Sunday, January 29, 2017

Vegan: ယနေ့ စားဖွယ် #2

ဒီနေ့တော့ ဒီလိုပိတ်ရက်မျိုးဆို တနေ့တာ ဘာတွေစားဖြစ်လဲ ပြောပြမယ်နော်။ မနက်အိပ်ယာထတော့ ပလာတာနဲ့စားဖို့ ပဲပြုတ်ကို ကြက်သွန်ဖြူနီဆီသတ်ပြီး ကြော်တယ်။ ကော်ဖီလျော့ထားတာဆိုတော့ ကော်ဖီမသောက်ဘဲ Matcha Greentea လေးနဲ့ ပဲပလာတာလေးနဲ့ မနက်စာစားတယ်။ Matcha Greentea က ရိုးရိုး Greentea နဲ့ယှဉ်ရင် Antioxidant အဆပေါင်းများစွာပါဝင်ပြီး ကျန်းမာရေးအတွက် သင့်တော်တယ်။ ကန်ဒီ့အလုပ်မှာရှိတဲ့ Retail Pharmacy က ၀ယ်ထားတာ။ သူတို့က ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေနဲ့ အားဆေးတွေ အဓိကရောင်းတယ်။ 

မနက်စာ...


နေ့လည်စာအတွက်က ပြုတ်ထားပြီးသား အမေယူလာပေးတဲ့ ပဲကတ္တီပါကို ကြက်သွန်ဖြူနီဆီသတ်ပြီး ကြော်တယ်။ ပဲကတ္တီပါက စားရခဲတယ်။ အဓိက,က ပြုတ်ရမှာ ပျင်းလို့ ဟဟ။ အမေက Pressure Cooker လေးဝယ်တဲ့။ အရမ်းမြန်တယ်တဲ့။ ၀ယ်မလို့ဟာ ကိုယ့်စိတ်ကြိုက် Size မတွေ့သေးလို့။ အကြီးကြီးလည်း မ၀ယ်ချင်ဘူးလေ။ တစ်ယောက်တည်းအတွက် အကြီးကြီးလည်း မလိုအပ်ဘူး။ ကိုယ်ကလည်း ပဲပြုတ်တာလောက်ပဲ သုံးမှာဆိုတော့။ တစ်ခါအမေက ကန်ဒီ့အတွက်ဆိုပြီး Pressure Cooker ကြီး ရန်ကုန်ကနေ ထည့်ပေးလိုက်သေးတယ်။ အကြီးကြီးပဲ။ နောက် ညီမလေးက သူအမဲသားချက်ချင်လို့ ယူသွားမယ်ဆိုတာနဲ့ ယူသွားဆိုပြီး ပေးလိုက်တယ်။ ကန်ဒီသာ သားသတ်လွတ်စားတာ... ကန်ဒီ့မိသားစုက အစုံစားတယ်။ အမေ့ကို ကိုယ့်ဟာကိုယ် အသေးလေးပဲ ၀ယ်လိုက်မယ် ပြောထားတယ်။ မနေ့ကဟင်းတွေရှိနေသေးတော့ နေ့လည်စာအတွက် အဲ့ဒါပဲလုပ်တယ်။ မနေ့ကကြော်ထားတဲ့ ပဲပင်ပေါက်ကြော်နဲ့ ချက်ထားတဲ့ ရွှေဖရုံသီးဟင်းရှိတယ်။ 

နေ့လည်စာ...

ညစာမလုပ်ခင် ဗိုက်ကဆာလာတာနဲ့ လက်ကျန် Rice Milk လေးသောက်တယ်။ ပြောင်းဖူး ပြုတ်တယ်။ ပြောင်းဖူးပြုတ်စားတယ်။ ညစာအတွက်ကို (၇)နာရီကျော်လောက်မှ မုန်လာဥချဉ်ရည်ဟင်းချက်တယ်။

Snack..

ညစာ...

ညစာ ရွှေဖရုံသီးဟင်းနဲ့ မုန်လာဥချဉ်ရည်ဟင်း၊ ပဲပင်ပေါက်ကြော်နဲ့ ပဲကတ္တီပါကြော်ကို လက်စသတ်တယ်။ ကောင်းမှကောင်းပဲ။

Happy Holiday!!

Monday, January 23, 2017

အရုဏ်ဆွမ်းအလှူ

အိမ်မှာအလှူ ရှိတာနဲ့ စာမရေးအားဘူး။ သားသတ်လွတ်မုန့်ဟင်းခါးကို ကိုယ်တိုင်ချက်တာနော်... အထင်မသေးနဲ့.. Ready made ထုပ်နဲ့ ဟဟဟ (xD)။ ပုံမှန်ဆို အမေလုပ်ပေးနေကြ... ဒီတခေါက်တော့ ကြည့်ရတာ သူ့သမီးဂျီးများလွန်းလို့ တယောက်တည်းလုပ်ချင်တာ လုပ်ပါစေဆိုပြီး လွှတ်ထားပုံရတယ်။ ညကြီးမင်းကြီး ဒယ်အိုးကြီးနဲ့ မုန့်ဟင်းခါးကို လူ(၁၅)ယောက်စာချက်နေတာ။ ကုလားပဲကိုပြုတ်ပြီး ထည့်တယ်။ ငှက်ပျောအူနဲ့ ကြက်သွန်နီထည့်တယ်။ Ready made ဆိုပေမယ့် နည်းနည်းတော့ ပြင်ရတာပေါ့နော် ဟဲဟဲ။ အမေနဲ့ အိမ်ကအစ်မတွေက မြည်းပေးတယ်။ ကန်ဒီစားသလို ချက်ရင် သူများစားလို့မရမှာလည်း ကိုယ့်ကိုကိုယ်သိတယ်။ ကန်ဒီက အငန်သိပ်မစားဘူး။ အချိုမှုန့်မစားဘူး။ ဆီသိပ်မစားဘူး။ အများအတွက်ဆိုတော့ အများကြိုက်မယ့်ပုံစံချက်ရတာပေါ့နော်။ နောက်ဆုံး Final အရသာက ကန်ဒီ့အတွက်တော့ ငန်တယ်။ တခြားသူတွေကတော့ အနေတော်ပဲတဲ့။ ပဲငံပြာရည်တောင် ကောက်ထည့်လိုက်သေးတယ် O_o




မုန့်ဟင်းခါးကို ည(၁၀)နာရီလောက်က စချက်တယ်။ အဲ့ဒါပြီးတော့ ကန်ဒီ့ ငှက်ပျောသီးကိတ်မုန့် ဖုတ်ရသေးတယ်။ အမေက အုန်းစိမ်းကျောက်ကျောနဲ့ ရွှေကြည်ကို သားသတ်လွတ်ထိုးပေးတယ်။ အချိုပွဲက ကော်ဖီ၊ ရွှေကြည်၊ ကျောက်ကျော၊ ကိတ်မုန့်နဲ့ သစ်သီးပေါ့နော်။ မုန့်ဟင်းခါးကို အများအကြိုက်ချက်ပြီး ကိတ်မုန့်ကျတော့ ကန်ဒီ့အကြိုက် အချိုနည်းနည်းနဲ့ ဖုတ်တယ်။ အဲ့ဒါကို Complain တက်လိုက်ကြတာ တစ်ယောက်တည်း မဟုတ်ဘူး... အကုန်နီးပါး ဟဟဟ... ကိတ်မုန့်က မချိုလို့တဲ့(xD)။ ဒီအလှူပြီးမှပဲ ကိုယ်စားတာတွေဟာ သူများနဲ့ အများကြီး ကွာဟနေမှန်း သိတော့တယ်။ တစ်ခုတော့ ကျေနပ်တာ ရှိတယ်။ အမေက ကန်ဒီ့ဆီက ငှက်ပျောသီးကိတ်မုန့်ဖုတ်နည်း ပြန်သင်မယ်တဲ့.. အလဲ့ ဆိုလိုတာက ကန်ဒီ့ကိတ်မုန့်ကို သူသဘောကျတယ်ပေါ့ ဟီးဟီး ^_^




သားသတ်မလွတ်တာဆိုလို့ အိမ်ကအစ်မတစ်ယောက်ကပ်တဲ့ အဲ့ဒီအ၀ါရောင်ကိတ်လေးပဲ ပါတယ်။ ရေနွေးက ကန်ဒီလက်ဖက်ခြောက်ထည့်တာ များသွားလို့ ခါးသွားတယ်။ လောလော လောလောနဲ့ မြည်းလည်း မမြည်းလိုက်မိဘူး။ ဘုန်းဘုန်းတို့ ပြောမှ ခါးမှန်းသိတယ် ဟီးဟီး... အဲ့ဒါနဲ့ ရေပြန်ရောရတယ်။ ဘုန်းဘုန်းတို့က မနက်(၆)နာရီခွဲလောက် ကြွတယ်။ ဘုန်းဘုန်းတို့ပြန်ကြွသွားမှပဲ ညီမလေးတို့လင်မယားနဲ့ အဖေတို့ လာကြတယ်။ ပြီးတော့ အစ်ကိုတွေပေါ့။ ဧည့်သည်တွေအများကြီး မဖိတ်ဘူး။ အမျိုးတွေလောက်ပဲ။




