Sunday, May 14, 2017

မေတူး

မင်္ဂလာညချမ်းလေးပါရှင့်...
မေလကတော့ ကန်ဒီ့အကြိုက်ဆုံးလတွေထဲက တစ်ခုပါ။ ကန်ဒီ့မွေးနေ့အပါအ၀င် မိသားစုဝင်အများစုမွေးနေ့ကလည်း မေလမှာလေ။ မေလ(၂)ရက်နေ့ကတော့ ကန်ဒီ့မွေးနေ့ပေါ့။ နှစ်တိုင်းလိုလို မွေးနေ့ဆို ဘုန်းကြီးကျောင်းသွားပြီး ကျောင်းမြေနေရာအတွက် အလှူငွေထည့်ဖြစ်တယ်။ အမေ့မွေးနေ့က ဧပြီလ(၂၇)ရက်နေ့ဆိုတော့ အမေနဲ့ကန်ဒီနှစ်ယောက်အလှူ သဘောလေး အမြဲလုပ်ဖြစ်တယ်။ ဘုန်းဘုန်းက ဆုပေးတယ်။ ကျောင်းကိစ္စတွေလည်း များများကူနိုင်ပါစေတဲ့ ဟဟဟ။ မုန့်တွေလည်း ပေးလိုက်တယ်။




ဒီပုံမှာ အကျီခါးကျယ်နေလို့ ၀တုတ်ကြီးလို ဖြစ်နေတယ်။ အသက်ကလည်း တဖြည်းဖြည်းကြီးလာပြီ။ (၂၉)နှစ်တောင် ပြည့်ပြီဆိုတော့ နောက်နှစ်ဆို ထိပ်စည်းပြောင်းပြီ ဟဟ။ လူလည်း ရင့်ကျက်လာပြီလို့ ကိုယ့်ကိုကိုယ်ထင်တာပဲ။ ငယ်ငယ်တုန်းကလို Drama တွေလည်း သိပ်မရှိတော့ဘူး။ ဘ၀ကို အေးအေးဆေးဆေးပဲ ဖြတ်သန်းနေတယ်။ ဒီရုပ်နဲ့ ဒီခန္ဓာကတော့ တဖြည်းဖြည်းအိုလာမှာပဲ။ ရင့်ကျက်တဲ့ စိတ်ဓာတ်၊ ဖြူစင်တဲ့ စိတ်ထား၊ လှပတဲ့ နှလုံးနဲ့ ကိုယ့်ပတ်ဝန်းကျင်ကို အကျိုးပြုနိုင်တဲ့ စွမ်းရည်ပဲ လိုချင်ပါတယ်။ 



မွေးနေ့အတွက်ရယ်တော့ မဟုတ်ပေမယ့် တရက်အလုပ်ကအပြန် ညီမလေးနဲ့တွေ့ပြီး မုန့်ကျွေးဖြစ်တယ်။ Green Dot ဆိုတဲ့ Vegetarian ဆိုင်မှာ... သူကထမင်းနဲ့ဟင်းစားပြီး ကန်ဒီက Vegan Laksa စားတယ်။ စင်္ကာပူစတိုင် သားသတ်လွတ် အုန်းနို့ခေါက်ဆွဲပေါ့။ ကောင်းတယ်။ Vesak Day ပိတ်ရက် ကဆုန်လပြည့် ဗုဒ္ဓနေ့မှာတော့ ညနေပိုင်း ဘုန်းကြီးကျောင်း သွားဖြစ်တယ်။





ဒါက ပိတ်ရက်မှာ ချက်ဖြစ်တာလေး... ပဲပြားကို အရင်ကြော်တယ်။ ကြက်သွန်အဖြူ အနီကို နုတ်နုတ်စင်းပြီး ဆီသတ်၊ ခရမ်းချဉ်သီး(၄)လုံးလောက်နဲ့ အနှစ်ရအောင်ချက်၊ ပြီးတော့ ကြော်ထားတဲ့ ပဲပြားလေးတွေ ညှပ်ထည့်တယ်။ နောက်ဆုံး ငရုတ်သီးစိမ်းနဲ့ နံနံပင်အုပ်တယ်။ ဒါက ပဲပြားဟင်းချက်နည်း။ နောက် ဟင်းနုနွယ်ကြော်တယ်.. ပဲနီလေးဟင်းရည်နဲ့ ကောင်းမှကောင်း။ မေဒေးပိတ်ရက်တုန်းကတော့ ပိတ်ရက်ရှည်ကြီးဖြစ်ပေမယ့် ဘယ်မှမသွားဖြစ်ဘူး။ အလုပ်အတွက် စာဖတ်တယ် စာလုပ်တယ်။ ဟင်းချက်တယ်။ ဒါနဲ့ပဲ အချိန်ကုန်သွားတယ်။




ဒါကတော့ (၂၉)နှစ်ပြည့် အမှတ်တရဆိုပြီး ဆွဲထားတဲ့ Selfie.. အသက်(၃၀)ကျော်ရင် ဒါမျိုး ရိုက်ဖြစ်ချင်မှ ရိုက်ဖြစ်တော့မယ် ထင်တယ်။ အခုတောင် ကိုယ့်ကိုကိုယ်သတိထားမိတာ ဟိုးးအရင်တုန်းကနဲ့ယှဉ်ရင် တယောက်တည်း Selfie ရိုက်တာ တော်တော်ကြီး ကျဲသွားပြီ။

Good Night နော်..
အားလုံး အစစအရာရာ အဆင်ပြေကြပါစေ..

No comments: