Friday, July 14, 2017

Say it out!

မင်္ဂလာပါရှင့်...
စာရေးဖို့ ကွန်ပျူတာမကိုင်ဖြစ်တာ တော်တော်ကြာသွားပြီ။ ဒီရက်ပိုင်းတွေ အရမ်းအလုပ်ရှုပ်နေလို့။ Training တွေက တပတ်မှာ (၂)ရက် (၃)ရက်လောက် ဖြစ်နေတယ်။ အလုပ်က နှစ်စဉ်စာမေးပွဲကလည်း စနေပြီလေ။ ပထမတကြော့တော့ ဗုဒ္ဓဟူးနေ့ကပဲ ပြီးသွားတယ်။ အောင်တယ် အမှတ်ပြည့်ရတယ်။ သုံးခါခွဲစစ်တာဆိုတော့ နောက်ထပ်နှစ်ကြိမ် ကျန်သေးတယ်။ လောလောဆယ်တော့ စာမေးပွဲပြီးစ,လေးဆိုတော့ အပြည့်အ၀အနားယူလိုက်ဦးမယ်။ နောက်ထပ်တစ်ခုအတွက် စာမလုပ်ချင်သေးဘူး။

ဘာရယ်မဟုတ် ဒီနေ့ရတဲ့အတွေးလေးသက်သက်ကို ရေးချင်စိတ်ပေါ်လာလို့ပါ။ ဇာတ်လမ်းအစက ဒီလို။ ကန်ဒီ မနေ့က မနက်ခင်းဘက် Food court မှာ မနက်စာစားဖြစ်တယ်။ အလုပ်မှာ (၈)နာရီစနေကြ ကောင်မလေးက ခွင့်ယူတော့ ကန်ဒီက သူ့အစား(၈)နာရီ စ,ပေးရတယ်။ ပုံမှန်ကန်ဒီ့အလုပ်ချိန်က (၈)နာရီခွဲ။ ကိုယ်သွားနေကြအချိန်မဟုတ်တော့ ကမန်းကတန်းပေါ့။ အိမ်မှာလည်း မနက်စာလုပ်ချိန်မရတော့ Food court မှာပဲ အီကြာကွေးနဲ့ ကော်ဖီနဲ့ ၀ယ်လိုက်တယ်။ ၀ယ်ပြီး ထိုင်စားနေတုန်း ခြေထောက်မခိုင်လို့ တုတ်ကောက်နဲ့ ဖြည်းဖြည်းလျှောက်ရတဲ့ တရုတ်ဦးလေးကြီးတစ်ယောက်က ကန်ဒီစားနေတဲ့ထိုင်ခုံ ဘေးလာရပ်တယ်။ အဲ့ဒါနဲ့ ကန်ဒီလည်း ဘာလဲလို့ မော့ကြည့်လိုက်တော့ သူကပြုံးပြတယ်။ အဲ... ကိုယ့်လာပြုံးပြတော့ ကိုယ်ကလည်း ပြန်ပြုံးပြဖြစ်တယ်လေ (မသိသော်ငြားလည်း)။ အဲ့ဒါနဲ့ စိတ်ထဲမှာတော့ ငါ့များသိလို့လာရီပြတာလားပေါ့။ ဒီဦးလေးကြီးကိုတော့ ဒီနားမှာ တခါမှမတွေ့ဖူးပါဘူးပေါ့။ တွေးနေတုန်း သူကပြောတယ်.. "You are Beautiful" တဲ့။ တိန်.. အဲ့ဒါနဲ့ ကန်ဒီလည်းပြုံးပြီး "Thank You" လို့ ပြန်ပြောလိုက်တယ် (စိတ်ထဲမှာတော့ နည်းနည်းကြောင်သွားတယ်)။ အဲ့ဒါလည်း ပြောပြီးရော သူ့တုတ်ကောက်ကြီးနဲ့ ဖြည်းဖြည်း ဖြည်းဖြည်းထွက်သွားပါလေရော.. ကန်ဒီကတော့ ကြောင်တောင်တောင်လေး ကျန်ခဲ့တယ်ပေါ့။