Tissue Box လေးတွေ... လင်ဗန်းလေးတွေက ကန်ဒီစုထားတဲ့ ယွန်းထည်လေးတွေ။ ယွန်းထည်လေးတွေ လုပ်ရတာ မလွယ်ဘူးနော်... နှီးနဲ့ အဆင့်ဆင့်လုပ်ရတာ။ လက်မှုပညာကို တန်ဖိုးထားတယ်။ ပန်းချီ ပန်းပုတွေဆိုလည်း အရမ်းကြိုက်တယ်။ ပန်းပုဆိုလို့ ဆင်ရုပ်လေးတစ်ရုပ်ပဲ ရှိတယ်။ နောက် ပုဂံက ၀ယ်လာတဲ့ ရုပ်သေးရုပ်လေး... ဧည့်ခန်းမှာ ချိတ်ထားတယ်။ ပိတ်ပေါ်မှာ ရေးထားတဲ့ သဲပန်းချီကားတစ်ချပ် ပုဂံက ၀ယ်လာသေးတယ်။ အဲ့ဒါကို ဘယ်လိုချိတ်ရမလဲ စဉ်းစားမရလို့ မချိတ်ရသေးဘူး။ ဧည့်သည်အားလုံးပြန်သွားတော့မှာ အိမ်ပြန်ရှင်း ခဏနားပြီး ဘုန်းကြီးကျောင်းပြေး စာသွားသင်တယ်။ 

ကုသိုလ်တွေ အမျှပေးဝေပါတယ်နော်...

Monday, January 9, 2017

ဂရုဏာဒေါသော

ဒီမနက်တင် ပိုစ့်အသစ်တစ်ပုဒ် တင်ထားပြီးပေမယ့် ထပ်တင်ဖို့အကြောင်းက ဖန်လာတော့ ထပ်တင်ရပါဦးမယ်။ စိတ်ထဲဖြစ်နေတာကို စာရေးမှကို ဖြစ်မှာပါ။ နို့မို့ဆိုသက်သာမှာ မဟုတ်လို့ ရေးပါရစေနော်။ ဒီပိုစ့်ရေးတာ ဘယ်သူ့ဘယ်သူကိုမှ ထိခိုက်နစ်နာစေလိုတဲ့စိတ်နဲ့ရေးတာ မဟုတ်ပါဘူး။ ကန်ဒီ့ခံစားချက်သက်သက်ကို ရေးပြခြင်းသာ ဖြစ်ပါတယ်။ 

ဒီနေ့ ကန်ဒီတို့ မြန်မာစာသင်တန်း ပြန်စဖွင့်ပါတယ်။ ကလေးတွေလည်း တက်ကြွ ဆရာမတွေလည်း တက်ကြွနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ကြီးပေါ့။ စာစ,သင်ရင်း စာဖတ်ရမယ့်နေရာရောက်တော့ ကန်ဒီက လက်ညိုးလေးနဲ့ စာကိုထောက်ဆိုဖို့ အားလုံးကို ပြောတော့ ကလေးတစ်ယောက်က ကန်ဒီ့ကို လက်ခလယ်ထောင်ပြပါတယ်။ မြန်မာကလေးတစ်ယောက်ဆီက တစ်ခါမှမတွေ့ဖူးတဲ့ အပြုအမူတစ်ခုကို တွေ့လိုက်တဲ့အချိန်မှာ စိတ်ထဲထောင်းကနဲဖြစ်သွားတယ်။ ဒီကလေးလေးပုံကြည့်ရတာလည်း ဆိုးသွမ်းပြီး ပြောစကားနားမထောင် မျောက်ရှုံးအောင် ဆော့တတ်တဲ့ပုံစံမျိုး မဟုတ်ဘူး။ ဒေါသစိတ်နဲ့အတူ ကလေးကိုသနားတဲ့စိတ်၊ ဒီလိုမျိုး ရိုင်းစိုင်းတဲ့အပြုအမူမျိုး မရှိစေချင်တဲ့စိတ်၊ လိမ္မာယဉ်ကျေးစေချင်တဲ့စိတ်၊ မိဘတွေကို သနားတဲ့စိတ် အားလုံးက ရောထွေးနေတယ်။ ကိုယ်တိုင်ကလည်း Professional ဆရာမတစ်ယောက် မဟုတ်တဲ့အခါကြတော့ ဒီလိုကလေးမျိုးကို ဘယ်လိုဆုံးမသင့်လဲဆိုတာမျိုးလဲ ကိုယ်မသိဘူး။ ကိုယ်ဆိုဆုံးမပုံ မှားသွားမှာလည်း အရမ်းကြောက်သလို မဆုံးမလို့ လုံးဝမရဘူးဆိုတာလည်း သိတယ်။ ကလေးကို "သား ဆရာမဆီ ခဏလာခဲ့ဦး" ဆိုပြီး ခေါ်လိုက်တယ်။ ကန်ဒီနဲ့တူတူသင်တဲ့ဆရာမက ဒီနေ့လာတော့ သူပဲတခြားကလေးတွေကို ဆက်သင်ပေးတယ်။ 

