Sunday, June 4, 2017

Vegan Pizza + Why I don't drink Milk?!

မင်္ဂလာနံနက်ခင်းပါနော်..
မနေ့က ညနေခင်း ကန်ဒီတို့ Brownice မှာ Pizza သွားစားကြတယ်။ Brownice ဆိုတာ Vegan ice cream ဆိုင်ပေါ့။ Pizza လည်း ရောင်းတယ်။ Vegan ဆိုတဲ့အတိုင်း သူတို့ဆီက အစားအသောက်တွေ အကုန်လုံးမှာ ကြက်ဥ၊ နွားနို့နဲ့ နို့ထွက်ပစ္စည်းတွေကို သုံးမထားဘူး။ ကန်ဒီ့အိမ်နဲ့ဆို အရမ်းကြီးမဝေးဘူး။ ဘက်စ်ကားစီးသွားလို့ ရတယ်။ အဲ့လိုနီးနီးလေးနဲ့ကို သွားမယ် သွားမယ်နဲ့ မရောက်ဖြစ်ဘူး။ ကန်ဒီ သက်သတ်လွတ်မစားခင်က ပီဇာဆိုတာ ကန်ဒီ့အကြိုက်ဆုံးအစားအစာထဲမှာ ပါတယ်။ သက်သတ်လွတ်စားပြီးနောက်ပိုင်းမှာ ဒါပထမဆုံးစားဖြစ်တဲ့ ပီဇာပေါ့။ အရမ်းကောင်းတယ်။ Vegan Cheese ကလည်း တကယ့် Cheese အတိုင်းပဲ။ 



ကန်ဒီတို့မှာတာ Hawaiian Pizza.. အသားတု၊ ခရမ်းချဉ်သီး၊ နာနတ်သီးနဲ့ Vegan Cheese ပါတယ်။ နှစ်ယောက်စားရင်အနေတော်ပဲ.. SGD 15 ပေးရတယ်။ Ice-cream ကိုကျတော့ Loco Coco နဲ့ Matcha flavour မှာတယ်။ အရသာနှစ်မျိုးဆို SGD 7..  Loco Coco က ငယ်ငယ်ကစားတဲ့ အုန်းမွှေးလုံးအတိုင်းပဲ။ အုန်းသီးဖတ်လေးတွေတောင် ပါသေးတယ်။ Matcha ကတော့ ကန်ဒီ့ All time favorite :D သူတို့ Ice-cream တွေက Brown rice milk နဲ့ လုပ်ထားတာ..


ဒီ Memory လေးကို အကြောင်းပြုပြီး ကန်ဒီဘာလို့ နွားနို့နဲ့ နို့ထွက်ပစ္စည်းတွေ ရှောင်ရလဲဆိုတဲ့ အကြောင်းရင်းကို ပြောပြချင်ပါတယ်။ တချို့တွေက မေးကြတယ်။ နွားနို့မှာ အသက်မပါဘူးလေ.. ဘာလို့ရှောင်တာလဲတဲ့။ အဓိကကတော့ နွားနို့ရဖို့ လူတွေနွားတွေအပေါ် ပြုမူတဲ့ ညင်းပန်းနှိပ်စက်မှုတွေကို မကြိုက်လို့.. အားမပေးလို့ပါ။

Sneak Peak into Dairy Industry


နွားနို့ဘယ်လိုရလာလဲဆိုတာ မသိသေးတဲ့လူတွေအတွက် ကန်ဒီပြောပြချင်ပါတယ်။ နွားတွေဆိုတာလည်း လူတွေနည်းတူ ကလေးလေးမွေးမှ ကလေးသောက်ဖို့နို့ရည်ဆိုတာ ထွက်လာတာပါ။ နွားပျိုကနေ နွားနို့မရနိုင်ပါဘူး။ နွားနို့ရဖို့အတွက် လူတွေက နွားမတွေကို ကိုယ်ဝန်ရအောင်ဆိုပြီး နွားထီးတွေရဲ့ Sperm တွေကို လက်နဲ့ (သို့မဟုတ်) စက်နဲ့ နွားမတွေရဲ့ မိန်းမကိုယ်ထဲကို အရင်ထည့်ပါတယ်။ သူတို့ ကိုယ်ဝန်ဆောင်ပြီး နွားလေးမွေးပြီးတာနဲ့ ချက်ချင်းပဲ နွားလေးကို သူ့အမေဆီကနေ ခေါ်သွားကြတယ်။ နွားလေးက အထီးလေးဆိုရင် သတ်ပစ်ပါတယ်။ နွားမလေးဆိုရင်တော့ နွားနို့ရဖို့ (၁)နှစ်အရွယ် ကလေးမွေးနိုင်တဲ့အရွယ်အထိ ဆက်မွေးထားပါတယ်။ ခုနက ကလေးမွေးပြီးပြီးချင်း နွားမကြီးဟာ ကိုယ့်ကလေးကို သူများခေါ်သွားတာ ခံရပြီး ကိုယ့်ကလေးအတွက် ထွက်လာတဲ့ နို့ရည်ကို လူတွေသောက်သုံးဖို့ စက်တွေနဲ့ညစ်တာ ခံရပါတယ်။ အဲ့လိုနဲ့ပဲ သံသရာတစ်ပတ်လည်ပြီး ကိုယ်ဝန်ထပ်ဆောင်ရ ကလေးမွေးရ.. ကလေးကို ခေါ်သွားကြ.. နို့ရည်ကို ပြန်ညစ်ကြနဲ့ အသက်ရှင်ကြရပါတယ်။ ပုံမှန်နွားတစ်ကောင်ရဲ့သက်တမ်းဟာ (၂၅)နှစ်ကနေ (၃၀)အထိရှိကြပေမယ့် အဲ့လိုညင်းပန်းခံရတဲ့ နွားတွေဟာ (၅)နှစ် (၆)နှစ်ဆို နို့ကောင်းကောင်းမထွက်နိုင်ကြတော့ပါဘူး။ အဲ့အချိန်ရောက်တာနဲ့ လူတွေဟာ အဲ့ဒီနွားမတွေကို သတ်ပြီး အသားရောင်းဖို့ သားသတ်ရုံတွေကို ပို့ကြပါတော့တယ်။

