Wednesday, August 23, 2017

Accent

ခုပဲ အိမ်ကိစ္စတွေပြီးလို့ စာရေးချင်တဲ့စိတ်လေး ရှိနေတာနဲ့ ကွန်ပျူတာဖွင့်လိုက်တာ။ အဲကွန်းက ရေကျလို့လေ.. အဲကွန်းဆေးတဲ့သူခေါ်.. Gas နည်းလို့တဲ့ Gas ဖြည့်လိုက်တယ်။ အတွင်း၊ အပြင်ဆေးတာရော Gas ဖြည့်တာရော အားလုံး SGD 200 လောက်ကျတယ်။ အိမ်ကအစ်မတွေကိုတော့ ပြောထားတယ်။ ရှယ်နိုင်သလောက် ရှယ်ပါ။ ကျန်တာ ကန်ဒီပေးမယ်လို့.. ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် လုပ်တာဆိုတော့လေ။ ဖြစ်ချင်တော့ ပိုက်ဆံက အဲ့လောက်များများ ထုတ်မထားဘူး။ အားလုံးပြီးတော့ အဲ့လူတွေကားနဲ့ MRT က ATM ရှိတဲ့ဆီလိုက်သွားပြီး ပိုက်ဆံထုတ်ပေး။ သူတို့က သဘောကောင်းတော့ ကိုယ့်ကိုအိမ်ပြန်လိုက်ပို့ပေးသေးတယ်။

မြန်မာပြည်က အိမ်ခြံမြေကုမ္ပဏီတွေက အခုစင်္ကာပူကိုလာပြီး အိမ်၊ခြံ၊မြေ အရောင်းပြခန်းဆိုပြီး တိုက်ခန်းတွေ အရစ်ကျစနစ်နဲ့ ရောင်းနေတယ်လေ။ ကန်ဒီတောင် စနေတစ်ရက်သွားပြီး စပ်စုလိုက်သေးတယ်။ ခြံတွေဘာတွေများ ပါမလားလို့ သွားကြည့်တာ။ သူတို့ကအဓိက တိုက်ခန်းတွေကို ရောင်းတာပေါ့။ ကိုယ်ဝယ်နိုင်လောက်တဲ့ တိုက်ခန်းလေးကို ကြည့်လိုက်တော့ ၁၂ ပေ၊ ပေ ၅၀ ဆိုလားပဲ။ ကျဉ်းကျဉ်းလေးရယ်။ အဲ့ဒါနဲ့ တော်ပြီ တော်ပြီ ဆိုပြီး ပြန်လာခဲ့တယ်။ နေရာတွေကတော့ အချက်အချာကျတဲ့ နေရာတွေပါပဲ။ တိုက်ခန်းထက် နေရာကြောင့် အဓိက ဈေးကြီးတာပေါ့။ အမေ့ကို ပြောပြတော့ အမေက ခြံလေး ၀န်းလေးနဲ့ နေပါ သမီးရယ်တဲ့။ ကိုယ်ကလည်း ခြံနဲ့ ၀န်းနဲ့ နေရတာ ကြိုက်တဲ့သူပါ။ ဒါပေမယ့် လောလောဆယ် ကိုယ်ဝယ်နိုင်တဲ့ ခြံတွေက မြို့ပြင်ရောက်နေတယ် ဟဟ xD



အဲ့ကအပြန် Burger သွားစားတယ်။ ကန်ဒီစားနေကြဆိုင်ပဲ.. Clarke Quay က Nom Nom.. စင်္ကာပူမှာနေတဲ့သူတွေဆို လမ်းကြုံရင် သွားစားကြည့်နော်.. Shopping Mall အောက်ထပ်မှာ.. သက်သတ်လွတ်လို့ မထင်ရအောင်ကို ကောင်းတယ်။ သက်သတ်လွတ်ဆိုလို့ ကန်ဒီအားလုံးနဲ့ တိုင်ပင်စရာတစ်ခုရှိတယ်။ တွေးနေတာလေးပေါ့နော်။ ကန်ဒီ Facebook မှာ Vegan Page လေး တစ်ခုလုပ်ရင် ကောင်းမလားလို့ စဉ်းစားနေတယ်။ အဓိကရည်ရွယ်ချက်က ကန်ဒီသိသမျှ ဗဟုသုတတွေ မျှဝေချင်တာပေါ့နော်။ သက်သတ်လွတ်စားပြီး ဘယ်လိုကျန်းမာအောင် နေနိုင်တယ်။ ဘယ်လိုဟင်းလေးတွေ ချက်စားလို့ရတယ်ဆိုတာမျိုးလေးတွေပေါ့။ ကန်ဒီ ဟိုတလောက ဒီဘလော့ဂ်မှာ တင်တဲ့ပိုစ့်လိုမျိုး "Why I don't drink Milk?" ဆိုတာမျိုးပေါ့။ ကန်ဒီချက်စားဖြစ်တဲ့ ဟင်းလေးတွေရှယ်မယ်။ သက်သတ်လွတ်စားဖို့ ကြိုးစားနေတဲ့သူတွေအတွက် အထောက်အကူဖြစ်မယ့်အရာလေးတွေ မျှဝေချင်တယ်။ ဒီဘလော့ဂ်နဲ့တော့ Link မလုပ်ဘူး။ ဆိုလိုတာက ကန်ဒီ့ဘလော့ဂ်ပိုစ့်ကို ဟိုမှာရှယ်တာမျိုး မလုပ်ပဲ.. သက်သတ်လွတ်နဲ့ ပက်သက်တာမျိုးဆို ဒီမှာလည်းတင် ဟိုမှာလည်းတင်ပေါ့။ Page မှာကျ ဘလော့ဂ်မှာလို Personal မဟုတ်ဘဲ Vegan Message ကို အဓိကပေးချင်တာပေါ့။ ကိုယ့်ကိုကြည့်ပြီး ကန်ဒီ့လို Vegan မဖြစ်သွားရင်တောင် သူတို့ဟင်းတနပ်မှာ အသားမပါရင်ပဲ ကန်ဒီကျေနပ်ပြီလေ။