ကလေးကိုခေါ်ပြီး စကားမစနိုင်ဘူး.. သူ့ကိုခဏကြည့်နေမိတယ်။ "သား.. ဘာလို့ ဒီလိုမျိုးလုပ်ရတာလဲ? ဘယ်သူသင်ပေးတာလဲ သား?" ကန်ဒီ့အသံတွေ တုန်နေတယ်။ မျက်လုံးအိမ်ထဲ မျက်ရည်စတချို့နဲ့ ပြည့်နေတယ်။ စိတ်ထဲမှာ ခုနကအတွေးတွေအများကြီးဝင်နေတယ်။ ကလေးကိုတော့ အေးအေးဆေးဆေးပဲ မေးတယ်။ ကလေးက "သားကျောင်းက သူငယ်ချင်းတွေ..." ကန်ဒီဆက်မေးတယ် "သား ဒီလိုလုပ်တာ မကောင်းဘူးဆိုတာ သိလား?" သူဘာအဓိပ္ပာယ်လဲ မသိလို့လုပ်တာလားဆိုပြီး မေးကြည့်တော့ ကလေးက "သိတယ်"တဲ့။ အဲ့နေရာမှာတင် ဗုန်းဗုန်းလဲချင်စိတ်ဖြစ်သွားပြီး "သိရဲ့သားနဲ့ သားရယ်... ဘာလို့ လုပ်ရတာလဲ"ဆိုပြီး အာမေဋိတ်သံ သဲ့သဲ့နဲ့ ပြောမိတယ်။ ကန်ဒီ့ကိုကြောက်ပြီး ကန်ဒီပြောတဲ့စကားတွေ နားမ၀င်မှာစိုးလို့ သူ့ခေါင်းလေးကို သာသာလေးပွတ်ပေးရင်း "သား.. သားဖေဖေနဲ့ မေမေက သားကိုဘုန်းကြီးကျောင်းလာပို့တာ သားကို လိမ္မာယဉ်ကျေးတဲ့သားလေး ဖြစ်စေချင်လို့... ဆရာမကို သားဒီလိုလုပ်ပြလို့ ဆရာမက ဘာမှမဖြစ်ဘူး သား... ဒီအပြုအမူမျိုးကို ဆရာမ မဟုတ်တဲ့ တခြားတစုံတယောက်က မြင်သွားရင် သားကိုဘယ်လိုထင်မလဲ? သားကို လူဆိုးလေးလို့ပဲ မြင်မယ်... ပြီးရင် သားကို မဆုံးမရကောင်းလားဆိုပြီး သားမိဘတွေကိုပဲ အပြစ်တင်ကြမယ်..." ကန်ဒီသူ့မျက်လုံးကို စေ့စေ့ကြည့်ပြီး ငြင်ငြင်သာသာပဲ ပြောဖြစ်တယ်။ တကယ်က သူ့မျက်လုံးဆီက ကန်ဒီပြောတာကို နားလည်ပါတယ်ဆိုတဲ့အဖြေကို လိုချင်မိတာ။ "နောက်တစ်ခါ ဒီအပြုအမူမျိုးမလုပ်တော့ပါဘူးလို့ ဆရာမကို ကတိပေးမလား သား" သူခေါင်းငြိမ့်တယ်။ သူ့ကို သူ့နေရာ ပြန်သွားခိုင်းလိုက်တယ်။ စာသာ ဆက်သင်နေတယ်။ ရင်ထဲမှာ ဆို့နေတုန်း...