ဒီလိုပြောလို့ တချို့တွေက တွေးမယ်။ တို့မြန်မာပြည်မှာ အဲ့လောက်မတိုးတက်သေးပါဘူးကွာ.. မြန်မာပြည်က ခြံထွက်နွားနို့တွေတော့ သောက်လို့ရတယ်ဆိုပြီး။ ကန်ဒီတစ်ခါခရီးသွားတော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ မြို့ပြင်တနေရာမှာ တွေ့ခဲ့တာ ဦးလေးကြီးတစ်ယောက်က နွားပေါက်လေးကို သစ်ပင်မှာချည်ထားပြီး သူ့အမေနွားမကြီးဆီက နွားနို့ကို ပုံးနဲ့ညှစ်နေတာ.. နွားလေးမှာ နို့သောက်ချင်လို့ ရုန်းနေရှာတယ်။ ဒါက မြန်မာပြည်မှာတွေ့နိုင်တဲ့ ခြံထွက်နွားနို့စစ်စစ် ရယူနည်းပေါ့။

Health Aspect

ကျန်းမာရေးရှုထောင့်ကနေလည်း ပြောပြချင်ပါသေးတယ်။ စက်တွေနဲ့ နေ့စဉ်နဲ့အမျှ နို့ညှစ်တာခံရလို့ နွားမတွေရဲ့ ရင်သားမှာ ပြည်တည်တာတွေ အနာဖြစ်တာတွေ ရှိပါတယ်။ အဲ့ဒီပြည်တည်နေတဲ့နေရာကိုပဲ စက်တွေနဲ့ဆက်ညှစ်တော့ သူတို့ဆီကယူတဲ့ နွားနို့မှာ ပြည်တွေနဲ့ သွေးစသွေးနတွေလည်း ပါဝင်ပြီး မသန့်စင်ပါဘူး။ အဲ့ဒါကို ပြန်သန့်စင်ထားတဲ့ နွားနို့ဟာလည်း ဘယ်လိုမှ 100% သန့်စင်အောင် မလုပ်နိုင်ပါဘူး။ နိုင်ငံအလိုက် အစားအသောက်ကွပ်ကဲရေးအဖွဲ့အစည်းတွေမှာ မတူညီတဲ့ စံသတ်မှတ်ချက်တွေ ရှိထားပါတယ်။ ဥပမာ ဒီနိုင်ငံမှာဆို 10% မသန့်စင်တာတွေပါလည်း ဈေးကွက်မှာ စရောင်းလို့ရပြီ.. နောက်တစ်နိုင်ငံကတော့ 5% ပဲပါမှ ရောင်းလို့ရမယ်ဆိုတာမျိုးပါ။

