Wednesday, August 9, 2017

Recent Buys

အရင်ဆုံး... စာမရေးဖြစ်တာတောင် နေ့တိုင်းလာလာလည်နေတဲ့ အစ်ကို၊ အစ်မ၊ ညီမလေး၊ မောင်လေးများအားလုံးကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်ရှင့်။ ဒီနေ့က စင်္ကာပူမှာ National Day ပိတ်ရက်ဆိုတော့ အနားရတယ်လေ။ မနက်စောစောမထပဲ အိပ်ပစ်လိုက်တယ်။ နိုးတော့ (၉)နာရီထိုးနေပြီ။ ဟိုလှိမ့် ဒီလှိမ့်နဲ့ တကယ်ထတော့ (၁၀)နာရီ.. နေ့လည်နားကပ်နေပြီဆိုတော့ မနက်စာကို အထူးတလည်မလုပ်တော့ပဲ သင်္ဘောသီးကို တခြမ်းခွဲ သံပရာသီးလေးညှစ်ပြီး မနက်စာစားတယ်။


မနက်ဆို နိုးတာနဲ့ ဘုရားပန်းအိုးလဲ၊ သောက်တော်ရေလဲ၊ ကန်ဒီ့အပင်လေးတွေ ကြည့်၊ ရေလောင်းသင့်ရင် ရေလောင်း၊ မနက်စာပြင်... ဒါ ကန်ဒီ့ပိတ်ရက် မနက်ခင်း Routine ပေါ့။ ကန်ဒီ့စံပယ်လေး နောက်တစ်ငုံဖူးနေတာ ခုထိမပွင့်သေးလို့ စောင့်နေတယ်။ 


ပြီးခဲ့တဲ့လက ပွင့်ထားတဲ့ စံပယ်လေးတွေ.. 

မနက်စာစားပြီးတော့ နေ့လည်စာ စ,ချက်တယ်။ ဒီနေ့ ခရမ်းသီးနှပ်တယ်၊ ပဲပင်ပေါက်ကြော်တယ်၊ ငှက်ပျောဖူးကြော်တယ်။ ခရမ်းသီးနှပ်နဲ့ ပဲပင်ပေါက်ကြော်ကတော့ နောက်နေ့ထမင်းဗူးထည့်ဖို့ရောဆိုတော့ များများချက်ထားတယ်။ ခရမ်းသီးနှပ်က အနှစ်များသွားလို့ ခရမ်းသီးတောင် မမြင်ရတော့ဘူး ဟဟ။ နယ်စားလို့ ကောင်းတယ်။ သက်သတ်လွတ်ခရမ်းသီးနှပ်ရင် ပုဇွန်ခြောက်မှုန့်နေရာမှာ မြေပဲထည့်ချက်ကြည့်... ပိုကောင်းတယ်။ အထူးဧည့်သည်တော်ကလည်း လာတယ်လေ။ ကိုယ်ဟင်းချက်မှာ အကြားအမြင်ရပြီး ဘယ်လိုသိသွားလဲ မသိပါဘူး။ သူ့မှတ်ချက်က စားလို့တော်တော်ကောင်းတယ်တဲ့။ နှစ်ပန်းကန်စားတယ်။ နောက်ဆိုလည်း ဒီလိုကောင်းကောင်းလေးတွေ ချက်ကျွေးမယ်နော် ဆိုပြီး ဖားရတယ်။


လူတော်တော်များများ စိတ်ဝင်စားတဲ့မေးခွန်းက သူကရော သက်သတ်လွတ်သမားလားတဲ့။ အဖြေကတော့ မဟုတ်ပါဘူး။ ကန်ဒီနဲ့ သွားတယ် စားတယ်ဆိုရင်တော့ သူကန်ဒီ့လိုပဲ သက်သတ်လွတ်လိုက်စားတယ်။ သူ့အလုပ်မှာ အပြင်မှာ ကန်ဒီမပါရင်တော့ သူအဆင်ပြေသလို သူ့စိတ်ကြိုက်စားတယ်။ သူနဲ့ ကန်ဒီချစ်သူမဖြစ်ခင်ကတည်း ကန်ဒီက သက်သတ်လွတ်သမားဆိုတော့ ကန်ဒီသက်သတ်လွတ်စားတာနဲ့ ပက်သက်ပြီး သူဘာမှမပြောပါဘူး။ ကန်ဒီ့အနေနဲ့ကလည်း ကန်ဒီဘာလို့ အသားမစားတာလဲ.. ဆိုတဲ့ အကြောင်းရင်းနဲ့ အသားမစားလည်း ကိုယ်လိုအပ်တဲ့ Vitamin တွေ Protein တွေ ဘယ်လိုရနိုင်တယ်ဆိုတာကို သူ့ကိုသေချာပြောပြထားပြီး ဖြစ်တဲ့အတွက် သူဘယ်တော့မှ ကန်ဒီ့ကိုအသားစားပါလို့ ပြောမှာမဟုတ်ဘူး။ သူ့ကိုလည်း ကန်ဒီ့လို သက်သတ်လွတ်လိုက်စားပါလို့ ကန်ဒီမပြောဘူး။ တခုပဲ ကန်ဒီသူ့ကိုပြောထားတာက တချိန်ချိန် ကန်ဒီတို့ လက်ထပ်ဖြစ်ခဲ့ရင် သူ့ကို ဘယ်တော့မှ အသားဟင်းချက်ကျွေးမှာ မဟုတ်ဘူးဆိုတာပဲ။ ဒါကို သူလည်း သဘောတူလက်ခံထားတယ်။