ဖြစ်ချင်တော့ ကလေးကို ကန်ဒီခေါ်ပြီး စကားပြောနေတဲ့အချိန် ကလေးအမေက သူ့သားကို အခန်းထဲမှာ စာလုပ်ရဲ့လား လာကြည့်ရင်း တွေ့သွားပုံရတယ်။ အတန်းပြီးတော့ ကလေးအမေက သူ့သားကို မေးလို့မရတာနဲ့ ကန်ဒီ့ကို ဘာဖြစ်တာလဲ လာမေးတယ်။ သူသားကိုမေးတော့ "သား သိတယ်" ပဲ ပြောနေတယ်တဲ့။ အဲ့လိုလာမေးလာတော့ ကန်ဒီလည်း ဘာဖြစ်လဲ ပြောပြဖြစ်တယ်။ လာမမေးရင်တော့ သွားပြောဖြစ်မှာမဟုတ်ဘူး။ ပြောပြပြီးမှ စိတ်ထဲ ကိုယ့်ကြောင့်ဒီကလေး အိမ်မှာအဆူခံရမလားဆိုပြီး စိတ်ထဲလုံးဝမကောင်းဘူး။ သူ့အမေကို မဆူဖို့ မပြောလိုက်မိဘူး။ ပြန်ခါနီး ကလေးအဖေက တစ်ခါ ကန်ဒီ့ဆီလာပြီး "ဆရာမ.. အမြင်မတော်တာရှိရင် သားကိုဆုံးမပါ.. အားမနာပါနဲ့" လာပြောတော့မှ ကိုယ်လဲသတိရသွားတာနဲ့ ကလေးကိုမဆူဖို့ ပြောလိုက်သေးတယ်။ ပြောသာပြောရပေမယ့် ကန်ဒီကိုယ်တိုင် မိဘဆိုလည်း ဂရုဏာဒေါသောနဲ့ ဆူမိမှာ အမှန်ပဲ။ မိဘနေရာမဟုတ်တဲ့ ဆရာမတစ်ယောက်နေရာမှာတောင် ဒီကလေးအတွက် စေတနာဒေါသနဲ့အတူ စိတ်မကောင်းဖြစ်၊ ကောင်းစေချင်တဲ့စေတနာတွေနဲ့ အသံတွေတုန်၊ ရင်တွေတုန်ရတယ်။

ကလေးငယ်ရွယ်စဉ်မှာ ပတ်ဝန်းကျင်က အရမ်းအရေးကြီးပါတယ်။ သူငယ်ချင်းတွေလုပ်ရင် လိုက်လုပ်မယ်။ လိုက်အတုခိုးမယ်။ သူငယ်ချင်းကောင်းတွေ၊ လိမ္မာယဉ်ကျေးတဲ့သူတွေ ၀န်းရံနေဖို့ အရမ်းအရေးကြီးပါတယ်။ စာလေးရေးလိုက်တော့ ရင်ထဲနည်းနည်းပေါ့သွားပါပြီ။ ကန်ဒီကလေးကို ပြောပြတာလေးတွေ သူ့နားထဲ ရောက်ပါစေ။ ကန်ဒီ့ဆုံးမမှု နည်းလမ်းမှန်ကန်ပါစေလို့ ဒီနေရာက ဆုတောင်းနေရုံကလွဲလို့...

Sunday, January 8, 2017

Bali: Kuta Beach and Uluwatu Temple

ခုမှပဲ Bali နောက်ဆုံးပိုစ့်လေး ရေးဖြစ်တော့တယ်။ Kuta ရောက်တော့ တကယ့်မြို့ကြီးပြကြီးကို ရောက်သွားသလိုပဲ... Shopping Center တွေ လူတွေနဲ့ ရှုတ်ရှက်ခတ်နေတယ်။ ကန်ဒီတို့တည်းတဲ့နေရာ (Home@36 Condotel) က Shopping Center အနောက်.. Beach ကို မျက်နှာစာပေးထားတာပေါ့နော်။ ပထမနှစ်ရက်တည်းတဲ့ Ubud က ဟိုတယ်နဲ့ တခြားစီပဲ။ အခန်းက အရမ်းကျဉ်းတယ်။ ပထမတစ်ရက်က Aircon မကောင်းလို့ လူခေါ်ရသေးတယ်။ 