နွားနို့ရဲ့အဓိက မူရင်းရည်ရွယ်ချက်က ပေါင်(၆၀)သာသာပဲရှိတဲ့ နွားလေးကို (၈)လအတွင်း ပေါင်(၆၀၀)လောက်ရှိတဲ့ နွားပျိုတစ်ကောင် ဖြစ်လာဖို့ပါ။ ဆိုတော့ နွားနို့မှာ အရိုးသန်မာစေတဲ့အရာတွေအပါအ၀င် ကြီးထွားစေတဲ့ပစ္စည်းတွေလည်းပါတယ်ဆိုတာ မှန်ပါတယ်။ Insulin-like growth factor-1 (IGF-1)ဆိုတဲ့ Hormone ဟာ အရိုးအပြင် Cancer cell လို မကောင်းတဲ့အရာတွေကိုလည်း ကြီးထွားစေနိုင်တယ်လို့ တွေ့ထားပါတယ်။ နွားနို့ဟာ Estrogen မဟိုမုန်းကို များစေပါတယ်။ Estrogen ရဲ့ကောင်းတဲ့အချက်ကတော့ သွေးဆုံးပြီးအမျိုးသမီးတွေမှာ အရိုးပွရောဂါဖြစ်ပွားမှုနှုန်းကို လျော့ချပေးတာပါ။ ဒါပေမယ့် အဲ့ဒီဟိုမုန်းလိုတာထက်များသွားရင်တော့ Cancer ဖြစ်ပွားဖို့ Chance အရမ်းများပါတယ်။ အဲ့ဒီ Hormone နဲ့ ကန်ဒီတို့ခန္ဓာကိုယ်က သဘာဝအတိုင်းထုတ်တဲ့ Hormone တွေနဲ့ ရောပြီး Hormone မညီမျှမှုတွေဖြစ်တတ်လို့ တချို့နွားနို့သောက်ရင် ၀က်ခြံပိုထွက်တယ်ဆိုတာ ဖြစ်လာတာပါ။

နွားနို့မှာ ပါဝင်တဲ့ Animal Protein ဓာတ်ဟာ ခန္ဓာကိုယ်က ချေဖျက်ပြီးရင် Acid သဘာဝရှိပါတယ် (အပင်တွေကရတဲ့ Protein နဲ့မတူပါဘူး)။ ကန်ဒီတို့ခန္ဓာကိုယ်ထဲမှာ Acid များလာရင် ပြန်ချေဖျက်ဖို့ အရိုးထဲက Calcium ထွက်လာရပါတယ်။  အဲ့ဒါကြောင့် နွားနို့ဟာ အရိုးအတွက် ကောင်းကျိုးပေးသလို ဆိုးကျိုးလည်း ပေးပါတယ်။ နွားနို့ဟာ အရိုးအတွက်ကောင်းတယ်လို့ ကန်ဒီတို့ငယ်ငယ်ကတည်းက ခေါင်းထဲမှာ အသေစွဲလာတာ ခုထိပါပဲ။ ဒါပေမယ့် အရိုးအတွက် အကျိုးမပြုတာတွေကိုတော့ မသိခဲ့ရပါဘူး။ US လို နိုင်ငံဟာ နွားနို့အသောက်ဆုံးနိုင်ငံထဲမှာ ပါပေမယ့် အရိုးပွရောဂါဖြစ်ပွားမှုအများဆုံးနိုင်ငံဟာလည်း US ပါပဲ။ 



နောက်ဆုံးအနေနဲ့ ကန်ဒီပြောပြချင်တာကတော့ Addictive effect ပါ။ လူတော်တော်များများက နို့ထွက်ပစ္စည်းဆို မဖြတ်နိုင်ကြပါဘူး။ အထူးသဖြင့် Cheese ပေါ့။ အကြောင်းအရင်းက သူ့မှာ Casomorphin လို့ခေါ်တဲ့ ဘိန်းနဲ့ဆင်တူတဲ့ပစ္စည်း ပါဝင်လို့ပါ။ အဲ့ဒါလေးဟာ နွားပေါက်လေးတွေကို နို့သောက်ဖို့ မိခင်နွားမကြီးဆီ ပြန်လာအောင် လုပ်ပေးပါတယ်။ လူတွေနို့ထွက်ပစ္စည်းတွေ စားသုံးတဲ့အခါလည်း Casomorphin ကြောင့်ပဲ မဖြတ်နိုင်ကြပါဘူး။ 

ဒီပိုစ့်လေးဖတ်ပြီး စာဖတ်သူတွေ မသိသေးတဲ့အရာတချို့ကို ကန်ဒီပြောပြလိုက်နိုင်ရင်ပဲ တော်တော်ကျေနပ်ပါပြီ။ တချို့တွေကျတော့ ဒါမျိုးတွေကို မသိချင်ကြပါဘူး။ မျက်စိမှိတ် နားပိတ်နေချင်ကြတာ ကန်ဒီ နားလည်ပါတယ်။ တချို့ကြတော့လည်း တကယ်ကို မသိတာပါ။ မဆက်စပ်မိတာပါ။ ဒီပိုစ့်က မသိသေးတဲ့လူတွေအတွက် ရည်ရွယ်ပါတယ်။ ကန်ဒီကိုယ်တိုင်လည်း ဒါတွေမသိခဲ့ပါဘူး။ ကိုယ်တိုင် စာတွေဖတ်ရင်းမှ သိလာရတာပါ။ ဘာပဲဖြစ်ဖြစ် ဗဟုသုတလေးနည်းနည်း ရသွားဖို့ မျှော်လင့်ပါတယ်။ ဒီထက်ပိုပြီး သိချင်လို့ ဆက်ဖတ်ချင်တယ်ဆို ကန်ဒီ Link လေးတွေ ပေးထားပါ့မယ်။ ပြောပြချင်တာတွေ ပြောပြပြီးသွားပြီဆိုတော့ နောက်ဆုံးအနေနဲ့ ပေါ့ပေါ့ပါးပါး ကန်ဒီ Vegan Pizza စားတဲ့ ဗွီဒီယိုလေးနဲ့ နိဂုံးချုပ်ပါရစေ :)


