မဟုတ်ဘူး.. ထွက်တယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ (၄)နှစ်က "Before" ပုံစံ အခြေအနေအထိ မရောက်သွားတော့ဘူး။ အဲ့ဒါကိုပဲ ကျေနပ်နေတယ်ဆိုပါတော့။ 

ကန်ဒီအဓိကပြောပြချင်တာက အသားအရည် ၀က်ခြံဆိုတာ ကိုယ်စားတဲ့အစားအစာပေါ်မှာလည်း အများကြီးမူတည်တယ် ဆိုတာကိုပါ။ ကိုယ်တွေ့မို့ အံလည်း အံသြရတယ်။  နောက်ပြီး ၀က်ခြံပေါက်တယ်ဆိုပြီး အဲ့ဒီအပေါ် အရမ်း Stress မထားပါနဲ့.. မေ့မေ့ပျောက်ပျောက်ထားလိုက် သူ့ဟာသူပျောက်သွားလိမ့်မယ်။ သွားပြီး အဲ့ဒီအပေါ် Stress များနေမှ Stress ကြောင့် ၀က်ခြံပိုပေါက်မယ်။ နောက်တစ်ချက်က မျက်နှာသစ်ဆေး... အရမ်းအရေးကြီးတယ်။ ၀က်ခြံထွက်တဲ့အသားအရည်အတွက် ထုတ်ထားတဲ့ မျက်နှာသစ်ဆေးတွေ လုံးဝမသုံးပါနဲ့.. အဲ့ဒါတွေက အသားအရည်ကို ခြောက်သွေ့စေပြီး အဆီပိုပြန်၊ ၀က်ခြံပိုထွက်တတ်ပါတယ်။ ကိုယ့်အသားအရည်ကို ပုံမှန်လို့ပဲ သဘောထား.. Mild ဖြစ်တဲ့ မျက်နှာသစ်ဆေးလေးတွေ ရွေးသုံး.. အသားအရည်က သူ့ဟာသူ တိုးတက်လာပါလိမ့်မယ်။

ဒါကတော့ ၀က်ခြံနဲ့ ပက်သက်ပြီး Skin update နဲ့ ကန်ဒီ့အတွေ့အကြုံအရ Tips လေးတွေပါ။

အားလုံးပဲ Good Night ပါနော်^

Monday, November 20, 2017

Holiday Mood is ON!!

မင်္ဂလာပါဗျို့..
နှုတ်ဆက်တာကိုက တက်ကြွနေတာ ဟဟ။ အဂါင်္နေ့ဆို ရန်ကုန်ကို အလည်နှစ်ပတ်ပြန်မယ်။ ကန်ဒီပျောက်နေရင် အဲ့ဒါကြောင့်နော်။ ပြန်လာမှ စာရေးမယ်။ Laptop မယူသွားတော့ဘူး။ မနက်ဖြန်တော့ အလုပ်တစ်ရက်ဆင်းရဦးမယ်။ ဒီနေ့က ပိတ်ရက်ဆိုတော့ အထုပ်တွေပြင်ပေါ့။ အဖေမှာတာတွေဝယ်၊ ဦးလေးမှာတာတွေဝယ်နဲ့  ပြီးခဲ့တဲ့ရက်တွေက အလုပ်ရှုပ်နေတာ.. သားသားတို့အတွက်လည်း လက်ဆောင်လေးတွေ ၀ယ်တယ်။


ဗုဒ္ဓဘာသာသင်တန်းမှာလည်း ဘုန်းဘုန်းကို သွားကူဖြစ်တယ်။ ဗုဒ္ဓဟူးတစ်ရက်ပေါ့။ အလုပ်ကနေ ဘုန်းကြီးကျောင်းကို (၁)နာရီခွဲလောက် သွားရတော့ တစ်ရက်ပဲ ကူဖြစ်တယ်။ ဘုန်းဘုန်းရိုက်ထားတဲ့ ဓာတ်ပုံလေးတွေ Facebook က သယ်လာတာ xD




ဘုန်းဘုန်းတွေ သင်တာကို ကိုယ်ကကူပေးရုံပါပဲ။ စာတိုင်ပေးတာတို့ ဘာတို့ပေါ့။ ဗူးသီးချဉ်ဟင်း ရှယ်ချက်တဲ့နေ့မှာ ဧည့်သည်ကလာတယ်။ တော်တော်ကံကောင်းတဲ့ဧည့်သည်.. ကိုယ်ဟင်းချက်တာများ ကြိုသိနေသလား မှတ်ရ ဟဟ။ ပဲကတ္တီပါကြော်၊ ပန်းပွင့်စိမ်းကြော်၊ ဗူးသီးချဉ်ဟင်း.. ဟင်းတွေက အရမ်ကောင်း။ အချိုတည်းဖို့ သရက်သီးလည်း ပါတယ်။


မြို့ထဲရောက်တဲ့တစ်ရက်.. တနေ့တနေ့ အိမ်၊ အလုပ်၊ ဘုန်းကြီးကျောင်းပဲ လည်နေတော့ အဲ့လိုအပြင်သွားတဲ့ရက်လေးလည်း မှတ်တမ်းတင်ရတယ်။ မှတ်မှတ်ရရပဲ City Hall မြန်မာဆိုင်မှာ အသုပ်စားပြီး အိမ်ပြန်လမ်းမှာ အန်တယ်လေ။




အစာမကြေတာလဲ ဖြစ်နိုင်တယ်။ အသုပ်က မသန့်တာလဲ ဖြစ်နိုင်တယ်။ အန်ပြီးမှပဲ တော်တော်သက်သာသွားတယ်။ စနေနေ့ အိမ်မှာ Aircon Cleaning လုပ်တယ်။ SGD 80 ကျတယ်။ အိမ်သာက ရေဆွဲချတဲ့ Button က နှိပ်ပြီးရင် ပြန်တက်မလာဘဲ ညှပ်ညှပ်နေလို့ Plumber ခေါ်ရတယ်။ အဲ့ဒါလဲတာ SGD 180 ကျတယ်။ အိမ်ကအစ်မတွေတော့ အကုန်အကျများလို့ဆိုပြီး ကိုယ့်ကိုမေတ္တာပို့နေလောက်ပြီ။

အဲ့ကိစ္စတွေပြီးတော့ ညနေဘက် Mustafa သွားတယ်။ ဦးလေးမှာတဲ့ Portable DVD Player က ဆိုင်ကြီးတွေမှာ မတင်တော့ဘူး။ ခေတ်မရှိတော့ဘူးလေ။ Mustafa မှာတော့ ရှိတယ်။ SGD 126 ပေးရတယ်။ သူတို့ကောင်းတယ်လို့ ညွှန်းတဲ့ဟာ ၀ယ်လိုက်တာပဲ။ ကိုယ်ကလည်း သိပ်နားမလည်ဘူးဆိုတော့။ သူကတရားခွေဖွင့်ချင်တာ... တရားနာဖို့ဆိုတော့ ကိုယ်လည်း ကုသိုလ်ရတယ်လေ။


Mustafa မသွားခင် ညစာကို Clarke Quay မှာ သက်သတ်လွတ်ဟမ်ဘာဂါစားတယ်။ မှိုကိုလုပ်ထားတာ တကယ့်ကြက်သားတုံးကို ၀ါးနေရသလိုပဲ လှန့်တောင်လှန့်သွားတယ်။ ဒီရက်ပိုင်း လုပ်ဖြစ်တာလေးတွေကတော့ ဒီလောက်ပါပဲ။ ရန်ကုန်က ပြန်လာမှ တွေ့မယ်နော်...