Beach နဲ့ နီးနီးနေပေမယ့် ကမ်းခြေဘက် အဲ့လောက်ကြီး မသွားဖြစ်ဘူး။ တနေကုန်တခြားနေရာ လျှောက်လည်နေတာဆိုတော့ ဟိုတယ်ပြန်ရောက်ရင်ပဲ ညရောက်နေပြီ။ ဓာတ်ပုံရိုက်ဖို့ပဲ ကမ်းခြေဘက် ထွက်ဖြစ်တယ်။ ရေကလည်း မကူးတတ်ဘူးလေ ဟီးဟီး(xD)။ သူငယ်ချင်းတွေကတော့ အဲ့မှာရှိတဲ့ Beach Activities တွေ လုပ်ကြတယ်... လေထီးစီးတာတို့ ဘာတို့။ သူတို့အဲ့ဒါလုပ်နေတဲ့အချိန် ကန်ဒီက Spa သွားတယ်... Massage လုပ်တယ် အေးအေးဆေးဆေးပဲ xD



ရေက အဲ့လောက်လည်း မကြည်ဘူး။ Kuta လို လူများတဲ့ Beach မို့လို့ထင်တယ်။ နောက်တစ်ခါသွားရင် ရေပြာပြာလေးတွေရှိတဲ့ လူနည်းတဲ့ Beach သွားရမယ်။ Kuta နဲ့ယှဉ်ရင် ကန်ဒီတို့ စင်္ကာပူနဲ့နီးတဲ့ Bintan Beach က ရေကမှ ပိုပြာသေးတယ်။ အဲ့နေ့ပဲ ကန်ဒီတို့ Uluwatu Temple သွားတယ်။ အရမ်းသဘောကျတယ်။ ရှုခင်းအရမ်းလှတယ်။








ညစာကို Tour Guide ဦးလေးကြီးက Beach ပေါ်မှာ Candle လေးနဲ့ စားရတဲ့ဟာမျိုး စီစဉ်ပေးပေမယ့် သူတို့ကျွေးတဲ့ ဘာလီစတိုင်လ် သားသတ်လွတ်ကို (၄)ရက်လုံးလုံးစားပြီး လုံးဝမစားနိုင်တော့တာနဲ့ Beach ပေါ်မှာ တွန်းလှည်းလေးနဲ့ရောင်းတဲ့ ပြောင်းဖူးကင်ကို ထောပတ်မသုတ်ဘဲ ကင်ပေးဖို့ပြောပြီး ပြောင်းဖူးကင်နှစ်ဖူး၊ အုန်းသီးတစ်လုံးစားလိုက်တယ်။ အဲ့လိုလေးစားလိုက်မှ လူလည်းနေသာထိုင်သာရှိသွားတယ်။ နောက်နေ့ ကန်ဒီတို့ စင်္ကာပူပြန်ခဲ့ကြပါတယ်။

ပုံပြင်လေးကတော့ ဒါပါပဲရှင် :D

Monday, January 2, 2017

Rolling to 2017 + Lab Report

မင်္ဂလာနှစ်သစ်ပါရှင်...
New Year Eve မှာ အမေတို့က ထုံးစံအတိုင်း ရန်ကုန်အိမ်မှာ မိသားစု စုံစုံညီညီနဲ့ အကင်လုပ်စားကြတယ်။ ကန်ဒီကလည်း ဒီမှာအားကျမခံ Sushi လုပ်စားတယ်။ ဆူရှီအတွက် ကန်ဒီထည့်တဲ့ Ingredients တွေက ဆလတ်ရွတ်၊ မုန်လာဥ၊ သခွားသီး၊ ပြောင်းဖူး၊ မှိုနဲ့ ထောပတ်သီး။ မှိုကို ရေခမ်းသွားအောင် မီးဖိုပေါ်မှာ အရင်အပူပေးထားတယ်။ သူများတွေက ထောပတ်သီးကို အချောင်းလိုက်လေးတွေ ထည့်ပေမယ့် ကန်ဒီက ချေပြီးဆားလေးနဲ့နယ်ထားပြီးမှ ထည့်ရတာကို ပိုကြိုက်တယ်။