ပြောရမယ်ဆို ကန်ဒီကံကောင်းလို့ သူ့လိုလူကို တွေ့တာပါ။ တွေးကြည့်ရင် ဘယ်ယောက်ျားလေးမျိုးက ဒီလိုမိန်းကလေးမျိုးကို ချစ်သူအဖြစ်ရွေးချယ်ပြီး လက်ထက်ချင်မလဲ.. ဟုတ်တယ်မလား ဟဟ။ သူ့ကိုလည်း ချီးကျူးပါတယ်။ ကန်ဒီ့လို သက်သတ်လွတ်လိုက်စားနိုင်လို့လေ။ အသားစားနေကြလူက အသားမပါဘဲ ထမင်းတနပ်စားဖို့ဆိုတာ ဘယ်လွယ်မလဲ...

Eat Fruit.. Not Friends

ကဲ.. ဒီရက်ပိုင်း ၀ယ်ဖြစ်တဲ့ပစ္စည်းလေးတွေ ပြောပြမယ်နော်။ ကန်ဒီက Shopping တွေ ခဏခဏထွက်ပြီး မလိုတဲ့ပစ္စည်းတွေ ၀ယ်တတ်တဲ့အကျင့်မရှိဘူး။ ကန်ဒီလိုအပ်တာရှိမှ Shopping ထွက်တတ်တယ်။ ဆိုတော့ ပြောရမယ်ဆို ကန်ဒီအကျီတွေ ဘာတွေမ၀ယ်တာ နှစ်နှစ်လောက်ရှိပြီ ဟဟ.. အဲ့ဒါကြောင့် အမေဆိုပြောတယ်။ ဟိုတခေါက်ပြန်လာတုန်းကလည်း ဒီအကျီပဲ.. ခုလည်း ဒီအကျီပဲတဲ့ xD

Online က ၀ယ်ဖြစ်တာလေးတွေပါ။ Book Depository က စာအုပ်ဝယ်ဖြစ်တယ်။ သူက Free shipping internationally ဆိုတော့ အဆင်ပြေတယ်။ စာအုပ်တွေကလည်း ဈေးအရမ်းမကြီးဘူး။ ဒါ ကန်ဒီ ဒုတိယတခေါက် အဲ့ဒီ Website က ၀ယ်ဖြစ်တာပေါ့။ Oil Pulling Therapy ဆိုတဲ့ စာအုပ်လေး.. ဒါ ကန်ဒီ ခုစိတ်ဝင်စားနေတဲ့ Topic တစ်ခု။ မနက်အိပ်ယာထတာနဲ့ ဘာမှမစားခင် မသောက်ခင်အချိန်မှာ ဆီနဲ့မိနစ်(၂၀)လောက် ပလုတ်ကျင်းတာ သွားကျန်းမာရေးအပါအ၀င် ခန္ဓာကိုယ်ကအဆိပ်အတောက်တွေလည်း ဖယ်ရှားပေးတယ်တဲ့။ အဲ့ဒီအကြောင်းကို ပိုဖတ်ချင်လို့ Oil Pulling Therapy ဆိုတဲ့ စာအုပ်လေး ၀ယ်ဖြစ်တာ။ Online မှာသဘာဝနည်းနဲ့ သွားဖြူစေတဲ့နည်းလမ်းတွေ ရှာရင်းနဲ့  အဲ့ Topic ဆီ ရောက်သွားတာ။ ကန်ဒီကိုယ်တိုင်လည်း Try ကြည့်နေတယ်။ ကန်ဒီက Coconut Oil သုံးတယ်။ မနက်ဆို တခြားအလုပ်တွေမလုပ်ခင် ပါးစပ်ထဲ အုန်းဆီတစ်ဇွန်း ထည့်ထားလိုက်တယ်။ လုပ်စရာရှိတာတွေလုပ်နေရင်း ပါးစပ်ထဲမှာ ပလုတ်ကျင်းနေရင် မိနစ်(၂၀)ဆိုတာ ခဏလေးရယ်။ ပြီးရင် Basin ထဲ ထွေးမထုတ်ရဘူး။ အုန်းဆီက ရေပိုက်ပိတ်တတ်လို့လေ။ အမှိုက်တောင်းထဲ ထွေးထုတ်၊ ပြီးရင် ဆားရေနွေးလေးနဲ့ ပလုတ်ကျင်း၊ အဲ့ဒါပြီးရင်တော့ ပုံမှန်သွားတိုက်လို့ရပြီ။