Have a nice Sunday^^
Reference:
1) When friends ask: "Why don't you drink milk" by Dr. McDougall
2) Calcium and Diary products by Dr. McDougall
3) Nutritional facts by Dr. Michael Greger

6 comments:

coral nyo said...

ကန်ဒီပို့စ်လေးဖတ်ရတာ သိပ်တန်ဖိုးရှိတာပဲ...။ အစ်မလဲ နွားနို့သောက်ရင် အရိုးသန်မာစေတယ်ဆိုတဲ့ လူတွေခေါင်းထဲစွဲလာတာကို ပို့စ်ရေးဖို့ စဉ်းစားခဲ့ဖူးတယ်..။ ကိုယ်တိုင်လည်း နွားနို့ရဲ့ ဘေးထွက်ဆိုးကျိုးကို လွန်ခဲ့တဲ့ နှစ်နှစ် သုံးနှစ်လောက်ကမှသိတာ..။ အဲတုန်းက ဒူးနာတော့နွားနို့တွေနေ့တိုင်းသောက်ဖြစ်ခဲ့တယ်..။ ဂလူကိုစမင်းတွေသောက်တာလည်း ကမာခွံကနေထုတ်ထားတာလို့ ဖတ်ရတော့ ကျောက်တည်မှာစိုးတာနဲ့ ဖြတ်လိုက်တယ်..။ နောက်တော့ လျေ့ကျင့်ခန်းလုပ် အစားအသောက်ထိန်းစားလိုက်တာနဲ့ ပျောက်သွားတယ်..။ အဓိကက မနက်စောစောနေပူစာလုံလိုက်တယ်လေ.. ဗီတာမင်D3ရအောင်လို့..။ ဗီဒီယိုလေးကိုကြည့်တော့ ကန်ဒီ့ကို ဆယ်ကျော်သက်ကလေးလေးတစ်ယောက်လို့ပဲမြင်မိတယ်..။ စကားမစပ် မင်္ဂလာဆောင်ရင်တော့ အစ်မကိုဖိတ်ဖို့မမေ့နဲ့နော်...း)

ချစ်တဲ့
မိုးငွေ့

Candy said...

ကန်ဒီ့ပိုစ့်လေးကို အားပေးဖော်ရလို့ ပျော်သွားပြီ.. ရေးသာရေးပေမယ့် ကိုယ်ပြောတာကို ဘယ်သူမှ မထောက်ခံလောက်ပါဘူး ထင်ထားတာ.. မမမိုးငွေ့က တော်လိုက်တာ ဟုတ်တယ် Vitamin D က အစာထဲမှာပါတဲ့ Calcium စုပ်ယူမှုကိုလည်း အားကောင်းစေတယ် အစ်မ... နောက်နှစ်ထဲ မင်္ဂလာဆောင်ရင် ကောင်းမလားလို့ ဟဲဟဲ xD

ငြိမ်းမိန်းကလေး said...

ဗဟုသုတရစေတဲ့ ဒီပို့စ်လေးအတွက် ကျေးဇူးပါ ညီမလေးရေ... မြန်မာပြည်ခြံထွက်နွားနို့ ဘယ်လိုရလာသလဲဆိုတာ အညာမှာ နေဖူးလို့သိပေမယ့် စက်တွေနဲ့ ဘယ်လိုရအောင် ထုတ်လုပ်နေလဲဆိုတာ အခုမှသိရတယ်.. အစကတည်းက နွားနို့မကြိုက်၊ သောက်ခဲတဲ့သူဖြစ်ပေမယ့် အခု တစ်ခါတစ်လေ သောက်ရမှာတောင် တွန့်သွားတယ်.. နွားမတစ်ကောင်ရဲ့ နို့ထုတ် သံသရာကိုကြည့်ပြီး တော်တော်လေး သနားမိတယ်..

Candy said...

အချိန်ပေးပြီး ဖတ်ပေးလို့ ကျေးဇူးပါနော် အစ်မ..

Anonymous said...

ဗဟုသုတ တိုးစေတဲ့ အတွက် ကျေးဇူးပါ Candy :)

Candy said...

ဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်ရှင်