လာမယ့် (၁၅)ရက်နေ့ အိမ်မှာဘုရားအနေဂဇာတင်နဲ့ နှစ်ဦးဆွမ်းကပ်ဖို့ စီစဉ်ထားတယ်။ ဟိုးအရင် လွန်ခဲ့တဲ့(၄)နှစ်လောက် အိမ်မှာအရင်ကနေတဲ့ အန်တီရှိတုန်းကပဲ အိမ်မှာ ဆွမ်းကပ်ဖြစ်တယ်။ အန်တီပြန်သွားပြီး အိမ်မှာလူငယ်တွေချည်း ဖြစ်သွားတော့ ဆွမ်းမကပ်ဖြစ်တော့ဘူး။ ရန်ကုန်ပြန်တုန်းက ကန်ဒီပင့်လာတဲ့ ဘုရားသေးသေးလေးကလည်း ဒီမှာအနေဂဇာမတင်ရသေးဘူးဆိုတော့ ကွက်တိပဲပေါ့။ အမေနဲ့အဖေကလည်း (၆)ရက်နေ့ဆို စင်္ကာပူရောက်ပြီ။ တိုပါးရိုးကျောင်းမှာပဲ လျှောက်ထားတယ်။ ဘုန်းဘုန်းက ရတယ်တဲ့။ အိမ်ပင့်တာက သိပ်လူမများဘူးတဲ့။ ဘုန်းကြီးနှစ်ပါးပေါ့နော်... အာရုံဆွမ်းပဲ ရွေးလိုက်တယ်။ အိမ်ကအစ်မတွေကတော့ လူသိပ်မပင်ပန်းအောင် အော်ဒါမှာချင်တယ်။ ကန်ဒီကတော့ ကိုယ်တိုင်ပဲ လုပ်ချင်တယ်။ ကိုယ်တိုင်လုပ်ပြီးကပ်တော့ ကုသိုလ်ပိုရတယ်လေ။

အာရုံဆွမ်းဆိုတော့ သိပ်ပြီးလည်း အမယ်မများပါဘူး။ သက်သတ်လွတ်ပဲ ကျွေးမှာပါ။ ဘုန်းဘုန်းတို့ကိုလည်း ကြိုလျှောက်ထားတယ်။ သက်သတ်လွတ်မုန့်ဟင်းခါး ကျွေးမယ်။ အမေ့ကို ကန်ဒီစားနေကြ စံပြဒေါ်ကြည် သက်သတ်လွတ် မုန့်ဟင်းခါးထုတ်လေးတွေ ၀ယ်လာပေးဖို့ ပြောထားတယ်။ အဲ့ဒါကို အစာပလာ... ပဲ၊ ငှက်ပျောအူ၊ ကြက်သွန်နီလေးတွေ ထည့်လိုက်ရင် ရှယ်ဖြစ်သွားပြီ။ ဧည့်သည်တွေလည်း အများကြီး မဖိတ်ဘူး။ ကိုယ့်မိသားစုပဲ။ အချိုပွဲအတွက် Vegan Banana Cake လေး ကိုယ်တိုင်ဖုတ်မလို့လေ.. အခုအစမ်းထပ်လေ့ကျင့်နေတယ်။ မုန့်ဖုတ်ထားရင်း စာရေးနေတာ... ဟော ရပြီ... ဒန်တန်တန်


ရှယ်ပဲ... အရင်တခေါက်ထက် အများကြီးကောင်းတယ်။ ဒီတခေါက် Whole Grain Flour တ၀က်၊ Bread Flour တ၀က် သုံးထားတယ်။ Baking Soda ပိုထည့်ထားတယ်။ သကြားလျော့တယ်။ ငှက်ပျောသီး သုံးလုံးသုံးထားတယ်။ ဒီတခေါက်မှ ငှက်ပျောသီးနံ့လေး မွှေးပြီး တကယ်ကောင်းတာ။ ဒါဆိုအချိုပွဲအတွက် ပူစရာမလိုတော့ဘူး... ကိုယ်တိုင်လုပ်တဲ့ ငှက်ပျောသီးကိတ်လေးရယ်၊ ကော်ဖီရယ်၊ သစ်သီးရယ်... ပြည့်စုံသွားပြီ။