မိနစ်(၂၀)ထားရတဲ့ အကြောင်းရင်းက အဆိပ်အတောက် Bacteria တွေ ဆီထဲပျော်ဝင်ဖို့က အဲ့လောက်ကြာလို့... မိနစ်(၂၀)ထက်လည်း ပိုမထားရဘူး။ ပိုထားရင် အဲ့မကောင်းတာတွေက ခန္ဓာကိုယ်ထဲ ပြန်ဝင်သွားနိုင်တယ်။ နေ့တိုင်းလုပ်ရမှာ မလုပ်ဖြစ်ဘူး။ အိပ်ယာထနောက်ကျရင် မလုပ်ဖြစ်တော့ဘူး။ ကန်ဒီစ,စချင်း (၁၀)ရက်လောက် ဆက်တိုက်လုပ်ကြည့်တုန်းကတော့ သွားဖြူတာထက် သွားတိုက်နေတုန်း သွားသွေးထွက်တတ်တာ တော်တော်လျော့သွားတာ သတိထားမိတယ်။ စာအုပ်ဖတ်ပြီးမှပဲ ဒီထက်ပိုသိလာရင် ထပ်ပြောပြမယ်နော်။ စိတ်ဝင်စားရင်လည်း အဲ့စာအုပ်လေး ကန်ဒီ့လို ၀ယ်ဖတ်ကြည့်ပါ။


ဟင်းချက်နည်းစာအုပ်လေးကတော့ ဘာရယ်မဟုတ်ဘူး။ ဈေးချနေတာနဲ့လည်း ကြုံလို့ Thai Vegan Food တွေလည်း စိတ်ဝင်စားတာနဲ့ ၀ယ်ဖြစ်သွားတာ။ နည်းနည်းလှန်ကြည့်တော့ တစ်ခုမကောင်းတာက Photo တစ်ခုမှ မပါဘူး။ ချက်နည်းကို စာတွေနဲ့ချည်း ရေးထားတယ်။ Recipes Book ဆိုတာ ပုံလေးဘာလေးလည်း ပါမှ သရေကျပြီး လုပ်ကြည့်ချင်တာလေ.. ဟုတ်တယ်ဟုတ်။

ဒါက အရင်တခေါက် Book Depository က ၀ယ်ဖြစ်တဲ့ စာအုပ်နှစ်အုပ်..


ဒါကတော့ iHerb စင်္ကာပူက ၀ယ်ဖြစ်တာလေးတွေ။ အဲ့ဒီ Website ကို ကြိုက်ပေမယ့်လို့ Shipping ပို့ခ ဈေးကြီးလို့ မ၀ယ်ဖြစ်ဘူး။ ဒီတခေါက်သူတို့မှာ SGD 56 အထက်ဝယ်ရင် Free Delivery ဆိုတဲ့ Offer ရှိနေတာနဲ့ အတော်ပဲဆိုပြီး ၀ယ်ဖြစ်သွားတာ။ ကန်ဒီမျက်နှာလိမ်းတဲ့ Rose hip oil က ကုန်တော့မှာဆိုတော့ အသစ်တစ်ဗူး ထပ်ဝယ်တယ်။ သောက်နေတဲ့ Vitamin B12 ကလည်း ကုန်တော့မယ်ဆိုတော့ ထပ်ဝယ်တယ်။ ငုံဆေးပြားပုံစံနဲ့ လျှာအောက်ဖျန်းတဲ့ Spray ပုံစံ နှစ်မျိုး ၀ယ်ထားတယ်။ ကိုယ်က ဆေးဆို အသေကြောက်လေ၊ ဆေးလို ရေနဲ့သောက်ရမယ်ဆို မသောက်ချင်တော့ ကိုယ့်ဟာကိုယ် သောက်ချင်စိတ်ရှိအောင် ငုံဆေးပြားလေးတွေ၊ Spray လေးတွေ ၀ယ်ရတယ်။ Hair Leave in Treatment လည်း စမ်းသုံးကြည့်ရအောင် ၀ယ်ဖြစ်တယ်။ အရမ်းကြီး မကြိုက်ပါဘူး။ ကန်ဒီအခုသုံးနေတဲ့ Argan Oil ကတောင် ပိုကောင်းသေးတယ်။ Nutritional Yeast ကတော့ စမ်းစားကြည့်ရအောင် ၀ယ်တာ။ သူက Cheese လိုပဲ.. Vitamin B12 အဓိကပါတဲ့ Superfood ပေါ့။ မြန်မာပါးစပ်နဲ့တည့်အောင် ဘယ်လိုချက်ရမလဲ စဉ်းစားလိုက်ဦးမယ်။ သူက သက်သတ်လွတ်သမားတွေအတွက် Pasta တွေဘာတွေမှာ Cheese အစားထိုး ထည့်ရတာပေါ့နော်။ ကိုယ်က Pasta လည်း မကြိုက်တော့ ဘာလုပ်စားရမလဲ မသိဘူး။ Pizza လုပ်စားရင် ကောင်းမလားမသိဘူး...

Good Night နော်..

8 comments:

coral nyo said...

ကန်ဒီလေးရေ အုန်းဆီနဲ့ oil pulling ကို အစ်မလည်း လုပ်ဖြစ်သေးတယ်..။ မလေးကပြန်လာတော့ cold press coconut oil နှစ်ပုလင်းဝယ်လာတယ်..။ ဈေးကြီးတယ် တစ်လုံးကို မြန်မာငွေလေးသောင်းခွဲလောက်ကျတယ်...တစ်လီတာပါတဲ့ပုလင်း..။ အစပိုင်းလုပ်ပြီး နောက်တော့ Pinterest ကနေ လက်ဖက်ရည်စိမ်းထဲ အုန်းဆီထည့်သောက်ရင် အဆီပါကျတယ်ဆိုလို့ ခုလောလောဆယ် မနက်တိုင်း ဘာအစာမှမစားမီကို လက်ဖက်ရည်စိမ်းထဲအုန်ဆီတစ်ဇွန်းထည့်သောက်ဖြစ်နေတယ်..။ oil pulling လည်းပြန်လုပ်မှပါ..။
ဒါနဲ့ အထူးဧည့်သည်တော်လေးကို တွေ့ချင်မိ...း)

မိုးငွေ့

Candy said...

ဟီးဟီး xD ဧည့်သည်တော်ကို လျှိုထားသေးတယ် :P

Anonymous said...

ညီမလေး ကန်ဒီရေ Recent Buys ပိုစ့်လေးမှာ “လက်ထက်” ဆိုတဲ့ စာလုံးပေါင်းသတ်ပုံအမှားလေး “လက်ထပ်”လို့ရေးရမှာမို့လေ။ မှားတတ်တဲ့အမှားလေးပါ။ ညီမလေးက စားလုံးပေါင်းမှားခဲသူမို့ရယ်၊ အစ်မ အမြဲဝင်ဝင်ဖတ်ဖြစ်တဲ့ ဘလော့လေးမို့ရယ်၊ ညီမလေးကိုချစ်လို့ရယ် ပြောရတာပါနော်။

Anonymous said...

oil pulling စိတ်ဝင်စားနေတာကြာပြီ ... လုပ်ကြည့်ဦးမယ် candy ရေ

Candy said...

သတ်ပုံအမှားလေး ထောက်ပြလို့ ကျေးဇူးပါ အစ်မရေ... ပိုစ့်တစ်ပုဒ်ရေးပြီးတိုင်း ကိုယ်ရေးတဲ့စာကို ပြန်စစ်နေကြ.. ဒီတစ်ခေါက် နောက်ကျနေပြီ အိပ်မယ်ဆိုပြီး သတ်ပုံမစစ်ဖြစ်လိုက်ဘူး.. ပြန်ပြင်လိုက်ပါပြီနော်။ နောက်လည်း မှားတာရှိ ၀င်ထောက်ပြပါနော်.. ညီမ စိတ်မဆိုးတတ်ပါဘူး :D

Oil Pulling စမ်းလုပ်ကြည့်နော်.. သွားအတွက်တော့ အကျိုးရှိတာ အမှန်ပဲ..

Anonymous said...

Hello! Me gain :P May I know the brand of your B12? Tried to zoom but can't see :( Thanks so much again :)

Candy said...

The lozenge type is from the brand called "Jarrow" and the spray type is from "Pure Advantage". Both are Methylcobalamine and vegan certified. If you are looking for B12, try to find Methylcobalamine rather than Cyanocobalamine. Because absorptuon of methylcobalamine is better than cyanocobalamine. Hope this is helpful ^_^

Candy said...

Forgot to tell, mine one is 500mcg per tablet. I take every other day :)