Hello...
ဒီနေ့တော့ အပြောင်းအလဲလေးလည်း ဖြစ်အောင် ကန်ဒီရေးမယ် ရေးမယ်နဲ့ မရေးဖြစ်သေးတဲ့ ကန်ဒီသုံးဖြစ်နေတဲ့ ပစ္စည်းလေးတွေအကြောင်းပိုစ့်လေး ရေးပါရစေ.. တချို့ပစ္စည်းတွေဆို သုံးလို့ကုန်သွားတာတောင် မပစ်နိုင်ဘဲ ဒီပိုစ့်ရေးရင် ဓာတ်ပုံရိုက်ရအောင်ဆိုပြီး ဗူးအခွံတွေကို သိမ်းထားတာတွေ ဟဟ(xD)။ ကန်ဒီသုံးဖူးတဲ့ Body, Hair and Skin care ပစ္စည်းလေးတွေအကြောင်း ဒီပိုစ့်မှာအရင်ရေးသွားပါမယ်။ နောက်အားမှ ကန်ဒီသုံးဖြစ်တဲ့ Cosmetic တွေအကြောင်း ရေးပေးမယ်နော်။ ကန်ဒီပြောပြမယ့် ပစ္စည်းတွေအကုန်လုံးက Cruelty Free Products တွေပါ။ တိရိစ္ဆာန်တွေနဲ့ စမ်းသပ်ထားခြင်း လုံးဝမရှိပါဘူး။
Hair Care
ကန်ဒီသုံးနေတဲ့ Shampoo နဲ့ Conditioner တွေပါ.. Avalon Organics က ခေါင်းလျှော်ရည်က Biotin ပါတော့ ဆံပင်ကျွတ်တာအတွက် ကောင်းတယ်။ အဲ့ဒါသုံးပြီးနောက်ပိုင်း ဆံပင်ကျွတ်တာ သိသိသာသာသက်သာသွားတယ်။ ဒါကန်ဒီရဲ့ နှစ်ဗူးမြောက်ပေါ့။ ဆံပင်ကျွတ်သက်သာအောင်လုပ်တဲ့ နောက် Tip တစ်ခုက ခေါင်းမလျှော်ခင်မှာ ခေါင်းဖြီးပါ။ ခေါင်းလျှော်ပြီး ဆံပင်စိုနေတဲ့အချိန်မှာ ခေါင်းမဖြီးပါနဲ့။ ခြောက်သွားမှ ဖြီးပါ။ ခေါင်းကို နေ့တိုင်းမလျှော်ပါနဲ့။ Body Shop က ခေါင်းလျှော်ရည်နဲ့ Avalon ခေါင်းလျှော်ရည်ကို စိတ်ပါရင် ပါသလို တလှည့်စီသုံးဖြစ်တယ်။ Body Shop က ခေါင်းလျှော်ရည်ကတော့ အရမ်းထူးထူးခြားခြားကြီး မဟုတ်ဘူး။ အနံ့ကလေး ကောင်းတယ်။ ဒီလောက်ပဲ။ Conditioner ကတော့ ဓာတ်ပုံထဲသာ ထည့်ရိုက်ထားတာ.. သိပ်မသုံးဖြစ်ဘူး။ မကောင်းလို့တော့ မဟုတ်ပါဘူး။ ကိုယ့်ဟာကိုယ် ပျင်းလို့ မသုံးဖြစ်တာ.. ဟဟ။ အမှန်တော့ Conditioner ဆိုတာ သုံးသင့်ပါတယ်.. ကန်ဒီပြောသလိုလုပ်ပါ.. ကန်ဒီလုပ်သလိုမလုပ်ပါနဲ့ xD
နောက်ထပ် ဆံပင်နဲ့ ပက်သက်ရင် ကန်ဒီ့အရမ်းကြိုက်တာ Batiste က Dry Shampoo ပါ။ နေ့တိုင်းခေါင်းမလျှော်တော့ ခေါင်းမလျှော်ထားတဲ့ရက်ဆို ခေါင်းက ဆီနည်းနည်းထွက်နေတယ်လို့ ခံစားရရင် ကန်ဒီ အဲ့ဒီ Dry Shampoo လေး သုံးပါတယ်။ ဆံပင်မှာရှိတဲ့ အဆီတွေကို စုပ်ပေးတယ်။ ကန်ဒီ့ မရှိမဖြစ်ပေါ့။ ဒါ ၃ဗူး ၄ဗူး မြောက်လောက်ရှိပြီ။ Argan Oil hair serum ကတော့ စမ်းဝယ်သုံးကြည့်တာ.. အဲ့လောက်ကြီး မကြိုက်ဘူး။ ဘာမှ မထူးခြားသလိုပဲ။ အဲ့လို Hair Serum တွေက ဆံပင်မစိုမခြောက်လေး ဖြစ်နေတဲ့အချိန်မှာ သုံးရတာ.. ကန်ဒီသတိရတဲ့အချိန်တိုင်းမှာ ဆံပင်က ခြောက်နေပြီဆိုတော့ ဘာမှမထူးခြားဘူးဆိုတာ အဲ့ဒါကြောင့်လည်း ဖြစ်နိုင်တယ် :P
Skin Care
Avalon က မိတ်ကပ်ဖျက်ဆေး သုံးဖူးတယ်။ သူက Milk လို့ ရေးထားပေမယ့် နို့မပါဘူး။ Ingredients သေချာဖတ်ပြီးမှ ၀ယ်ထားတာ။ သုံးပြီးရင် မျက်နှာက ခြောက်မသွားဘူး။ စိုစိုလေး ကျန်ခဲ့တယ်။ အဲ့ဒါလေးကြိုက်တယ်။ ကုန်သွားပြီ။ အခုသုံးကြည့်နေတာက Essano က Micellar water .. ကောင်းပါတယ်။ သူကတော့ Cotton pad လေးနဲ့ယူပြီး မျက်နှာပေါ် သုတ်ရတာပေါ့။ ရိုးရိုးရေအတိုင်းပဲ... မိတ်ကပ်တော့ ပါသွားတယ်။