ဒါနဲ့ ကန်ဒီရန်ကုန်ပြန်တုန်းက သွေးစစ်ထားတဲ့ Result လေး မပြရသေးဘူးနော်... အားလုံးပုံမှန်ပဲ။ သွေးအားလည်းမနည်းဘူး။ သံဓာတ်အပြည့်အ၀ရှိတယ်။ Folic Acid လည်း မနည်းဘူး။ Vitamin B12 လေး တစ်ခုပဲ မဆိုသလောက်လေး နည်းတာ... ဒါကလည်း ကိုယ်မျှော်လင့်ပြီးသားဆိုတော့ ပြသနာမရှိပါဘူး။ B12 ဆိုတာ မြေကြီးမှာရှိတဲ့ Bacteria လေးတွေက ထုတ်လုပ်တာလေ... သားသတ်လွတ်စားတဲ့လူမှမဟုတ်ဘူး အသားစားတဲ့လူလည်း Vit B12 နည်းနိုင်ခြေရှိတာပဲ။ Deficient ဖြစ်တယ်လို့ ပြောရလောက်အောင်လည်း နည်းတာမဟုတ်ဘူးဆိုတော့ စိတ်ပူစရာမရှိဘူး။ Vit B12 supplement ကတော့ သတိရရင် ရသလို သောက်ဖြစ်ပါတယ် ဟီးဟီး xD (ဆေးကြောက်တဲ့လူဆိုတော့ သတိမရတာ များပါတယ် xD)





တိုက်တိုက်ဆိုင်ဆိုင်ပဲ ဟိုနေ့ကအလုပ်မှာ လူနာတစ်ယောက် သွေးအားနည်းလို့တဲ့ ဆရာဝန်က သံဓာတ်အားဖြည့်ဆေး Iron Tablet ပေးလိုက်တယ်။ လူနာကလည်း ဆေးမသောက်ချင်တော့ ကန်ဒီ့ကိုမေးတယ်။ သံဓာတ်များများရအောင် ဘာစားရမလဲတဲ့။ ဆရာဝန်ကတော့ သူ့ကိုအသားများများစားလို့ ပြောတယ်တဲ့။ ကန်ဒီက "Ok.. If you ask me, since I am vegetarian, I would not recommend eating meat for iron. You can also get iron from all the dark green vegetables". လူနာက "Although you are vegetarian, you didn't have iron deficient but why that happened to me?!?!"

ဒီနေရာမှာ ကန်ဒီ ပြောပြချင်တာက မွေးကတည်းက တယူသန်စွဲနေတဲ့ တချို့အရာတွေကို လက်တွေ့အချက်အလက်တွေပေါ်မူတည်ပြီး ပြောင်းလဲလက်ခံသင့်ရင် ပြောင်းလဲလက်ခံကြရမယ်။ ဥပမာ.. နွားနို့သောက်မှ Calcium ရမယ်.. အရိုးသန်မာမယ် ဆိုတာမျိုး၊ အသားစားမှ သံဓာတ်ရမယ်.. သွေးအားကောင်းမယ်၊ Protein ရမယ်ဆိုတာမျိုးပေါ့။ ပဲနို့မှာလည်း Calcium နဲ့ Protein ရှိပါတယ်။ အခုနောက်ပိုင်းတွေ့ရှိချက်တွေအရဆို နွားနို့အရမ်းသောက်တဲ့ အနောက်တိုင်းနိုင်ငံတွေမှာ အရိုးပွရောဂါဖြစ်ပွားမှုနှုန်း ပိုများတာတွေ့ရပါတယ်တဲ့။ အဲ့လိုပေါ့... မျက်စိကြီးစုံမှိတ်ပြီး ထိုင်ငြင်းမနေဘဲ စာများများဖတ်ပါ... ပြောင်းလဲလက်ခံသင့်တာတွေကို ပြောင်းလဲလက်ခံပါ။ ကန်ဒီသိချင်တာတွေရှိရင် Dr. McDougall's website မှာ သွားသွားဖတ်လေ့ရှိပါတယ်။ ဗဟုသုတ အများကြီးရပါတယ်။

အသိမိတ်ဆွေတော်တော်များများက ကန်ဒီ့ကိုဆိုစိတ်ပူကြတယ်။ အသားမစားဘူး... သွေးအားတွေ နည်းတော့မှာပဲ... ကျန်းမာရေးတွေ ထိခိုက်တော့မှာပဲ ဆိုပြီး။ ဒါကလည်း ချစ်လို့ စိတ်ပူကြတာဆိုတော့ ကန်ဒီက ပိုတောင်ပျော်ပါတယ်။ ရန်ကုန်ပြန်တုန်း သွေးစစ်တယ်ဆိုတာကလည်း စိတ်ပူနေတဲ့လူတွေ စိတ်မပူစေဖို့နဲ့ လိုအပ်တာတွေရှိရင် ကိုယ့်ကိုကိုယ်ကာကွယ်နိုင်ဖို့ပါ။

ဒီနေ့တော့ ဒီလောက်ပဲနော်...