တာ့တာ^^

Wednesday, November 8, 2017

ရွှေဖရုံသီး ကုလားပဲဟင်း

ဒီနေ့တော့ ဟင်းချက်နည်းလေး တင်မယ်နော်။ အရင်ကဆို ရွှေဖရုံသီးကို သူ့ချည်းပဲ ချက်နေကြ။ တစ်ရက် ကုလားပဲနဲ့ရောချက်လိုက်တာ အရမ်းစားလို့ကောင်းလို့ အားလုံးနဲ့ ပြန်မျှဝေတဲ့သဘောပါ။ ကုလားပဲကို (၈)နာရီကြာ ရေစိမ်ပြီး ဆား၊ နနွင်းနဲ့ ပြုတ်ထားပါတယ်။ ကြက်သွန်ဖြူ နီကို နနွင်း၊ ကြိုက်နှစ်သက်တဲ့ ဟင်းခတ်အမွှေးအကြိုင်၊ Curry Powder နဲ့ ဆီသတ်ပါတယ်။ ပြီးရင်တော့ ပြုတ်ထားတဲ့ ကုလားပဲ၊ ရွှေဖရုံသီးထည့်ပြီး ကိုယ်စိတ်ကြိုက်အရသာရအောင် ဆား၊ ဟင်းသီးဟင်းရွက်မှုန့်ထည့်ပြီး ပြင်ပါတယ်။ ပြီးခါနီးရင်တော့ ပျဉ်းတော်သိမ်ရွက်လေး မွှေးနေအောင် ထည့်လိုက်ရုံပါပဲ။ လွယ်တယ်နော်။ ဗွီဒီယိုလေးလည်း လုပ်ပေးထားတယ်။


အသံနည်းနည်းတိုးနေတာတော့ သည်းခံပေးပါနော်..
Good Night^^

Thursday, November 2, 2017

ဒုတိယမြောက် ဆည်းလည်းလေး

ဟတ် ဟတ် ဟတ်ချိုးးးး...
နှာတွေချေပြီး ကိုယ်လက်တွေ လေးလံနေလို့ ဒီရက်ပိုင်းတွေ ဘာမှမလုပ်နိုင်ဘူး။ ဖျားလားဆိုတော့လည်း မဖျားဘူး။ အသံကလည်း ၀င်ချင်သလိုလိုဖြစ်ပြီး ခုတော့ကောင်းသွားပြန်ပြီ။ နှာသံဖြစ်နေတာကလွဲလို့။ ရာသီဥတုအပြောင်းအလဲမို့ ထင်တာပဲ။ အလုပ်ကလူတိုင်း အဲ့လိုဖြစ်နေတယ်။ ဆေးခန်းမှာလုပ်လို့လည်း ပါမယ်။ မဖျားတာပဲ ကျေးဇူးတင်ရမယ်။ ဒါနဲ့ ကန်ဒီ့ စံပယ်ပန်းလေး နှစ်ပွင့်ထပ်ပွင့်တယ်။



♫♪ အသာအယာဆွတ်ယူ ရင်မှာထွေးထားမယ် အိုကွယ်.. ပန်းလေးတပွင့်ရယ်.. ♫♪ 
အဲ့သီချင်းထဲကလိုတော့ ပန်းပျိုးတဲ့သူက မခူးရက်ဘူးဗျ ဟဟ။ လက်လေးနဲ့ကိုင်ထားရင်တောင် လက်ငွေ့ကြောင့် နွမ်းသွားမှာစိုးတတ်တဲ့အမျိုး။ သူ့ဟာသူ အပင်ပေါ်မှာပဲ အစွမ်းကုန်လှခိုင်းထားတယ်။ မနက်အလုပ်သွားဖို့ တံခါးဖွင့်ရင်း သူတို့လေးတွေ ပွင့်နေတာတွေ့တော့ အမောကိုပြေလို့။ 

ရန်ကုန်ကနေ အမေက ချဉ်ပေါင်ကြော် ထည့်ပေးလိုက်တယ်။ သက်သတ်လွတ်ဆိုတော့ မကောင်းဘူး သမီးရယ်တဲ့။ အဲ့ဒါနဲ့ နည်းနည်းပဲ ကြော်ပေးလိုက်တယ်တဲ့။ သူ့အတွက်သာ မကောင်းတာ။ ကိုယ့်အတွက်ကတော့ ရှယ်ပဲ။ အရမ်းကြိုက်။ သက်သတ်လွတ်မစားခင်ကဆို အမေက ချဉ်ပေါင်ကြော်အမြဲ လူကြုံထည့်ပေးတယ်။ သူ့ချဉ်ပေါင်ကြော်က ကန်ဒီစားဖူးသမျှထဲမှာ အကောင်းဆုံး။ မျှစ်လေးနဲ့ ပုဇွန်လေးနဲ့ ကြက်သွန်ဖြူလေးနဲ့ ငရုတ်သီးအစိမ်းတောင့်လေးနဲ့ ကြော်တာ။ ကန်ဒီသက်သတ်လွတ်စားပြီးကတည်းက သူချဉ်ပေါင်ကြော် မထည့်ပေးတော့ဘူး။ သူ့ချဉ်ပေါင်ကြော်မှာ အဓိကအချဉ်ဓာတ်ကိုထိန်းတာ ပုဇွန်နဲ့မျှစ်လေ။ သူပုဇွန်ထည့်လို့မရတော့ သူ့သက်သတ်လွတ်ချဉ်ပေါင်ကြော်ကို သူကောင်းတယ်မထင်တော့ဘူး ဟဟ။ ချဉ်လို့တဲ့။ ကန်ဒီစားကြည့်တာတော့ အရမ်းကောင်းပဲ။ မစားရတာ ကြာလို့လည်းပါမယ်။ ဇီးဖြူသီးလည်း ထောင်းပေးလိုက်တယ်။ အချဉ်တွေကြီးပဲ ဟီးဟီး။ ငရုတ်သီးအကျက်မှုန့်သန့်သန့်လေး လုပ်ပေးပါမှာထားလို့ သူကိုယ်တိုင်လုပ်ထားတဲ့ ငရုတ်သီးအကျက်မှုန့်လေးလည်း ထည့်ပေးလိုက်တယ်။ မိဘမေတ္တာတွေ..



အစ်ကိုဝမ်းကွဲရဲ့သားလေး ဒီနေ့ပဲမွေးလို့ တမိသားစုလုံး ပျော်နေကြတယ်။ နောက်ထပ် ဆည်းလည်းလေးတစ်ခုပေါ့။ ကန်ဒီကတော့ တူလေးနှစ်ယောက်တောင်ရပြီမို့ ပျော်နေတယ်။ ပြောသာပြောရတာပါ.. ကြွားသာကြွားရတာ ကိုယ်က ဒီမှာ.. သူတို့လေးတွေက ဟိုမှာ.. တွေ့ချင်တာတောင် မတွေ့ရဘူး :(



ကန်ဒီ့ညီမသားလေး သားသားဥာဏကတော့ ခုဆို(၁)နှစ်ပြည့်ပြီးလို့ အရမ်းဆော့.. စကားတော့ မပြောသေးဘူး။ အမေနဲ့ညီမလေးမိသားစုပုံလေး ချစ်လို့ အမှတ်တရတင်လိုက်တယ်။ သူတို့လင်မယားနှစ်ယောက်လုံးက ဆရာဝန်တွေ။ ခုဖောင်ကြီးတက်နေရတော့ ကလေးကို အမေတို့ဆီ ပို့ထားတယ်။ အမေတို့ကတော့ မြေးတစ်ယောက်နဲ့ အလုပ်တွေကို ရှုပ်လို့..

(၁၁)နာရီလည်းခွဲတော့မယ်.. 
နှာချေတာအတွက် ဆေးတလုံးသောက်ပြီး အိပ်တော့မယ်နော်..

Monday, October 23, 2017

Big Thank You + 2 Years Veganniversary

မင်္ဂလာညချမ်းပါရှင်..
ဒီမှာည(၁၀)နာရီတောင်ထိုးတော့မှာကို မျက်လုံးကခုထိ ပြူးကြောင်နေတုန်း.. မနက်က အိမ်သန့်ရှင်းရေးတွေလုပ်၊ ကြမ်းတိုက်၊ ထမင်းဟင်းချက်ပြီး နေ့လည်နှစ်နာရီခွဲ သုံးနာရီလောက်က စ,အိပ်လိုက်တာ ညနေ(၅)နာရီမှ နိုးတယ်လေ။ နိုးတာနဲ့ မနက်ကရေစိမ်ထားတဲ့ ခြေသုတ်အ၀တ်တွေလျှော်၊ ရေချိုး၊ ခေါင်းလျှော်၊ ညစာစားပြီး ကုတင်ပေါ် ဟိုလှိမ့်ဒီလှိမ့်ပြန်လုပ် (အပျင်းရောဂါလို့ ခေါ်တယ် xD) အဲ့ဒါပြီးမှ ခု Matcha Tea လေးနဲ့ စာထိုင်ရေးတာ။

ညီမလေးတစ်ယောက်က ကန်ဒီ့ Email မှာရော၊ ဘလော့ဂ်က Chat box လေးမှာပါ "စာတွေများများရေးပါ။ ကန်ဒီစာရေးတာ အရမ်းနည်းသွားတယ်။ ဖတ်ရတာ အားမရဘူး"ဆိုပြီး ပြောလာတယ်။ အဲ့လိုကျတော့လည်း ကိုယ့်ဘလော့ဂ်ဆီလာပြီး ပိုစ့်အသစ်လေးတွေ စောင့်ဖတ်နေတဲ့သူ ရှိသေးသားပဲဆိုပြီး ပျော်ရတာအရမ်း။ အဲ့လို အမာခံစာဖတ်သူတွေကို ကျေးဇူးအများကြီး အများကြီးတင်ပါတယ်နော်။ စာရေးနည်းသွားတယ်ဆိုတာ အလုပ်များတာရော၊ အသက်ကြီးလာတာရောပါမယ်ထင်တယ် ဟဟ။ အသက်ကြီးလာတော့ ကိုယ်တိုင်ရော၊ ကိုယ်လုပ်နေတာတွေရောက စိတ်ဝင်စားစရာသိပ်မကောင်းတော့ဘူး.. ဆိုတော့ ရေးစရာစာတွေလည်း သိပ်မရှိတော့သလိုပဲ ဟဟ။ အဲ့ဒါကြောင့် စာရေးနည်းသွားတာပါ။

ကျောင်းတက်တဲ့အချိန်တုန်းကတော့ ဘာမှလုပ်စရာမရှိဘူးလေ။ တနေ့တနေ့ လျှောက်လည်ရင်လည် မလည်ရင် ဒီမှာပဲ စာထိုင်ရေးနေတာ။ ကန်ဒီစာရေးတဲ့ပုံစံ၊ ပြောပုံဆိုပုံတွေလည်း နည်းနည်းပြောင်းသွားတယ် ထင်တယ်။ ကိုယ်ထင်တာပြောတာ။ ဟိုးးးးအရင်က ကိုယ့်ပိုစ့်တွေ ကိုယ်ပြန်ဖတ်ကြည့်ရင် ခုနဲ့နည်းနည်းကွာသွားသလိုပဲ။ ခုက နည်းနည်း ပိုရင့်ကျက်လာတယ် ထင်ရတာပဲ ဟဟ။ တခါ စာဖတ်သူအစ်မတစ်ယောက်က ပြောဖူးတယ်.. သူ့သမီးလေးအိမ်နာမည်ကို "Candy"လို့ ပေးထားတယ်တဲ့။ ကန်ဒီ့လို ချစ်စရာကောင်းပြီး တော်အောင်လို့တဲ့။ အဲ့လိုမျိုးလေးတွေ ပြန်ပြန်သိရရင် အရမ်းပျော်တယ်။ ဘာမှမဟုတ်တဲ့ကိုယ့် Diary Blog လေးကိုဖတ်ပြီး ကိုယ့်ကိုချစ်တဲ့သူတချို့ ရှိနေပါလားဆိုတာ သိရလို့လေ။ အဲ့လိုချစ်စရာကောင်းတဲ့ စာဖတ်သူတွေအတွက် ကန်ဒီစာမှန်မှန်လေးရေးနိုင်အောင် ကြိုးစားပါ့မယ်နော်။

➤ 2 Years Veganniversary
ဒီအောက်တိုဘာလက ကန်ဒီသက်သတ်လွတ်စားတာ (၂)နှစ်တင်းတင်းပြည့်တဲ့လလေးပါ။ တစ်နှစ်ပြည့်တုန်းက အတွေ့အကြုံလေးတွေကို ဒီပိုစ့်လေးမှာ ရေးဖူးပါတယ်။ ဒီနှစ် (၂)နှစ်ပြည့်မှာ ကန်ဒီ့အတွေ့အကြုံလေးတချို့ကို ထပ် Update လုပ်ချင်ပါတယ်။ ကန်ဒီ့သွေးစစ်ထားတဲ့အဖြေတွေကို ဘလော့ဂ်လေးမှာ တစ်ခါပြဖူးလို့ အားလုံးသိတဲ့အတိုင်း ကန်ဒီ့ကျန်းမာရေးကတော့ ဒေါင်ဒေါင်မြည်ပါပဲ။ နှစ်စဉ်ဆေးစစ်ဖို့ ရည်ရွယ်ထားလို့ လာမယ့်နိုဝင်ဘာလ ရန်ကုန်ပြန်ရင် ထပ်စစ်ပါဦးမယ်။

သက်သတ်လွတ်စားပြီးကတည်းက လစဉ်ရာသီပုံမှန်လာတာ ခုထိပါပဲ။ အရင်ကလို (၁)လ (၂)လ မလာတာတွေ မရှိတော့ပါဘူး။ ၀က်ခြံလည်း ကန်ဒီပထမပိုစ့်မှာ ပြောထားသလိုပဲ အများကြီးသက်သာသွားပါပြီ။ အရင်လို အဆီဖုသေးသေး သေးသေးလေးတွေ မရှိတော့ပါဘူး။ ရာသီလာတဲ့အချိန်တော့ ထုံးစံအတိုင်း ၀က်ခြံပေါက်ပါတယ်။ ပြောရမယ်ဆို ခုက ၀က်ခြံပေါက်မယ်ဆိုလည်း တနေရာတည်းမှာ သေသေချာချာပေါက်တယ်။ အများကြီး မျက်နှာတပြင်လုံးမှာ မပေါက်တော့ဘူး။ ၀က်ခြံအပေါ် သိပ် stress မထားတော့တာကြောင့်လည်း ပါပါတယ်။ အရင်လို ၀က်ခြံအတွက် ဆေးအပြင်းစားတွေ မသောက်ရတော့တာနဲ့တင် အရမ်းကျေနပ်တယ်။ Body Weight ကတော့ ဘာမှအပြောင်းအလဲသိပ်မရှိပါဘူး။ သက်သတ်လွတ်မစားခင်ကလည်း ပိန်တယ်။ ခုလည်း ပိန်တယ်။ 