Eye make up ဆိုရင်တော့ Simple က Eye make up remover ကို သုံးတယ်။ ကန်ဒီက နေ့တိုင်းအလုပ်သွားရင် Eyeliner လည်း မဆွဲဘူး.. Mascara လည်း မသုံးဘူးဆိုတော့ အဲ့ဒါတော့ နေ့တိုင်းမသုံးရဘူး။ တခါတလေ အပြင်သွားလို့ Eye make up လိမ်းမှ အဲ့ဒါသုံးဖြစ်တယ်။ တစ်ခုရှိတာက သူက အရမ်း Mild ဖြစ်တော့ Heavy eye make up မျိုး လိမ်းတတ်တဲ့သူတွေအတွက်တော့ အဆင်ပြေမှာ မဟုတ်ဘူး။ Water proof mascara တွေဆိုလည်း ဖျက်နိုင်မယ် မထင်ဘူး။
ခုနက Make up remover တွေနဲ့ ဖျက်ပြီးရင် Cleanser နဲ့ မျက်နှာထပ်သစ်တယ်။ Essano က Facial Cleanser ကို အရမ်းကြိုက်တယ်။ မျက်နှာသစ်ပြီးရင် မျက်နှာက အရမ်းခြောက်မသွားလို့.. ကုန်သွားပြီ။ အခုစမ်းသုံးကြည့်နေတာက Avalon က Cleansing Gel... Essano လောက်မကြိုက်ပေမယ့် သုံးလို့တော့ ရပါတယ်။
ဒါက ကန်ဒီသုံးတဲ့ Moisturizers လေးတွေ... မနက်ဆို Alba Botanica က oil free moisturizer လိမ်းတယ်။ ညဆို Rose hip oil အဆီလိမ်းတယ်။ ဗူးအကြည်လေးက ကုန်သွားတာ.. ပြချင်လို့ သိမ်းထားတာ.. အဲ့ဒါက Rose hip oil အပြင် တခြား အဆီတချို့လည်း ပါသေးတယ်။ အဲ့ဒါကို ပိုကြိုက်တယ်.. အနံ့လေး ကောင်းလို့။ အနက်ရောင်ဗူးလေးကတော့ Rose hip oil ချည်း သီးသန့်.. အခုသုံးနေတာ။ သူလည်း ကောင်းပါတယ်။ ကိုယ်က အဆီပြန်တဲ့အသားအရည်ရှိလို့ဆိုပြီး ဆီလိမ်းရမှာ မကြောက်ပါနဲ့.. ကန်ဒီဆိုလည်း Combination အသားအရည်ရှိတာပဲ.. ဆီလိမ်းတာ ဘာမှမဖြစ်ဘူး။ တကယ်မလိမ်းခင်တော့ နဖူးမှာ အရင်စမ်းကြည့်သင့်တယ်။ ကိုယ့်နဲ့အဆင်ပြေမပြေ သိရအောင်ပေါ့။ နှစ်ရက် သုံးရက် နဖူးမှာလိမ်းကြည့်လို့ ဘာမှမဖြစ်ဘူး ဘာဖုမှမထွက်ဘူးဆို အဆင်ပြေပြီပဲ။ သူက မျက်နှာပေါ်လိမ်းပြီး သုံးမိနစ်လောက်နေတာနဲ့တင် အကုန်စုပ်သွားတာ... အဆီပြင်ကြီး ဖြစ်မနေဘူး။
Body Care
ဒီအုန်းဆီလေးကတော့ ရန်ကုန်ပြန်တုန်းက အမေပေးလိုက်တာ.. အဓိက ရည်ရွယ်ချက်က ဆံပင်ကို အဲ့ဒါနဲ့ ပေါင်းတင်မယ်ဆိုပြီး ယူလာတာ.. ဒီပြန်ရောက်တော့ ပေါင်းတင်ကြည့်တာ လုံးဝအဆင်မပြေဘူး။ အုန်းဆီနဲ့ ဆံပင်ပေါင်းတင်နည်းကတော့ ခေါင်းမလျှော်ခင် အုန်းဆီများများကို ဆံပင်မှာ သေချာလိမ်းပြီး (၁)နာရီလောက် ထားထားပါ (ကြာကြာထားနိုင်လေ ပိုကောင်းလေ)... ပြီးတာနဲ့ ခေါင်းလျှော်.. တခေါက်လုပ်တာနဲ့တင် ဆံပင်က သိသိသာသာ ပျော့သွားတာ။ တခြားအုန်းဆီနဲ့ လုပ်ဖူးတယ်။ ဒီအုန်းဆီက ဘာလို့အဆင်မပြေလဲ မသိဘူး။ အဲ့ဒါနဲ့ သူရေးထားသလိုပဲ တခါတလေ အသားခြောက်တဲ့နေရာလေးတွေဆို လိမ်းဖြစ်တယ်။ ဆံပင်ကိုတော့ မသုံးဖြစ်ဘူး။
ဒီလောက်နဲ့ ရပ်ထားမယ်နော်...