ပြီးခဲ့တဲ့ စနေက ကန်ဒီ့ Off Day.. အားနေတာနဲ့ ဖုန်အလှိမ့်လှိမ့်တက်နေတဲ့ ကန်ဒီ့ပုံဆွဲစာအုပ်ကိုထုတ်.. ဖုန်သုတ်.. မထိတာ တစ်နှစ်ကျော်ပြီဖြစ်တဲ့ စုတ်တံနဲ့ ဆေးတွေပြန်ရှာ.. တနေကုန် ပန်းချီထိုင်ဆွဲတယ်လေ။ ဆွဲလိုက်တိုင်း ဘာလို့နှင်းဆီပန်းပဲ ဖြစ်နေလဲဆိုတာတော့ ကန်ဒီလည်း အဖြေရှာမရဘူး ဟဟဟ xD



ပြီးခဲ့တဲ့ရက်က မြန်မာပြည်က သူငယ်ချင်းတစ်ယောက် တင်ထားတဲ့ Status လေး ဖတ်ပြီး စိတ်ထဲခုလုခုလု ဖြစ်နေတာနဲ့ ရေးချချင်လို့။ သူတင်ထားတဲ့အကြောင်းအရာက သူကြုံတွေ့ရတဲ့ စင်္ကာပူ၊ မလေးရှားကနေ ပြန်လာတဲ့ မြန်မာပြည် ပြည်တော်ပြန်တွေရဲ့ English က ဘယ်လောက်နားထောင်လို့ အဆင်မပြေလဲဆိုတာကို ဟာသလေးနှောသလိုလိုနဲ့ ပြောရမယ်ဆို ပုတ်ခတ်ထားတာလေးပါ။ 

ကန်ဒီပြောပြချင်တာက လူဆိုတဲ့အမျိုးဟာ ပတ်ဝန်းကျင်နေရာဒေသ ကြီးပြင်းရာကိုလိုက်ပြီး Adapt ဖြစ်အောင် နေတတ်ပါတယ်။ အတင်းကြီးလုပ်ယူတာမဟုတ်ဘဲ ပတ်ဝန်းကျင်ကပဲ လူကိုပြောင်းလဲစေတာပါ။ ကန်ဒီစင်္ကာပူရောက်နေတာ (၇)နှစ်ရှိပြီပေါ့။ ဒီအချိန်အတောအတွင်းမှာ ဒီပတ်ဝန်းကျင်က ကန်ဒီ့ကို ကိုယ်တိုင်တောင်မသိလိုက်ပါပဲနဲ့ ပြောင်းလဲသွားစေခဲ့တဲ့အရာတွေ အများကြီးပါ။ ကန်ဒီ့ English Accent ဆိုရင်လည်း Singlish ဘက်ကို နွယ်တဲ့ Accent မျိုးဖြစ်နေပြီ။ ဒါက ကိုယ်တိုင်မလုပ်ပါပဲ သူ့ဟာသူပြောင်းလဲသွားတဲ့ အရာ.. ကန်ဒီတစ်ယောက်တည်းမှ မဟုတ်ပါဘူး။ ဒီမှာနေတဲ့ တခြားမြန်မာတွေလည်း ဒီ Singlish ဘက်ကို နွယ်တဲ့ Accent ရောပါတယ်။ ဖြစ်နိုင်ရင်တော့ ကန်ဒီလည်း ကန်ဒီအရမ်းချစ်တဲ့ British Accent လေး လိုချင်တာပေါ့။ ဒါပေမယ့် ကိုယ်နေနေတာက London မှ မဟုတ်တာ.. နော့ 