ဒီ(၂)နှစ်အတွင်းမှာ ကန်ဒီမသိဘဲ မှားခဲ့တဲ့အမှားလေးတွေလည်း ပြောပြချင်ပါတယ်။ ကန်ဒီက ဒံပေါက်ကြိုက်တော့ Indian Vegetarian Restaurant တွေမှာ သက်သတ်လွတ်ဒံပေါက်တွေ သွားသွားစားတတ်တယ်လေ။ သက်သတ်လွတ်ဒံပေါက်ဆိုပေမယ့် သူတို့က ဒံပေါက်ထဲမှာ Ghee လို့ခေါ်တဲ့ နို့ထွက်ပစ္စည်းတစ်မျိုးထည့်တာ ကန်ဒီလုံးးးဝမသိခဲ့ဘူး။ အဲ့ဒါဟိုတလောက အိမ်မှာအမေကိုယ်တိုင် သက်သတ်လွတ်ဒံပေါက်ချက်ကျွေးမှ သိတာ။ အဲ့ဒီကတည်းက ဒံပေါက်ဆို အမေချက်တာကလွဲလို့ အပြင်မှာဝယ်မစားတော့ဘူး။

နောက်တခုက အမှားလို့တော့ ပြောလို့မရပါဘူး။ အတွေ့အကြုံပေါ့နော်။ ကန်ဒီသက်သတ်လွတ် စ,စားခါစမှာ ထမင်းအရမ်းစားတယ်။ တခါစားရင် အများကြီးစားတယ်။ အဲ့ဒီအချိန်တုန်းက ကန်ဒီသိတာ Carbohydrate လုံလောက်နေရင် Protein Deficiency မဖြစ်ဘူးဆိုတာပဲ။ အားလုံးသိတဲ့အတိုင်း ကန်ဒီသက်သတ်လွတ်စ,စားတာ ကျန်းမာရေးကြောင့်မဟုတ်ဘူးဆိုတော့ Nutrition နဲ့ပက်သက်တဲ့အပိုင်းတွေ အဲ့ဒီအချိန်တုန်းက နားမလည်ခဲ့ဘူး။ သူများတွေတွေးသလိုပဲ ငါအသားမစားလို့ Protein ပဲ ချို့တဲ့မလားဆိုတာမျိုး တွေးမိပြီး Carbohydrate တွေ အများကြီးစားတယ်။ နောက်ပိုင်းမှာ စာတွေပိုဖတ်ပြီး Carbohydrate အများကြီးစားတာထက် Protein ရနိုင်တဲ့ တခြားအရာတွေ ပိုစားတတ်လာတယ်။ Protein ဆိုတာ ခန္ဓာကိုယ်အတွက် တနေ့ကို အနည်းငယ်ပဲလိုအပ်တဲ့ အာဟာရတစ်ခုဆိုတာ ပိုသိလာတယ်။ 

ခုဆို ကန်ဒီသွားနေတာ မျှတတဲ့ဘက်ပေါ့နော်။ ထမင်းတွေ အသားကုန်မစားတော့ဘူး။ ထမင်းနဲ့ဟင်းနဲ့ကို မျှအောင်စားတယ်။ အရွက်တွေ အသီးအနှံတွေ ဥတွေဆီကနေ ဗီတာမင်တွေ Minerals တွေ ပိုယူတယ်။ ပဲမျိုးစုံကနေ Protein ယူတယ်။ ကန်ဒီ့ကို Satiate ဖြစ်စေတဲ့ အစားအစာတွေ ကန်ဒီမှတ်ထားတယ်။ အဲ့ဒီဟင်းတမျိုးမျိုးတော့ အမြဲပါအောင် ချက်တယ် (ဥပမာ- အာလူးနဲ့ ပဲမျိုးစုံ)။ Satiate ဆိုတာကို မြန်မာလို မရှင်းပြတတ်ဘူး။ ကိုယ့်ကို ကျေနပ်စေတဲ့ အစားအစာ၊ ဗိုက်ဝစေတဲ့ အစားအစာလို့ ပြောရမလား။ 

သက်သတ်လွတ်စားဖို့ ကြိုးစားနေတဲ့သူတွေကို ကန်ဒီအကြံပေးချင်တာက ကိုယ်ဘာလို့ သက်သတ်လွတ်စားချင်တာလဲ အရင်ဆုံးသိအောင်လုပ်ပါ။ ဒါသိမှ ဒီ Lifestyle ကို ထိန်းထားနိုင်မှာမို့ပါ။ Nutrition ပိုင်းကို လေ့လာပါ။ စာသေချာဖတ်ပါ။ အာဟာရမျှတအောင် စားပါ။ Vitamin B12 သောက်ပါ။ သက်သတ်လွတ်စားလို့ ဘယ်ဘက်ကကြည့်ကြည့် လုံးဝအကျိုးမယုတ်စေဘူးဆိုတာ အာမခံပါတယ်ရှင်။

Good Night^^

Sunday, October 15, 2017

ကဗျာရွတ်ဖတ်ပွဲ

ကန်ဒီစာသင်တဲ့ ဘုန်းကြီးကျောင်း မြန်မာစာသင်တန်း (၂၀၁၇)စာသင်နှစ် ပြီးသွားပါပြီ။ ကျောင်း(၃)လမပိတ်ခင် ဆရာကန်တော့ပွဲနဲ့ ကဗျာရွတ်ဖတ်ပွဲ ရှိတယ်လေ။ ကန်ဒီ့အခန်းက ကလေး(၄)ယောက်လည်း ကဗျာရွတ်ကြတယ်။




ဒါက တခြားအခန်းက ကလေးလေးတွေ။ ကိုယ့်အခန်းက ကလေးတွေအလှည့်တုန်းကကြ ဓာတ်ပုံမရိုက်လိုက်ရဘူး။ သူတို့မေ့တာတွေ ထောက်ပေးဖို့ ဆရာမက ရှေ့ကသေချာကြည့်နေရတယ်။ ကိုယ်မရိုက်လိုက်ရပေမယ့် ဘုန်းဘုန်း Live မှာတော့ ရှေ့က ဆရာမစပ်စလူးစိန်ရော ကလေးတွေရော ပါသွားတယ် ဟဟဟ xD





ဒီတနင်္ဂနွေကတော့ ကျောင်းပိတ်သွားတော့ တနေ့လုံးအိမ်မှာပေါ့။ နောက်နှစ်ပတ်၊ သုံးပတ်လောက်ဆို ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်း စဖွင့်ပြီ။ ဘုန်းဘုန်းက လာလုပ်အားပေးဖို့ ပြောထားတယ်။ ဗုဒ္ဓဘာသာသင်တန်းက တပတ်(၅)ရက်၊ တပတ်ကို တစ်ရက်ဖြစ်ဖြစ် နှစ်ရက်ဖြစ်ဖြစ် ကိုယ်နိုင်သလောက်လေးတော့ သွားကူဖို့ စဉ်းစားထားတယ်။


ကန်တော့ခံမယ့် ဆရာမဆိုတော့ ကြည့်ပျော်ရှုပျော်လေးတော့ ဖြစ်အောင် ပြင်သွားရတယ် ဟဟ။ အလှသေချာမပြင်တာ ကြာပေါ့။

ပျော်စရာတနင်္ဂနွေလေး ဖြစ်ပါစေရှင်..

Saturday, October 7, 2017

5km Run

သုံးပတ်လောက် ပစ်ထားတဲ့ ကိုယ့်ဘလော့ဂ်လေး.. လွမ်းတာ။ ခုပဲ ညစာစားပြီးတယ်။ မျှစ်ဟင်းချက်တယ်။ ကန်စွန်းရွက်ကြော်တယ်။ လိုက်တော့ မလိုက်ဘူး။ ရေခဲသေတ္တာထဲ ရှိနေတာ ချက်လိုက်တာ။ အဲ့ဒါစားပြီးတော့ မပြီးသေးဘူး။ Tortilla Chip နဲ့စားဖို့ Guacamole လုပ်တယ်။ အရမ်းကောင်း အရမ်းလိုက်..




ခုတော့ ဗိုက်ကြီးအရမ်းတင်းနေတယ် ဟဟ။ ကဲ ကဲ.. ဒီရက်တွေမှာ ဘာတွေလုပ်ပြီး အလုပ်ရှုပ်နေလဲ ပြောပြမယ်နော်။ ဘုန်းကြီးကျောင်း မြန်မာစာသင်တန်းက မနက်ဖြန်ဆရာကန်တော့ပွဲပြီးရင် ကျောင်းပိတ်ပြီဆိုတော့ ကလေးတွေကို စာမေးပွဲစစ်ရတယ်။ သူတို့အဖြေလွှာတွေ အမှတ်ခြစ်ရတယ်။ အမှတ်ပြည့်ရတဲ့သူတွေ ဆုပေးဖို့ ဆုဝယ်ရတယ်။ နောက် ဆရာကန်တော့ပွဲမှာ ကဗျာရွတ်ပြိုင်ဖို့အတွက် အမူအရာလေးတွေနဲ့ ကဗျာရွတ်ကျင့်ပေးရတယ်။ သူတို့ကို မသင်ခင် ကိုယ့်ဟာကိုယ်မှန်ရှေ့မှာ အမူအရာနဲ့ ကဗျာရွတ်ကြည့်ရသေးတယ် ဟဟ ဆရာမဘ၀ဆိုတာ အဲ့လို xD


အလုပ်က လူတွေနဲ့ စာရင်းတူတူပေးထားတဲ့ CSC Run by the Bay မှာ 5km သွားပြေးသေးတယ်။ မပြေးခင်တစ်ပတ်အလိုမှာ နည်းနည်းစီ ကိုယ့်ကိုကိုယ် စ Train ရတယ်။ ကိုယ်က နေ့တိုင်းလေ့ကျင့်ခန်းလုပ်တဲ့သူမဟုတ်တော့ အဲ့လို မ Train ပဲ သွားပြေးရင် မူးလဲသွားမှာစိုးလို့လေ ဟဟဟ xD ပထမနှစ်ရက်လောက်က အိမ်မှာပဲ Aerobic ဆော့တယ်။ နောက်(၃)ရက်မြောက်နေ့ကျ 5km စမ်းပြေးကြည့်တယ်။


အိမ်ကိုပတ်ပြီး ရထားနှစ်ဘူတာစာလောက်ပြေးတာ မိနစ်(၅၀)ကြာတယ်။ အဲ့ဒါပြီးတော့ ခြေထောက်တွေ ပေါင်တွေ တောင့်တင်းပြီး နှစ်ရက်လောက် ဘာလေ့ကျင့်ခန်းမှမလုပ်နိုင်ဘူး။ ဒီပုံအတိုင်းဆို တကယ်ပြေးမယ့်နေ့ကျ ငါပြေးနိုင်မှာ မဟုတ်တော့ဘူး ထင်တာ (၃)ရက်မြောက်နေ့ကျ တော်တော်ကြီး သက်သာသွားတယ်။ တကယ်ပြေးတဲ့နေ့ (၄)ရက်မြောက်နေ့ တနင်္ဂနွေနေ့ကျ မနာတော့ဘူး။ 5km ကို နှစ်နာရီအချိန်ပေးတာ (၄၅)မိနစ်နဲ့ ပြေးတယ်။ ပြေးပြီးတော့လည်း ပထမတစ်ခေါက်တုန်းကလို ပေါင်တွေ တင်းမနေဘူး။ နေလို့ကောင်းတယ်။ စမ်းပြေးထားခြင်းရဲ့ အကျိုးကျေးဇူးပေါ့ ^_^



သွားပြေးဖြစ်တာက သူငယ်ချင်းတွေ အတင်းခေါ်လို့။ တူတူပြေးရအောင် ပျော်စရာကြီး ဘာညာနဲ့ အတင်းခေါ်နေတာနဲ့ အင်း အင်း လုပ်လိုက်တာ။ အမှန်က ပြေးတာကို ကန်ဒီသိပ်မကြိုက်ဘူး။ ခန္ဓာကိုယ်က ဒီပုံစံအတိုင်း လှုပ်နေရတာ ပျင်းဖို့ကောင်းလို့လေ။ ငယ်ငယ်ထဲက Aerobic ဆော့လာတာဆိုတော့ ပုံစံမျိုးစုံနဲ့ ကနေရတာကို ပိုသဘောကျတာ။ အဲ.. ဒါပေမယ့် 5km ပြေးပြီး ခံစားချက်ကတော့ မိုက်တယ်။ ငါမဆိုးဘူး... လုပ်နိုင်သားပေါ့ :)


ငယ်ငယ်က Aerobic ပြိုင်ပွဲမှာ ဆုရတုန်းကပုံလေး သူငယ်ချင်းတစ်ယောက် လာပေးလို့။ အမှတ်တရပါပဲ။ (၄)တန်းထဲကဆော့တာ (၉)တန်းအထိ ပြိုင်ပွဲတိုင်းပါတယ်။ ကန်ဒီ့ကို တွေ့လား ဟီးဟီး(xD)။ ကိုယ့်ပုံကိုယ်ကြည့်ပြီး ရီချင်လို့... ဘာနဲ့တူနေမှန်းမသိဘူး။ 



သီတင်းကျွတ်လပြည့်ညက အလုပ်ကအပြန် Vivo City သွားတယ်။ အမေ့အတွက် Oven သွားဝယ်တာ။ အဖေ့အတွက်က စွတ်ကျယ်။ မရောက်တာ ကြာပေါ့။ သီတင်းကျွတ်ဆို ရန်ကုန်မှာဆိုရင်တော့ ဆွေမျိုးတွေအိမ် သွားကန်တော့တယ်။ မီးတွေထွန်းတယ်။ အဲ့ဒီအချိန်လေးတွေ အရမ်းသတိရတယ်။

မိသားစုနဲ့ပျော်ရွှင်ရတဲ့ သီတင်းကျွတ်အခါသမယလေး ဖြစ်ပါစေရှင်..
Good Night နော်..

Saturday, September 16, 2017

"What the Health"

မင်္ဂလာညချမ်းပါရှင့်..
မနက်ဖြန်အလုပ်သွားရမယ့် ကန်ဒီ့အတွက်က TGIF မဟုတ်သေးပေမယ့် သူများတွေအတွက်ကတော့ Weekend ရောက်ပြီ အားပြီဆိုတော့ အားတဲ့အချိန်လေးမှာ ကြည့်လို့ရအောင် ဗဟုသုတအရမ်းရစေမယ့် ဒီ "What The Health" ဆိုတဲ့ Documentary အသစ်လေးကို YouTube မှာ ရှာတွေ့လို့ ရှယ်ချင်ပါတယ်။ YouTube Policy အရ မကြာခင် ပျက်ချင်လည်း ပျက်သွားနိုင်တာမို့ သူတို့တင်တုန်းလေး ကြည့်ထားကြပါလို့ :)

ဒီတစ်နာရီခွဲစာ ဗွီဒီယိုလေးကို ကြည့်ချင်အောင်.. ကြော်ငြာလိုပေါ့.. အဲ့ထဲက ကန်ဒီအရမ်းသဘောကျတဲ့ သူတို့ပြောသွားတဲ့ ဗဟုသုတရစေမယ့် အပိုင်းလေးတွေကို ဒီမှာ နည်းနည်းရေးပေးမယ်နော်။

Dr. Milton Mills: Here in American medicine, we operate from the disease model. We are in the business of treating sick people, we are not in the business of trying to prevent people from becoming sick.