စိတ်ထဲမှာတော့ အတွေးတွေ တစီကြီးကျန်ခဲ့တယ်။ အဲ့ဒီဦးလေးကြီးပုံစံကြည့်ရတာလည်း ဟိုလိုမကောင်းတဲ့စိတ်၊ နောက်ချင်တဲ့စိတ်နဲ့ ပြောတာမျိုးမဟုတ်ဘူး။ တကယ်အတည်ပေါက်ကြီးလာပြောပြီး သူ့ဟာသူထွက်သွားတာ။ သူစိတ်ထဲရှိတာကို သူထုတ်ပြောရဲတဲ့သတ္တိရှိတယ်။ ကန်ဒီဆို အဲ့လိုမသိတဲ့သူမပြောနဲ့.. ကိုယ်နဲ့ခင်တဲ့သူကိုတောင် အဲ့လိုစိတ်ထဲရှိတာကို ထုတ်ပြောခဲတယ်။ အရမ်းကြီးခင်မှသာ ထုတ်ပြောတတ်တယ်။ အဲ့ဒီအကျင့်ကို ပြင်သင့်တယ်။ သူ့လိုတော့ မသိတဲ့သူကို သွားပြောဖို့ မဟုတ်ဘူးပေါ့။ ပြောလည်းမပြောရဲပါဘူး ဟဟ။ အထူးသဖြင့် ကိုယ်နဲ့ခင်တဲ့လူ ကိုယ်သဘောကျတဲ့သူဆို သူ့ရဲ့ ကောင်းတဲ့အကျင့်၊ ကောင်းတဲ့အချက်လေးတွေကို စိတ်ထဲမှာတင်မထားဘဲ ပါးစပ်ကထုတ်ပြောတတ်တဲ့အကျင့် လုပ်ရမယ်။ Compliment ပေးတတ်တဲ့ အကျင့်ကောင်းလေး မွေးရမယ်။ ပြောခံရတဲ့သူကိုလည်း စိတ်ချမ်းသာစေတယ်လေ။ 

ကန်ဒီအပါအ၀င် လူဆိုတဲ့အမျိုးဟာ မကောင်းတာဆို အားကြီးမြင်တတ်တယ်လေ။ မကောင်းတာဆို သူကတော့ ဘယ်ဟာမကောင်းတာ၊ ဘယ်အကျင့်ရှိတယ်၊ အဲ့အကျင့်လေးကို ပြင်လိုက်ရင် တော်တော်ကောင်းသွားပြီ.. စသည် စသည်ဖြင့် သူများအားနည်းချက်ကို ရှေ့တင်ဖြစ်ဖြစ် နောက်ကွယ်ဖြစ်ဖြစ် ပြောဖို့ဆို အမြဲအဆင်သင့်။ အဲ.. ကောင်းတဲ့အချက်လေးတွေ၊ ကိုယ်ကြိုက်တဲ့အချက်လေးတွေကြတော့ အရေးတယူ ဖွင့်ဟမပြောဆိုတတ်ကြဘူး။ ပြောရမှာ တွန့်ဆုတ်နေကြတယ်။ ရှက်ကြတယ်။ အမှန်က ပြောင်းပြန်ဖြစ်ရမှာနော်...

တဆက်တည်း ကန်ဒီငယ်ငယ်တည်းကခုထိ အရမ်းသဘောကျပြီး ကျင့်သုံးနိုင်အောင် အမြဲကြိုးစားနေတဲ့ စကားကြီးခြောက်ခွန်းကို အမှတ်ရလို့ ပြန်ရှယ်ပါရစေနော်။ အမြဲ ဟုတ်မှန်ပြီး အကျိုးရှိတဲ့စကားတွေပဲ ပြောဖြစ်အောင်နဲ့ အကျိုးမရှိတဲ့ အတင်းစကားတွေလည်း နည်းနိုင်သမျှနည်းအောင် မပြောဖြစ်အောင် ကြိုးစားနေပါတယ်။

စကားခြောက်ခွန်း
(၁) ဟုတ်မှန်သော်လည်း သူတပါးမနာယူလို အကျိုးမရှိသောစကား။
(၂) မဟုတ်မှန်သော်လည်း သူတပါးနာယူလို အကျိုးရှိသောစကား။
(၃) မဟုတ်မှန်သော်လည်း သူတပါးနာယူလို အကျိုးမရှိသောစကား။
(၄) ဟုတ်မှန်သော်လည်း သူတပါးနာယူလို အကျိုးမရှိသောစကား။
(၅) ဟုတ်မှန်သော်လည်း သူတပါးမနာယူလို အကျိုးရှိသောစကား။
(၆) ဟုတ်လည်းဟုတ် သူတပါးလည်းနာယူလို အကျိုးရှိသောစကား။