အဲ့လိုပဲ ကန်ဒီတခါမှ တရုတ်စာသင်တန်း မတက်ဖူးပါဘူး။ ဒီအလုပ်စ,မလုပ်ခင်အထိလည်း တခါမှ တရုတ်လိုမပြောဖူးဘူး။ အလုပ်စလုပ်တဲ့အချိန်မှာ ကိုယ်လုပ်တဲ့အလုပ်က ဆေးပေးရတဲ့အလုပ် လူနာတွေနဲ့ တချိန်လုံးစကားပြောနေရတာဆိုတော့ တရုတ်လိုတော့ ပြောတတ်မှ ဖြစ်မယ်ဆိုပြီး အလုပ်မှာပဲ တခြား Singaporean တွေဆီက တရုတ်လိုပြောတာ စလေ့လာတယ်။ သူတို့ပြောတာ နားထောင်တယ်။ မသိတာကို မေးတယ်။ ခုဆို ဆေးနဲ့ပက်သက်ရင် ကန်ဒီတရုတ်လို တော်တော်များများပြောတတ်နေပြီ။ အင်္ဂလိပ်လို မပြောတတ်တဲ့ တရုတ်အန်တီကြီးတွေကို ကန်ဒီကောင်းကောင်းဆေးပေးနိုင်တယ်။ ဒါကလည်း ဒီပတ်ဝန်းကျင်အတွက် ကန်ဒီကိုယ့်ကိုကိုယ် ပြုပြင်ယူခဲ့တာ။

တချို့သူတွေဆို မြန်မာစကားပြောရင်းနဲ့ အင်္ဂလိပ်လို ညှပ်ညှပ်ပြောမိတာမျိုးတွေ ရှိတယ်။ ဒါကို တချို့မြန်မာပြည်မှာနေတဲ့သူတွေက နားမလည်ဘဲ ဘိုလိုမှုတ်ချင်တယ်ဆိုပြီး အထင်လွဲတတ်ကြတယ်။ အမှန်က အကျင့်ပါနေကြတာ... ဦးနှောက်က ဒီလိုတွေးလာတာ ကြာတဲ့အခါ ပါးစပ်ကလည်း အဲ့လိုထွက်ထွက်သွားတာ။ ဒါတွေကို မြန်မာပြည်မှာနေတဲ့ ဒီသူငယ်ချင်းကို နားလည်စေချင်တယ်။ ကန်ဒီကတော့ ဒါတွေကို လှောင်ရီပုတ်ခတ်စရာလို့ မမြင်ပါဘူး...

ည(၁၁)နာရီကျော်ပြီ..
အိပ်တော့မယ်နော်...

3 comments:

ဆုမြတ်မိုး said...

Vegan page မျှော်နေမယ် ကန်ဒီရယ်.. ဆုမြတ်လည်း အသားလုံးဝနီးပါးမစားဘူး ပဲတွေ ပဲနို့တွေလည်းမကြိုက်တော့ သွေးအားနည်းတယ် ။ ဒီလပိုင်းထဲမှာ ခန်ဒါကိုယ်အတွက် လိုအပ်တဲ့ vitamin တွေကို alternative လေးတွေရှာပြီးစားမယ်လို့ စဉ်းစားမိတယ် ။ ကန်ဒီရဲ့ vegan knowledge တွေရယ်... vegan မဟုတ်ပေမယ့် အသားမစားတဲ့သူတွေအတွက်ပါ ဗဟုသုလေးတွေရေးပေးဦးနော် ။

coral nyo said...

vegan page လေးကိုမျှော်နေမယ်...။ ကိုယ့်သိတာတတ်တာလေးတွေကို အများကိုမျှဝေပေးချင်တဲ့ ကန်ဒီ စိတ်စေတနာလေးကို လေးစားချီးကျူးပါတယ်...။ ပန်းချီဆွဲတိုင်း နှင်းဆီပန်းကိုဆွဲမိသွားတာကတော့ တခါက မနှင်းဆီ ပိုးတွေကူးစက်ခံထားရလို့ပဲဖြစ်မယ်..း) Accent အကြောင်းပြောရမယ်ဆိုရင်တော့ အစ်မတို့ မြန်မာပြည်က လူတွေတော်တော်များများ အွန်လိုင်းသုံးနေကြပေမယ့် အတွေးအခေါ်အသိအမြင်တွေက ခုထိမပွင့်လင်းသေးဘူး ဘောင်ထဲမှာရှိနေတုန်းပဲ.. အဲဒါတော့ စိတ်မကောင်းစရာ...။ Education ကြောင့်လည်းအများကြီးပါပါတယ်...။ အစ်မတော့ တတ်နိုင်သလောက် ပို့စ်ကနေတဆင့် ကြုံရင် ကြုံသလို မက်ဆေ့ခ်ျလေးတွေပေးနေပါတယ် ...။

မိုးငွေ့

Candy said...

ဟဟဟ.. ဟုတ်ပါ့နော်.. တချိန်က မနှင်းဆီကို သတိရတယ်။ Vegan Page လေးလုပ်ဖို့ အားပေးတဲ့ ဆုမြတ်ရော.. မမမိုးငွေ့ရောကို ကျေးဇူးနော်.. အားတော်တော် ရှိသွားပြီ :D