အရမ်း အရမ်းမှန်တဲ့စကားပါ။ ကိုယ်ကိုယ်တိုင်က ဆေးခန်းမှာ အလုပ်လုပ်ပြီး နေ့စဉ်နဲ့အမျှ ဆေးတွေအကြောင်းချည်း လေ့လာနေရတော့ ပိုသိပါတယ်။ ကန်ဒီတို့အခုသွားနေတဲ့ပုံစံက ရောဂါဖြစ်မှ ဆေးသောက်ပြီး ဆေးကုတာပါ။ ရောဂါမဖြစ်ခင် ကြိုတင်ကာကွယ်တာမျိုးက အရမ်းနည်းပါတယ်။ ဥပမာ- သွေးတိုးရှိပြီဆို သွေးချဆေးတွေ ပေးမယ်။ ဒီဆေးတွေက များသောအားဖြင့် Life Long သောက်ရတာတွေ ကန်ဒီတို့က Chronic medication လို့ ခေါ်ပါတယ်.. ဘာလို့ Life Long သောက်ရလဲမေးရင် ရောဂါရဲ့အရင်းမြစ်ကို ပျောက်စေတဲ့အရာ မဟုတ်လို့ပါ။ သွေးကြောထဲမှာများနေတဲ့ Pressure ကို ဘယ်လိုနည်းနဲ့ချမလဲ ဆိုတာပဲ ဒီဆေးတွေက လုပ်ပေးပါတယ်။ ဘာလို့ သွေးတိုးလဲဆိုတဲ့ သွေးတိုးစေနိုင်တဲ့အကြောင်းအရာတွေကို မရှောင်နိုင်ဘူးဆိုရင်တော့ ဒီသွေးချဆေးတွေနဲ့ပဲ ဆက်သွားနေရမှာပါ။ သွေးတိုး၊ ဆီးချို နှလုံးရောဂါတွေက Lifestyle နဲ့ သက်ဆိုင်တဲ့ ရောဂါတွေမို့ ကိုယ့် Lifestyle ကို ပြောင်းလဲပစ်ဖို့ အရမ်းအရေးကြီးပါတယ်။

Dr. Michael Klaper: If I could deliver one message to the researchers who are looking for the cause of diabetes, the cause of clogged arteries, the cause of high blood pressure and the cause of obesity, I would tell them the answer in three words: It's the food!! It's what American are eating!!

The Interviewer: What role does sugar play in causing Diabetes?
Dr. Neal Barnard: *Driving me crazy* Diabetes is not and never was caused by eating a high carbohydrate diet, and it's not caused by eating sugar. The cause of Diabetes is by Diet that builds up the amount of fat into the blood. I'm talking about the typical meat-based, animal-based diet. You can look into the muscle cells of the human body and you find that they're building up tiny particles of fat that's causing insulin resistance. What that means is the sugar that is naturally from the foods that you're eating can't get into the cells where it belongs. It builds up in the blood and that is Diabetes.

ဟဟဟ.. Dr. Neal Barnard ပထမဆုံးထွက်သွားတဲ့ Driving me crazy ဆိုတဲ့ အာမေဍိတ်သံကို အကြိုက်ဆုံးပါပဲ။ "အချိုတွေ မစားနဲ့... ဆီးချိုဖြစ်မယ်" ဆိုတဲ့စကားမျိုးကြားရင် ကန်ဒီဖြစ်တဲ့ ခံစားချက်နဲ့ တူလို့ပါ။ အချိုစားရင် ဆီးချိုတက်တယ်လို့ ပြောရင်တော့ မှန်ပါတယ်။ အချိုစားလို့ ဆီးချိုဖြစ်တယ်ဆိုရင်တော့ အရမ်းကြီးလွဲသွားပါပြီ။ ဆီးချို သွေးချိုဖြစ်ရတဲ့ အဓိကအကြောင်းရင်းက အချိုစားလို့မဟုတ်ပါဘူး။ ကန်ဒီတို့ ခန္ဓာကိုယ်ထဲက သွေးထဲမှာ အချိုဓာတ်များနေပြီဆို အလိုလျှောက်ထွက်လာတတ်တဲ့ Insulin လို့ခေါ်တဲ့ Hormone ရှိပါတယ်။ သူမရှိရင်ဖြစ်ဖြစ် (သို့) ရှိရဲ့သားနဲ့ ခန္ဓာကိုယ်က Cell တွေက Insulin ကို မသိဘဲ Resistance ဖြစ်နေရင်ပဲ ဖြစ်ဖြစ် ဆီးချို သွေးချို ဆိုတာ ဖြစ်ပါတယ်။ လူကြီးပိုင်းမှာ ဖြစ်တဲ့ Diabetes အများစုဟာ Insulin Resistance ကြောင့်ပါ။ Cell တွေက Insulin ကို ဘာလို့မသိတာလဲဆိုတော့ ကန်ဒီတို့ Cell တွေထဲမှာစုနေတဲ့ အဆီတွေကြောင့်ပါလို့ Dr. Neal Barnard က ရှင်းပြထားပါတယ်။ ဆိုတော့ ဒီရောဂါဖြစ်ရခြင်းရဲ့ အဓိကအကြောင်းရင်းက အဆီပါ။ အချိုမဟုတ်ပါဘူး။ ခုနကအပိုဒ်မှာ ကန်ဒီပြောထားသလို ရောဂါရဲ့အရင်းအမြစ်ကို ကုသချင်ရင် အဆီရှောင်ရမှာပါ။ အချိုရှောင်တာကတော့ သွေးချိုတက်တယ်ဆိုတဲ့ Symptom ကိုပဲ သက်သာစေမှာပါ။ 

Dr. Garth Davis: Carbs consumption was inversely related with Diabetes. In other words, the more carbs someone ate, the less Diabetes they had. But meat was strongly correlated. The carbs cannot make you fat in and of themselves. We have storage in our muscles and in our livers for carbs called "Glycogen". So, when we eat carbs, we either store it or we burn it. But eat fat, that goes straight to your fat. Your body can't turn those carbs into fat unless you are really overdoing the calories.

ဒါလည်း ကန်ဒီအရမ်းသဘောကျတဲ့အပိုင်းပါ။ လူတော်တော်များများက ၀ိတ်ချချင်ရင် Carbohydrates ကို ရှောင်ကြတယ်။ "Paleo Diet" လို့ခေါ်တဲ့ Protein များများစားတဲ့ဘက်ကို သွားကြတာတွေ့ရတယ်။ ကန်ဒီ့ပတ်ဝန်းကျင်မှာ အဲ့လိုဝိတ်ချနေတဲ့သူတွေ တွေ့ရင်အရမ်းရှင်းပြချင်တာပဲ။ ဒါပေမယ့် ကိုယ်ပြောရင်လည်း နံပါတ် (၁) ကိုယ်က ဆရာကြီးလုပ်တယ် အထင်ခံရမယ်။ နံပါတ်(၂) ကိုယ်ပြောတာလည်း ယုံချင်မှ ယုံမယ်။ အဲ့လို အဲ့လိုတွေးပြီး အပြင်မှာဆို မပြောဖြစ်ဘူး။ Carbs က လူကိုမ၀စေပါဘူး။ တဗြဲနှစ်ဗြဲစားရင်တော့ တမျိုးပေါ့လေ။ Carbohydrates ဆိုတာ ကန်ဒီတို့ ခန္ဓာကိုယ်က တကယ်တောင့်တတဲ့ အရာပါ။ Carbohydrates ကနေ အလွယ်တကူရတဲ့ Glucose ကို တကိုယ်လုံးမှာရှိတဲ့ Cell တွေက သုံးရပါတယ်။ "Paleo Diet" သမားတွေ စားကြတဲ့အသားမှာ ဘာပါလဲဆိုတော့ Protein အပြင် အဆီတွေလည်း ပါပါတယ်။ ကန်ဒီတို့ခန္ဓာကိုယ်က အဆီကို အဆီအနေနဲ့ပဲ Store လုပ်ပါတယ်။ Carbs ကို ကျတော့ Energy အနေနဲ့ သုံးရင်သုံး မသုံးရင် Liver နဲ့ Muscle မှာ "Glycogen" အနေနဲ့ Store လုပ်ပါတယ်။ ညစာမစားတာတို့ အဆာခံတာတို့ကိုလည်း အားမပေးပါဘူး။ အဲ့လိုဝိတ်ချတာတွေဟာ ရေရှည်မလုပ်နိုင်တဲ့အခါ ၀ိတ်ပြန်တက်နိုင်ပါတယ်။ "Paleo Diet" နဲ့ ပက်သက်ပြီး ပိုစ့်တပုဒ်လောက်ရေးဖို့ စိတ်ကူးရှိခဲ့ဖူးပါတယ်။