ကန်ဒီ့အားနည်းချက် နောက်တစ်ခုက လူကြီးတွေဘာတွေနဲ့ စကားပြောရတော့မယ်ဆို မြန်မာစကားကို ချောချောမွေ့မွေ့ ရေလည်အောင် စီစဉ်မပြောတတ်တာပဲ။ ပုံမှန်နေ့စဉ် သူငယ်ချင်းတွေနဲ့ စကားပြောတာမျိုးကို ပြောတာမဟုတ်ဘူးနော်။ ဥပမာ အလုပ်မှာ လူနာကမြန်မာဖြစ်နေတယ်.. မြန်မာလိုပြောပြီး ဆေးပေးရတော့မယ်ဆို ကန်ဒီတစ်ယောက် လုံးလည်လိုက်နေပြီ။ ယဉ်ယဉ်ကျေးကျေးလည်း ဖြစ်ရမယ်.. နားဝင်လည်းချိုပြီး နားလည်အောင် ပြောတတ်ရမယ်လေ။ ကိုယ်က မြန်မာပြည်မှာ အလုပ်မလုပ်ဖူးတော့ အဲ့ဒီအပိုင်း တော်တော်အားနည်းတယ်။ Counselling ကို အင်္ဂလိပ်လို၊ ဒါမှမဟုတ် တရုတ်လိုလုပ်တာ ကျင့်သားရနေတော့ မြန်မာလိုလုပ်ရမယ်ဆို စကားလုံးက မချောဘူး။ စစချင်းတုန်းကဆို Lozenges ကို မြန်မာလို ချောချောမွေ့မွေ့ မပြောတတ်တော့ "သကြားလုံးလို စုပ်စားရတဲ့ဟာ" ဆိုပြီးပြောတာ ကိုယ့်ကိုကိုယ်လည်း ရီချင်တယ် ဟဟဟ.. လူနာကပဲ ကန်ဒီ့ကို ပြန်သင်ပေးသွားတယ် "သြော်.. ဒါဆို ငုံဆေးပြားပေါ့"တဲ့ (xD)။ အဲ့တော့မှ အင်း ဟုတ်သားပဲ.. ငါဘာလို့ မစဉ်းစားမိတာလဲပေါ့ အဲ့လို အဲ့လိုတွေ ဟာသတွေလုပ်တာ။ ဟိုတလော ကန်ဒီရန်ကုန်ခဏပြန်သွားတုန်းက Bank account ဖွင့်ဖို့ဆိုပြီး ဘဏ်ကို ရောက်သွားတယ်လေ။ အဲ့ဒီက Service ပေးတဲ့ ကောင်မလေးဆို စကားပြောရေလည်လိုက်တာ အတုယူစရာပဲ။ ယဉ်ကျေးတယ်.. ချောမွေ့တယ်.. ပြေပြစ်တယ်။ အဲ့လိုဖြစ်အောင် ကိုယ်လည်း ကြိုးစာရမယ်။ ကြိုးစားဖို့ဆို မြန်မာလိုပြောဖို့ မြန်မာလူနာကလည်း တစ်ပတ်နေမှ တစ်ယောက်တွေ့ရင် ကံကောင်း ဟဟဟ xD xD

Good Night နော်..

2 comments:

Anonymous said...

တကယ်ဆို လူ့ လောကမှာ စကားအရာဟာအင်မတန်မှအရေးပါတယ်နော်။
တခါတရံမှာ အဓိပ္ဗါယ်အတူတူပဲပေမဲ့ သုံးနှုံးတဲ့စကားလုံးပေါ်မူတည်ပြီး ကိစ္စကြီးငယ်ဟာအောင်မြင်မှု ကျဆုံးမှု ချိုမြိန်မှု ခါးသည်းမှုစတဲ့ဆန့် ကျင်ဖက်တွေ ဖြစ်ပေါ်တတ်တာနေ့ စဉ်လိုမြင်တွေ့ နေရတာပါ။
တပါးသူရဲ့ ကောင်းတဲ့အလေ့လေးကို ချီးမွမ်းတတ်တာလည်း တကယ်နှစ်လိုဖွယ်ကောင်းလို့ ကိုယ်လည်းကန်ဒီ့လိုပဲကြိုးစားနေပါတယ်လို့ ..
မမအိုင်အိုရာ

Candy said...

ဟုတ်တယ် မမ..