ခုနက ကန်ဒီရေးပြသွားတာတွေထက် ပိုပြီးစိတ်ဝင်စားစရာကောင်းတာတွေ သိချင်တယ်ဆိုရင်တော့ ဗွီဒီယိုလေးကို ရှာကြည့်လိုက်ပါနော်။ Netflix မှာ ကြည့်လို့ရမယ်လို့ ထင်ပါတယ်။ YouTube မှာ သူများတင်ထားတာလေး Delete လိုက်လို့ Share လို့ မရတော့ဘူး :(

Good Night^^

Thursday, September 7, 2017

Toward >> Healthy Mind

ဒီနေ့ပိုစ့်လေးကတော့ ဘာရယ်မဟုတ် ကန်ဒီ့အတွေးလေးသက်သက်ပါ။ ကိုယ့်ကိုကိုယ် သတိပေးတဲ့ပိုစ့်လေးလည်း ဟုတ်သလို စာဖတ်သူတွေအတွက်လည်း ဖတ်ပြီးရင် တစ်ခုခုရသွားစေဖို့ ရည်ရွယ်ပါတယ်။ ကိုယ့်ကိုကိုယ် ပြန်သုံးသပ်ရရင် ကန်ဒီဆိုတာ အရာရာကို အမြဲ Perfect ဖြစ်ချင်တဲ့သူပါ။ အကောင်းဆုံးတွေမှ လိုချင်သလို ကိုယ် Plan ထားတာတွေကိုလည်း Plan ထားတဲ့အတိုင်း ဖြစ်မှကျေနပ်တတ်ပါတယ်။ ဥပမာအားဖြင့် ချိန်းထားပြီးမှ ဖျက်တဲ့လူမျိုး၊ အချိန်မတိကျတဲ့လူမျိုးဆို ကန်ဒီမကြိုက်ပါဘူး။

အဲ့လိုစိတ်ရှိတဲ့ လူတိုင်းလိုလိုဟာ ကိုယ်ရည်ရွယ်ထားတာတွေ မဖြစ်တာမျိုး၊ ဒါမှမဟုတ် မထင်မှတ်တာတွေ ဖြစ်လာတဲ့အခါမျိုးမှာ စိတ်ဖိစီးမှုအရမ်းများတတ်ပါတယ်။ ဒါတော်တော်ကြီး မကောင်းတဲ့အကျင့်တစ်ခုပါ။ ဘာမဟုတ်တဲ့ ကိစ္စသေးသေးလေးတောင် စိတ်ဖိစီးမှုများနေတတ်တာမျိုးလေ။

ကိုယ့်ကိုကိုယ် ပြန်သုံးသပ်မိဖို့ ဖြစ်လာတဲ့ အကြောင်းရင်းက ဒီလိုပါ။ ပြီးခဲ့တဲ့ အပတ်လောက်က ကန်ဒီတို့ Aircon ရေကျလို့ servicing လုပ်တယ်လို့ ပြောပါရောလား။ Compressor cleaning ရော Gas top up ရောနဲ့ SGD 200 ပေးရတယ်လို့တောင် ပြောသေးတယ်လေ။ အဲ့ဒါလည်း ပြီးရော ဇာတ်လမ်းကစတော့တာပဲ။ (၃)ရက်လောက်နေတော့ အဲကွန်းကြီး နှစ်လုံးလုံး P2 ဆိုပြီး Error ပြပြီး ပိတ်သွားပါလေရော။ Main switch ကို ပိတ်ပြီး နာရီပိုင်းလောက်နေလို့ ပြန်ဖွင့်မှ ပြန်ရတယ်။ နောက်(၃)ရက်လောက်နေရင် တစ်ခါ ဖြစ်ပြန်ရော။ အဲ့ဒါနဲ့ Servicing လုပ်သွားတဲ့ Company ကို ပြန်ခေါ် ကြည့်ခိုင်းတော့.. သူတို့လည်း သေချာမသိဘူး။ Gas လည်း ရှိတယ်။ ပုံမှန်ပဲလို့ ပြောတယ်။ 

မကျေနပ်လို့ နောက် Company တစ်ခုကို ခေါ်ပြီး Troubleshooting လုပ်ခိုင်းတော့ Gas လုံးဝမရှိဘူး Gas leakage လို့ ပြောတယ်။ SGD 40 ပေးလိုက်ရတယ်။ ဘယ်နား Leakage ဖြစ်လဲရှာရင် SGD 300 လောက်ကျမယ်။ ပြီးရင် ဖြစ်တဲ့အပိုင်းကို ပြင်ရမယ်လို့ ပြောတယ်။ အဲ့ဒါနဲ့ အိမ် Agent ကို အီးမေးလ်ပို့ရတော့တာပေါ့။ အဲကွန်းကတော့ ဒီလိုဒီလိုပဲပေါ့။ သူက ဒီ Aircon ကို Install လုပ်သွားတဲ့ Company ကို ခေါ်ပေးမယ်ပြောတယ်။ 

ဒုတိယ Company က လူတွေက Gas မရှိဘူး ပြောသွားတော့ ကိုယ်တွေလည်း မဖွင့်ရဲဘူးလေ။ နောက် (၂)ရက်လောက်နေ စမ်းဖွင့်ကြည့်တော့ ကောင်းနေပြန်ရော။ အေးလည်း အေးတယ် ဆိုတော့ Gas မရှိတာ မဖြစ်နိုင်ဘူးပေါ့။  အိမ်ကအစ်မတွေက အရင် Company ပြန်ခေါ်ဆိုတော့ ပြန်ခေါ်ပြန်ရော.. သူတို့တိုင်းတော့ Gas က ရှိတယ်။ Compressor system issue လို့ ပြောတယ်။ ခုတော့ Agent က လွှတ်ပေးမယ့် Technician ကို စောင့်နေတယ်ပေါ့။ စနေနေ့လာမယ်ပြောတယ်။

ကန်ဒီက ဒီအိမ်ငှားတာမှာ စာချုပ်ချုပ်ထားတဲ့သူဆိုတော့ Responsibility ပိုရှိတယ်ပေါ့။ အိမ်မှာ တစ်ခုခုဖြစ်ပြီဟေ့ဆို ကိုယ်ပဲဖြေရှင်းရတာလေ။ ဆိုတော့ ကန်ဒီ့ပင်ကိုယ်စိတ်နဲ့ဆို ဒီလိုတွေဖြစ်တာ စိတ်ဖိစီးမှု တကယ်များတယ်။ စင်္ကာပူဆိုတာလည်း သိတဲ့အတိုင်း ရာသီဥတုက မမှန်ဘူး။ ပူတဲ့အခါ အရမ်းပူတယ်။ နေလို့ကောင်းရင်လည်း ကောင်းနေပြန်ရော။ ဆိုတော့ အဲကွန်းနဲ့နေတတ်တဲ့ အိမ်ကအစ်မတွေက အဲကွန်းမရှိတော့ အဆင်မပြေကြဘူး။ သူတို့ကလည်း ညည်းတယ်... ပူလိုက်တာ ဘာညာဆို ကိုယ်ကစိတ်မကောင်းဘူး။ 

သူတို့ဖြစ်တာက အဲကွန်းမရလို့ ဖြစ်တာ.. ကိုယ်ဖြစ်တဲ့ စိတ်ဖိစီးမှုက ဒီပြသနာကြောင့်ဖြစ်တာ။ (၅)ရက်လောက်နေတော့ သူတို့ညည်းတာနားထောင်ရင်း ကိုယ့်ကိုကိုယ်လည်း ပြန်သုံးသပ်ရင်း တွေးမိတာက.. ကိုယ်လည်း ဒီကိစ္စပေါ်မှာ ခေါင်းရှောင်နေတာမျိုး မဟုတ်ဘူး။ မနေ့ကဖြစ်တယ်ဆို ဒီနေ့ Servicing company ကို ချက်ချင်းခေါ်ပေးတယ်။ ဒါကို ထပ်ဖြစ်တော့ နောက် Company တစ်ခုကို ထပ်ခေါ်ပေးတယ်။ အဲ့ဒါပြီးတော့ သူတို့ပြောသလို ကြီးကြီးမားမား ဖြစ်တာကို သိသိချင်း Agent ကို ချက်ချင်း Email ပို့ပေးတယ်။ အရင် Company ကို ပြန်ခေါ်ကြည့်ရအောင်လို့ အကြံပေးကြတော့လည်း ထပ်ခေါ်တယ်။ ဒီလောက် လုပ်သင့်တာတွေ အားလုံးလုပ်ထားပြီးသားကို ဘာကိစ္စ Stress များနေတာလည်းပေါ့ ကိုယ့်ကိုကိုယ်ပြန်မေးတယ်။ အဲ့လိုတွေးလိုက်တဲ့အချိန်မှာ စိတ်ကချက်ချင်း Relieve ဖြစ်သွားတယ်။ ဒါကိစ္စသေးသေးလေးတစ်ခု.. "It's not end of the World" ဆိုပြီး ပြန်တွေးလိုက်တဲ့အချိန်မှ စိတ်ကအရမ်း အေးချမ်းသွားတယ်။

ကန်ဒီဖြစ်နေတာကိုကြည့်ပြီး စာဖတ်တဲ့သူတွေက ရီချင်ရီနေမှာ။ ဘာမဟုတ်တာကို Stress တွေ ၀င်နေလို့လေ။ ဟုတ်တယ်... ဒါဘာလို့ ဖြစ်တာလဲ.. မဖြစ်သင့်ဘူးဆိုပြီး ကျိတ်မနိုင် ခဲမရတွေးပြီး စိတ်ဒုက္ခများနေမယ့်အစား ဒီအခြေအနေမှာ ဘယ်လိုအကောင်းဆုံးနေမလဲ... အကောင်းဆုံး ဘယ်လိုဖြေရှင်းနိုင်မလဲဆိုပြီး တွေးရမှာ။ ဒါမှ ဒီစိတ်က ချမ်းသာမှာ...

ငယ်ငယ်က ကန်ဒီ Aerobic ပြိုင်ပွဲဝင်ခါနီး အမေပြောတဲ့ စကားကို ပြန်သတိရတယ်။ "သမီး ပြိုင်ပွဲဆိုတာ အနိုင်အရှုံးက အဓိက မဟုတ်ဘူး.. အကောင်းဆုံး အစွမ်းကုန်ကြိုးစားပြီး ယှဉ်ပြိုင်ခြင်းသာ အဓိကပါ"တဲ့။ အဲ့ဒီ့ တန်ဖိုးရှိတဲ့စကားတစ်ခွန်းက ကန်ဒီ့ကို ခုချိန်ထိ ဘယ်ပြိုင်ပွဲမဆို အင်အားတွေပေးတယ်။ အဓိကက စိတ်ထားတတ်ဖို့ပေါ့နော်။ အခုကိစ္စမှာဆိုလည်း ဘယ်လိုတင်းတိမ်တဲ့စိတ်ထားမလဲဆိုတာမျိုး တွေးလိုက်ရင် အဲကွန်းမရတာလောက်ကတော့ စာတောင်မဖွဲ့လောက်ဘူးနော်။ ဖြစ်လာတဲ့အခြေအနေတစ်ခုမှာ Positive thinking အကောင်းမြင်ဝါဒနဲ့ တွေးတတ်ဖို့ ကိုယ့်ကိုကိုယ်ဆုံးမပါတယ်။

Sunday, September 3, 2017

ပန်းမြို့တော်

စင်္ကာပူကပိုစ့်တွေချည်း တင်နေတာ ပျင်းနေလောက်ပြီ ထင်လို့လေ။ မနှစ်က မြန်မာပြည်ပြန်တုန်းက ပုံလေးတွေ တင်မယ် စိတ်ကူးရတယ်။ ကန်ဒီ့မတင်ရသေးတဲ့ အကြွေးတွေလို့လည်း ပြောလို့ရပါတယ် ဟဟ။ အဲ့တုန်းတည်းက တင်ရမှာ မတင်ဖြစ်ဘူး။

မိသားစုနဲ့ ကျောက်စိမ်းဘုရား၊ ပြင်ဦးလွင်၊ မန္တလေး၊ မုံရွာ၊ ပုဂံ စုံအောင်ကို ရောက်ခဲ့တယ်။ (၆)လပဲရှိသေးတဲ့ ကန်ဒီ့ တစ်ဦးတည်းသောတူလေး ဥာဏလည်း ပါတယ်။ ခုတော့ (၁)နှစ်ကျော်ပြီပေါ့။ ခုဆို ဆော့လိုက်တာ အရမ်းပဲတဲ့.. အမေတို့ မနည်းလိုက်ထိန်းနေရတယ်။ သွားတဲ့အချိန်က နိုဝင်ဘာဆိုတော့ ပြင်ဦးလွင်မှာ အေးနေပြီ။ "Royal Orchid Villa" ဆိုတဲ့ တည်းခိုခန်းလေးမှာ တည်းတယ်။ 



အမေ့ကို ရှယ်ရိုက်ပေးထားတာ... 







ကန်ဒီ့ညီမအငယ်ဆုံးလေးနဲ့.. သားသားဥာဏမေမေပေါ့။ ကလေးမွေးထားလို့ ၀နေတာ။ ခုတော့ အဲ့လိုမဟုတ်လောက်တော့ဘူး။ အဲ့မှာ နာမည်ကြီးတဲ့ ဒီဇင်ဘာခြံဆိုလား.. အဲ့မှာ နေ့လည်စာ စားကြတာလေ။

ကိုယ့်လက်ရာတွေ...

အမေ့လက်ရာ :D


ပဲပုတ်ထမင်းသုပ်ကို သက်သတ်လွတ်လုပ်ခိုင်းတာ အရမ်းစားလို့ကောင်းတယ်။ ပန်းပွင့်ကြော် စိမ်းစိမ်းလေးနဲ့။ အဲ့လို ပန်းပွင့်မျိုး ဒီမှာဘယ်လိုမှ ရှာမရဘူး။ ဒီကဟာတွေက ဖြူဖြူကြီးနဲ့ ပွပွကြီးတွေ။ ကန်ဒီမြန်မာပြည်ပြန်တိုင်း စားဖြစ်အောင် စားတာ အဲ့ဒီပန်းပွင့်ကြော်...


ဒါက အဖေ့လက်ရာ.. အဖေရိုက်ပေးတာ



ရေလိုအေးလို့ ပန်းလိုမွှေးပါစေ :)